28/12/2025
CRD;; မူရင်းဘာသာပြန်ပို့စ်
ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးက အလုပ်သမားတွေအတွက် နှစ်သစ်ကူး လက်ဆောင် ၁၀ ခု ပေး
ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီး Ms. Treenuch Thienthong က အလုပ်သမားတွေ၊ အလုပ်ရှင်တွေ၊ အာမခံထားသူတွေနဲ့ ပြည်သူတွေအတွက် ၂၀၂၆ ခုနှစ် နှစ်သစ်ကူးလက်ဆောင် ၁၀ မျိုးကို ပြင်ဆင်ထားတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒီအစီအစဉ်မှာ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး၊ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် ဖန်တီးပေးရေးနဲ့ ဘဝအရည်အသွေး မြှင့်တင်ရေးတွေ ပါဝင်ပြီး ပြည်သူတွေအနေနဲ့ အစိုးရဝန်ဆောင်မှုတွေကို တန်းတူညီမျှ လက်လှမ်းမီနိုင်ဖို့ ရည်ရွယ်ပါတယ်။ ပါဝင်တဲ့ အချက် ၁၀ ချက်ကတော့ -
🔶 နံပါတ် ၁ - Department of Employment (DOE) ကနေ စင်ကာပူ နဲ့ ထိုင်ဝမ် လို နိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်မယ့် နေရာ ၁၀၀ ကျော်အတွက် လေယာဉ်လက်မှတ် အခမဲ့ ပေးမယ့်အပြင် ကိုယ်ပိုင်ကုန်ကျစရိတ်တွေကိုလည်း ကင်းလွတ်ခွင့် ပေးမှာပါ။
🔶 နံပါတ် ၂ - Job Expo Thailand 2026 ကို ကျင်းပပြီး ပြည်တွင်းနဲ့ ပြည်ပ အလုပ်အကိုင်နေရာပေါင်း ၄၉၅,၀၀၀ ကျော်ကို ခေါ်ယူသွားမှာ ဖြစ်ပါတယ်။
🔶 နံပါတ် ၃ - နှစ်သစ်ကူးကာလ အိမ်ပြန်ခရီး ဘေးကင်းလုံခြုံစေဖို့ ၂၀၂၅ ဒီဇင်ဘာလ ၂၂ ရက်ကနေ ၂၀၂၆ ဇန်နဝါရီလ ၅ ရက်အထိ ယာဉ်ကြံ့ခိုင်မှု အခမဲ့ စစ်ဆေးပေးမှာပါ။ Department of Skill Development (DSD) ရုံးတွေနဲ့ လမ်းမကြီးတွေပေါ်မှာ အင်ဂျင်၊ ဘရိတ်၊ မီးနဲ့ တာယာတွေကို စစ်ဆေးပေးသွားမှာ ဖြစ်ပါတယ်။ ( Hotline 1506 ကို နှိပ်ပြီး 4 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်)။
🔶 နံပါတ် ၄ - အလုပ်သမားကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန( DSD) ကနေ အွန်လိုင်း သင်တန်းတက်ရောက်ခွင့် ၂၂၀,၀၀၀ ကို အခမဲ့ ပေးသွားမှာပါ။ ၂၀၂၅ ဒီဇင်ဘာလ ၂၂-၂၉ ရက်အတွင်း စာရင်းပေးသွင်းနိုင်ပြီး ၂၀၂၆ ဇန်နဝါရီလ ၁ ရက်ကနေ မတ်လ ၃၁ ရက်အထိ သင်ကြားရမှာ ဖြစ်ပါတယ်။
🔶 နံပါတ် ၅ - Department of Labour Protection and Welfare (DLPW) ကနေ "Safety 4 All" အစီအစဉ်နဲ့ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး သင်တန်းတွေကို လူ ၁၀,၀၀၀ အတွက် အခမဲ့ ပို့ချပေးမှာပါ။ (၂၀၂၆ ဇန်နဝါရ-မတ် အတွင်း)။
🔶 နံပါတ် ၆ - ၂၀၂၆ ခုနှစ် အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေ (အမှတ် ၉) အရ အကာအကွယ်ပေးမှုတွေ တိုးချဲ့သွားမှာပါ။ ဥပမာ - မီးဖွားခွင့် ၁၂၀ ရက်၊ ဇနီးသည် မီးဖွားရင် ခင်ပွန်းဖြစ်သူက ကူညီစောင့်ရှောက်ဖို့ ခွင့် ၁၅ ရက် ရရှိမှာဖြစ်ပြီး အစိုးရဌာနတွေက ကန်ထရိုက်ဝန်ထမ်းတွေကိုပါ ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။
🔶 နံပါတ် ၇ - Social Security Office (SSO) က Section 40 အာမခံထားသူတွေအတွက် အကျိုးခံစားခွင့်တွေ တိုးမြှင့်ပေးမှာပါ။ မသန်စွမ်းဖြစ်မှု၊ ကလေးစရိတ်နဲ့ မတော်တဆမှု/ဖျားနာမှုတွေအတွက် ဝင်ငွေလျော်ကြေးတွေ တိုးပေးမှာဖြစ်ပြီး SSO Plus အက်ပ်ကနေ အထူးလျှော့ဈေးတွေလည်း ရနိုင်ပါတယ်။
🔶 နံပါတ် ၈ - အသက် ၅၀ နဲ့အထက် အာမခံထားသူတွေအတွက် ၂၀၂၆ ခုနှစ် တစ်နှစ်ပတ်လုံး တုပ်ကွေးကာကွယ်ဆေး အခမဲ့ ထိုးနှံပေးမှာ ဖြစ်ပါတယ်။
🔶 နံပါတ် ၉ - T-OSH E-Learning စနစ်ကနေ လုပ်ငန်းခွင် ဘေးကင်းရေးနဲ့ ရောဂါကာကွယ်ရေး အွန်လိုင်းသင်တန်းတွေကို အခမဲ့ တက်ရောက်နိုင်မှာပါ။
🔶 နံပါတ် ၁၀ - မြင့်မားတဲ့နေရာနဲ့ ကျဉ်းကျပ်တဲ့နေရာတွေမှာ လုပ်ကိုင်ရတာမျိုးတွေ အပါအဝင် လက်တွေ့ ဘေးကင်းရေး သင်တန်း ၆ ခုကို လူ ၈၀၀ အတွက် အခမဲ့ ပို့ချပေးမှာပါ။
Ref : Khaosod
Send a message to learn more