03/29/2026
အမည်မဲ့ - ၁
Virginia ပြည်နယ် ထဲက Local airport တခုဆီကို အမျိုးသမီးငယ် Maria တယောက် ခရီးသွားဖို့ ဝင်ရောက်လာပါတယ် ။
စာရွက်စာတမ်းကိစ္စများ နဲ့ တကွ luggage check in, လုံခြုံရေးဆိုင်ရာ စစ်ဆေး မှုများအပြီး boarding pass ရယူပြီးတဲ့နောက် -
လေယာဉ်ပြေးလမ်းများကို မြင်ကွင်းကျယ်မြင်ရတဲ့ Departure အခန်းထဲက ခုံတန်းရှည်တခုမှာ ထိုင်ချလိုက်ပါတယ် ။
ဘေးတဖက်မှာတော့ တကိုယ်ရည်သုံး လက်ဆွဲ trolley baggage အသေးနဲ့ laptop အိတ်ငယ် ၊ လေယာဉ်မထွက်ခင်အဆာပြေစားဖို့ ကွတ်ကီးမုန့်တထုပ် ရေဗူးငယ်တလုံး အသင့် ။
Boarding ခေါ်ဖို့ နှစ်နာရီနီးပါး လိုသေးတာကြောင့် လက်ကိုင်ဖုန်းထဲ ဟိုဟို ဒီဒီ မွှေနှောက် အချိန်ဖြုန်းနေတုန်း -
ဘေးနားမှာ အမျိုးသားတယောက် လာထိုင်လိုက်တာ သတိပြုလိုက်မိ ပါရော ။
….
🙄 “ အင်း …. ဗိုက်ဆာသလိုလိုရှိ -
ကွတ်ကီးမုန့်ထုပ်လေး ဖွင့်စားဦးမှပဲ “
လက်တဖက်က ဖုန်းကို ပွတ်လိုက် ကွတ်ကီးတခု နှိုက်စားလိုက်နဲ့ … ဒီခရီးစဉ်အတွက် စီမံခဲ့ရတာတွေ အတွက် ပြန်စဉ်းစားရင်းနက်ဖြန်တက်ရောက် ရမယ့် meeting မတိုင်ခင် ရတဲ့ အချိန်လေး အမောဖြေနေမိပါတော့တယ် -
ကွတ်ကီး အိတ်ထဲ ထပ်နှိုက်စဉ် … လူ့လက်တဖက် စမ်းမိတာကြောင့် - သေချာကြည့်မိမှ … စောစောက လာထိုင်တဲ့ ကိုလူချော ရဲ့ လက် ဖြစ်နေပါပေါ့လား -
သူ့လက်ထဲမလည်း ကွတ်ကီး တခု
😳
“ အင်း ဘာလဲဟ .. ငါ့မုန့်တွေ လာယူစားနေပါလား … ခွင့်လည်းမတောင်း လူချင်းလည်းမသိပဲနဲ့ ….. “
စိတ်ထဲတော့ ခိုးလုခုလု ဖြစ်သွားပါတယ် -
“ ဪ … ဗိုက်ဆာလို့ နေမှာပါလေ .. “
အဲဒါနဲ့ … ဖုန်းစကရင် ပေါ်ပဲ အာရုံပြန်ရောက်သွား ……
တော်ကြာနေ ကွတ်ကီးထပ်နှိုက်ပြန်တော့ .. ခုနက လက်နဲ့ ထပ်တိုးပြန်ပါရော -
“ ဟင် .. ဘယ်လို လူပါလိမ့် - သူ့များမုန့် ခွင့်မတောင်းဘဲ လာယူစားနေပါလား 😡နဲနဲတော့ တင်းပြီလေ “
အဲဒါနဲ့ အဲဒီ ငနဲသား မျက်နှာကို ရှုတည်တည် လှည့်ကြည့် လိုက်ပါတယ်
“ ဘာလို့ ငါ့မုန့်တွေ လာနှိုက်စားတာလဲ .. “ ဆိုတဲ့ မျက်နှာပေး နဲ့ပေါ့
အံမာ - ကိုယ်တော်က ပြုံးတောင်ပြနေသေး …
အင်း .. ရှိစေတော့ -
ခရီးသွားနေတုန်း အာရုံမနောက်ချင်ဘူး ..
ခွေးလေး ကြောင်လေး ကျွေးလိုက်တယ်လို့ မှတ်လိုက်ပါမယ် ။
ဖုန်းထဲ က မီဒီယာ ဆွဲဆောင်မှုနောက်ကို ပါသွားပြန်ရော…
ရေဗူးထဲ က ရေတငုံ မျိုချရင်း …
ကွတ်ကီး ထပ်နှိုက်ပြန်တာ … 😳
ဟိုလူ နဲ့ တိုးပြန်ပါရော -
လူစိမ်းတယောက်နဲ့
စကားမများချင်ဘူး
စိတ်ထိန်းရင်း ..
ကွတ်ကီးထုပ်တဲ့ ကြည့်မိ -
အယ် … မုန့်တောင် တခုပဲ ကျန်တော့ပါလား ..
ဟာ - ဒါတော့ အတော်ဆိုးသွားပြီ ..
ဘေးနားကို လူကြည့်မိတော့ -
ပြုံးပြလာပြန်ရော -
ဟာ .. ဒီငနဲသား အတော် နှာဘူး တဲ့ကောင်ပဲ
လေဆိပ်ရဲ ကို သွားတိုင်ရမလား ..
စဉ်းစားနေတုန်း -
တခုတည်းသော လက်ကျန် မုန့်ကို ..
မောင်မင်းကြီးသားက ကောက်ယူလိုက်ပါတယ် -
စိတ်ပျက်စရာပဲ .. ဘယ်လောက်တောင် ငတ်ပြတ်နေတာလဲ ??
မိန်းကလေး တယောက်တည်းဆိုပြီး
ဒါမျိုးလာကျော လို့မရဘူးလေ -
ခပ်တင်းတင်း ကြည့်နေတုန်း ကွတ်ကီးကို သူမဆီ ထိုးပေးလာပါတယ် …
ဟွန့် - သူကပဲ ပြန်သဘောကောင်းပြနေ…
စိတ်တိုတိုနဲ့ ဆက်ကနဲ ဆွဲယူပြီး စား လိုက်မိပါပြီ ..
အတော်ရိုင်း
အတော် အရှက်နည်းတဲ့လူ ..
😡 သူများမုန့် ကို ခိုးနှိုက်နေတုန်း ပိုင်ရှင်နဲ့ ဒဲ့ တိုး မှ - ပြန်ပေးတဲ့လူ
…..
စိတ်ထဲ မကျေနပ်ပေမယ့် …
Maria တယောက် အငြင်းမပွါးလို အရှုပ်တွေ မရှင်းချင်တာကြောင့် ဘာမှ မပြောတော့ပါဘူး ..
စိတ်လျှော့ ထားလိုက်ပါတယ်
ဖုန်းထဲကို ပြန်ကြည့်ရင်း boarding time ကိုပဲ စောင့်နေမိပါတယ်
တအောင့်လောက် ကြာပြီးနောက်….
လေယာဉ်ထွက်ဖို့ boarding စခေါ်ပါပြီ ။ ထိုင်နေတာ နာရီပိုင်းရှိပြီမို့ .. အကြောအခြင်ပြေ - ခါးလှည့် ဇက်လှည့် ဘေးဘီ ကြည့်မိတော့ ခုန မုန့်သူခိုး မရှိတော့ပါဘူး - အင်း ခုမှ စိတ်ရှင်းပေါ့ပါးသွား ..
ကိုနှာဘူး ခပ်လှမ်းလှမ်းမှာ boarding တန်းစီ နေပါပေါ့ -
အင်း ကောင်းလေစွ ။
ကဲ - ခရီးထွက် ဖို့ အချိန်ရောက်ပါပြီ..
laptop နဲ့ လက်ဆွဲအိတ်ငယ် ကို ပြန်စစ်
ရေဗူးအခွံကို trash bin ထဲ သွားထည့်ဖို့ အထ …. 😳
ဟင် .. ဘာလဲဟ
ကွတ်ကီးမုန့်ထုပ်တထုပ် ကို အသစ်အတိုင်းတွေ့ပါတယ် ။
သေချာ ကြည့်တော့မှ -
Duty free shop တွေက .. သူမ ကိုယ်တိုင် ဝယ်ယူခဲ့တဲ့ ကွတ်ကီးထုပ် ပါ …
ဟင် …
ဒါဆို - ခုန က နှိုက်စားခဲ့တာတွေ အားလုံးဟာ …. ဟာ ….
ဟာ ….
ဟို လူ့ မုန့်တွေပေါ့
- - - - - - - - - - - -
ဘဝ မှာ….
ဒီလို အဖြစ်အပျက်တွေ ကြုံဖူးကြမှာပါ ။
သူ့ဘက် ကိုယ့်ဘက်နဲ့ တကယ့် အရှိတရား ကို ကြည့်တတ်ဖို့ ..
လူသား ဆန်ဖို့ - ခွင့်လွှတ်တတ်ဖို့
ကျနော်တို့ အများကြီး သင်ယူရပါဦးမယ် ။
Truly,
Objetivo
Malcolm Sandritaရဲ့ the cookies lesson ကို မှီငြမ်းရေးသားပါသည် ။