Karenni National Progressive Party

Karenni National Progressive Party Karenni National Progressive Party is a political organization seeking to establish federal union th

Karenni National Progressive Party (KNPP) is a political organization seeking to establish federal union that guarantees equality, democracy, and self-determination by working together with all nationalities in Burma. KNPP was founded to provide political leadership for Karenni resistance movement that began in 1948.

“Message of Congratulations on President U Win Myint’s Return to His Family”Date: April 22, 2026U Win Myint, the Preside...
23/04/2026

“Message of Congratulations on President U Win Myint’s Return to His Family”
Date: April 22, 2026

U Win Myint, the President of the Republic of the Union of Myanmar, who was unlawfully arrested and detained by the terrorist military on February 1, 2021, while serving in his capacity as President, has reunited with his family on April 17, 2026, after more than five years.

On this occasion, the Steering Council for the Emergence of a Federal Democratic Union (SCEF) expresses its great joy and congratulations together with his family and with all the people of Myanmar.

We sincerely wish that President U Win Myint will have good health and that he will be able to continue to safely carry out responsibilities for the benefit of the country and its people.

We will continue to make every possible effort, together with all the people of Myanmar, to ensure the swift and unconditional release of all political prisoners, including State Counsellor Daw Aung San Suu Kyi, who remains unjustly detained.

Steering Council for the Emergence of a Federal Democratic Union (SCEF)

“နိုင်ငံတော်သမ္မတဦးဝင်းမြင့် မိသားစုထံပြန်လည်ရောက်ရှိခြင်းအတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ”ရက်စွဲ။  ။  ၂၀၂၆ ခုနှစ် ဧပြီလ...
22/04/2026

“နိုင်ငံတော်သမ္မတဦးဝင်းမြင့် မိသားစုထံပြန်လည်ရောက်ရှိခြင်းအတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ”

ရက်စွဲ။ ။ ၂၀၂၆ ခုနှစ် ဧပြီလ ၂၂ ရက်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိနေချိန် အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးအကျဉ်းချခြင်းကို ခံခဲ့ရသည့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် (၅) နှစ်ကျော်အကြာ ၂၀၂၆ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် မိသားစုထံ ပြန်လည်ရောက်ရှိခဲ့သည့်အတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ - SCEF အနေဖြင့် မိသားစုနှင့်ထပ်တူ၊ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးနှင့် ထပ်တူ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်အနေဖြင့် ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ခိုင်မာခြင်းတို့ကို ပိုင်ဆိုင်ကာ နိုင်ငံ့အကျိုး၊ နိုင်ငံသူနိုင်ငံသားတို့၏ အကျိုးကို ဘေးအန္တရာယ်ကင်းစွာဖြင့် ဆက်လက်သယ်ပိုးထမ်းရွက်နိုင်ပါစေကြောင်း ဆန္ဒပြုဆုမွန်ကောင်းတောင်းအပ်ပါသည်။

ကျွန်ုပ်တို့အနေဖြင့် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်နိုင်ရေးအတွက် တိုင်းရင်းသား ပြည်သူလူထုအားလုံးနှင့် အတူ အစွမ်းကုန် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ
Steering Council for the Emergence of a Federal Democratic Union (SCEF)

11/04/2026

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (Steering Council for the Emergence of a Federal Democratic Union - SCEF) နှင့် စပ်လျဉ်းသော သတင်းစာ ရှင်းလင်းပွဲကို တိုက်ရိုက်ထုတ်လွှင့်ပါသည်။

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (Steering Council for the Emergence of a Federal Democratic Uni...
10/04/2026

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (Steering Council for the Emergence of a Federal Democratic Union - SCEF) နှင့် စပ်လျဉ်းသော သတင်းစာ ရှင်းလင်းပွဲတစ်ခုကို ၂၀၂၆ ခုနှစ် ဧပြီလ (၁၁) ရက်နေ့ (စနေနေ့) မြန်မာစံတော်ချိန် ည (၇) နာရီတွင် ပြုလုပ်သွားမည်ဖြစ်ပြီး တာဝန်ရှိ အဖွဲ့အစည်း စာမျက်နှာများနှင့် သတင်း မီဒီယာအချို့တွင် တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါသည်။

နေရာ - zoom Platfrom
အချိန် - ည ၇ နာရီ (မြန်မာစံတော်ချိန်)
နေ့စွဲ - ၂၀၂၆ ခုနှစ် ၊ ဧပြီလ ၁၁ ရက်


ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြားသည့် မိန့်ခွန်း၂၀၂၆ ခုနှစ်၊ မတ်လ (၃၀) ရက် ဒီကနေ့ကျင်းပတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ...
31/03/2026

ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြားသည့် မိန့်ခွန်း

၂၀၂၆ ခုနှစ်၊ မတ်လ (၃၀) ရက်

ဒီကနေ့ကျင်းပတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ ဖွဲ့စည်းခြင်း အခမ်းအနားကို တက်ရောက်လာကြတဲ့ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်း၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ဥက္ကဋ္ဌ ခူဦးရယ်၊ ချင်းအမျိုးသားတပ်ဦးဥက္ကဋ္ဌ ပူဇင်းကျုန် (Pu Zing Cung)၊ KIO အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဂွမ်ထန်ဂမ်ရှောင်နဲ့တကွ တက်ရောက်လာကြတဲ့ တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင်များ၊ တော်လှန်ရေးအင်အားစုများ ပြည်သူလူထုအားလုံး ဘေးရန်ကင်းကွာစွာနဲ့ တော်လှန်ရေး တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ကြပါစေကြောင်း ဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။

တော်လှန်ရေးအတွက် အရေးပါတဲ့ ခြေလှမ်းကို စတင်လိုက်နိုင်တဲ့ အခါသမယမှာ စကား ပြောကြားခွင့်ရတဲ့အတွက် အထူးပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ အခုလို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဖွဲ့စည်းပေါ်ပေါက်လာနိုင်ရေးအတွက် လပေါင်း များစွာ အချိန်ပေး ညှိနှိုင်းကာ ကြိုးပမ်းအားထုတ်ခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကြီးများအားလုံးကို အထူး ကျေးဇူးတင် ဂုဏ်ပြုပါကြောင်း လေးလေးနက်နက် ပြောကြားလိုပါတယ်။

တိုင်းရင်းသားများရဲ့ ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံများနဲ့အတူ တော်လှန်ရေး ကာလ ၅ နှစ်တာ ဖြတ်သန်းပြီးတဲ့နောက်မှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို လေ့လာသုံးသပ်ပြီး ပြည်သူလူထုတရပ်လုံး လိုလားတောင့်တလျက်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အောင်မြင်စွာ ပေါ်ထွန်းလာရေးကို ရည်မှန်းကာ မဖြစ်မနေ လုပ်ဆောင်ရမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုနဲ့အတူ စတင် လိုက်တဲ့ အရေးပါတဲ့ ခြေလှမ်း တစ်ရပ်လည်း ဖြစ်ပါတယ်။ ခြေတစ်လှမ်းစပြီးရင် နောက်ထပ် ခြေလှမ်းတွေ ဆက်လက်ပြီး လျှောက်လှမ်းသွားကြပါမှ ခရီးရောက်မှာဖြစ်သလို ရည်ရွယ်ရာ ဦးတည်ချက်ကလည်း သွေဖယ်လို့ မဖြစ်တာမို့ တည့်တည့်မတ်မတ် ဆက်လက် လျှောက်လှမ်း နိုင်စေဖို့ ကျွန်တော်တို့အားလုံး ဝိုင်းဝန်းထိန်းကျောင်း ကြရမှာလည်းဖြစ်ပါတယ်။ စစ်အာဏာရှင် စနစ်ဆိုးကို အဆုံးသတ်နိုင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးအတွက် တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးရဲ့ အရင်းအနှီးကြီးမားတဲ့ နောက်ဆုံးတိုက်ပွဲဖြစ်တာကြောင့် စုစည်းညီညွတ်မှု အပြည့်နဲ့ အားကုန်ထည့်ကာ တိုက်ပွဲဝင်သွားကြဖို့လည်း တိုက်တွန်းလိုပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဦးဆောင်ကောင်စီ အနေနဲ့ တော်လှန်ရေးအဖွဲ့အစည်း အသီးသီးလက်ခံထားကြတဲ့ ဘုံနိုင်ငံရေးရည်မှန်းချက်တခုဆီသို့ တရားဝင်မှု၊ ညီညွတ်မှုနဲ့အတူ တာဝန်ခံမှုရှိတဲ့ “ခေါင်းဆောင်မှု”နဲ့ ဦးဆောင်ညှိနှိုင်းပြီး တော်လှန်ရေးအောင်မြင်ရေးကို အကောင် အထည်ဖော်ဆောင်သွားဖို့ မဟာဗျူဟာ ရည်မှန်းချက် ထားရှိတဲ့အတိုင်း ဆက်လက်တွေ့ကြုံလာရ မယ့် တော်လှန်ရေးအခင်းအကျင်းမှာလည်း ပြတ်သားတဲ့ ဦးဆောင်မှုနဲ့ လုပ်ကိုင်ဆောင်ရွက်သွား ကြရမှာ ဖြစ်ပါတယ်။ ဒီကနေ့စတင်လိုက်တဲ့ခြေလှမ်းဟာ ခေါင်းဆောင်ကြီးများအနေနဲ့ ကျွန်တော်တို့ နိုင်ငံကို အနာဂတ်မှာ “ဘယ်လိုနိုင်ငံအဖြစ် ထူထောင်ကြမလဲ၊ ဘယ်လိုနိုင်ငံအဖြစ် မြင်တွေ့လိုသလဲ၊ ဘယ်လောက် ငြိမ်းချမ်းစေချင်သလဲ၊ ဘယ်လောက် ဖွံ့ဖြိုးတိုးတက်စေချင်သလဲ” ဆိုတဲ့ နိုင်ငံရေး စိတ်စေတနာကောင်းများအပေါ် အခြေတည်ကာဆောင်ရွက်နေကြတာလည်း ဖြစ်ပါတယ်။ ဒီလို ကြိုးပမ်းဆောင်ရွက်ရာမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ အရွေ့တွေ ဖြစ်ပေါ်လာဖို့ဆိုရင် လိုလားနေရုံ၊ မျှော်လင့်နေရုံနဲ့ကျွန်တော်တို့ လိုချင်တဲ့ပန်းတိုင်ကို ဖော်ဆောင်နိုင်မှာ မဟုတ်သလို ဒီလို မျှော်မှန်းတဲ့ပန်းတိုင် ရောက်ရှိဖို့အတွက် မယိမ်းယိုင်တဲ့စိတ်ပိုင်းဖြတ်မှုနှင့်အတူ တွေ့ကြုံရသမျှကို အတူတကွ ရင်ဆိုင်ကာ အင်အားအပြည့်နဲ့လုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေမှ အောင်မြင်အောင် ဆောင်ရွက်နိုင်မှာပဲ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ အခုအချိန်ဟာ ခေတ်အဆက်ဆက် ကြုံတွေ့ခဲ့ရတဲ့ တော်လှန်ရေး အဆက်ဆက်မှာ ပြည်သူလူထုရဲ့ တက်ကြွတဲ့ ပါဝင်မှုနဲ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုများအကြား စုစည်းညီညွတ်မှုများနဲ့အတူ အကြမ်းဖက်စစ်အုပ်စုကို ခုခံတွန်းလှန်နေတဲ့ အချိန်အခါဖြစ်ပြီး ဒီလိုတွန်းလှန်မှုဒဏ်ကို စစ်အုပ်စုအနေနဲ့လည်း ပြင်းပြင်းထန်ထန် ခံစားနေရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့အားလုံးရဲ့အင်အားကို ပိုမိုကျစ်လစ်အောင်တည်ဆောက်ဖို့လိုသလို တည်ဆောက်ပြီးသား အင်အားကိုပြိုကွဲစေနိုင်တဲ့ “ကျွန်တော်တို့အချင်းချင်းကြား ညီညွတ်မှု ပျက်ပြားခြင်းက ပေါ်ပေါက်လာနိုင်တဲ့ အတွင်းရန်၊ ပြင်ပသွေးခွဲသပ်လျှိုမှုကနေ ပေါ်ပေါက်လာနိုင်တဲ့ အပြင်ရန်” ဒီရန် (၂) ပါးကြောင့် အားလုံးပါဝင်တဲ့ စုပေါင်းအင်အားကို အပျက်အစီး မခံဘဲ စိတ်ရှည်၊ သည်းခံမှုများနဲ့ ကျွန်တော်တို့ အချင်းချင်းကြား နားလည်မှုတည်ဆောက်ကာ ပိုမိုကျယ်ပြန့်သော စုဖွဲ့မှုတွေနဲ့ တော်လှန်ရေးဦးတည်ရာကို အမြန်ဆုံးရောက်ရှိအောင် ဆက်လက်လျှောက်လှမ်း သွားကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။

အရေးတော်ပုံအောင်ရမည်။

“ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ၊ Steering Council for the Emergence of a Federal Democratic Uni...
31/03/2026

“ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ၊ Steering Council for the Emergence of a Federal Democratic Union - SCEF” မိတ်ဆက်ပွဲတွင် ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး (Pu Zing Cung) က ပြောကြားသောအမှာစကား...။

“ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ၊ Steering Council for the Emergence of a Federal Democratic Uni...
31/03/2026

“ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ၊ Steering Council for the Emergence of a Federal Democratic Union - SCEF” ကနဦး ဖွဲ့စည်းခြင်း နှင့် ထုတ်ပြန်ကြေညာခြင်းအခမ်းအနား၌ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ပြောကြားသည့် မိန့်ခွန်း”

“ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” (Steering Council for the Emergence of a Federal Democratic Un...
31/03/2026

“ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” (Steering Council for the Emergence of a Federal Democratic Union – SCEF) ဖွဲ့စည်းခြင်း အခမ်းအနားတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ဥက္ကဋ္ဌ ခူဦးရယ် ပြောကြားသော မိန့်ခွန်း

လေးစားရပါသောတိုင်းရင်းသားပြည်သူအပေါင်းနဲ့ ဒီကနေ့ ဖက်ဒရယ်ဒီမိုကရေစီပေါ်ထွန်းရေးဦးဆောင် ကောင်စီကို ပဏာမမိတ်ဆက်တဲ့အခမ်းအနားမှာ တက်ရောက်လာကြတဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အသီးသီးကခေါင်းဆောင်များ၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှ ခေါင်းဆောင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီမှ ကိုယ်စားလှယ်များခင်ဗျား —

ဒီကနေ့ဟာဆိုရင် ကျနော်တို့ ဆင်နွှဲနေတဲ့ လူထုတော်လှန်ရေးကြီးရဲ့ အကွေ့တစ်ခုကိုရောက်ရှိခဲ့ပြီလို့ ကျနော်ယုံကြည်မျှော်လင့်ခြင်းများနဲ့အတူ ကနဦးအသိပေးပြောကြားလိုပါတယ်။ နေ့စဉ်နဲ့အမျှ မျက်ရည်မစဲ၊ဝမ်းနည်းနာကြည်းဖွယ်ရာအဖြစ်ဆိုးများကို ခါးစည်းရင်ဆိုင်နေကြရတဲ့ ကျနော်တို့ ပြည်သူတွေအတွက် အထူးအားရကျေနပ်ဖွယ်ရာမဟုတ်သော်လည်း ကျနော်တို့လျှောက်လှမ်းနေရတဲ့ တော်လှန်ရေးခရီးရှည်လမ်းကြမ်းကြီးရဲ့ အချိုးအဆစ်တစ်ကွေ့ကိုတော့ ရောက်လာပြီလို့ ပြောရမယ့်နေ့ ဘဲ ဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီးကတည်းက မငြိမ်းချမ်းခဲ့တဲ့ ကျနော်တို့နိုင်ငံရဲ့သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် လွတ်လပ်ရေးအတွက်ကြိုးပမ်းမှုနဲ့ ပြည်ထောင်စုတည်ဆောက်ဖို့ကြိုးပမ်းမှုဟာ ခေါင်းနဲ့ပန်းလိုဖြစ် ဖြစ်ခဲ့တယ်လို့ဘဲ သုံးသပ်ပြီး ပြောချင်ပါတယ်။ လွတ်လပ်ရေးကြိုးပမ်းမှုဟာ နယ်ချဲ့စနစ်ကို တော်လှန်ရတာဖြစ်သလို ခုလည်းဘဲ လွတ်လပ်လာမဲ့နိုင်ငံအတွက် ပြည်ထောင်စုနိုင်ငံဖြစ်ဖို့ တည်ဆောက်ဖို့ရာ ဖြစ်ခဲ့ပါတယ်။ အဲဒီအတွက် ၁၉၄၇ ပင်လုံစာချုပ်ဆိုတာဖြစ်လာရတယ်။ အဲဒီစာချုပ်ပါကတိကဝတ်များရဲ့ အခြေခံနဲ့ပဲ ကျနော်တို့လွတ်လပ်ရေးကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လွတ်လပ်ပြီးနောက်တစ်နှစ်မှာပဲ ကျနော်တို့နိုင်ငံမှာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို တောင်းဆို၊ တိုက်ယူရတဲ့ ပြည်တွင်းစစ်ကြီး စတင်ခဲ့ပါတယ်။ ဒါကို အကျဉ်းခြုံးသုံးသပ်ရရင် စာချုပ်ပါကတိကဝတ်တွေကို အလေးထားအကောင်အထည်ဖေါ်ဖို့ ငြင်းဆန်ခဲ့၊ ပျက်ကွက်ခဲ့လို့ဘဲ ဖြစ်ပါတယ်။ ဒီပျက်ကွက်မှုကို အစိုးရအဆက်ဆက်က ဖြည့်ဆည်းဖို့ မပြင်နိုင်ခဲ့ကြတဲ့အပြင် ထပ်ခါ၊ ထပ်ခါ မှားခဲ့ကြလို့လည်း ပြည်တွင်းစစ်ဟာ နှစ်ပေါင်း ၈၀ နီးပါးကြာလာနေပြီဖြစ်ပါတယ်။ နောက်တစ်ဖန် ၂၀၂၁ ခုနှစ်မှာ ဒီအမှားကိုဘဲ ပိုမိုကြီးမားတဲ့ နောက်အမှားတခုကို ထပ်မံကျုးလွန်ခဲ့တာ ကတော့ ဒီကနေ့ မင်းအောင်လှိုင်နဲ့ သူဦးဆောင်တဲ့ မြန်မာစစ်တပ်ပဲဖြစ်တယ်။

ဒီနေရာမှာ ကျနော်ပြောလိုတာကတော့ ၁၉၄၈ ပြည်တွင်းစစ်စခဲ့တုန်းကအခြေအနေနဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းခဲ့ပြီတဲ့အခြေအနေကွာခြားမှုဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်ဖေဖေါ်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါမှာ တိုင်းပြည်တွင်းမှာရှိကြတဲ့ပြည်သူများနဲ့ တိုင်းပြည်အပြင်အပ ကမ္ဘာ့နိုင်ငံ အသီးသီးကို ရောက်ရှိနေကြတဲ့ မြန်မာြပည်သူများဟာ စစ်အာဏာရှင်ကို အကြွင်းမဲ့ဆန့်ကျင်ဖီဆန် ခဲ့ကြတဲ့အပြင် အာဏာရှင်ကရေးပြီး အာဏာရှင်ကပဲ ဖျက်ဆီးပစ်လိုက်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း ချွင်းချက်မရှိ အပြီးတိုင် ငြင်းဆန်စွန့်ပစ်ခဲ့တာဖြစ်ပါတယ်။ အဲဒါအပြင် ပြည်သူတွေဟာ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲနိုင်ရေးကိုပါ တညီတညွတ်တည်း တောင်းဆိုခဲ့ကြပါတယ်။
ဒီကနေ့ ကျနော်တို့ ဆွေးနွေးစုဖွဲ့ဖို့ဆုံးဖြတ်ခဲ့ကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ဟာ ၁၉၄၈ တုန်းက မှားခဲ့တဲ့အမှားကို ပြင်ဖို့အတွက် ရှိနှင့်ပြီးသားနဲ့ အသစ်ထွက်ပေါ်လာတဲ့ ပြည်နယ်/ယူနစ်အဆင့် ဦးဆောင်မှုများကို ပေါင်းစပ်ညှိနှိုင်းဖို့၊ နိုင်ငံလုံးဆိုင်ရာ ညီညွတ်ရေးကို ထိန်းသိမ်းဖို့နဲ့ လတ်တလော တော်လှန်ရေးအင်အားစုများ ရေးဆွဲပြင်ဆင်နေတဲ့ အသွင်ကူးပြောင်းရေးကာလအစီအမံများ ဆိုင်ရာအခြေခံပြဌာန်းချက် (AFTA) တရားဝင်သက်ရောက်မှု ရှိလာမယ့်အချိန်အထိ ကျနော်တို့ရဲ့ ဖက်ဒရယ်ဒီမိုကရေစီတော်လှန်ရေးကြီးရဲ့ တရားဝင်မှုကို ထိန်းသိမ်းထားနိုင်ဖို့အတွက် ဒီဖက်ဒရယ်ပေါ်ထွန်းရေးဦးဆောင်ကောင်စီဟာ ပေါင်းကူးတံတားတစ်စင်း ဖြစ်ဖို့ ကျနော်တို့ရည်ရွယ်ပါတယ်။

ဖက်ဒရယ်ပေါ်ထွန်းရေးဦးဆောင်ကောင်စီကို ကျနော်တို့ မဏ္ဍိုင်ကြီး ၃ ခုနဲ့ဖွဲ့စည်းဖို့ဆုံးဖြတ်ခဲ့ကြပါတယ် — ဒီမဏ္ဍိုင်ကြီးများကတော့ ၁) ပြည်နယ်/ယူနစ်/EROs၊ ၂) ပြည်သူ့ကိုယ်စားပြု နဲ့ ၃) အမျိုးသမီးကိုယ်စားပြု - စသည်တို့ပဲဖြစ်ပါတယ်။

မဏ္ဍိုင်ကြီး ၃ ခုကို အခြေခံထားသော်လည်း အခြေအနေနဲ့ စိန်ခေါ်မှုအမျိုးမျိုးကြောင့် ကနဦးအနေနဲ့ စတင်ဆွေးနွေးခဲ့ကြတဲ့ ကျနော်တို့ အဖွဲ့ ၅ ဖွဲ့ နဲ့အတူ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတ (CRPH) – အားလုံးပေါင်း ၆ ဖွဲ့ နဲ့အစပျိုးတာထွက်ဖို့ ဖြစ်လာခဲ့ပါတယ်။ မဏ္ဍိုင် ၃ ခု စုံစုံလင်လင်မပါနိုင်သေးတာနဲ့ မဏ္ဍိုင်တစ်ခုစီမှာလည်း ပါသင့်ပါထိုင်သူအားလုံး ပါမနေသေးတာဟာ အချိန်ရဲ့စိန်ခေါ်မှုနဲ့ဖိအားကို မကျော်လွှားနိုင်တဲ့ ကျနော်တို့ရဲ့ အားနည်းချက်တခုတော့ ဖြစ်ခဲ့ပါတယ်။

ဒီအတွက်လည်း ကျနော်တို့ လာမယ့် ရက် ၆၀ အတွင်း အမြန်ဆုံးပြင်ဆင်ဖြည့်စွက်နိင်ဖို့ကို ကြိုစားသွားမှာဖြစ်ပါတယ်။ ဒီကြိုးပမ်းမှုနဲ့အတူ မိဘပြည်သူများအားလုံးလည်း ကျနော်တို့ တော်လှန်ရေးကြီးထဲမှာ ရှိတဲ့နေရာ၊ တတ်နိုင်တဲ့ဘက်ကနေ စစ်အာဏာရှင်ကို ဆန့်ကျင်ဖီဆန်ပြီး ကျနော်တို့တည်ဆောက်လိုတဲ့ ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ရောက်သည်အထိ ဆက်လက်ပါဝင် လျှောက်လှမ်းသွားကြဖို့ ဖိတ်ခေါ်တိုက်တွန်းရင်း လေးစားစွာနိဂုံးချုပ်အပ်ပါတယ်။

"ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ပြောကြားသည့် မိန့်ခွန်း"လေးစားအပ်တဲ့ ခေါင်းဆောင်ကြီးများ ခင်ဗျာ။ ဒီကနေ့လ...
31/03/2026

"ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ပြောကြားသည့် မိန့်ခွန်း"

လေးစားအပ်တဲ့ ခေါင်းဆောင်ကြီးများ ခင်ဗျာ။ ဒီကနေ့လို မင်္ဂလာရှိတဲ့ အချိန်အခါမှာ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်း နှုတ်ခွန်းဆက်သလိုပါတယ်။ ဒီကနေ့ ကို ဘာလို့ မင်္ဂလာရှိတဲ့နေ့လို ဖော်ညွှန်းသုံးနှုန်းရလဲဆိုရင် ဒီကနေ့ ကျွန်တော်တို့ တော်လှန်ရေး ကြီးအတွက် အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ခုကို စုပေါင်းအားနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင် ခဲ့တဲ့အတွက် မင်္ဂလာရှိတဲ့နေ့လို ဖော်ညွှန်းသုံးနှုန်းရခြင်း ဖြစ်ပါတယ်။

ကျွန်တော်တို့ ကာလရှည်မက်ခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အိပ်မက်ကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ဖို့ အရေးကြီးတဲ့ မှတ်တိုင်တစ်ခုကို စိုက်ထူ နိုင်ခဲ့တယ်လို့ ကျွန်တော့အနေနဲ့ ရှုမြင်ပါတယ်။ ဒီမှတ်တိုင်ဟာ နိုင်ငံရေးအစီအမံတစ်ခု ထက်ပိုတဲ့ မိမိတို့နိုင်ငံနဲ့ ပြည်သူလူထုအတွက် အနာဂတ်တစ်ခုကို လျှောက်လှမ်းကြဖို့ ရဲရင့်တဲ့၊ ညီညွတ်တဲ့ ခြေလှမ်းတစ်လှမ်းလို့ ယုံကြည်ပါတယ်။ ဒီအောင်မြင်မှုဟာ ကျွန်တော်တို့ အင်အားစု အချင်းချင်းသာမက အခြားအင်အားစုတွေ အချင်းချင်း၊ ပြည်သူတွေအချင်းချင်း ကြားပါ ညီညွတ်မှု ကို တိုးစေမယ့် ခြေလှမ်းဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်။

မိမိတို့ ပြည်ထောင်စုအတွင်းမှာရှိတဲ့ စုံလင်ကွဲပြားတဲ့ လူမျိုးတိုင်းရဲ့ သရုပ်လက္ခဏာတွေ ကို ကာကွယ်မြှင့်တင်ပေးပြီး ဒီမိုကရေစီ၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ အပြည့်အဝရှိတဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်များနဲ့ ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို တည်ဆောက်သွားနိုင်ရေး မျှော်မှန်းချက်ကို ဗဟိုပြုပြီး မိမိတို့၏ တရားဝင်မှုကို ကိုင်စွဲလျက် စုပေါင်း ခေါင်းဆောင်မှု၊ တာဝန်ယူ တာဝန်ခံမှုတို့နဲ့အတူ ခိုင်ခိုင်မာမာ စုစည်းနိုင်ခဲ့တဲ့ ညီညွတ်မှု အားကို ကျွန်တော်တို့ ဒီကနေ့ ပြသနိုင်ခဲ့ပါပြီ။ ဒီညီညွတ်မှုအားကို အပြန်အလှန်လေးစားမှု၊ အပြည်အလှန် အသိအမှတ်ပြုမှုတို့ကို ကိုင်စွဲပြီး ထိန်းသိမ်းမြှင့်တင်သွားနိုင်ဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိသလို၊ ဒီညီညွတ်မှုအားနဲ့ ကျွန်တော်တို့ရဲ့ ဘုံမျှော်မှန်းချက်အတွက် အဓိက အတားအဆီးဖြစ်တဲ့ စစ်အာဏာရှင်စနစ်ဆိုးကို အမြန်ဆုံးဖြိုချနိုင်ရေးဟာလည်း ကျွန်တော်တို့ အားလုံးရဲ့ တာဝန်တစ်ခုလို့ ကျွန်တော့်အနေနဲ့ ခံယူပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို လျှောက်လှမ်းကြတဲ့ လမ်းဟာ အင်မတန်ရှုပ်ထွေး ပြီး သည်းခံနိုင်မှု၊ မဟာဗျူဟာမြောက် အမျှော်အမြင်ရှိမှုနဲ့ အားလုံးပါဝင်နိုင်မှုတို့ လိုအပ်တယ်ဆို တာကို ခေါင်းဆောင်များအားလုံး သိရှိလက်ခံထားပြီး ဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ တော်လှန်ရေးရဲ့ အဓိက ဦးတည်ချက်ဟာ အုပ်ချုပ်သူအပြောင်းအလဲပုံံစံ ပြုပြင်ပြောင်းလဲရေး ထက် သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ် တည်ဆောက် နိုင်ရေးအတွက် ဖြစ်တယ်ဆိုတာကို မြန်မာပြည်သူလူထုနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ထပ်မံ သက်သေပြလိုက်နိုင်ခြင်း ဖြစ်ပါတယ်။

တော်လှန်ရေး (၅)နှစ်ကြာ ကာလအထိတိုင်အောင် ကြံ့ကြံ့ခိုင် ရင်ဆိုင်နေကြတဲ့ မြန်မာ ပြည်သူလူထုကို ကိုယ်စားပြုနေတဲ့ ကျွန်တော်တို့ အင်အားစုတွေအကြား ယခုတည်ဆောက်နိုင် ခဲ့တဲ့ ညီညွတ်မှုဟာ ပြည်သူလူထုအတွက် စစ်မှန်တဲ့ မျှော်လင့်ချက်ကို ဖော်ဆောင်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ နိုင်ငံ့ရဲ့ ကာလရှည်ဖြစ်တည်ခဲ့တဲ့ ပဋိပက္ခကို ဖြေရှင်းနိုင်ဖို့ ဖြစ်ပါတယ်။ ဒီလို ကြီးလေးတဲ့ လုပ်ငန်းတာဝန်တွေ အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ဆိုရင် မိမိတို့ အင်အားစုများ အကြားသာမက မိမိတို့နိုင်ငံအတွင်းမှာရှိတဲ့ မတူကွဲပြားတဲ့ အင်အားစုတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ က မိတ်ဆွေတွေရဲ့ ပူးပေါင်းကူညီမှုတွေလည်း လိုအပ်မှာဖြစ်ပါတယ်။

ကျွန်တော်တို့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ဒီဦးဆောင်ကော်မတီ ရဲ့ လုပ်ငန်းလမ်းညွှန်ပါ မျှော်မှန်းချက်၊ ရည်ရွယ်ချက်များနဲ့ သဘောတူညီချက်များကို အပြည့်အဝ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်သလို လွှတ်တော်ကဏ္ဍကနေလည်း ကော်မတီရဲ့ ကြိုးစားအားထုတ်မှုတွေကို အထောက်အကူဖြစ်စေမဲ့ လုပ်ငန်းများကို ချမှတ် ဆောင်ရွက်သွားမယ်ဆိုတာ အသိပေး ပြောကြားလိုပါတယ်။

အင်အားစုတစ်ခုချင်းစီရဲ့ အင်အားကို စုစည်းပြီး ညီညွတ်တဲ့ အင်အားစုတစ်ရပ်အဖြစ် တော်လှန်ရေးနဲ့ ကိုက်ညီတဲ့ စစ်ရေး၊ နိုင်ငံရေး၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေ ချမှတ်အကောင်အထည်‌ဖော် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီကနေ့လို စိန်ခေါ်မှု အမျိုးမျိုးရှိနေတဲ့ အချိန်ကာလမှာ ဒီဦးဆောင်ကော်မတီကို ဖွဲ့စည်းနိုင်ခဲ့တာဟာ ကြီးမားတဲ့ အောင်မြင်မှုလို့ ဆိုနိုင်ပေမယ့် မမျှော်မှန်းထားတဲ့ စိန်ခေါ်မှုများစွာကလည်း ကြိုဆို နေတယ်ဆိုတာကို ခေါင်းဆောင်များအားလုံး လက်ခံသဘောတူကြမယ် ထင်ပါတယ်။ ပြည်သူ လူထုကိုရော၊ နိုင်ငံတကာ အသိုက်အဝန်းကိုရော ကျွန်တော်တို့ရဲ့ စုစည်းမှု၊ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်နဲ့ ဦးတည်ချက်တွေ အပေါ် ယုံကြည်ကိုးစားပြီး ပူးပေါင်းဆောင်ရွက်လာစေဖို့ ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ အင်အားစုတွေအကြား စစ်မှန်တဲ့ အပြောင်းအလဲအတွက် ဒီကနေ့ ပြသခဲ့တဲ့ ညီညွတ်မှုဟာ ရှေ့အနာဂတ်ကာလတွေမှာ ကြုံရမဲ့ အခက်အခဲ၊ အတားအဆီး၊ စိန်ခေါ်မှု မျိုးစုံကို အတူတူ ရင်ဆိုင်ကျော်လွှားကြမယ်ဆိုတဲ့ စုစည်းမှုနဲ့ ကတိကဝတ်လို့ ယုံကြည်ပါတယ်။ မျှော်လင့်ချက် ကင်းမဲ့နေတဲ့ ပြည်သူလူထုအတွက် အဘက်ဘက်က ယိမ်းယိုင်ပျက်ယွင်းနေတဲ့ တိုင်းပြည်အတွက် ယခုထက်သာတဲ့ ညီညွတ်မှု၊ စုစည်းမှုနဲ့ ပူးပေါင်းဆောင်ရွက်သွားကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

ညီညွတ်သော စုပေါင်းခေါင်းဆောင်မှုဖြင့် ဖက်ဒရယ်ပြည်ထောင်စုဆီသို့အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့...
31/03/2026

ညီညွတ်သော စုပေါင်းခေါင်းဆောင်မှုဖြင့် ဖက်ဒရယ်ပြည်ထောင်စုဆီသို့
အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် ပြည်သူလူထုသို့ မိန့်ခွန်း

လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူများခင်ဗျား…

ပြည်တွင်း၊ ပြည်ပ နေရာအသီးသီးမှာ ပြန့်နှံ့ရောက်ရှိနေကြတဲ့ တိုင်းရင်းသားပြည်သူအပေါင်းကို ကျန်းမာချမ်းသာရှိကြပါစေကြောင်း ပဏာမဦးစွာ ဆန္ဒမွန်စကား ပြောကြားလိုပါတယ်။

ကျွန်တော့်အနေနဲ့ ဒီကနေ့မှာ နွေဦးတော်လှန်ရေးသမိုင်းရဲ့ ထူးခြားတဲ့ စည်းလုံးညီညွတ်မှု အရွေ့တစ်ခုကို စတင်လိုက်ကြောင်း၊ တိုင်းရင်းသားပြည်သူအားလုံးကို ဒီနေရာကနေ အစီရင်ခံတင်ပြချင်ပါတယ်။
နွေဦးတော်လှန်ရေးသမိုင်းမှာ ထင်ရှားတဲ့နိုင်ငံရေးမှတ်တိုင်တစ်ခုအနေနဲ့ ကျွန်တော်တို့ဟာ “ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” ကို စတင်ဖွဲ့စည်းလိုက်ကြောင်း ပြောလိုပါတယ်။ “ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” ကို၊ ပိုမိုညီညွတ်သော နိုင်ငံရေး၊ စစ်ရေး မဟာမိတ်စုဖွဲ့မှုပုံစံနဲ့ စုဖွဲ့လိုက်တာဖြစ်သလို၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် ပေါ်ထွန်းရေးအတွက်၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ အမျိုးသားညီညွတ်ရေးအခြေခံမူအပေါ်မှာ အခြေခံပြီး စတင်ဖွဲ့စည်းလိုက်ကြောင်း ပြောကြားလိုပါတယ်။

နွေဦးတော်လှန်ရေးဟာ အစုအဖွဲ့တစ်ခု၊ ဒေသတစ်ခု၊ လူမျိုးတစ်မျိုးတည်းအတွက် သီးခြားတိုက်ပွဲဝင်တဲ့ တော်လှန်ရေး ဖြစ်စဉ် မဟုတ်ဘူး…ဆိုတာ ပြည်သူအားလုံး သိရှိထားပြီးဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးဟာ ပြည်သူ့တော်လှန်ရေးကို အခြေခံပြီး၊ လူမျိုးပေါင်းစုံ လွတ်မြောက်ရေးနဲ့ လူတန်းစားပေါင်းစုံ လွတ်မြောက်ရေးကို ဦးတည်ခဲ့ကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် “ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ”ကို စုပေါင်းခေါင်းဆောင်မှု အခြေခံမူအပေါ်မှာ တည်ဆောက်ပြီး ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။ “ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” မှာ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအများအပြားနဲ့ ဒီမိုကရေစီအင်အားစုတွေ၊ လူထုကိုယ်စားလှယ်တွေ စုပေါင်းပြီး စုဖွဲ့လိုက်တာဖြစ်ပါတယ်။ ကျွန်တော်တို့ဖွဲ့စည်းလိုက်တဲ့ “ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” ဟာ၊ တရားဝင်မှု၊ တာဝန်ခံမှုနဲ့ ညီညွတ်မှုကို အခြေခံတဲ့ မဟာဗျူဟာ ခြေလှမ်းသစ်ဖြစ်ကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးကို သိစေချင်ပါတယ်။ ဒါဟာ စစ်ရေးအရ ဦးဆောင်လှုပ်ရှားမှုတွေကို စုစည်းကွပ်ကဲနိုင်ဖို့ ရည်ရွယ်သလို၊ နိုင်ငံရေးအရ အမျိုးသားရေးညီညွတ်မှုကို ကျစ်ကျစ်လစ်လစ် ဦးဆောင်စုစည်းပုံဖော်ဖို့ ရည်ရွယ်ပါတယ်။

အဲသည့်နေရာမှာ၊ ကျွန်တော်တို့ အနေနဲ့ နိုင်ငံရေး ရည်မှန်းချက်တွေအများအပြား ချမှတ်ထားပါတယ်။ နွေဦးတော်လှန်ရေးကြီးတစ်ခုလုံး၊ ဆုံးခန်းတိုင်အောင် လျှောက်လှမ်းနိုင်ဖို့ နိုင်ငံရေးညှိနှိုင်းမှု ဦးဆောင်အခန်းကဏ္ဍမှာ၊ “ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” ဟာ၊ အစဉ်တစိုက် တည်ရှိနေပါလိမ့်မယ်။ ဒါ့အပြင် စစ်ရေး၊ နိုင်ငံရေးနဲ့ ဖက်ဒရယ်အရေးပါအဝင် သက်ဆိုင်ရာ အင်စတီကျူးရှင်းလိုက် မဟာဗျူဟာနဲ့ မူဝါဒတွေကို လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့ ပေါင်းစပ်ညှိနှိုင်းမှုတွေ အားကောင်းဖို့ အထူး လိုအပ်ပါတယ်။ အဲသည့်အတွက် ကျွန်တော်တို့ဟာ “ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” နဲ့ နိုင်ငံရေး၊တော်လှန်ရေးအင်အားစုများအကြား ချိတ်ဆက်မှုအားကောင်းစေရေးကို အလေးအနက်ထား ဆောင်ရွက်မှာဖြစ်ပါတယ်။

ဖက်ဒရယ်ဆိုတာဟာ ပြည်နယ်နဲ့ ဒေသတွေ အားကောင်းသန်မာရေးမူ အပေါ်မှာ အခြေခံပါတယ်။ ဒါ့ကြောင့် ဖက်ဒရယ်စနစ်ကို ခြေခြေမြစ်မြစ် အုတ်မြစ် တည်နိုင်ဖို့အတွက် လက်တွေ့ကျတဲ့ မူဝါဒဆိုင်ရာ ဦးဆောင်ညှိနှိုင်းမှုတွေကို အဆင့်လိုက်က လုပ်ဆောင်ဖို့ ဦးတည်ထားပါတယ်။ ပြည်နယ်နဲ့ ဒေသများ အားကောင်းသန်မာရေးမှာ အစပြုပြီး ပြည်ထောင်စုတစ်ခုလုံး အားကောင်းရေးဆီကို စုစည်းပုံဖော်ကြဖို့ ဖက်ဒရယ်အစီအမံတွေကို ချမှတ်ထားပါတယ်။ အဲသည့်ထဲမှာ၊ ကျွန်တော်တို့ အနေနဲ့ အပြီးသပ်နိဂုံးချုပ်ပေးလိုက်ဖို့ လိုအပ်တဲ့ အရေးကြီးကိစ္စကတော့ မြန်မာစစ်တပ်ကို နိုင်ငံရေးထဲကနေ အပြီးသပ် ဖယ်ရှားပစ်ဖို့ကိစ္စ ဖြစ်ပါတယ်။ “ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” ဟာ၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ၂၀၀၈ အခြေခံဥပဒေ၊ ပြန်လည်အသက်သွင်းမှု မှန်သမျှကို ဖြိုဖျက်ပစ်ဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ စစ်မှန်သော လူထုကိုယ်စားပြုမှုနဲ့ ထွက်ပေါ်လာတဲ့ ဖက်ဒရယ်ဒီမိုကရေစီ အခြေခံဥပဒေနဲ့ အစားထိုး တည်ဆောက်ဖို့ ရည်ရွယ်ချက်ထားရှိပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ အရပ်သားအုပ်ချုပ်မှုကို အပီပြင်ဆုံး အကောင်အထည်ဖော်ဖို့ လက်တွေ့ကျကျ ကြိုးစားနေပါတယ်။ ပြည်သူကို ဝန်ဆောင်မှုပေးနေတဲ့ ဌာနဆိုင်ရာတွေအပြင်၊ စစ်ရေးအရ ကွပ်ကဲလှုပ်ရှားနေတဲ့ လက်နက်ကိုင်တပ်အားလုံးကို အရပ်သားအစိုးရရဲ့ ဦးဆောင်မှုအောက်မှာ အပြည့်အဝ ထားရှိနိုင်ဖို့ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ဒီလို လုပ်ငန်းစဉ်တွေကနေ၊ ကျွန်တော်တို့ဟာ တရားမျှတမှုနဲ့ တာဝန်ယူမှုတာဝန်ခံမှုတွေကို တော်လှန်ရေးကာလအတွင်းမှာ လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့ ဦးတည်လုပ်ဆောင်နေပါတယ်။

ကျွန်တော်တို့ဟာ တော်လှန်ရေးကာလအတွင်းမှာ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် အခြေခံအုတ်မြစ်ကောင်းတွေကို စတင်ပြီး၊ တည်ဆောက်ရေးကာလမှာတော့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ကို ကဏ္ဍအလိုက် စုစည်းပုံဖော်ကြဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ပြည်သူ့ကို အလုပ်အကျွေးပြုရမယ်ဆိုတဲ့ ခေါင်းဆောင်မှုစိတ်ဓာတ်ကို အခြေခံပြီး “ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” ကို ဖွဲ့စည်းထားပါတယ်။ ဒါ့အပြင် တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ တရားဝင်မှုကို ယှဉ်တွဲပြီး၊ အမျိုးသားညီညွတ်ရေးအခြေခံမူတွေကို ကိုင်စွဲထားပါတယ်။ ကျွန်တော်တို့ စုစည်းလိုက်တဲ့ “ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” ဟာ၊ တော်လှန်ရေးအရ ပြတ်ပြတ်သားသားဖြစ်ရမယ်။ နိုင်ငံရေးအရ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ရမယ်…လို့ ခံယူပါတယ်။ ဒါ့အပြင် စစ်အရေးအရ ကျစ်လစ်သော မဟာမိတ်အင်အားစုကို အခြေခံပြီး၊ စနစ်ကျနတဲ့ ဖက်ဒရယ်တပ်မတော်ဆီကို ဦးတည်နေကြောင်း ပြောလိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ မဟာမိတ်စစ်ရေးအင်အားစုအချင်းချင်းအကြား အပြန်အလှန် ယုံကြည်မှုအပေါ်မှာ အခိုင်အမာ တည်ဆောက်ထားပါတယ်။

ဒါတွေ အားလုံးဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်အတွက် အလိုအပ်ဆုံးသော ပြည်နယ်ဒေသအားလုံး လွတ်မြောက်ရေးကိုဦးတည်တာဖြစ်ပြီး လက်နက်ကိုင်လမ်းစဉ်နဲ့ယှဉ်သော လူထုတော်လှန်ရေးနည်းနာတွေကို ကျယ်ကျယ်ပြန့်ပြန့် ပေါင်းစပ်ဖို့ ခြေလှမ်းသစ်စတင်လိုက်တာဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ၊ Steering Council for the Emergence of a Federal Democratic Unio...
30/03/2026

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ၊ Steering Council for the Emergence of a Federal Democratic Union - SCEF ကနဦး ဖွဲ့စည်းခြင်း နှင့် ထုတ်ပြန်ကြေညာခြင်းအခမ်းအနားပြုလုပ်

၃၀ မတ် ၂၀၂၆

ယနေ့ ၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်နေ့ မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ၊ Steering Council for the Emergence of a Federal Democratic Union - SCEF ကနဦး ဖွဲ့စည်းခြင်း နှင့် ထုတ်ပြန်ကြေညာခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင် ၊ ကေအိုင်စီ ဒုဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ဂွန်မော် နဲ့ ဗဟိုကော်မတီဝင်များ၊ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်း၊ ဒုဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး နဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များ၊ ကရင်နီ ဥက္ကဋ္ဌ ခူဦးရယ် နဲ့ KSCC, IEC , KNPP ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် နဲ့ အဖွဲ့ဝင်များ၊ရေးရာကော်မတီ၊ဥက္ကဋ္ဌ များနှင့်အတွင်းရေးမှူးများ၊အမျိုသားညီညွတ်ရေးအစိုးရ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနဲ့ အစိုးရအဖွဲ့ဝင်များ တော်လှန်ရေးခေါင်းဆောင်များနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များတက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားကို အစီအစဉ် (၉) ရပ်နဲ့ ကျင်းပပြုလုပ်ခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဖွဲ့စည်းကြောင်း ကြေညာချက်ကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ အက္ကနက်စ် က ဖတ်ကြားခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်း၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ဥက္ကဋ္ဌ ခူဦးရယ်၊ ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး (Pu Zing Cung)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က မိန့်ခွန်းများ အသီးသီးပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြပါသည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (Steering Council for the Emergence of a Federal Democratic Unio...
30/03/2026

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (Steering Council for the Emergence of a Federal Democratic Union - SCEF)ထုတ်ပြန်ကြေညာချက်

ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ မတ်လ (၃၀) ရက်

ကြှနျုပျတို့ဆငျနှှဲလကြျရှိသော တော်လှန်ရေးကို အရှိန်အဟုန်မြှင့်တင်၍ အမြန်ဆုံးအောင်ပွဲ ရယူ နိုင်ရန်၊ လက်ရှိတော်လှန်ရေးကို တဆင့်တက်၍ အသွင်ကူးပြောင်းမှုကာလ အစီအမံများ ကို အတည်ပြုပြီး အသွင်ကူးပြောင်းရေး အစိုးရတရပ်အောင်မြင်စွာဖွဲ့စည်းနိုင်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်စေရန် တို့အတွက် စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနှင့် အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဦးဆောင်လမ်းညွှန်အကောင်အထည်ဖော်ဆောင်နိုင်ရန် "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီ (Steering Council for the Emergence of a Federal Democratic Union - SCEF)" ကို အောက်ပါ
၁။ ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင်
၂။ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင် နှင့်
၃။ အမျိုးသမီးကိုယ်စားပြု/ ကိုယ်စားလှယ်များ မဏ္ဍိုင်တို့ကို အခြေခံပြီး တရားဝင်ဖွဲ့စည်း လိုက်ပြီဖြစ်ကြောင်း ပြည်သူလူထုတရပ်လုံးကို လေးနက်တည်ကြည်စွာ အသိပေးကြေညာအပ် ပါသည်။
ကြှနျုပျတို့၏မြှောျမှနျးခကြျနှင့ျ မဟာဗျူဟာရည်မှန်းချက်မှာ စစ်အာဏာရှင်စနစ် အပါအဝင် မည်သည့် အာဏာရှင်စနစ်ကိုမဆို မဖြစ်မနေ အမြစ်ပြတ်ဖယ်ရှားပစ်ရန်ဖြစ်ပြီး ကြှနျုပျတို့၏ နိုင်ငံရေး ရည်မှန်းချက်များ၊ ရပ်တည်ချက်များကို လက်တွေ့ကျကျ၊ ထိရောက်အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်နိုင်မည့် နိုင်ငံရေးအခင်းအကျင်းအသစ်တခုကို စုစည်းညီညွတ်စွာ စတင် လိုက်ခြင်းဖြစ်ပါသည်။ ထို့အပြင် ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသော စုံလင် ကွဲပြားသည့် လူမျိုးများ၏ ကိုယ်ပိုင်လက္ခဏာများကို ကာကွယ်မြှင့်တင်ပေးပြီး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် ပြည်နယ်များဖြင့် စုဖွဲ့ထားသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို ခိုင်မာကောင်းမွန်စွာ တည်ဆောက်သွားရန် ဖြစ်ပါသည်။
ဤရည်မှန်းချက်များ အမြန်ဆုံး အောင်မြင်နိုင်စေရန် တော်လှန်ရေးအဖွဲ့အစည်းအသီးသီး၏ စစ်ရေးနှင့် နိုင်ငံရေးလှုပ်ရှားမှုများကို တရားဝင်မှု၊ ညီညွတ်မှုနှင့် တာဝန်ယူ၊တာဝန်ခံမှုရှိသော ခေါင်းဆောင်မှုတို့ဖြင့် ဦးဆောင်ညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ကြှနျုပျတို့သညျ အဆိုပါ ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရန်အတွက် အောက်ပါ နိုင်ငံရေးဦးတည်ချက် (၆) ရပ်ကို ခိုင်မာစွာ ချမှတ်ထားပါသည်။
(၁) စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အပြီးတိုင် အဆုံးသတ်ရန်
(၂) လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထား သည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်
(၃) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်ရန်
(၄) သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းရန်
(၅) ထွက်ပေါ်လာမည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ရန်
(၆) ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်း ရေးကာလ တရားမျှတမှု ရရှိရေး လုပ်ငန်းစဉ်များကို ဖော်ဆောင်ရန်

"ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ အနေဖြင့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အချုပ်အခြာအာဏာကို ပြည်နယ်/ဖက်ဒရယ်ယူနစ်များအတွင်း နေထိုင်ကြသော ပြည်သူလူထုက ပိုင်ဆိုင်ကြပြီး ဖက်ဒရယ်နှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ် များအကြား "မျှဝေသုံးစွဲသော အချုပ်အခြာအာဏာ (Shared Sovereignty)" မူကို ကိုင်စွဲမည် ဖြစ်ပါသည် ။ နိုင်ငံရေး ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ (EROs)၊ ဒီမိုကရေစီတော်လှန်ရေးအင်အားစုများ၊ အမျိုးသမီးအစုအဖွဲ့များနှင့် ပြည်သူ့ကိုယ်စားလှယ် များ၏ သဘောထားအမြင်များထင်ဟပ်ပါဝင်သည့် "စုပေါင်းခေါင်းဆောင်မှု (Collective Leadership)" ဖြင့် ဖော်ဆောင်သွားမည် ဖြစ်ပါသည် ။
ကောင်စီဝင်အဖွဲ့အစည်းများအနေဖြင့် မတူကွဲပြားမှုများအပေါ် အပြန်အလှန် လေးစားမှု၊ အပြန်အလှန် အသိအမှတ်ပြုမှုတို့ကိုအခြေခံ၍ မူဝါဒတရပ်တည်း၊ မဟာဗျူဟာတရပ်တည်း - one policy, one strategy မူဝါဒကို ချမှတ်ကျင့်သုံး၍ စစ်ရေး၊ နိုင်ငံရေး နှင့် အုပ်ချုပ်ရေး ကဏ္ဍများကို ဟန်ချက်ညီပူးတွဲဖော်ဆောင်ပြီး ပိုမိုကျယ်ပြန်သည့် နိုင်ငံရေးကိုယ်စားပြုမှုဖြစ်အောင် မဟာမိတ် အင်အားစုများ နှင့်ဆက်လက်ပူးပေါင်းညှိနှိုင်း၍ ကြှနျုပျတို့၏ ရည်မှန်ချက်ပန်းတိုင်ရောက်အောင် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

ဆက်သွယ်ရန်
ဒေါ်ဇင်မာအောင် - +၆၆၉၄၅၁၅၃၁၇၂
ဆလိုင်းထက်နီ - +၉၁၆၉၀၉၇၅၁၇၂၁
အောင်ဆန်းမြင့် - +၆၆၆၃၀၇၄၉၀၈၇

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ

ที่อยู่

Mae Hong Son

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Karenni National Progressive Partyผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ องค์กรนั้น

ส่งข้อความของคุณถึง Karenni National Progressive Party:

แชร์