04/06/2026
"စာအုပ်အညွှန်း"
စာအုပ်၊စာပေချစ်မြတ်နိုးသူများကို ဂျပန်စာရေးဆရာကြီး ရူး မူရာကာမိရေးသားပြီး ဆရာသင့်လူ ဘာသာပြန်ဆိုထားသော "စူး"(Piercing) စာအုပ်ကိုညွှန်းဆိုပေးချင်ပါတယ်။ စိတ်ခြောက်ခြားစရာကောင်းပြီး လူ့တို့၏ ဖုံးကွယ်ထားသော စိတ်အောက်ခြေအတွင်းပိုင်းက အမှောင်စိတ်ကို ဖော်ထုတ်ပြသထားသည့် စိတ္တဗေဒဆိုင်ရာ သည်းထိတ်ရင်ဖို ဝတ္ထုတစ်ပုဒ်ဖြစ်သည်။
အဓိကဇာတ်ကောင်ဖြစ်သူ ကာဝါရှိမာ သည် အိမ်ထောင်ကျပြီး မွေးကင်းစ သမီးလေးတစ်ယောက်ရှိသည့် အိမ်ထောင်သည်တစ်ဦး ဖြစ်သည်။ သူသည် ငယ်စဉ်က မိခင်ဖြစ်သူ၏ နှိပ်စက်မှုကို ခံခဲ့ရသည့်အတွက် စိတ်ဒဏ်ရာကြီးမားစွာ ရရှိနေသူဖြစ်သည်။ ညစဉ်ညတိုင်း သူသည် မွေးကင်းစ သမီးလေး၏ ကုတင်အနားတွင် "ရေခဲခွဲသည့် စူး" ကို ကိုင်ကာ ကလေးကို ထိုးသတ်ချင်သည့် စိတ်ရိုင်းများကို မနည်း ထိန်းချုပ်နေရရှာသည်။ သူ၏ သမီးလေးကို မသတ်မိစေရန်အတွက် သူသည် ကြိုတင်စီစဉ်ထားသည့် လျှို့ဝှက်လူသတ်မှုတစ်ခုကို ကျူးလွန်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအစီအစဉ်မှာ စာအုပ်ဆိုင်ခန်းတစ်ခုကို ငှားရမ်းပြီး ဝန်ထမ်း မိန်းကလေးတစ်ဦးကိုအလုပ်ခန့်မည်။ ပြီးလျှင် ကြိုတင်အကွက်ချထားသည့်အတိုင်း ရေခဲခွဲသော စူးဖြင့် ရက်ရက်စက်စက် ထိုးသတ်ပစ်ရန်ဖြစ်သည်။ ထိုသို့ သူစိမ်းတစ်ယောက်ကို သတ်လိုက်ခြင်းဖြင့် သူ့စိတ်ထဲက လူသတ်ချင်သည့် စိတ်ရိုင်းကို ဖြေဖျောက်နိုင်မည်ဟု သူက ယူဆသည်။ သို့သော် သူခေါ်လိုက်သည့် ဆာနာဒါ ဆိုသောမိန်းကလေး ရောက်လာသည့်အခါတွင်တော့ ကာဝါရှိမာ ထင်ထားသလို ဖြစ်မလာခဲ့ပေ။ ထိုမိန်းကလေးသည်လည်း ငယ်စဉ်က ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်လည်နာကျင်အောင် လုပ်တတ်သည့် စိတ်ဝေဒနာ ခံစားနေရသူဖြစ်နေသည်။အစွန်းရောက် စိတ်ဝေဒနာရှင် နှစ်ဦး တွေ့ဆုံမိကြသည့်အခါ.......ဘာတွေဆက်ဖြစ်လဲ..
ကလေးသူငယ် နှိပ်စက်မှုများ၏ နောက်ဆက်တွဲအနေဖြင့် ငယ်စဉ်က မိဘများ၏ စွန့်ပစ်ခြင်း၊ နှိပ်စက်ခြင်း ခံရသည့် ကလေးငယ်များ ကြီးပြင်းလာသည့်အခါ မည်မျှအထိ ကြောက်စရာကောင်းသော စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်၊ပြုမူမှုများ ဖြစ်လာနိုင်သလဲဆိုသည်ကို လူမှုရေးရှုထောင့်မှ ကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးပြထားသည်။ စိတ်ပိုင်းဆိုင်ရာ ဝေဒနာရှင်များ၏ အတွေးအခေါ်၊ အပြုအမူများနှင့် လူ့သဘာကို စိတ်ဝင်စားသူများအတွက်တော့ လက်မလွှတ်တမ်း ဖတ်ရှုသင့်သည့် စိတ္တဗေဒ ဝတ္ထုကောင်း တစ်ပုဒ်ကိုညွှန်းဆိုပေးလိုက်ပါသည်။
.. Learning Centre
Space