18/07/2025
အခန်း(၅)
အပိုင်း(၅)
လူရင်းတယောက်က ပြောပြတဲ့ လီကွမ်ယုအကြောင်း.................................................................................................
သူ ပြောလို့ ပြီးသွားတော့၊ “အဲဒီပုဂ္ဂိုလ်က ခင်ဗျားကို ဘာပြောလိုက်သလဲ။” လို့ လီက ဂျွန်ကို ပြန်မေးလိုက်ပါတယ်။
“အားလုံးကိုပြောပြပါ့မယ်”လို့ ဂျွန်က ပြန်ဖြေပါတယ်။
“အချက် ၆ ချက်ရှိပါတယ်။ ဒါတွေကို သူနဲ့ ပြောဆိုပြီး အတော်လေးကြာတော့မှ ကျွန်တော်က ကိုယ့်စကားနဲ့ ကိုယ် ပြန်ချရေးထားတာပါ။
ပထမအချက်က သူ့ဆီမှာ ပြင်းပြတဲ့ ဆန္ဒနဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ရှိတယ်။ တခုခုကို “စ” လိုက်ပြီးတာနဲ့ ပြီးဆုံးအောင် လုပ်လေ့ရှိတယ်။ အောင်မြင်တဲ့အထိ အထပ်ထပ်အခါခါ လုပ်လေ့ရှိတယ်။ မဖြစ်ဘူးဆိုတာ မရှိဘူး။ ဒါကို အားလုံးကလည်း သိကြတယ်။”
“ဒါက ကျွန်တော့်အတွက် အကူအညီဖြစ်ပါတယ်”လို့ လီက ဝင်ပြောပါတယ်။
အားလုံးလည်း ရယ်မောလိုက်ကြပါတယ်။
“ခေါင်းမာတာပေါ့” လို့ ဒေါက်တာဟိုက်ဖတ်က ရယ်ရင်း ဝင်ပြောပါတယ်။
ဂျွန်က ဆက်ပြီး - “ဒုတိယအချက်က သူဘယ်ကို သွားချင်တယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့် ကြည့်မြင်ပြီး ဆုံးဖြတ်လေ့ရှိတယ်။ အကြောင်းအကျိုးကိစ္စတွေကိုလည်း ဆက်စပ်ပြီး ကြည့်တတ် မြင်တတ် တယ်။ ဘယ်လိုဘယ်ပုံတွေ ဖြစ်ပျက်သွားတယ်ဆိုတာကိုလည်း သူများတွေထက်ပိုပြီး စုံစုံလင်လင် ထိုးထွင်းပြီး တွေ့နိုင် မြင်နိုင် သိနိုင်စွမ်းရှိတယ်။”
“တတိယအချက်က သူက ပတ်ဝန်းကျင်မှာ ဖြစ်နေသမျှကိုလည်း ပုံမှန်ထက်ပိုပြီး ဖမ်းဆုပ် သိမြင် နိုင်စွမ်းရှိတယ်။ အခြေအနေတွေကို သုံးသပ်ပြီး ဘာဖြစ်လာနိုင်တယ်ဆိုတာကိုလည်း နားလည်နိုင်စွမ်းရှိတယ်။ အတိုက်အခံတွေ ဘယ်က ထွက်လာပြီး တိုက်နိုင်တယ်ဆိုတာလည်း သူသိတယ်။ ပြည်သူတွေ ဘာလိုချင်သလဲဆိုတာကို သိတယ် - ဥပမာ အေးချမ်းလုံခြုံမှု ဒါမှမဟုတ် အလုပ်အကိုင်အခွင့်အရေး စတဲ့ အရာတွေကိုပေါ့။ ပြည်သူတွေ မျှော်လင့်တောင့်တနေတာတွေကို နားလည်သလို၊ သမိုင်းကြောင်းကိုလည်း ကောင်းကောင်းနားလည်ထားတယ်။”
“စတုတ္ထအချက်က နိုင်ငံရေးနဲ့ မူဝါဒ ကြားက ဆက်စပ်မှုကိုလည်း သူက သိနားလည်တယ်။ ပြင်ဆင်မှုတွေ၊ ဦးစားပေး လုပ်ဆောင်ရမယ့် အရာတွေ၊ ဘာတွေက လုပ်လို့ရတယ်၊ ဘယ်အချိန်မှာ၊ ဘယ်လိုလုပ်ရမယ်၊ ဆိုတာကိုလည်း သူနားလည်တယ်။ သူက စာဖတ်ရင်လည်း စေ့စေ့စပ်စပ် စစ်စစ်ပေါက်ပေါက် သိရအောင် ဖတ်တတ်တယ်။”
“ပဥ္စမအချက်က သူဖတ်ထား မှတ်ထား သိထားတဲ့ အကြောင်းတွေကိုလည်း ဆက်စပ်စဥ်းစား သုံးသပ်နိုင်စွမ်းရှိတယ်။ ဒီ မတူခြားနားတဲ့ အချိန်တွေမှာ ဖတ်ထားခဲ့တဲ့ အကြောင်းအရာတွေ၊ တခါတလေ တခုနဲ့ တခု အချိန်အကြာကြီး ကွာခြားနေပေမယ့်လို့ ဒါတွေကို ဆက်စပ်ကြည့်ပြီး နက်နဲစွာ နားလည်နိုင်စွမ်းရှိတယ်။”
“နောက်ဆုံး ဆဌမအချက်က သူက ရန်သူထဲကဖြစ်ဖြစ် မိတ်ဆွေထဲကဖြစ်ဖြစ် အတော်ဆုံးလူတွေကိုပဲ ရှာဖွေလက်ခံလေ့ရှိတယ်။ တခုခုကို မဆုံးဖြတ်ရသေးခင် အတိုက်အခံတွေ နဲ့ ဆန့်ကျင်ဘက်အမြင် တွေကိုလည်း လက်ခံကြိုဆိုလေ့ရှိတယ်။ သူ ဘယ်နေရာမှာ ရောက်နေတယ် ဆိုတာလည်း သူသိတယ်။” - လို့ ပြောရင်း ဂျွန်က လီရဲ့ လုပ်ဖော်ကိုင်ဖက်ပြောပြခဲ့တဲ့ သူ့အကြောင်းတွေကို ပြန်ပြောပြခဲ့ပါတယ်။
“ဒီပုဂ္ဂိုလ်က ကျွန်တော့်ကို အကြီးအကျယ် ထောက်ခံတဲ့သူ တယောက်ဖြစ်ရမယ်။” - လို့ လီက ရယ်ရင်းပြောလိုက်ပါတယ်။