Neutral Brief MM My opinion on the news

နိုင်ငံမှာ ရေကြီး၊ မြေပြိုနေလို့တဲ့ "မြေထိန်းစီမံကိန်းစနစ်" ဆိုပြီး နိုင်ငံပိုင်သတင်းစာကနေ ထုတ်ပြလာတာ။ မြေပြိုတာကို တာလဘ...
16/08/2026

နိုင်ငံမှာ ရေကြီး၊ မြေပြိုနေလို့တဲ့
"မြေထိန်းစီမံကိန်းစနစ်" ဆိုပြီး နိုင်ငံပိုင်သတင်းစာကနေ ထုတ်ပြလာတာ။
မြေပြိုတာကို တာလဘတ်လေးနဲ့ ကာထားတယ်။ 😅
ခက်တော့ ခက်တယ်။
ကံကိုယုံတဲ့ မြန်မာလူမျိုးတွေနဲ့ လုပ်ချင်တာလုပ်ပြီး ပျက်စီးလာရင် ကံကိုဘဲ ယိုးမယ်ဖွဲ့တတ်တဲ့ ဓလေ့တွေနဲ့တော့ ခက်နေပါဘီ 😅😜


ဘီလာရု - မြန်မာ တိုက်ရိုက်လေကြောင်းလိုင်းဆိုတာ…?**********မြန်မာနိုင်ငံနဲ့ ဘီလာရုစ်နိုင်ငံကြား ခရီးသွားလုပ်ငန်း ပူးပေါင်...
16/08/2026

ဘီလာရု - မြန်မာ တိုက်ရိုက်လေကြောင်းလိုင်းဆိုတာ…?
**********

မြန်မာနိုင်ငံနဲ့ ဘီလာရုစ်နိုင်ငံကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်တာကို မြှင့်တင်ဖို့ ဆွေးနွေး နေတဲ့အကြောင်း စစ်အုပ်မီဒီယာ Global New Light of Myanmar မှာ ဩဂုတ် ၁၅ ရက်နေ့က ဖော်ပြထားတယ်။ ဆွေးနွေးမှုတွေထဲမှာ မင့်စ်ခ်–ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ် ကလည်း အရေးပါတဲ့ အစီအစဉ်တစ်ခုအဖြစ် ထည့်သွင်းပြောဆိုလာတာတွေ့ရတယ်။

ဟိုတယ်၊ ခရီးသွားလာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဦးမောင်မြင့်နဲ့ ဘီလာရုစ်နိုင်ငံ Belaya Rus ပါတီ ဥက္ကဋ္ဌ Olga Chemodanova ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တွေ့ပြီးတော့ နှစ်နိုင်ငံ ခရီးသွား လုပ်ငန်း မြှင့်တင်ဖို့ဆိုတာတွေကို ဖော်ပြထားတယ်။ တလတာ ဗီဇာကင်းလွတ်ခွင့်နဲ့ မင့်စ်ခ်–ရန်ကုန် တိုက်ရိုက် လေကြောင်းခရီးစဉ်က ဘီလာရုစ်ခရီးသွားတွေအတွက် မြန်မာနိုင်ငံကို လာရောက်ဖို့ ပိုမိုလွယ်ကူလာမယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီသတင်းကြောင့် မင့်စ်ခ်–ရန်ကုန် တိုက်ရိုက်လေယာဉ် မကြာခင် စတင်ပြေးဆွဲတော့မယ် လို့ ထင်စရာရှိပေမယ့် လွတ်လပ်တဲ့ လေကြောင်းခရီးစဉ်ဒေတာတွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ရင် စစ်အုပ်စုသတင်းထဲမှာ ဖော်ပြထားသလောက် ရိုးရှင်းမနေဘူး။

လက်ရှိ FlightConnections ရဲ့ ၂၀၂၆ ဇူလိုင်လအချက်အလက်အရ Minsk (MSQ) နဲ့ Yangon (RGN) ကြား တိုက်ရိုက်ပျံသန်းတဲ့ လေယာဉ် မရှိသေးဘူး။ မင့်စ်ခ်ကနေ ရန်ကုန်ကို သွားရောက်နိုင်တဲ့ လမ်းကြောင်းတွေဟာ New Delhi၊ Bangkok၊ Dubai သို့မဟုတ် Beijing အဲ့ဒီနေရာတွေမှာ တစ်ကြိမ်ရပ်နားပြီး ဆက်လက်ပျံသန်းရမယ့် ပုံစံပဲရှိနေသေးတယ်။ အလွန်ဆုံး အနာဂတ်မှာ ဖြစ်လာနိုင်ချေရှိတဲ့ ဆွေးနွေးထားတဲ့ အခြေနေပဲရှိနေသေးတယ်။

ဒါပေမယ့် ဒီအစီအစဉ်ကို လုံးဝမဖြစ်နိုင်ဘူးလို့လဲ ပြောလို့တော့မရပြန်ဘူး။ ဘီလာရုစ်ရဲ့ အမျိုးသား လေကြောင်းလိုင်း Belavia ဟာ အာရှဈေးကွက်ထဲကို တဖြည်းဖြည်း ချဲ့ထွင်လာနေတာရှိတယ်။ ဥပမာဆိုရင် ၂၀၂၆ အောက်တိုဘာ ၂၅ ရက်ကစပြီး Minsk–Bangkok တိုက်ရိုက်ခရီးစဉ်ကို Airbus A330-200 နဲ့ တစ်ပတ်တစ်ကြိမ် ပြေးဆွဲဖို့ အချိန်ဇယားထုတ်ထားတယ်။ ဒါတင်မက Belavia က ၂၀၂၆ အောက်တိုဘာ ၂၇ ရက်ကစပြီး Minsk–Mattala, Sri Lanka ခရီးစဉ်ကိုလည်း A330-200 နဲ့ တစ်ပတ်တစ်ကြိမ် ပြေးဆွဲဖို့ စီစဉ်ထားတယ်။

အဲဒီအချက်တွေကတော့ Minsk ကနေ အရှေ့တောင်အာရှနဲ့ တောင်အာရှကို long-haul flight တွေ တိုးချဲ့ဖို့ Belavia မှာ လေကြောင်းစွမ်းရည်နဲ့ စီးပွားရေးစိတ်ဝင်စားနေတယ် ဆိုတာကို တွေ့နေရတယ်။ အနည်းဆုံး နာရီ ၂၀ ဝန်းကျင်ကြာချိန်ရှိတဲ့ လေကြောင်းခရီးစဉ်ကို ပြေးဆွဲဖို့အသင့် တော့ရှိနေပြီလို့ သတ်မှတ်လို့ရနိုင်တယ်။ ဒါ့ကြောင့် နည်းပညာအရ Minsk–Yangon လမ်းကြောင်းဟာ မဖြစ်နိုင်တဲ့ ခရီးစဉ်တစ်ခုတော့ မဟုတ်ဘူး။

ဒါ့ပေမယ့် Long-hual flight အတွက် လေယာဉ်ပျံနိုင်၊ မပျံနိုင် ဆိုတာထက်ပိုပြီးခက်တာက ဒီခရီးလမ်းကြောင်းအတွက် ခရီးသည်ရှိရဲ့လားဆိုတဲ့ စီးပွားရေးကိစ္စက အကြီးအကျယ် စိန်ခေါ်ချက်ကြီး ဖြစ်နေတယ်။ Bangkok လမ်းကြောင်းကိုကြည့်ရင် Belavia အတွက် ထိုင်းဈေးကွက်ဟာ ခရီးသွားအခြေခံအားကောင်းတဲ့ ဈေးကွက်တစ်ခုတော့ ဖြစ်နေတယ်။ Bangkok–Minsk direct flight အတွက်လည်း ၂၀၂၆ အောက်တိုဘာကစပြီး တစ်ပတ်တစ်ကြိမ် schedule ရှိနေတယ်။

ဒါပေမယ့် Minsk–Yangon လမ်းကြောင်းအတွက်တော့ လက်ရှိအချိန်ထိ အလားတူ ခရီးသည် ဝယ်လိုအား အရွယ်အစားကို သက်သေပြနိုင်တဲ့ အများပြည်သူကြည့်ရှုနိုင်တဲ့ လေကြောင်းဒေတာ မတွေ့ရသေးဘူး။ ဒါက လေကြောင်းလိုင်းတစ်ခုအနေနဲ့ တိုက်ရိုက် ခရီးစဉ်ဖွင့်ဖို့ အကြီးမားဆုံး အန္တရာယ်တစ်ခု ဖြစ်နေတယ်။

တစ်ပတ်ကို တစ်ကြိမ်ပဲဖြစ်ဖြစ် Minsk–Yangon ကို A330 လေယာဉ်နဲ့ ပြေးဆွဲမယ်ဆိုရင်တောင် လေယာဉ်လည်ပတ်စရိတ်၊ လောင်စာ၊ လေယာဉ်ကွင်းဝန်ဆောင်ခ၊ အမှုထမ်းစရိတ်နဲ့ ပြန်လည်ခရီးစဉ်တွေကို ကာမိဖို့ ခရီးသည်အရေအတွက် လုံလောက်ဖို့ လိုနေသေးတယ်။ ခရီးသည်နည်းရင် တိုက်ရိုက်ခရီးစဉ်က နိုင်ငံရေးအရ နိုင်ငံတကာဆက်ဆံရေး အားသာချက် ဖြစ်နိုင်ပေမယ့် စီးပွားရေးအရတော့ ရေရှည်အတွက် အခြေနေမကောင်းလှဘူး။ စစ်အုပ်စုရဲ့ လုပ်နေကျထုံးစံ အတိုင်း တကြိမ် နှစ်ကြိမ် သတင်းစာထဲပါအောင်လုပ်ပြီး နောက်ပိုင်းအစပျောက် သွားတာမျိုးလဲ ဖြစ်လာနိုင်သေးတယ်။

နောက်ထပ် အရေးကြီးတဲ့အချက်ကတော့ ဗီဇာကင်းလွတ်ခွင့် ဖြစ်ပါတယ်။ မြန်မာနဲ့ ဘီလာရုစ်တို့ရဲ့ သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူတွေအတွက် အပြန်အလှန်ဗီဇာကင်းလွတ်ခွင့်ဟာ ဇူလိုင် ၈ ရက်မှာ စတင်အသက်ဝင်ခဲ့ပြီး တစ်ကြိမ်ဝင်ရောက်ရင် ရက် ၃၀ အထိ နေထိုင်ခွင့်ရှိတယ်လို့ GLM ဖော်ပြထားတယ်။ ဒီအားသာချက်ကတော့ Direct Flight အတွက်တော့ ဗီဇာလျှောက်ထားရတဲ့ အခက်အခဲ လျော့သွားရင် ခရီးသွားတွေ တိုးလာနိုင်ပြီး Tour Operators တွေအနေနဲ့ ခရီးသွားအစီစဉ်သစ်တွေ ဖန်တီးဖို့လည်း ပိုလွယ်ကူလာနိုင်ချေ ရှိပါလိမ့်မယ်။

ဒါပေမယ့် ဗီဇာကင်းလွတ်ခွင့်ရှိတာနဲ့ ခရီးသည်ဝယ်လိုအား အလိုအလျောက်တော့ ဖြစ်မလာပါဘူး။ ခရီးသွားတွေ လုံခြုံရေးအခြေအနေ၊ မြန်မာနိုင်ငံရဲ့ ခရီးသွားဆွဲဆောင်နိုင်ချေ၊ လေယာဉ်လက်မှတ် ဈေးနှုန်း၊ ဟိုတယ်နဲ့ ခရီးသွားဝန်ဆောင်မှုတွေ၊ နိုင်ငံရေးအခြေအနေ စတာတွေကလည်း တိုက်ရိုက်သက်ရောက်နေအုံးမယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးအခြေအနေက ဥရောပကနေ မြန်မာနိုင်ငံကို အပန်းဖြေခရီးသွားဈေးကွက် တည်ဆောက်ဖို့ဆိုတာက မသေချာတဲ့ကစားပွဲ တခုလို ဖြစ်နေတယ်။ ဘီလာရုအစိုးရနဲ့ မြန်မာအစိုးရကြား သံတမန်ရေးဆက်ဆံမှုကောင်းမွန်နေတာကို သိသာနေပေမယ့် လေကြောင်းလိုင်းတစ်ခုရဲ့ ဆုံးဖြတ်ချက်မှာတော့ အစိုးရဆက်ဆံရေးထက် ခရီးသည်နဲ့ ဝင်ငွေက ပိုပြီးတော့အရေးကြီးနေတယ်။

Belavia ရဲ့ လက်ရှိအာရှဘက်ထိ လေကြောင်းခရီးစဉ် တိုးချဲ့နေတာက အခွင့်အရေးတစ်ခု ဖြစ်ပြီး Bangkok နဲ့ Sri Lanka လို အာရှခရီးစဉ်တွေကို A330 နဲ့ တိုးချဲ့နေတဲ့အတွက် Yangon ကို အဲဒီ network ထဲ ထည့်သွင်းစဉ်းစားနိုင်ပါတယ်။ ဒါပေမယ့် လေကြောင်းကဏ္ဍမှာ အခြားအရေးကြီးတဲ့ မေးခွန်းတစ်ခုက အချိန်ဇယားနဲ့ အတည်ပြုချက် ဖြစ်ပါတယ်။ လက်ရှိထုတ်ပြန်ထားတဲ့ အများပြည်သူကြည့်ရှုနိုင်တဲ့ လွတ်လပ်တဲ့ လေကြောင်းခရီးစဉ် ဒေတာတွေထဲမှာ Minsk–Yangon ကို Belavia ရဲ့ scheduled nonstop route အဖြစ် မတွေ့ရသေးပါဘူး။

အဲဒီအတွက် လေယာဉ်နံပါတ်၊ စတင်မယ့်ရက်၊ တစ်ပတ်ဘယ်နှစ်ကြိမ်ပြေးမယ်၊ ဘယ်လေယာဉ် သုံးမယ်ဆိုတဲ့ အသေးစိတ်အချက်တွေ မထွက်လာသေးသရွေ့ “တိုက်ရိုက်လေယာဉ် စတင်တော့မယ်” ဆိုတာထက် “တိုက်ရိုက်လေကြောင်းလမ်းကြောင်း ဖြစ်လာနိုင်ရေး ဆွေးနွေးနေတယ်” ဆိုတဲ့ ခပ်ဝါးဝါးပလန်တခုသာ ဖြစ်နေပါသေးတယ်။

ဒီနေရာမှာ GNLM ရဲ့ သတင်းကိုလည်း လုံးဝပယ်ချလို့တော့ မရပါဘူး။ ဘီလာရုစ်နဲ့ မြန်မာအကြား ဗီဇာကင်းလွတ်ခွင့် စတင်အသက်ဝင်လာတာ၊ နှစ်နိုင်ငံအစိုးရတွေက ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးကို တရားဝင်မြှင့်တင်နေကြတာနဲ့ Belavia က အာရှလမ်းကြောင်းတွေကို တိုးချဲ့နေတဲ့အချက်တွေဟာ အနာဂတ် Minsk–Yangon route အတွက် အခြေခံကောင်းတွေ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိအချက်အလက်အရတော့ “နိုင်ငံရေးအရ ဖြစ်နိုင်ခြေရှိတယ်” နဲ့ “စီးပွားရေးအရ တကယ်ပြေးဆွဲနိုင်တယ်” ဆိုတာကို ခွဲခြားကြည့်ဖို့ လိုပါတယ်။ နိုင်ငံဆက်ဆံရေးအရ အတော်လေး ဖြစ်နိုင်ပေမယ့် စီးပွားရေးအရတော့ ခရီးသည်ဝယ်လိုအားနဲ့ လေကြောင်းလိုင်းရဲ့ တရားဝင်အချိန် ဇယားတွေတောင်မှ ထွက်လာတာမရှိသေးဘူး။

အကျဉ်းချုပ်ရရင် စစ်အုပ်စုမီဒီယာတွေက “မင့်စ်ခ်–ရန်ကုန် တိုက်ရိုက်လေယာဉ်” ဆိုတဲ့ အစီအစဉ်ကို အောင်မြင်တော့မယ့် ပုံစံနဲ့ ဖော်ပြနေကြပေမယ့် လက်ရှိလွတ်လပ်တဲ့ လေကြောင်းဒေတာအရတော့ အဲဒီခရီးစဉ်ဟာ စမ်းသပ်ပြေးဆွဲတဲ့ အဆင့်တောင် မရှိသေးပါဘူး။ Belavia ရဲ့ အာရှတိုးချဲ့မှုနဲ့ မြန်မာ–ဘီလာရုစ် ဗီဇာကင်းလွတ်ခွင့်ကြောင့် ဖြစ်နိုင်ခြေတော့ ရှိလာပေမယ့် ခရီးသည်ဝယ်လိုအား၊ မြန်မာ့ခရီးသွားဈေးကွက်၊ လုံခြုံရေးအခြေအနေ၊ လေယာဉ်လည်ပတ်စရိတ်နဲ့ Belavia ရဲ့ တရားဝင် route announcement မထွက်သေးတာတွေက အဓိက အတားအဆီးတွေ အဖြစ်ရှိနေဆဲပါပဲ။

#ဘီလာရု

ဗင်နီဇွဲလားကတော့ ပြည်ပမှာသိမ်းထားတဲ့ နိုင်ငံပိုင်ရွှေတွေ ပြန်လိုချင်နေပါပြီ***********ဗင်နီဇွဲလားအစိုးရနဲ့ အတိုက်အခံတို့...
15/08/2026

ဗင်နီဇွဲလားကတော့ ပြည်ပမှာသိမ်းထားတဲ့ နိုင်ငံပိုင်ရွှေတွေ ပြန်လိုချင်နေပါပြီ
***********

ဗင်နီဇွဲလားအစိုးရနဲ့ အတိုက်အခံတို့ဟာ အမေရိကန်ရဲ့ ကြားဝင်ပံ့ပိုးမှုနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် အင်္ဂလန်ဗဟိုဘဏ် (Bank of England) မှာ သိမ်းဆည်းထားတဲ့ ဗင်နီဇွဲလားနိုင်ငံပိုင်ရွှေတွေကို ပြန်လည်ရယူဖို့ ပူးတွဲတောင်းဆိုလိုက်ပါတယ်။ ပြန်ရယူလိုတဲ့ ရွှေပမာဏဟာ အလေးချိန် ၃၁ တန်ခန့်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄ ဘီလျံခန့် ရှိပါတယ်။

ဒီတောင်းဆိုမှုဟာ သာမန်ရွှေပြန်ယူရေးကိစ္စတစ်ခုထက် ပိုအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရွှေတွေဟာ ဗင်နီဇွဲလားရဲ့ နိုင်ငံတကာအရန်ပိုင်ဆိုင်မှုဖြစ်သလို ဘယ်အစိုးရက နိုင်ငံကို တရားဝင်ကိုယ်စားပြုခွင့်ရှိသလဲ၊ နိုင်ငံတကာက ဘယ်အစိုးရကို အသိအမှတ်ပြုမလဲဆိုတဲ့ နိုင်ငံရေးပြဿနာနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ပိုင်ဆိုင်မှု ဖြစ်နေလို့ပါ။

၂၀၁၈ ခုနှစ်ကတည်းက ဗြိတိန်ဟာ ဗင်နီဇွဲလားရဲ့ အစိုးရကို အသိအမှတ်ပြုမှုဆိုင်ရာ ပြဿနာကြောင့် ရွှေတွေကို ထုတ်ယူအသုံးပြုခွင့် မပေးခဲ့ပါဘူး။ အခုလည်း Bank of England က ဘယ်သူက ရွှေတွေကို ထိန်းချုပ်ခွင့်ရှိသလဲဆိုတဲ့ တရားရေးအရ ရှင်းလင်းမှု မရသေးတဲ့အတွက် ဆက်လက်စောင့်ဆိုင်းနေပါတယ်။

ဒီနေရာမှာ နိုင်ငံတစ်နိုင်ငံရဲ့ ရွှေတွေကို ဘာကြောင့် ပြည်ပမှာ သွားသိမ်းထားတာလဲ ဆိုတာကလည်း အရေးကြီးပါတယ်။ Bank of England ဟာ ဗြိတိန်နိုင်ငံပိုင်ရွှေတွေအပြင် ကမ္ဘာတစ်ဝန်းက ဗဟိုဘဏ်တွေရဲ့ ရွှေတွေကိုပါ ထိန်းသိမ်းပေးနေတဲ့ အဓိကရွှေသိုလှောင်ရာနေရာတစ်ခု ဖြစ်ပါတယ်။ လက်ရှိမှာ သူ့ရဲ့ မြေအောက်ရွှေတိုက်တွေထဲမှာ ရွှေတုံးပေါင်း ၄၀၀,၀၀၀ ခန့် ရှိပြီး အများစုဟာ ဗြိတိန်ပိုင် မဟုတ်ဘဲ အခြားအစိုးရနဲ့ ဗဟိုဘဏ်တွေ ပိုင်ဆိုင်တဲ့ ရွှေတွေ ဖြစ်ပါတယ်။

အဓိကအကြောင်းရင်းကတော့ လန်ဒန်ဟာ ကမ္ဘာ့အရေးကြီးဆုံး ရွှေကုန်သွယ်ရေးဗဟိုချက်တွေထဲက တစ်ခုဖြစ်တာပါ။ နိုင်ငံတစ်နိုင်ငံက ရွှေကို လန်ဒန်မှာ သိမ်းထားရင် လိုအပ်တဲ့အချိန်မှာ ရွှေဈေးကွက်ထဲ ရောင်းဝယ်ဖို့ ပိုလွယ်ကူသလို ရွှေကို နိုင်ငံတစ်ခုကနေ တစ်ခုကို ရုပ်ပိုင်းဆိုင်ရာ ပြောင်းရွှေ့စရာမလိုဘဲ ပိုင်ရှင်အမည်ကို စာရင်းထဲမှာ ပြောင်းလဲပေးနိုင်ပါတယ်။

ဒါကြောင့် ဗင်နီဇွဲလားတစ်နိုင်ငံတည်းက ပြည်ပမှာ ရွှေသိမ်းထားတာ မဟုတ်ပါဘူး။ ကမ္ဘာ့နိုင်ငံအများအပြားရဲ့ ဗဟိုဘဏ်တွေက နိုင်ငံခြားငွေကြေးအရန်ပိုင်ဆိုင်မှုတွေထဲမှာ ရွှေကို ထည့်ထားပြီး တစ်စိတ်တစ်ပိုင်းကို ပြည်ပက လုံခြုံတဲ့ ဗဟိုဘဏ် သို့မဟုတ် ရွှေသိုလှောင်ရာနေရာတွေမှာ ထားရှိကြပါတယ်။ Bank of England တစ်ခုတည်းက ပြည်ပဗဟိုဘဏ်ပေါင်း ၁၃၀ ​လောက်ကို ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေ ပေးနေပါတယ်။

ရွှေဟာ နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးတဲ့ reserve asset တစ်ခုလည်း ဖြစ်ပါတယ်။ ငွေကြေးတန်ဖိုးကျဆင်းတဲ့အချိန်၊ ဘဏ္ဍာရေးအကျပ်အတည်းဖြစ်တဲ့အချိန်တွေမှာ ရွှေဟာ တန်ဖိုးထိန်းသိမ်းနိုင်တဲ့ ပိုင်ဆိုင်မှုတစ်ခုဖြစ်သလို နိုင်ငံခြားငွေကြေးအရန်ပိုင်ဆိုင်မှုတွေကိုလည်း ခွဲဝေထားနိုင်စေပါတယ်။ အထူးသဖြင့် ရွှေဟာ သီးခြားနိုင်ငံတစ်ခုရဲ့ အကြွေးစာချုပ်မဟုတ်တဲ့အတွက် တစ်ဖက်နိုင်ငံက ပေးဆပ်ရန်ပျက်ကွက်မှုမျိုးနဲ့ တိုက်ရိုက်မဆိုင်တဲ့ ပိုင်ဆိုင်မှုဖြစ်ပါတယ်။

ဗင်နီဇွဲလားအတွက်တော့ အခုအချိန်မှာ ဒီရွှေတွေကို ပြန်လိုချင်တဲ့ အကြောင်းပြချက်က ပိုပြီးလက်တွေ့ကျပါတယ်။ ဇွန်လအတွင်း ဖြစ်ပွားခဲ့တဲ့ ငလျင်တွေကြောင့် လူပေါင်း ၆,၀၀၀ ကျော် သေဆုံးခဲ့ပြီး နိုင်ငံရဲ့ အိမ်ရာ၊ ကျန်းမာရေးနဲ့ အခြေခံအဆောက်အအုံတွေကို ပြန်လည်တည်ဆောက်ဖို့ ငွေကြေးအများအပြား လိုအပ်လာပါတယ်။ ဗင်နီဇွဲလားအစိုးရနဲ့ အတိုက်အခံတို့က ရွှေတွေကို ပြန်ရရှိလာရင် အဲဒီငွေကြေးတွေကို ပြန်လည်တည်ဆောက်ရေးမှာ အသုံးပြုမယ်လို့ ပြောထားပါတယ်။

ဒါ့အပြင် ဗင်နီဇွဲလားရဲ့ စီးပွားရေးအခြေအနေကလည်း အလွန်ဆိုးရွားနေပါတယ်။ ဇူလိုင်လအတွင်း လစဉ်ငွေကြေးဖောင်းပွမှုက ၁၉.၉ ရာခိုင်နှုန်း အထိ ရောက်လာပြီး နှစ်စဉ်ငွေကြေးဖောင်းပွမှုကတော့ ၅၇၅ ရာခိုင်နှုန်းကျော် ရှိတယ်လို့ Reuters က ဖော်ပြထားပါတယ်။ ဒီလိုအခြေအနေမှာ ဒေါ်လာ ၄ ဘီလျံနီးပါးတန်ဖိုးရှိတဲ့ ရွှေဟာ ဗင်နီဇွဲလားအတွက် အလွန်တန်ဖိုးရှိတဲ့ နိုင်ငံခြားအရန်ပိုင်ဆိုင်မှု ဖြစ်လာပါတယ်။

ဒါပေမယ့် တောင်းလိုက်တာနဲ့ ချက်ချင်းပြန်ရနိုင်မယ်လို့တော့ မဆိုနိုင်ပါဘူး။ အဓိကအခက်အခဲက နိုင်ငံရေးထက် တရားရေးနဲ့ ပိုင်ဆိုင်ခွင့်ကိစ္စ ဖြစ်ပါတယ်။ Bank of England က ရွှေကို ကိုယ်ပိုင်သိမ်းထားတာမဟုတ်ဘဲ ပိုင်ရှင်တွေအတွက် custodian အဖြစ် သိမ်းဆည်းပေးထားတာဖြစ်တဲ့အတွက် ဘယ်သူက ရွှေကို တရားဝင်ထိန်းချုပ်ခွင့်ရှိသလဲဆိုတာ ရှင်းလင်းမှ ထုတ်ပေးနိုင်မှာပါ။

တစ်ဖက်မှာလည်း အခုဖြစ်ပေါ်နေတဲ့ အစိုးရနဲ့ အတိုက်အခံကြား ပူးပေါင်းတောင်းဆိုမှုက အရေးကြီးတဲ့ အပြောင်းအလဲတစ်ခု ဖြစ်ပါတယ်။ နှစ်ဖက်စလုံးက ရွှေကို ပြန်ရရှိရေး သဘောတူထားပေမယ့် အတိုက်အခံဘက်မှာတော့ အစိုးရက ရွှေတွေကို အလွဲသုံးစားမလုပ်နိုင်အောင် “transparency mechanisms” ထားရှိဖို့ တောင်းဆိုထားပါတယ်။ ဆိုလိုတာက ရွှေပြန်ရလာရင်တောင် အစိုးရက မိမိသဘောအတိုင်း အသုံးပြုခွင့်ရမှာ မဟုတ်ဘဲ စောင့်ကြည့်ထိန်းချုပ်မှုတွေ ပါဝင်လာနိုင်ပါတယ်။

ဒီကိစ္စရဲ့ နောက်ခံမှာတော့ အမေရိကန်နဲ့ ဗင်နီဇွဲလားကြား ဆက်ဆံရေး ပြောင်းလဲလာမှု ကိုလည်း မြင်ရပါတယ်။ အမေရိကန်ဟာ ဗင်နီဇွဲလားအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုအချို့ကို ရပ်ဆိုင်းထားပြီး ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ်နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဗင်နီဇွဲလားရဲ့ ရေနံနဲ့ သဘာဝသယံဇာတကဏ္ဍတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပြန်ဝင်လာစေဖို့လည်း ကြိုးပမ်းနေပါတယ်။

ဒါကြောင့် ရွှေပြန်ရရေးဟာ စီးပွားရေးကိစ္စတစ်ခုတည်း မဟုတ်ဘဲ နိုင်ငံတကာနိုင်ငံရေးမှာ “ဘယ်သူ့ကို အစိုးရအဖြစ် အသိအမှတ်ပြုသလဲ” ဆိုတဲ့ အာဏာနဲ့ တရားဝင်မှု (legitimacy) ပြဿနာနဲ့ပါ ဆက်စပ်နေပါတယ်။ ၂၀၁၈ ခုနှစ်ကတည်းက ရွှေတွေ ပိတ်မိနေခဲ့တာဟာ ဗင်နီဇွဲလားအစိုးရကို ဗြိတိန်က ဘယ်လိုသဘောထားခဲ့သလဲဆိုတာနဲ့ တိုက်ရိုက်ဆက်နွယ်ခဲ့ပါတယ်။ အခု အမေရိကန်ရဲ့ မူဝါဒပြောင်းလဲလာမှုနဲ့ မာဒူရိုနောက်ပိုင်း နိုင်ငံရေးအခြေအနေ ပြောင်းလဲလာတာကြောင့် အရင်က ပိတ်မိနေတဲ့ နိုင်ငံတကာပိုင်ဆိုင်မှုတွေကို ပြန်လည်အသုံးပြုနိုင်ရေးက နိုင်ငံရေးဆွေးနွေးမှုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာနေပါတယ်။

အဆုံးမှာတော့ ဗင်နီဇွဲလားက ရွှေတွေကို ပြန်လိုချင်တာဟာ “ရွှေပြန်ယူရေး” ဆိုတဲ့ ရိုးရှင်းတဲ့ ငွေကြေးကိစ္စတစ်ခုထက် နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ နိုင်ငံတကာအသိအမှတ်ပြုမှု၊ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုနဲ့ နိုင်ငံတကာဘဏ္ဍာရေးစနစ်ထဲ ပြန်ဝင်လာနိုင်ရေးတို့ ဆုံမှတ်နေတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဗင်နီဇွဲလားအနေနဲ့ ရွှေတွေကို တကယ်ပြန်ရနိုင်မရနိုင်ကတော့ တရားရေးအခြေအနေ၊ အစိုးရနဲ့ အတိုက်အခံကြား အာမခံချက်တွေ၊ ဗြိတိန်နဲ့ အမေရိကန်တို့ရဲ့ နိုင်ငံရေးမူဝါဒတွေ ဘယ်လောက်အထိ ဆက်လက်ပြောင်းလဲမလဲဆိုတာပေါ် အဓိကမူတည်နေပါတယ်။

တရုတ်-ဖိလစ်ပိုင် အငြင်းပွားမှုကြား ပြည်သူတွေက ​ကြားညပ်နေပြီလား..?********တရုတ်နဲ့ ဖိလစ်ပိုင်ကြား ပင်လယ်ရေပိုင်နက်အငြင်းပ...
15/08/2026

တရုတ်-ဖိလစ်ပိုင် အငြင်းပွားမှုကြား ပြည်သူတွေက ​ကြားညပ်နေပြီလား..?
********

တရုတ်နဲ့ ဖိလစ်ပိုင်ကြား ပင်လယ်ရေပိုင်နက်အငြင်းပွားမှုနဲ့ နှစ်နိုင်ငံအကြား နိုင်ငံရေးတင်းမာမှုတွေ ဆက်လက်မြင့်တက်နေချိန်မှာ အစိုးရချင်းကြားက ပြဿနာတွေရဲ့ အကျိုးဆက်ကို နှစ်နိုင်ငံပြည်သူတွေကပါ ခံစားလာရပြီလားဆိုတဲ့ မေးခွန်းက ပိုမိုထင်ရှားလာပါတယ်။

နောက်ဆုံးဖြစ်ရပ်ကတော့ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး Gilberto Teodoro Jr. က တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံသား ၁၀၀ ခန့်အပေါ် အရေးယူဆောင်ရွက်မှုတွေဟာ ဖိလစ်ပိုင်အစိုးရကို ဖိအားပေးဖို့ ပြုလုပ်တဲ့ “ငွေညှစ်ခြင်းနဲ့ ခြိမ်းခြောက်အကျပ်ကိုင်ခြင်း” ဖြစ်တယ်လို့ စွပ်စွဲလိုက်တာပါ။

တရုတ်ဘက်ကတော့ ဒီစွပ်စွဲချက်ကို ချက်ချင်းပယ်ချခဲ့ပြီး တရုတ်နိုင်ငံအတွင်း ရှိနေတဲ့ နိုင်ငံခြားသားအားလုံးဟာ တရုတ်နိုင်ငံရဲ့ ဥပဒေနဲ့ စည်းမျဉ်းတွေကို လိုက်နာရမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေဟာ ဥပဒေနဲ့အညီ တာဝန်ထမ်းဆောင်တာဖြစ်ပြီး သက်ဆိုင်သူတွေရဲ့ တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ပေးနေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် တရုတ်ဘက်ကလည်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးကို ပြန်လည်ဝေဖန်ခဲ့ပါတယ်။ Teodoro ကိုယ်တိုင်က ဖိလစ်ပိုင်နိုင်ငံမှာ တရားဝင်အလုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးထိန်းသိမ်းရာမှာ ဦးဆောင်ခဲ့သူဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါကြောင့် နှစ်ဖက်စလုံးက မိမိတို့နိုင်ငံသားတွေအပေါ် တစ်ဖက်နိုင်ငံရဲ့ အရေးယူမှုတွေကို ပြဿနာရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပြန်လည်ထောက်ပြနေကြတာ ဖြစ်ပါတယ်။

ဒီအခြေအနေမှာ စဉ်းစားစရာကတော့ အစိုးရနှစ်ရပ်ကြား နိုင်ငံရေးနဲ့ လုံခြုံရေးအငြင်းပွားမှုတွေဟာ အစိုးရအဆင့်မှာပဲ ရပ်တန့်နေသလား၊ ဒါမှမဟုတ် နှစ်နိုင်ငံပြည်သူတွေရဲ့ နေ့စဉ်ဘဝအထိ ရောက်ရှိလာပြီလားဆိုတာပါ။

တရုတ်နဲ့ ဖိလစ်ပိုင်ကြား တင်းမာမှုဟာ ပင်လယ်ရေပိုင်နက်ပြဿနာတစ်ခုတည်း မဟုတ်တော့ပါဘူး။ နှစ်နိုင်ငံသားတွေကို အပြန်အလှန်ဖမ်းဆီးထိန်းသိမ်းမှု၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အရေးယူမှုတွေနဲ့ တစ်ဖက်နိုင်ငံသားတွေအပေါ် သံသယနဲ့ စောင့်ကြည့်မှုတွေကလည်း နှစ်နိုင်ငံဆက်ဆံရေးမှာ ပိုမိုအရေးပါလာနေပါတယ်။

တရုတ်ဘက်ကတော့ နိုင်ငံခြားသားတွေဟာ တရုတ်နိုင်ငံအတွင်းမှာ တရုတ်ဥပဒေကို လိုက်နာရမယ်ဆိုတဲ့ အခြေခံမူကို အလေးပေးထားပါတယ်။ ဖိလစ်ပိုင်ဘက်ကလည်း မိမိနိုင်ငံအတွင်း ဥပဒေချိုးဖောက်သူတွေကို နိုင်ငံသားဖြစ်မှုနဲ့ မခွဲခြားဘဲ အရေးယူနိုင်တယ်ဆိုတဲ့ ရပ်တည်ချက်ကို ထောက်ပြနိုင်ပါတယ်။ ဒီလို ဥပဒေစိုးမိုးရေးဆိုတဲ့ အကြောင်းပြချက်နှစ်ဖက်စလုံးမှာ ရှိနေပေမယ့် အငြင်းပွားမှုက နိုင်ငံရေးအရ တင်းမာနေတဲ့အတွက် အရေးယူခံရသူတွေရဲ့ အခြေအနေက ပိုမိုရှုပ်ထွေးလာနိုင်ပါတယ်။

အထူးသဖြင့် တရုတ်နဲ့ ဖိလစ်ပိုင်လို စီးပွားရေးနဲ့ လူမှုဆက်ဆံရေး အပြန်အလှန်နက်ရှိုင်းတဲ့ နိုင်ငံနှစ်ခုအတွက် ဒီလိုတင်းမာမှုတွေဟာ သာမန်ပြည်သူတွေအပေါ် သက်ရောက်မှု ကြီးမားနိုင်ပါတယ်။ အလုပ်လုပ်ဖို့ သွားလာနေတဲ့သူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကျောင်းသားတွေ၊ ခရီးသွားတွေက အစိုးရနှစ်ရပ်ရဲ့ မဟာဗျူဟာအငြင်းပွားမှုတွေမှာ တိုက်ရိုက်ပါဝင်သူတွေ မဟုတ်ကြပေမယ့် တင်းမာမှုတွေမြင့်လာရင် သူတို့ရဲ့ လုံခြုံရေးနဲ့ လွတ်လပ်စွာ သွားလာလုပ်ကိုင်နိုင်မှုတွေကို ထိခိုက်နိုင်ပါတယ်။

ဒါပေမယ့် အစိုးရနှစ်ရပ်ကြား အပြန်အလှန်စွပ်စွဲမှုတွေ ပိုမိုပြင်းထန်လာပြီး နိုင်ငံသားတွေကို အရေးယူမှုတွေပါ တိုးလာမယ်ဆိုရင်တော့ “နိုင်ငံရေးနဲ့ လုံခြုံရေးအငြင်းပွားမှုရဲ့ ကုန်ကျစရိတ်ကို ဘယ်သူတွေ ခံနေရသလဲ” ဆိုတဲ့ မေးခွန်းက ပိုအရေးကြီးလာမှာ ဖြစ်ပါတယ်။

တရုတ်နဲ့ ဖိလစ်ပိုင်ကြား ပင်လယ်ရေပိုင်နက်အငြင်းပွားမှုက ဘယ်တော့ အဆုံးသတ်မလဲဆိုတာ မသေချာသေးပေမယ့် အစိုးရနှစ်ရပ်အနေနဲ့ အငြင်းပွားမှုကို ဖြေရှင်းဖို့ ကြိုးစားရာမှာ သာမန်နိုင်ငံသားတွေကို နိုင်ငံရေးဖိအားပေးမှုရဲ့ အကျိုးဆက်ခံရသူတွေ မဖြစ်စေရေးကလည်း အရေးကြီးတဲ့ စမ်းသပ်ချက်တစ်ခု ဖြစ်လာနေပါတယ်။

နောက်ဆုံးမှာတော့ မေးခွန်းတစ်ခု ကျန်နေပါတယ်။ တရုတ်နဲ့ ဖိလစ်ပိုင်တို့ရဲ့ အငြင်းပွားမှုဟာ အစိုးရတွေရဲ့ အာဏာနဲ့ အကျိုးစီးပွားအတွက် ပြိုင်ဆိုင်မှုတစ်ခုအဖြစ်ပဲ ရှိနေမလား၊ ဒါမှမဟုတ် အဲဒီပြိုင်ဆိုင်မှုရဲ့ အကျိုးဆက်ကို နှစ်နိုင်ငံက သာမန်ပြည်သူတွေကပါ ပိုမိုခံစားလာရမလားဆိုတာပါ။

14/08/2026

နှစ်ပေါင်း ၈၀ ကျော်ကြာ "မတို့၊ မထိ၊ မဆွေးနွေးဘဲ" ထားခဲ့တဲ့ နျူကလီးယားလက်နက် ဆိုတာကို ဂျပန်က စပြီးတော့ ဆွေးနွေးလာနေပါဘီ။

သမိုင်းတလျှောက် မမြင်ဖူးတဲ့ ပိတ်ဆို့နည်းနဲ့ အီရန်ကို အရေးယူမယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးပြော******အမေရိကန်အနေနဲ့ အီရန...
14/08/2026

သမိုင်းတလျှောက် မမြင်ဖူးတဲ့ ပိတ်ဆို့နည်းနဲ့ အီရန်ကို အရေးယူမယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးပြော
******

အမေရိကန်အနေနဲ့ အီရန်ကို စီးပွားရေးအရ အထီးကျန်စေရေးအတွက် သမိုင်းတလျှောက် မမြင်ဖူးသေးတဲ့အဆင့်အထိ ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုတွေ ချမှတ်သွားမယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ဩဂုတ် ၁၃ ရက်မှာ ပြောကြားလိုက်ပါတယ်။

Bessent က Newsmax ရဲ့ “Rob Schmitt Tonight” အစီအစဉ်မှာ ပြောကြားရာမှာ လာမယ့်သီတင်းပတ်အတွင်း အီရန်အပေါ် နောက်ထပ် အရေးယူမှုတွေကို ကြေညာသွားမယ်လို့ ဆိုပါတယ်။

အဆိုပါ အရေးယူမှုတွေဟာ “နိုင်ငံတစ်နိုင်ငံကို စီးပွားရေးအရ အထီးကျန်အောင်လုပ်တဲ့ သမိုင်းတလျှောက် မမြင်ဖူးတဲ့အဆင့်” ဖြစ်လာမယ်လို့ Bessent က ပြောပါတယ်။

ဒါ့အပြင် အမေရိကန်ဟာ အီရန်ရဲ့ ဆိပ်ကမ်းတွေအတွင်း ကုန်ပစ္စည်းတွေ ဝင်ရောက်ခြင်းနဲ့ ထွက်ခွာခြင်းတွေကို တားဆီးနိုင်ဖို့ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကို ဆက်လက်လုပ်ဆောင်သွားမယ် လို့လည်း ဆိုပါတယ်။

Context အနေနဲ့ ဟော်မုဇ်ရေလက်ကြားဟာ အရှေ့အလယ်ပိုင်းက ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ ကမ္ဘာ့ဈေးကွက်ကို တင်ပို့ရာမှာ အရေးပါဆုံး ရေလမ်းကြောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အဲဒီရေလမ်းကြောင်းကို ပိတ်ဆို့ထားမှု ကြာရှည်လာရင် အီရန်ရဲ့ စီးပွားရေးအပေါ်သာမက ကမ္ဘာ့ရေနံဈေးနှုန်းနဲ့ စွမ်းအင်ထောက်ပံ့မှုတွေအပေါ်ပါ သက်ရောက်မှုရှိလာနိုင်ပါတယ်။

အမေရိကန်ရဲ့ အခုလို အရေးယူမှုတွေဟာ အီရန်အပေါ် ရှိပြီးသား စီးပွားရေးဖိအားတွေကို ပိုမိုပြင်းထန်လာစေဖို့ ရည်ရွယ်ထားတာဖြစ်ပြီး အသေးစိတ် အစီအမံတွေကိုတော့ လာမယ့်သီတင်းပတ်မှာ ဆက်လက်ကြေညာဖို့ရှိပါတယ်။

နိုင်ငံ ၄၀ ကျော်က တရုတ်ရဲ့အခွန်ရှောင်လမ်းကြောင်းကို ကူညီနေတယ်လို့ အိမ်ဖြူတော်က စွပ်စွဲ**********ကနေဒါ၊ မက္ကဆီကို၊ ဂျပန်န...
14/08/2026

နိုင်ငံ ၄၀ ကျော်က တရုတ်ရဲ့အခွန်ရှောင်လမ်းကြောင်းကို ကူညီနေတယ်လို့ အိမ်ဖြူတော်က စွပ်စွဲ
**********

ကနေဒါ၊ မက္ကဆီကို၊ ဂျပန်နဲ့ ဥရောပသမဂ္ဂ (EU) အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်ဟာ တရုတ်နိုင်ငံက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ချမှတ်ထားတဲ့ အခွန်တွေကို ရှောင်လွှဲနိုင်အောင် ကူညီပေးနေတယ်လို့ ဩဂုတ် ၁၃ တွင် အမေရိကန် အိမ်ဖြူတော်က စွပ်စွဲလိုက်ပါတယ်။

အိမ်ဖြူတော်ရဲ့ “The Great Transshipment Scam” ဆိုတဲ့ အစီရင်ခံစာမှာ တရုတ်ကနေ အမေရိကန်ကို တိုက်ရိုက်တင်ပို့မယ့် ကုန်ပစ္စည်းတွေကို အခြားနိုင်ငံတွေကနေတစ်ဆင့် လမ်းကြောင်းပြောင်းတင်ပို့ပြီး အမေရိကန်အခွန်ကို ရှောင်ရှားနေတယ်လို့ ဖော်ပြထားပါတယ်။ အဆိုပါနည်းလမ်းကို ကုန်သွယ်ရေးလောကမှာ Transshipment လို့ ခေါ်ပါတယ်။

အိမ်ဖြူတော်ရဲ့ ခန့်မှန်းချက်အရ ဒီလို လမ်းကြောင်းပြောင်းတင်ပို့မှုတွေကနေ ဒေါ်လာ ၆၀ ဘီလီယံတန်ဖိုးရှိ ကုန်သွယ်မှု အပေါ် အခွန်ရှောင်လွှဲမှု ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။ အခြား အမေရိကန်အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍ အစီရင်ခံစာတွေမှာတော့ အဆိုပါ Transshipment ပမာဏဟာ ဒေါ်လာ ၄၀ ဘီလီယံကနေ ၃၀၃ ဘီလီယံအထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အိမ်ဖြူတော် ကုန်သွယ်ရေးနဲ့ ထုတ်လုပ်မှုမူဝါဒရုံး အကြီးအကဲ Peter Navarro က တရုတ်ဟာ ၂၀၁၈ ခုနှစ် ထရမ့်ရဲ့ ပထမသမ္မတသက်တမ်းကတည်းက အမေရိကန်အခွန်တွေကို ရှောင်လွှဲဖို့ ရှုပ်ထွေးပြီး ခေတ်မီတဲ့ နည်းလမ်းတွေကို အသုံးပြုလာခဲ့တယ်လို့ ပြောပါတယ်။

ထရမ့်အစိုးရက နိုင်ငံအလိုက် အခွန်နှုန်းတွေ မတူညီအောင် ချမှတ်ထားတာကြောင့် တရုတ်ကုန်ပစ္စည်းတွေကို အခွန်နှုန်းနိမ့်တဲ့ တတိယနိုင်ငံတစ်ခုကနေတစ်ဆင့် အမေရိကန်ဈေးကွက်ထဲ ဝင်ရောက်စေဖို့ စီးပွားရေးအရ ပိုမိုမက်လုံးဖြစ်လာတယ်လို့ အမေရိကန်ဘက်က ယူဆထားပါတယ်။

ဒီကိစ္စဟာ တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေးတင်းမာမှုတွေ ဆက်လက်မြင့်မားနေချိန်မှာ ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တစ်နှစ်ကြာ ကုန်သွယ်ရေးအပစ်အခတ်ရပ်စဲရေး သဘောတူထားပေမယ့် နှစ်နိုင်ငံအကြား အခွန်၊ ရှားပါးမြေသတ္တု (Rare Earth) နဲ့ နည်းပညာဆိုင်ရာ အငြင်းပွားမှုတွေက ဆက်ရှိနေပါတယ်။

တစ်ဖက်မှာလည်း အမေရိကန်က တရုတ်ကုန်ပစ္စည်းတွေရဲ့ မူရင်းနိုင်ငံကို ပိုမိုတိကျစွာ စစ်ဆေးနိုင်ဖို့ AI နည်းပညာအသုံးပြုတဲ့ “Detective Border” စနစ် ကို Customs and Border Protection (CBP) က စတင်အသုံးပြုနေတယ်လို့ Navarro က ပြောပါတယ်။ ဒီစနစ်က ကုန်ပစ္စည်းတကယ်ထုတ်လုပ်တဲ့ နိုင်ငံကို ခွဲခြားသိရှိပြီး သင့်လျော်တဲ့ အခွန်နှုန်းကို သတ်မှတ်နိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး (USTR) ကလည်း ထရမ့်အစိုးရနဲ့ နိုင်ငံအများအပြားကြား ချုပ်ဆိုထားတဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေမှာ Transshipment လုပ်ရပ်တွေကို လျှော့ချဖို့ စည်းမျဉ်းတွေ ထည့်သွင်းထားပါတယ်။ ဒါပေမယ့် ကုန်ပစ္စည်းတစ်ခုကို ဘယ်နိုင်ငံက အမှန်တကယ် ထုတ်လုပ်ခဲ့တာလဲဆိုတာ ဆုံးဖြတ်ဖို့လိုအပ်တဲ့ “Rules of Origin” စည်းမျဉ်းတွေကိုတော့ ဆက်လက်သတ်မှတ်နေဆဲ ဖြစ်ပါတယ်။

အမေရိကန်ဘက်က တရုတ်ကုန်ပစ္စည်းတွေကို တတိယနိုင်ငံတွေကနေတစ်ဆင့် အမေရိကန်ဈေးကွက်ထဲ ဝင်ရောက်လာမှုကို ပိုမိုတင်းကျပ်စွာ စစ်ဆေးသွားမယ့် အခြေအနေကြောင့် နောင်မှာ တရုတ်နဲ့ ကုန်သွယ်မှုများပြားတဲ့ ဗီယက်နမ်၊ အိန္ဒိယနဲ့ အခြားအာရှနိုင်ငံတွေပါ အမေရိကန်ရဲ့ အခွန်စစ်ဆေးမှုနဲ့ ဖိအားတွေ ပိုမိုခံရနိုင်ခြေ ရှိလာနေပါတယ်။

အဓိကအားဖြင့် အမေရိကန်ရဲ့ လက်ရှိမူဝါဒဟာ တရုတ်ကုန်ပစ္စည်းတွေကို တိုက်ရိုက်အခွန်ကောက်ရုံသာမက တရုတ်ကုန်ပစ္စည်းတွေကို တတိယနိုင်ငံကနေတစ်ဆင့် အမေရိကန်ဈေးကွက်ထဲ ဝင်ရောက်စေတဲ့ လမ်းကြောင်းကိုပါ ပိတ်ဆို့ဖို့ ရည်ရွယ်လာတာ ဖြစ်ပါတယ်။ ဒါဟာ အမေရိကန်-တရုတ် ကုန်သွယ်ရေးပြိုင်ဆိုင်မှုရဲ့ နောက်ထပ်အဆင့်တစ်ခုအဖြစ် မြင်နိုင်ပြီး တရုတ်နဲ့ ကုန်သွယ်ရေးဆက်နွယ်မှုမြင့်မားတဲ့ နိုင်ငံတွေကိုပါ သက်ရောက်မှုရှိလာနိုင်ပါတယ်။

နိုင်ငံကူးလက်မှတ် ၅ နှစ်ကျော် သက်တမ်းကုန်ပါက မြန်မာပြည်ပြန်ပြီး သက်တမ်းတိုးရမည်ဟု စစ်တပ်မီဒီယာ GNLM ထုတ်ပြန်***********ဂ...
14/08/2026

နိုင်ငံကူးလက်မှတ် ၅ နှစ်ကျော် သက်တမ်းကုန်ပါက မြန်မာပြည်ပြန်ပြီး သက်တမ်းတိုးရမည်ဟု စစ်တပ်မီဒီယာ GNLM ထုတ်ပြန်
***********

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းကုန်ဆုံးပြီး ၅ နှစ်ကျော်သွားပါက မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ကာ သက်တမ်းတိုးလျှောက်ထားရမည် ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ အစိုးရပိုင်မီဒီယာဖြစ်သည့် Global New Light of Myanmar (GNLM) က ဩဂုတ် ၁၃ ရက်တွင် ဖော်ပြခဲ့သည်။

GNLM ၏ ဖော်ပြချက်အရ တိုကျိုမြို့ရှိ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ်နှင့် ကောင်စီဝန်ဆောင်မှုများကို ကိုယ်တိုင်လာရောက်ခြင်း သို့မဟုတ် စာတိုက်မှတစ်ဆင့် လျှောက်ထားနိုင်သော်လည်း Passport သက်တမ်းကုန်ဆုံးပြီး ၅ နှစ်ကျော်သူများကိုမူ မြန်မာနိုင်ငံတွင်သာ သက်တမ်းတိုးပေးမည် ဖြစ်သည်။

မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန်အတွက် သက်တမ်း ၅ နှစ်ကျော်ကုန်ဆုံးနေသည့် Passport ကိုင်ဆောင်သူများအား တိုကျိုမြန်မာသံရုံးက Certificate of Identity (C of I) ထုတ်ပေးမည်ဟုလည်း GNLM က ဖော်ပြထားသည်။ ထို့အပြင် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့် Passport သက်တမ်းမကုန်မီ ၆ လကြိုတင်၍ သက်တမ်းတိုးရန် သံရုံးက တိုက်တွန်းထားသည်။

GNLM သည် လွတ်လပ်သော မီဒီယာမဟုတ်ဘဲ မြန်မာပြန်ကြားရေးဝန်ကြီးဌာန၏ News and Periodicals Enterprise နှင့် ပုဂ္ဂလိကကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်သည့် သတင်းစာဖြစ်ကြောင်း မြန်မာအစိုးရ၏ ဝန်ကြီးဌာနဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ပြန်ကြားရေးဝန်ကြီးဌာနကလည်း GNLM ကို State-owned media အဖြစ် တိုက်ရိုက်ဖော်ပြထားသည်။

Trump အစိုးရရဲ့ နိုင်ငံရေးဆက်သွယ်ရေးအတွက် အရေးပါတဲ့သူနှုတ်ထွက်********အမေရိကန်သမ္မတ Donald Trump ရဲ့ အစိုးရအဖွဲ့မှာ အသက်...
13/08/2026

Trump အစိုးရရဲ့ နိုင်ငံရေးဆက်သွယ်ရေးအတွက် အရေးပါတဲ့သူနှုတ်ထွက်
********

အမေရိကန်သမ္မတ Donald Trump ရဲ့ အစိုးရအဖွဲ့မှာ အသက်အငယ်ဆုံး အိမ်ဖြူတော် Press Secretary အဖြစ် ထင်ရှားလာခဲ့တဲ့ Karoline Leavitt ဟာ ဩဂုတ်လကုန်မှာ ရာထူးကနေ နုတ်ထွက်တော့မှာ ဖြစ်ပါတယ်။

Leavitt ကတော့ သမီးလေးမွေးဖွားပြီးနောက် မိသားစုနဲ့ အချိန်ပိုမိုကုန်ဆုံးနိုင်ဖို့အတွက် ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာလို့ ပြောထားပါတယ်။ Trump ကလည်း သူမဟာ အနာဂတ်မှာ သူ့ရဲ့ “ထိပ်တန်းပြင်ပအကြံပေး” တစ်ဦးအဖြစ် ဆက်ရှိနေမယ်လို့ ပြောထားပါတယ်။

ဒါပေမယ့် Trump အစိုးရအတွက်တော့ ဒီနုတ်ထွက်မှုဟာ လူတစ်ယောက် ရာထူးကနေ ထွက်သွားတာထက် ပိုအရေးကြီးတဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ Leavitt ဟာ အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲတွေကို ဦးဆောင်သူတစ်ဦးဆိုတာထက် Trump အစိုးရရဲ့ နိုင်ငံရေးဆက်သွယ်ရေး အဓိကမျက်နှာစာ တစ်ခု ဖြစ်လာခဲ့လို့ပါ။

Trump ရဲ့ မူဝါဒတွေဟာ အမေရိကန်နိုင်ငံရေးမှာ အမြဲတမ်း အငြင်းပွားစရာတွေ ဖြစ်နေတတ်ပါတယ်။ Tariffs၊ လူဝင်မှုကြီးကြပ်ရေး၊ အီရန်စစ်ပွဲ၊ စီးပွားရေးနဲ့ ကုန်ဈေးနှုန်း စတဲ့ကိစ္စတွေမှာ အစိုးရဘက်က ဆုံးဖြတ်ချက်တစ်ခုချလိုက်ရုံနဲ့ မပြီးပါဘူး။ အဲဒီဆုံးဖြတ်ချက်တွေကို ပြည်သူတွေနားလည်အောင် ရှင်းပြရသလို အတိုက်အခံတွေရဲ့ ဝေဖန်မှုတွေကိုလည်း ပြန်လည်တုံ့ပြန်ရပါတယ်။

ဒီနေရာမှာ Press Secretary ရဲ့ အခန်းကဏ္ဍက အရေးကြီးလာပါတယ်။

Leavitt ရဲ့ အားသာချက်ကတော့ Trump ရဲ့ နိုင်ငံရေးသတင်းစကားကို ရှင်းရှင်းလင်းလင်းနဲ့ ပြတ်ပြတ်သားသား ပြောနိုင်တာပါ။ Trump ကိုယ်တိုင်ကလည်း သူမရဲ့ ဆက်သွယ်ပြောဆိုနိုင်စွမ်းကို ချီးကျူးခဲ့ပါတယ်။

သူမဟာ Trump အစိုးရရဲ့ မူဝါဒတွေကို ကာကွယ်ရာမှာ နောက်ဆုတ်မပေးတဲ့ပုံစံနဲ့ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ပြန်လည်တုံ့ပြန်လေ့ရှိပါတယ်။ ဒီလိုပုံစံကြောင့် Trump ထောက်ခံသူတွေအကြားမှာတော့ အားကောင်းတဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးအဖြစ် ပုံရိပ်ရရှိခဲ့ပါတယ်။

ဒါပေမယ့် အဲဒီအားသာချက်ဟာ တစ်ဖက်မှာလည်း အားနည်းချက်ဖြစ်လာခဲ့ပါတယ်။

သတင်းထောက်တွေနဲ့ ထိပ်တိုက်တွေ့တဲ့ ပြောဆိုမှုတွေ၊ Trump အစိုးရရဲ့ မူဝါဒတွေကို အလွန်ပြင်းထန်စွာ ကာကွယ်ပြောဆိုမှုတွေကြောင့် Leavitt ဟာ ဝေဖန်မှုတွေလည်း ခံခဲ့ရပါတယ်။ ထို့အပြင် သူမရဲ့ ပြောဆိုချက်အချို့ဟာ fact-checking အဖွဲ့တွေရဲ့ စစ်ဆေးမှုမှာ မှားယွင်းတယ်လို့ သတ်မှတ်ခံခဲ့ရပါတယ်။

ဒါကြောင့် သူမရဲ့နေရာကို ဆက်ခံမယ့်သူအတွက် စိန်ခေါ်မှုက Press Secretary တစ်ဦးကို ရှာဖွေတာလောက်နဲ့ မပြီးတော့ပါဘူး။

Trump ရဲ့ နိုင်ငံရေးသတင်းစကားကို ဆက်လက်ထိန်းသိမ်းနိုင်မယ့်သူ၊ သတင်းမီဒီယာတွေရဲ့ ဖိအားကို ရင်ဆိုင်နိုင်မယ့်သူနဲ့ အစိုးရရဲ့ မူဝါဒတွေကို ပြည်သူတွေနားလည်အောင် ရှင်းပြနိုင်မယ့်သူ တစ်ဦးကို ရှာဖွေရမှာ ဖြစ်ပါတယ်။

အထူးသဖြင့် Trump ရဲ့ ထောက်ခံမှုနှုန်းကျဆင်းနေတဲ့အချိန်၊ ကုန်ဈေးနှုန်းနဲ့ စီးပွားရေးအပေါ် ပြည်သူတွေရဲ့ မကျေနပ်မှုတွေ ရှိနေတဲ့အချိန်၊ အီရန်နဲ့ စစ်ရေးပဋိပက္ခကလည်း အဆုံးမသတ်သေးတဲ့အချိန်မှာ အစိုးရရဲ့ ဆက်သွယ်ရေးအဖွဲ့ဟာ ပိုပြီးအရေးကြီးလာပါတယ်။

ဒီအခြေအနေမှာ Press Secretary အသစ်ဟာ Trump ရဲ့ စကားတွေကို ပြန်ပြောပေးရုံနဲ့ မလုံလောက်ပါဘူး။ Trump ရဲ့ မူဝါဒတွေကို နိုင်ငံရေးအရ ရှင်းပြနိုင်ရမယ်၊ အကျပ်အတည်းတွေမှာ အစိုးရရဲ့ ပုံရိပ်ကို ထိန်းနိုင်ရမယ်၊ သတင်းမီဒီယာတွေရဲ့ ခက်ခဲတဲ့မေးခွန်းတွေကိုလည်း အချက်အလက်နဲ့ ပြန်ဖြေနိုင်ရမယ်။

ဒါကြောင့် Leavitt ရဲ့နေရာကို ဘယ်သူဆက်ခံမလဲဆိုတာက Trump အစိုးရအတွက် သာမန်ဝန်ထမ်းအပြောင်းအလဲတစ်ခု မဟုတ်ဘဲ နိုင်ငံရေးဆက်သွယ်ရေး မဟာဗျူဟာကို ဘယ်လိုဆက်သွားမလဲဆိုတဲ့ စမ်းသပ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။

တစ်ဖက်မှာတော့ Trump က Leavitt ကို ပြင်ပအကြံပေးအဖြစ် ဆက်လက်အသုံးပြုမယ်လို့ ပြောထားတာကြောင့် သူမရဲ့ နိုင်ငံရေးအတွေ့အကြုံနဲ့ Trump နဲ့ နီးကပ်တဲ့ ဆက်ဆံရေးဟာ လုံးဝပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။

ဒါပေမယ့် အိမ်ဖြူတော်ရဲ့ မိုက်ခရိုဖုန်းရှေ့မှာတော့ အသံတစ်သံ ပြောင်းတော့မှာပါ။

အဲဒီအသံသစ်က Trump အစိုးရရဲ့ မူဝါဒတွေကို လူထုထံ ဘယ်လောက်အထိ ထိရောက်စွာ ရှင်းပြနိုင်မလဲ၊ သတင်းမီဒီယာတွေရဲ့ ဝေဖန်မှုတွေကို ဘယ်လိုကိုင်တွယ်မလဲ၊ အထူးသဖြင့် Trump ရဲ့ ဒုတိယသမ္မတသက်တမ်းအတွင်း ပိုမိုရှုပ်ထွေးလာနိုင်တဲ့ နိုင်ငံရေးအခြေအနေတွေမှာ အစိုးရရဲ့ သတင်းစကားကို ဘယ်လောက်အထိ ထိန်းထားနိုင်မလဲဆိုတာက စောင့်ကြည့်ရမယ့်အချက် ဖြစ်လာပါတယ်။

ဒါကြောင့် Karoline Leavitt ရဲ့ နုတ်ထွက်မှုကို “အသက် ၂၈ နှစ်အရွယ် Press Secretary တစ်ဦး ရာထူးကနေ ထွက်ခွာခြင်း” လို့ပဲ ကြည့်မယ်ဆိုရင် အဓိပ္ပာယ်တစ်စိတ်တစ်ပိုင်းပဲ ရမှာပါ။

အမှန်တကယ် စောင့်ကြည့်ရမှာကတော့—

Trump အစိုးရရဲ့ နိုင်ငံရေးသတင်းစကားကို လူထုထံ ဆက်လက်သယ်ဆောင်ပေးမယ့် နောက်ထပ်အသံက ဘယ်သူဖြစ်လာမလဲဆိုတာပါ။

အဲဒီလူရဲ့ စွမ်းဆောင်ရည်က Trump အစိုးရရဲ့ နိုင်ငံရေးဆက်သွယ်ရေးအပေါ် အကျိုးသက်ရောက်မှုရှိနိုင်သလို၊ လက်ရှိ အငြင်းပွားစရာ မူဝါဒတွေအပေါ် အမေရိကန်ပြည်သူတွေရဲ့ အမြင်ကိုပါ သွယ်ဝိုက်ပြီး သက်ရောက်လာနိုင်ပါတယ်။

အခွန်ကောက်ကြမ်းနေတဲ့ အမေရိကန်ကို ဘရာဇီးက WTO မှာ တိုင်ကြား — တရုတ်ပါ ဘရာဇီးဘက်ကနေ ပူးပေါင်းလာ*********အမေရိကန်က ကမ္ဘာ့ကု...
13/08/2026

အခွန်ကောက်ကြမ်းနေတဲ့ အမေရိကန်ကို ဘရာဇီးက WTO မှာ တိုင်ကြား — တရုတ်ပါ ဘရာဇီးဘက်ကနေ ပူးပေါင်းလာ

*********

အမေရိကန်က ကမ္ဘာ့ကုန်သွယ်ရေးမှာ အခွန်တွေ တစ်နိုင်ငံပြီးတစ်နိုင်ငံ တိုးမြှင့်ချမှတ်လာနေချိန်မှာ ဘရာဇီးကတော့ တခြားနည်းလမ်းတစ်ခုကို ရွေးချယ်လိုက်ပါတယ်။ အဲဒါကတော့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ရဲ့ တံခါးကို ခေါက်လိုက်တာပါ။

ဘရာဇီးဟာ အမေရိကန်သမ္မတ Donald Trump အစိုးရက ဘရာဇီးထုတ်ကုန်တွေအပေါ် ချမှတ်ထားတဲ့ အခွန်တွေနဲ့ပတ်သက်ပြီး WTO မှာ အမေရိကန်နဲ့ တရားဝင်ဆွေးနွေးညှိနှိုင်းမှု စတင်ဖို့ တောင်းဆိုခဲ့ပါတယ်။ WTO ရဲ့ တရားဝင်မှတ်တမ်းမှာလည်း ဒီအမှုကို “United States – Tariff measures on goods from Brazil” လို့ မှတ်တမ်းတင်ထားပါတယ်။

WTO ဆိုတာက ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံတွေအချင်းချင်း ကြား ကုန်သွယ်ရေးမှာ နိုင်ငံတနိုင်ငံက တခြားနိုင်ငံအပေါ်မှာ အခွန်အရမ်းမြှင်တာ၊ ပြည်တွင်းထုတ်ကုန်ကို အသားပေးတာ၊ နိုင်ငံခြားကုန်ပစ္စည်းတွေကို တားဆီးတာ၊ ကုန်ပစ္စည်းအပေါ် တဘက်သက်အရေးယူတာတွေနဲ့ ပတ်သက်ပြီး စစ်ပွဲတွေ ဖြစ်မလာအောင် ၁၉၉၅ က တည်ထောင်ခဲ့တဲ့ အဖွဲ့ပါ။ ခုချိန်မှာတော့ အမေရိကန်ရဲ့ ဖိအားပေးတဲ့ဒဏ်ကြောင့် စွမ်းဆောင်ရည် လျော့နေပြီဖြစ်တဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဘရာဇီးရဲ့ WTO ကိုတိုင်ကြားလိုက်တဲ့
အပေါ်မှာတော့ တရုတ်ကလည်း ဝင်လာဖို့ ကြိုးစားနေပါတယ်။ တရုတ်ဟာ ဩဂုတ် ၁၀ ရက်မှာ ဂျီနီဗာရှိ WTO ထံ တောင်းဆိုချက်တင်ပြီး ဘရာဇီးနဲ့ အမေရိကန်ကြား ဆွေးနွေးနေတဲ့ ဒီအမှုမှာ တတိယပါတီအနေနဲ့ ပါဝင်ခွင့်ရဖို့ တောင်းဆိုခဲ့ပါတယ်။

တရုတ်ဘက်က ဒီအမှုမှာ ကြီးမားတဲ့စီးပွားရေး ကိုယ်ပိုင် အကျိုးစီးပွား ရှိတယ်လို့ အကြောင်းပြထားပါတယ်။ ဒါဟာ ဘရာဇီးနဲ့ တရုတ်က အမေရိကန်ကို WTO မှာ ပူးတွဲတိုင်ကြားသူတွေ ဖြစ်လာတာတော့ မဟုတ်ပါဘူး။ ဘရာဇီးက တိုင်ကြားသူဖြစ်ပြီး အမေရိကန်က တိုင်ကြားခံရသူ ဖြစ်ပါတယ်။ တရုတ်ကတော့ ဒီအမှုရဲ့ ရလဒ်က သူ့ရဲ့ကုန်သွယ်ရေးအကျိုးစီးပွားကိုပါ သက်ရောက်နိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တတိယပါတီအဖြစ် ပါဝင်ဖို့ ကြိုးစားတာပါ။

ဒီနေရာမှာ ဘရာဇီးက ပြောထားတဲ့ ၃၇.၅ ရာခိုင်နှုန်းဆိုတာ ဘရာဇီးက သူ့ရဲ့ပို့ကုန်ပေါ်မှာ ကောက်တဲ့အခွန် မဟုတ်ပါဘူး။ အမေရိကန်က ဘရာဇီးကနေ တင်သွင်းလာတဲ့ ကုန်ပစ္စည်းအချို့အပေါ် ချမှတ်ထားတဲ့ သွင်းကုန်အခွန်နှုန်း ဖြစ်ပါတယ်။ အဲဒီအခွန်တွေဟာ ကုန်ပစ္စည်းအမျိုးအစားနဲ့ ကင်းလွတ်ခွင့်တွေပေါ်မူတည်ပြီး ကွာခြားနိုင်ပြီး ၃၇.၅ ရာခိုင်နှုန်းဆိုတာလည်း အချို့ကုန်ပစ္စည်းတွေအပေါ် သက်ရောက်တဲ့ အခွန်နှုန်းဖြစ်ပါတယ်။ ဒါကြောင့် “ဘရာဇီးရဲ့ ပို့ကုန်ခွန် ၃၇.၅ ရာခိုင်နှုန်း” လို့ပြောတာထက် “အမေရိကန်က ဘရာဇီးထုတ်ကုန်အချို့အပေါ် ချမှတ်ထားတဲ့ သွင်းကုန်အခွန် ၃၇.၅ ရာခိုင်နှုန်း” လို့ ဆိုနိုင်ပါတယ်။

ဘရာဇီးကတော့ ဒီအခွန်တွေဟာ WTO ရဲ့ စည်းမျဉ်းတွေနဲ့ ကိုက်ညီမှုရှိ၊ မရှိကို စိန်ခေါ်နေတာပါ။ အမေရိကန်က နိုင်ငံတစ်နိုင်ငံအပေါ် သွင်းကုန်အခွန်ကို တစ်ဖက်သတ်မြှင့်တင်လိုက်တဲ့အခါ ထိခိုက်ခံရတဲ့နိုင်ငံအနေနဲ့ WTO ရဲ့ "ကုန်သွယ်ရေး အငြင်းပွားမှု ဖြေရှင်းရေးစနစ်"
(dispute settlement system) ကို အသုံးပြုပြီး ဆွေးနွေးညှိနှိုင်းဖို့ တောင်းဆိုနိုင်ပါတယ်။ အခု ဘရာဇီးလုပ်ဆောင်နေတာဟာ အမေရိကန်ကို ချက်ချင်းအရေးယူဖို့ မဟုတ်ဘဲ WTO ရဲ့ ပထမအဆင့်ဖြစ်တဲ့ “consultations” ကနေ အမေရိကန်နဲ့ တရားဝင်ဆွေးနွေးဖို့ စတင်လိုက်တာ ဖြစ်ပါတယ်။

ဒီနေရာမှာ WTO ရဲ့ အရေးပါပုံက ထင်ရှားလာပါတယ်။ WTO ကို ရိုးရိုးရှင်းရှင်းပြောရရင် ကမ္ဘာ့ကုန်သွယ်ရေးအတွက် “ဘုံစည်းမျဉ်းစာအုပ်” နဲ့ “အငြင်းပွားမှုဖြေရှင်းရေးစားပွဲ” တစ်ခုလို ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံက တခြားနိုင်ငံရဲ့ ကုန်ပစ္စည်းတွေကို အခွန်တိုးမြှင့်တာ၊ ကုန်သွယ်ရေးအတားအဆီးတွေ ချမှတ်တာတွေဟာ WTO သဘောတူညီချက်တွေနဲ့ ကိုက်ညီမှုရှိ၊ မရှိကို အဖွဲ့ဝင်နိုင်ငံတွေက စိန်ခေါ်နိုင်ပါတယ်။ အငြင်းပွားမှုကို ဆွေးနွေးညှိနှိုင်းလို့ မပြေလည်ရင် နောက်တစ်ဆင့်မှာ dispute panel ဖွဲ့ပြီး စည်းမျဉ်းနဲ့ ကိုက်ညီမှုရှိ၊ မရှိ စစ်ဆေးနိုင်ပါတယ်။

ဒါကြောင့် ဘရာဇီးက WTO ကို သွားတာဟာ အမေရိကန်ကို ချက်ချင်းအနိုင်ယူနိုင်ပြီဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အမေရိကန်လို ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားကြီးနိုင်ငံတစ်ခုရဲ့ tariff policy ကို နိုင်ငံတကာစည်းမျဉ်းအောက်မှာ တရားဝင်စိန်ခေါ်နိုင်တဲ့ လမ်းကြောင်းတစ်ခုကို ဖွင့်လိုက်တာ ဖြစ်ပါတယ်။

တရုတ်ကလည်း အခုလိုအချိန်မှာ ဝင်လာတာက ပိုပြီး စိတ်ဝင်စားစရာကောင်းပါတယ်။ တရုတ်ရဲ့အမြင်က အမေရိကန်က ဘရာဇီးအပေါ် ဒီလိုအခွန်မူဝါဒတွေ အသုံးပြုနိုင်တယ်ဆိုရင် အလားတူနည်းလမ်းတွေကို တရုတ်ကုန်ပစ္စည်းတွေအပေါ်လည်း အသုံးချလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှု ရှိနေတာပါ။ ဒါကြောင့် တရုတ်က ဘရာဇီးအတွက်သာ ဝင်လာတာမဟုတ်ဘဲ တရုတ်ကိုယ်တိုင်ရဲ့ ကုန်သွယ်ရေးအကျိုးစီးပွားကို ကာကွယ်ဖို့ WTO ဆွေးနွေးမှုထဲမှာ နေရာယူဖို့ ကြိုးစားလာတာလို့ မြင်နိုင်ပါတယ်။

ဒီဖြစ်ရပ်ကို ပိုကျယ်ကျယ်ကြည့်မယ်ဆိုရင် အမေရိကန်ရဲ့ တစ်ဖက်သတ် tariff policy နဲ့ WTO အခြေပြု နိုင်ငံစုံကုန်သွယ်ရေးစနစ်တို့ကြား အားပြိုင်မှုတစ်ခုလို့လည်း မြင်နိုင်ပါတယ်။ ဘရာဇီးတစ်နိုင်ငံတည်းက စတင်လိုက်တဲ့ အမှုထဲကို တရုတ်ပါ ဝင်လာဖို့ တောင်းဆိုတာကြောင့် ဒီကိစ္စဟာ ဘရာဇီး–အမေရိကန် နှစ်နိုင်ငံကုန်သွယ်ရေးပြဿနာတစ်ခုထက် ကျော်လွန်ပြီး ကမ္ဘာ့ကုန်သွယ်ရေးစည်းမျဉ်းတွေနဲ့ အမေရိကန်ရဲ့ အခွန်မူဝါဒကြားက အားပြိုင်မှုတစ်ခုအဖြစ် ပိုမိုထင်ရှားလာနိုင်ပါတယ်။

နောက်ဆုံးမှာ ဒီအမှုရဲ့ အရေးကြီးဆုံးမေးခွန်းက “အမေရိကန်က အခွန် ၃၇.၅ ရာခိုင်နှုန်း ကောက်ခွင့်ရှိ၊ မရှိ” ဆိုတာတစ်ခုတည်း မဟုတ်တော့ပါဘူး။ နိုင်ငံတစ်နိုင်ငံက သူ့ရဲ့ စီးပွားရေးအင်အားကို အသုံးပြုပြီး ကုန်သွယ်ရေးစည်းမျဉ်းတွေကို တစ်ဖက်သတ် သတ်မှတ်နိုင်မလား၊ ဒါမှမဟုတ် WTO လို နိုင်ငံစုံစည်းမျဉ်းအဖွဲ့တွေရဲ့ ဘုံစည်းမျဉ်းအောက်မှာပဲ ကုန်သွယ်ရေးအငြင်းပွားမှုတွေကို ဖြေရှင်းသင့်သလားဆိုတဲ့ ပိုကြီးမားတဲ့ မေးခွန်းဖြစ်လာပါတယ်။ ဒီအတွက်ကြောင့် ဘရာဇီးရဲ့ WTO တိုင်ကြားမှုနဲ့ တရုတ်ရဲ့ တတိယပါတီအဖြစ် ဝင်ရောက်ဖို့ ကြိုးပမ်းမှုဟာ လက်ရှိကမ္ဘာ့ကုန်သွယ်ရေးစနစ် ဘယ်လမ်းကြောင်းကို ဆက်သွားမလဲဆိုတာ စောင့်ကြည့်ရမယ့် အရေးကြီးတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်လာပါတယ်။

#ကမ္ဘာ့ကုန်သွယ်ရေး

ที่อยู่

Moo 4
Chiang Mai
50180

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Neutral Brief MMผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์