03/06/2026
"ဖက်လိပ်နှစ်ဆူတူးဖော်မှုမှတ်တမ်း"
ပုဂံ လောကနန္ဒာဘုရား အရှေ့မြောက်ဘက်မှာ ဖက်လိပ်ဘုရားနှစ်ဆူ ရှိပါတယ်။ အရှေ့ဖက်လိပ်နဲ့ အနောက်ဖက်လိပ် ဆိုပြီးခေါ်ပါတယ်။အရှေ့ဖက်လိပ်ဘုရားရဲ့ ဘုရားအမှတ်က ၁၀၃၀ / ၄၂၀ ဖြစ်ပြီး အနောက်ဖက်လိပ်ဘုရားအမှတ်က ၁၀၃၁ / ၄၂၁ ဖြစ်ပါတယ်။ ဒီဘုရားမှာ ၅၅၀ ဇာတ်တော် မြေမီးဖုတ်အုတ်ခွက်များရှိပါတယ်။ ဒီလိုလက်ရာက အလွန်ရှားပါးတဲ့လက်ရာ ဖြစ်ပါတယ်။ဒီလက်ရာတွေက ၁၀-၁၁ရာစုလက်ရာ ဖြစ်ပါတယ်။
ဒီဘုရားဟာ ၁၉၀၄-၁၉၀၅မှာ အောက်ကပုံပါအတိုင်း မြေအောက်မှာ မြှပ်နေလို့ ပြည်သူ့လုပ်ငန်းဌာန (Public Works Department) မှ ထိန်းသိမ်းစောင့်ရှောက်ရမည့် ရှေးဟောင်းသုတေသနဆိုင်ရာ၊ သမိုင်းဆိုင်ရာ သို့မဟုတ် ဗိသုကာပညာဆိုင်ရာ စိတ်ဝင်စားဖွယ်ရာ အဆောက်အအုံများစာရင်းထဲကို ၁၉၀၅မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ဖက်လိပ်ဘုရားကို မြေအောက်ကနေ တူးဖော်ဖို့ဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းက ဒေသခံအစိုးရထံ ဖက်လိပ်ဘုရားကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အတွက် အကြံပြုတင်ပြစဉ်မှာ ရှေးဟောင်းသုတေသနဌာနက သိပ်ပြီးအာရုံမစိုက်မိဘဲ ဒီဘုရားမှာရှိတဲ့ အနုပညာလက်ရာက သိပ်ပြီးအရေးမကြီးလှဘူးလို့ ထင်မိခဲ့ကြောင်း ၁၉၀၆အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။
၁၉၀၂ ခုနှစ်ကနေ ၁၉၂၈ ခုနှစ်အထိ အိန္ဒိယရှေးဟောင်းသုတေသနဦးစီးဌာန (Archaeological Survey of India - ASI) ရဲ့ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ Sir John Hubert Marshall (ဆာ ဂျွန် မာရှယ်) ၏ မှတ်ချက်တွင် "ရှာဖွေတွေ့ရှိမှုအသစ်အရ ဤထူးခြားသော စေတီတော်ကို ဒေသခံများက 'ဖက်လိပ်ဘုရား' (Petleikpaya) သို့မဟုတ် 'လိပ်နေသော သစ်ရွက်ပုံစံ စေတီ' (Pagoda of the curling leaf) လို့အသိများကြောင်း ၊ပထမအမြင်တွင်မူ ဖက်လိပ်ပတ်ဝန်းကျင်ရှိ အခြားဘုရားများနှင့် ယှဉ်လျှင် သေးငယ်ပြီး စိတ်ဝင်စားစရာမကောင်းလှဘူးလို့ ထင်ရသော်လည်း၊ အနီးကပ် သေချာစွာစစ်ဆေးကြည့်သောအခါတွင်မှ ဘုရား၏အရှေ့ဘက်မျက်နှာစာတွင် ရှိသော အဆောက်အအုံနှင့်အနုပညာလက်ရာများဟာ သူ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့ အခြားဘုရားများနှင့် မတူကွဲပြားခြားနား၍ထူးခြားချက်များစွာရှိရကြောင်း၊ ဒါ့ကြောင့်ဒီဘုရားဟာ အလွန်စောပြီးရှေးကျတဲ့ ခေတ်ကာလကတည်းက တည်ရှိခဲ့ခြင်းကို ညွှန်ပြနေသလိုပင်ဖြစ်တယ်လို့ဆိုထားပါတယ်။ ရှေးဟောင်းသုတေသနဌာနဟာ ဖက်လိပ်ဘုရားကို တစ်ဝက်ခန့်နစ်မြုပ်နေသော အင်္ဂတေနှင့်အုတ်ကျိုးပုံကြီးများအောက်တွင် ယခုအခါ ပေါ်ထွက်လာပြီဖြစ်သော တန်ဖိုးရှိလှတဲ့ ရှေးဟောင်းပစ္စည်းများ ရှိနေလိမ့်မယ်လို့ လုံးဝမထင်မှတ်ခဲ့ကြကြောင်းဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် စေတီတော်၏တည်ဆောက်ပုံ၊ ကျောက်စာအထောက်အထားများနှင့် အခြားအထောက်အထားများကို အခြေခံ၍ ၎င်းကို အနော်ရထာမင်းကြီးလက်ထက်ဟုသတ်မှတ်နိုင်သော်လည်း၊ အောက်ခြေအုတ်ရိုး ပဲ့ကြွေနေသော တစ်နေရာ သို့မဟုတ် နှစ်နေရာခန့်တွင်မူ ပို၍ရှေးကျသော ပန်းတော့လက်ရာများကို ရှာဖွေတွေ့ရှိခဲ့ တယ်လို့ဆိုပါတယ်။ဒီတွေ့ရှိရတဲ့အချက်ဟာ စိတ်ဝင်စားဖွယ်ရာကောင်းလှတယ်လို့ထပ်မံဖော်ပြထားပါတယ်။ ဘာလို့လဲဆိုတော့ ဒီအချက်ဟာ အနော်ရထာမင်းမစိုးစံမီကတည်းကပင် ပုဂံမှာဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အအုံများရှိခဲ့ပြီးဖြစ်သလို အနော်ရထာဟာလည်း မြန်မာနိုင်ငံအထက်ပိုင်းတွင် ဗုဒ္ဓဘာသာကိုစတင်မျိုးစေ့ချပေးခဲ့သူ မဟုတ်ဘဲ သာသနာတော် ပိုမိုထွန်းကားပြန့်ပွားအောင်သာ ဆောင်ရွက်ခဲ့သူသာဖြစ်တယ်ဆိုတဲ့ အခြေခံကောက်ချက်ချမှုကို ဒီဘုရားက ထပ်လောင်းပြီးအတည်ပြုပေးနေခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။စေတီတော်ဝန်းကျင်ကို တူးဖော်ကြည့်သောအခါ မုခ်ခုံးစင်္ကြံ သို့မဟုတ် ရင်ပြင်တော်ပတ်လမ်းတစ်ခု ရှိနေသည်ကို တွေ့ရှိရပြီး၊ ၎င်း၏ အတွင်းဘက်နှင့် အပြင်ဘက် နံရံနှစ်ဖက်စလုံးတွင် မြတ်စွာဘုရား၏ ဖြစ်တော်စဉ်အခန်းခန်းများကို သရုပ်ဖော်ထားသည့် စတုရန်းပုံစံ မြေမီးဖုတ် (စဉ့်ကွင်း) ရုပ်ကြွ နှစ်တန်းစီဖြင့် တန်ဆာဆင်ထား တာကို တွေ့ရှိခဲ့ရပါတယ်။ဗုဒ္ဓဝါဒအရ၊ နောက်ဆုံးလွတ်မြောက်ရာဖြစ်သော နိဗ္ဗာန်သို့ မရောက်မီအထိ လူတိုင်းဟာ အဆုံးမရှိနိုင်သော သံသရာဝဲဂယက် ဘဝပေါင်းများစွာကို ဖြတ်သန်းကြရမည်ဖြစ်ရာ၊ ဂေါတမဗုဒ္ဓလောင်းလျာပင်လျှင် သံသရာတပတ်လည် ဘဝအဆက်ဆက်ကို ဖြတ်သန်းခဲ့ရကြောင်းကို ဒီအနုပညာလက်ရာ တွေနဲ့ပြသထားခဲ့ပြီး၊ ဒီလက်ရာတွေဟာ မြန်မာပြည်ရဲ့ ၅၅၀ဇာတ်တော်များ၏ ရှေ့ပြေးဗိသုကာအနုပညာ လက်ရာဖြစ်တယ်လိုဆိုထားပါတယ်။
ယခုတူးဖော်တွေ့ရှိမှုမတိုင်မီက ပုဂံရှိ အာနန္ဒာစေတီနှင့် ရွှေစည်းခုံစေတီတော်များတွင် ရှည်လျားလှသော ဇာတ်ကွက်သရုပ်ဖော်ချက်များသာ တွေ့ခဲ့ရပြီး ထိုသရုပ်ဖော်ချက်များဟာ တရုတ်တွေအသုံးပြုတဲ့ စဉ့်ကွင်းအုတ်ချပ်များပေါ်တွင် ပြုလုပ်ထားခြင်းဖြစ်ပြီး တည်ဆောက်ပုံနည်းပညာမှာ အကြမ်းဆုံးအဆင့်သာ ရှိကြောင်း ၊ ၎င်းတို့၏မျက်နှာပြင်မှာလည်း သက်တမ်းကြာမြင့်မှုနှင့် စနစ်တကျထိန်းသိမ်းမှုမရှိခြင်းတို့ကြောင့် များစွာပျက်စီးခဲ့ပြီး ရုပ်ပုံများကိုပင် ခွဲခြားရန်မဖြစ်နိုင်တော့သလောက်ဖြစ်ကာ ရေးထိုးထားသော တစ်ချို့ကမ္ပည်းစာတမ်းများမှာလည်း ဖတ်ရှု၍ မရနိုင်တော့လောက်အောက်ပင်ဖြစ်တယ်လို့ဆိုပါတယ်။အခုအသစ်တွေ့ရှိရတဲ့ ဖတ်လိပ်ဘုရားအုတ်ချပ်များရှိ ရုပ်လုံးများကတော့ ထင်ရှားပြတ်သားစွာထုဆစ်ထားပြီး ဖိုမှထုတ်ခါစကဲ့သို့ပင် ကြည်လင်လျက်ရှိတယ်လို့ဆိုထားပါတယ်။ဒါ့အပြင် ပါဠိအက္ခရာဖြင့် ရေးထိုးထားသော ကမ္ပည်းစာများသည်လည်းသပ်ရပ်ပြီး ထင်ရှားပြတ်သားလှသဖြင့် ကျန်ရှိနေသော စာလုံးတိုင်းကို လွယ်ကူစွာ ဖတ်ရှုအဓိပ္ပာယ်ဖော်နိုင်ကြောင်း ဖော်ပြထားပါတယ်။ဇာတ်တော်အမျိုးမျိုးကို ထိုခေတ်ကာလက ရိုးရာပုံစံအတိုင်း ပုံဖော်ထားသဖြင့် ပုံသေကားချပ်အသွင်အပြင်ကို လုံးဝမရှောင်လွှဲနိုင်သော်လည်း၊ ပန်းချီပန်းပုဆရာ၏ စိတ်အားထက်သန်သော အနုပညာလက်ရာမြောက်မှုကိုမူ ၎င်းတို့အားလုံးတွင် တွေ့မြင်နိုင်ကြောင်း ဆိုထားပါတယ်။အထက်တွင် ဖော်ပြခဲ့သော အနောက်ဖက်လိပ်ဘုရား၏အမတော် အရှေ့ဖက်လိပ်ဟုခေါ်ဆိုကြသည့် ဒုတိယမြောက်စေတီတော်တွင် တူးဖော်မှုများကို စတင်ရုံမျှသာ ရှိသေးသော်လည်း၊ အနောက်ဖတ်လိပ်ဘုရားကဲ့သို့သော လှိုင်ခေါင်းစင်္ကြံလမ်းနှင့် ထပ်တူညီမျှသော စဉ့်ကွင်းများပါရှိသည့် လှိုင်လမ်းအရှည် အနည်းငယ်ကို တွေ့ရှိထားပြီးဖြစ်ရာ ၎င်း၏အပြင်ဘက်တွင်လည်း အလားတူ ဒုတိယမြောက် လှိုင်လမ်းတစ်ခု ရှိတာ တွေ့ရကြောင်း၊ဒါကြောင့် အရှေ့ဖက်လိပ်စေတီတော်သည်လည်း ပထမစေတီတော်ကဲ့သို့ပင် တန်ဖိုးရှိသော ရှေးဟောင်းပစ္စည်းများစွာ ရှိလိမ့်မယ်လို့ မျှော်လင့်ကြောင်း Marshall က ၁၉၀၇ ခုနှစ်ရဲ့ အစီအရင်ခံစာ နောက်ဆုံးအပိုင်းမှာ ဖော်ပြခဲ့ပါတယ်။
အထက်ပါ ဖော်ပြပါ အချက်အလက်များအရ အနောက်ဖက်လိပ်ကို စတင်တူးဖော်ခဲ့တာ ဖြစ်ပြီး ၁၉၀၅က လျာထားချက်ဟာ ၁၉၀၈ အရောက်မှာ တစ်ဆူသာပြီးစီးတဲ့ သဘောကိုတွေ့ရပါတယ်။ ၁၉၀၆-၁၉၀၇ အစီရင်ခံစာအရ ဖက်လိပ်ဘုရား တူးဖော်စဉ်က ခန့်မှန်ကျငွေ ရူပီ၁၃၉၅ ကျမယ်လို့ ခန့်မှန်းခဲ့ပေမယ့် ၁၁၉၃ ရူပီကျသင့်တာ ဖြစ်ပါတယ်။ ၁၁၉၃ ရူပီဆိုတာ အဲ့ခေတ်က အတော်အကုန်အကျများတဲ့ ပမာဏဖြစ်ပါတယ်။ ရွှေ၅၅ကျပ်သားတန်ဖိုးရှိပါတယ်။စပါးဝယ်မယ်ဆို တင်း၁၀၀၀ ရပါတယ်။ နောက်ပိုင်းမှာ ဒီဘုရားရဲ့ မူလက လျာထားသော ခန့်မှန်းခြေအသုံးစရိတ် ၁,၃၉၅ ရူပီးကို ၉,၁၁၈ ရူပီးအထိ တိုးမြှင့် ရရှိခဲ့ပါတယ်။ရန်ပုံငွေတိုးမြှင့်ရခြင်းအကြောင်းက ဗုဒ္ဓဝင်ဇာတ်နိပါတ်တော်များကို သရုပ်ဖော်ထားတဲ့ အဖိုးတန် မြေမီးဖုတ် (စဉ့်ကွင်း) ရုပ်ကြွအုတ်ချပ်များကို တူးဖော်တွေ့ရှိခဲ့ခြင်းကြောင့် ဖြစ်တယ်လို ၁၉၀၈ အစီရင်ခံစာမှာ တွေ့ရပါတယ်။ရန်ပုံငွေ၉၁၁၈ ရူပီရပေမယ့် ၁၉၀၈ခုနှစ်အတွက် ၆၁၀၂ရူပီသာကုန်တာ တွေ့ရပါတယ်။၁၉၀၇-၁၉၀၈ ခုနှစ်အတွင်း ဒုတိယကုန်ကျမှုအများဆုံး ဖြစ်ပါတယ်။ပထမက မင်္ဂလာစေတီပြင်တာပါ။ ၉၀၀၅ရူပီကုန်ကျပါတယ်။အရေကြီးပြီး တန်ဖိုးရှိတဲ့ အဆောက်အအုံတွေဆို ၁၀ဆနီးပါး တိုးပေးတဲ့ သဘောတွေ့ရပါတယ်။ဒါ့အပြင်စဉ့်ကွင်းရုပ်ကြွအုတ်ချပ်များ ရာသီဥတုဒဏ်ကြောင့် ပျက်စီးခြင်းမှ ကာကွယ်ရန်အတွက် စေတီတော်ဝန်းကျင်တွင် သံကွန်ကရစ် အမိုးစောင်းလျှောတစ်ခုကို တည်ဆောက်ခဲ့ပြီး၊ အရှေ့ဖက်လိပ်နှင့် အနောက်ဖက်လိပ်စေတီဝန်းကျင်က မြေကွက်များကိုလည်းခြံစည်းရိုးခတ်နိုင်ရန်အတွက် သိမ်းခဲ့ရပါတယ်။တူးဖော်စဉ်က စဉ့်ကွင်း(မြေမီးဖုတ်လက်ရာ) များအနက် ၁၅၁ ချပ်မှာ မူလနေရာများတွင် ခိုင်ခိုင်မာမာ ကပ်လျက်ရှိနေသည်ကို တွေ့ရှိရပြီး၊ ၁၁၈ ချပ်မှာမူ မြေပြင်ပေါ်သို့ ပြုတ်ကျနေခဲ့တာကြောင့် ပြန်လည်တပ်ဆင်ခြင်းပြုလုပ်ခဲ့ရပါတယ်။ အဲ့ဒီ၁၁၈ချပ်ထဲကမှ ၄၉ ချပ်ကို မူလနေရာများတွင် ပြန်လည်တပ်ဆင်နိုင်ခဲ့ပြီး၊ ကျန်ရှိသော ၂၈ ချပ်မှာ စနစ်တကျ အစဉ်လိုက်ရှိရမည့် နံရံမုခ်ကွက်များ မရှိတော့လို့ တန်းပြီးမတပ်ဆင်နိုင်သလို၊ကျန်အချပ်ရေ ၄၁ ချပ်မှာမူ မည်သည့်နေရာကဖြစ်ကြောင်း ခွဲခြားသတ်မှတ်၍ မရနိုင်သေးဘဲ ရှိခဲ့တယ်လို ၁၉၀၈အစီရင်ခံစာကဆိုထားပါတယ်။၁၉၀၈ခုနှစ်အစီရင်ခံစာ အပိုဒ်(၃၀)မှာပဲ အရှေ့ဖက်လိပ်ကို ဆက်လက်တူးဖော်ချင်ပေမယ့် ရန်ပုံငွေလို အပ်ချက်ကြောင့် တစ်စုံတစ်ရာ မတူးဖော်ဘဲ ချန်လှပ်ထားခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
၁၉၀၈ခုနှစ်၊ဧပြီ၂၁မှာ ListAထဲထည့်ပြီး တူးဖော်ဖို့ လျာထားတဲ့ အရှေ့ဖက်လိပ်ဘုရားကို ၁၉၁၂ခုနှစ်မှာ တူးဖော်ခဲ့တာတွေ့ရပါတယ်။အရှေ့ဖက်လိပ်တွင် မုခ်ကွက်များမှာ ပြုတ်ကျပြီး စေတီတော်၏ အောက်ခြေ၌ မြေမြုပ်နေခဲ့သော စဉ့်ကွင်းအုတ်ချပ်များကို ရှာဖွေဖော်ထုတ်ရန်အတွက် ပြည်သူ့လုပ်ငန်းဌာန (P.W.D) အရာရှိများက တူးဖော်မှုများကို ဆောင်ရွက်ခဲ့ကြတယ်လို့ဆိုထားပါတယ်။ထိုသို့တူးဖော်ရာတွင် အကောင်းအတိုင်း စဉ့်ကွင်းအုတ်ချပ် ၁၇၁ ချပ်နှင့် ကျိုးပဲ့နေသော အစိတ်အပိုင်း ၁၇၈ ခုတို့ကို တွေ့ရှိခဲ့ရတယ်လို့ဆိုထားပါတယ်။၁၉၁၂ ခုနှစ်တွင် ၎င်း၏အောက်ခြေပတ်လည်ကို တူးဖော်ရာ၌ ညီမတော်စေတီဖြစ်သော အနောက်ဖတ်လိပ်ဘုရားတွင် တွေ့ရှိခဲ့သည့် စဉ့်ကွင်းများနှင့် ဆင်တူသည့် ဇာတ်နိပါတ်တော်များ သရုပ်ဖော်ထားသောစဉ့်ကွင်းအုတ်ချပ်များကို တွေ့ရှိခဲ့ရသဖြင့် အရှေ့ဘက်မျက်နှာစာတွင် အတော်များများ ကောင်းမွန်သော အခြေအနေ၌ ကျန်ရှိနေသေးသည့် ရင်ပြင်တော်ပတ်လမ်း (မုခ်ခုံးစင်္ကြံ) များကို ပြန်လည်တည်ဆောက်ကာ အဆောက်အအုံကို ပြုပြင်ပြီးနောက် အဆိုပါစဉ့်ကွင်းများကို ၎င်းတို့၏ မူလနေရာများတွင်ပင် ပြန်လည်တပ်ဆင်ပူဇော်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ထိုတူးဖော်မှုပြုလုပ်စဉ်က မစ္စတာတော်စိန်ခို၏အကြံပြုချက်များဟာ အဓိပ္ပာယ်အရှိဆုံးအကြံဉာဏ်များဖြစ်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ သို့သော်လည်း ပခုက္ကူခရိုင်အမှုဆောင်အင်ဂျင်နီယာကမူ ငွေကြေးချွေတာပြီး အနောက်ဖက်လိပ်ဘုရားတွင် လုပ်ဆောင်ခဲ့သကဲ့သို့ သံကွန်ကရစ်အမိုးများဖြင့် တည်ဆောက်ရန် အကြံပြုခဲ့ရာ ထိုသို့ပြုလုပ်ခြင်းက (အနောက်ဖက်လိပ်) ဘုရား၏ မူလလက်ရာကို ပျက်စီးစေပြီး၊ ၁၁ ရာစု လက်ရာတစ်ဝက်၊ ၂၀ ရာစု လက်ရာတစ်ဝက်ဖြင့် ကပြားဆန်တဲ့ အဆောက်အအုံတစ်ခု ဖြစ်သွားစေသည့်အတွက် အလွန်ကြည့်ရဆိုးတယ်လို့ ဆိုထားခဲ့ပါတယ်။အဆုံးတွင်မူ အစိုးရ၏ ခွင့်ပြုချက်ဖြင့် လက်ကျန်စင်္ကြံလမ်းအစိတ်အပိုင်းများကို စံပြပုံစံအဖြစ် နမူနာယူကာ မုခ်ခုံးစင်္ကြံလမ်းများကို (မူလလက်ရာမပျက်) ပြန်လည်မွမ်းမံတည်ဆောက်ရန် အတည်ပြုဆုံးဖြတ်ခဲ့ကြပါတယ်။ ဤစင်္ကြံလမ်းများကို ပြန်လည်မွမ်းမံရန်၊ အထက်ပိုင်းတည်ဆောက်ပုံကို အင်္ဂတေရည်များ လောင်းထည့်၍ ပိုမိုခိုင်ခံ့အောင်ပြုလုပ်ရန်နှင့် စဉ့်ကွင်းအုတ်ချပ်များကို ပြန်လည်အစားထိုးတပ်ဆင်ရန်အတွက် စုစုပေါင်း ၆,၅၃၆ ရူပီး ကုန်ကျမည့် ခန့်မှန်းခြေအသုံးစရိတ်ရှင်းလမ်းကို ခွင့်ပြုချက်ရရှိနိုင်ရန် ဒေသန္တရအစိုးရ (Local Government) ထံသို့ ပေးပို့ခဲ့ရတယ်လို့ ဆိုထားပါတယ်။ခန့်မှန်းခြေအသုံးစရိတ်ကို ၆,၅၃၆ ရူပီး ဟု အကြမ်းဖျင်း ဖော်ပြခဲ့သော်လည်း၊ အစိုးရထံ တရားဝင်အတည်ပြုချက်တောင်းခံသည့် ဤနောက်ဆက်တွဲဇယား (Appendix A) တွင်မူ လုပ်ငန်းအဝဝအတွက် မူလပထမကုန်ကျစရိတ်ကို ၉,၈၀၃ ရူပီး အထိ တိုးမြှင့်သတ်မှတ် တင်ပြခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။
ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် အရှေ့ဖက်လိပ်နဲ့ အနောက်ဖက်လိပ်ဘုရားဟာ တစ်ဝက်လောက်မြေအောက်မြှပ်နေရာမှ ၁၉၀၅ ကနေ စတင်ပြီး တူးဖော်ခဲ့ရာမှ ၁၉၀၈ မှာ ပြီးဆုံးခဲ့ပါတယ်။ ၁၉၀၈ အနောက်ဖက်လိပ် တူးဖော်ပြီးတဲ့အခါ အရှေ့ဖက်လိပ်ကို တူဖော်ဖို့ list A မှာထည့်ပြီလျာထားခဲ့ပါတယ်။ နောက်(၄)နှစ်အကြာ ၁၉၁၂ခုနှစ်မှာ အရှေ့ဖက်လိပ်ကို စတူးခဲ့ပြီး ၁၉၁၂-၁၉၁၃ ခုနှစ်မှာ ပြီးဆုံးခဲ့တယ်လို့ တွေ့ရှိရပါတယ်။ ဘုရားနှစ်ဆူ တူးဖော်မှုဟာ ၈နှစ်ကြာခဲ့ပြီး ရူပီနှစ်သောင်းနီးပါးကုန်ကျခံပြီး တူးဖော်ခဲ့တာ ဖြစ်ပါတယ်။
Reference;
REPORT ON ARCHÆOLOGICAL WORK IN BURMA FOR THE YEAR 1904-05. REPORT OF THE SUPERINTENDENT, ARCHÆOLOGICAL SURVEY, BURMA, FOR THE YEAR ENDING 31st MARCH 1906.
REPORT OF THE SUPERINTENDENT, ARCHÆOLOGICAL SURVEY, BURMA, For the year ending 31st March 1907.
REPORT OF THE SUPERINTENDENT, ARCHÆOLOGICAL SURVEY, BURMA, For the year ending 31st March 1908.
REPORT OF THE SUPERINTENDENT, ARCHÆOLOGICAL SURVEY, BURMA, For the year ending 31st March 1911.
REPORT OF THE SUPERINTENDENT, ARCHÆOLOGICAL SURVEY, BURMA, For the year ending 31st March 1912.
REPORT OF THE SUPERINTENDENT, ARCHÆOLOGICAL SURVEY, BURMA, For the year ending 31st March 1913.
#အရှေ့ဖက်လိပ်
#အနောက်ဖက်လိပ်
#ဖက်လိပ်ဘုရားတူးဖော်မှု