04/06/2026
လက်ခံခံရတဲ့ ခံစားချက်က ဘယ်လိုမျိုးလဲ။
ဒီလိုအခိုက်အတန့်မျိုး ကြုံဖူးလား။
ကိုယ်ဝမ်းနည်းနေတယ်... ဒါကို
တစ်ယောက်ယောက်က " နင် အတွေးလွန်နေတာပါ" လို့ ပြောတယ်။
ကိုယ်ပင်ပန်းနေတယ်... ဒါကို
တစ်ယောက်ယောက်က "လူတိုင်း ပင်ပန်းကြရတာပဲ" လို့ ပြောတယ်။
အဲဒီအခိုက်အတန့်မှာ ကိုယ်ပိုဝမ်းနည်းသွားမှာ မဟုတ်ဘဲ ကိုယ်အရေးမပါဘူးလို့ ခံစားရတယ်။
တကယ်တော့ ကိုယ်တို့ လိုချင်တာက ရိုးရိုးရှင်းရှင်းလေးပါပဲ။
ကိုယ်တို့လိုချင်တာက
အကြံဉာဏ်လည်း မဟုတ်ဘူး၊
အကြောင်းအကျိုးလည်း မဟုတ်ဘူး၊
ပြုပြင်ပေးတာလည်း မဟုတ်ဘူး။
ကိုယ့်ခံစားချက်ကို တစ်ဖက်လူ လက်ခံရဖို့ပဲဖြစ်တယ်။
ကိုယ် ဘာမှမပြောခင် ကိုယ့်ပင်ပန်းနွမ်းနယ်မှုကို သူမြင်တယ်၊
ကိုယ်စိတ်ဓာတ်ကျ၊ အားငယ်တဲ့အခါ၊
အရာရာ အဆင်မပြေတဲ့အခါမှာလည်း
ကိုယ့်ကို သူ ရှောင်ဖယ်တာမျိုး မလုပ်ဘူး။
သူ့ရှေ့မှာ ကိုယ် သန်မာဟန်ဆောင်ဖို့ မလိုဘူး၊
ရှင်းပြဖို့လည်း မလိုဘဲ
တည်ရှိနေရုံနဲ့တင် နားလည်ခံရတာမျိုးပါ။
ကိုယ့်ကိုပြောင်းလဲဖို့ သူ အလျင်စလိုမလုပ်ဘူး၊
ကိုယ့်ကို "နားချဖို့" သူ အလျင်စလိုမလုပ်ဘူး၊
ဆိတ်ဆိတ်ငြိမ်ငြိမ်လေးပဲ
ကိုယ်စကားပြောပြီးတဲ့အထိ၊
ငိုပြီးတဲ့အထိ၊
တိတ်ဆိတ်သွားတဲ့အထိ
ကိုယ်နဲ့အတူ ရှိနေပြီး "နင်ဒီလိုဖြစ်နေလည်း နင့်ကို ချစ်တဲ့သူ၊ ဂရုစိုက်တဲ့သူ ရှိတယ်" လို့ ကိုယ့်ကို ခံစားစေတာမျိုးဖြစ်တယ်။
ဒါပေမဲ့ လူတိုင်းက ကိုယ့်ကို ဒီလိုခံစားချက် မပေးနိုင်ပါဘူး။ ဆက်ဆံရေးတိုင်းကလည်း ဒီလို နူးညံ့သိမ်မွေ့တာ မဟုတ်ပါဘူး။
ဒါကြောင့် ကိုယ်တို့ကို လက်ခံနိုင်၊ နားလည်နိုင်တဲ့ လူကို ကိုယ်တို့ မျှော်လင့်ရင်း ကိုယ့်ကိုယ်ကိုယ်လည်း လက်ခံတတ်ဖို့ သင်ယူရပါတယ်။
ဘယ်သူမှ ကိုယ့်ကို နားလည်မပေးတဲ့အခါ ...
ငါအဆင်ပြေတယ်..ငါ့မှာ ငါရှိသေးတယ်လို့ ကိုယ့်ကိုယ်ကိုယ် လက်ခံပြီး ခွန်အားပေးနိုင်ပါတယ်။
စစ်မှန်တဲ့ စိတ်လုံခြုံမှုဆိုတာ
တစ်ယောက်ယောက်က ကိုယ့်ခံစားချက်ကို လက်ခံလိုက်တာ မဟုတ်ဘဲ
လက်ခံသူမရှိလည်း ကိုယ့်ကိုယ်ကိုယ် ပြုတ်ကျခွင့် မပေးတာဖြစ်တယ်။
ကိုယ့်ခံစားချက်ကို ပြုပြင်ပြောင်းလဲ၊ ဖြေရှင်း၊ နားချပေးဖို့ မဟုတ်ဘဲ နားလည်၊ လက်ခံပေးနိုင်တဲ့ လူတစ်ယောက်ရှိဖို့ တစ်ချိန်က ကိုယ်မျှော်လင့်ခဲ့ဖူးတယ်ဆိုရင် ဒီခံစားချက်ကို ကောင်းကောင်း နားလည်ပါလိမ့်မယ်။
--- မျှဝေပါတယ်
💌
#နိုင်းနိုင်းစနေ