05/12/2025
"Our Voice, Our Fight, Our Rights“
***အပြင်မထွက်၊ အသံတိတ်သပိတ်***
အပိုင်းသုံးပိုင်းခွဲပြီး ကျင်းပမယ့် စစ်အုပ်စုရဲ့ တရားမဝင် ဒီဇင်ဘာ ရွေးကောက်ပွဲကြီးဟာ နီးကပ်လာပါပြီ။
မတရားရွေးကောက်ပွဲကြီး နီးကပ်လာတာနဲ့ အမျှ စစ်အုပ်စုဟာ ပြည်သူအများရဲ့ထောက်ခံမှုကို ရရှိနေသယောင် နိုင်ငံတကာမှာ အတုအယောင် ဝါဒဖြန့်မှုတွေပြုလုပ်နေပြီး
တစ်ဖက်မှာလည်း ပြည်သူတွေကို ချော့တစ်မျိုး ခြောက်တစ်ဖုံနဲ့ ရွေးကောက်ပွဲကို အထမြောက်ဖို့ ကြိုးစားနေပါတယ်။
ဓားထောက်ပြီး ဘုရင်မြှောက်ခိုင်းချိန်မှာ မတရားခံရကြောင်းကိုတော့ ကျနော်တို့ ဟစ်အော် အသိပေးကြပါမယ်။
ဒီလို အသိပေးဖို့ အတွက် တိတ်ဆိတ်ခြင်းဟာ အကျယ်လောင်ဆုံး ဟစ်ကြွေးသံပါ။
ယခင့်ယခင် ပြုလုပ်ခဲ့သည်များနည်းတူ ဒီတစ်ခါမှာလည်း တိတ်ဆိတ်ခြင်းနဲ့ ကျနော်တို့ အသံကို ထုတ်ဖော်ပြသပါမယ်။
“Our Voice, Our Fight, Our Rights” ဆိုတဲ့ ဒီတစ်ခါ အသံတိတ် သပိတ် ဆောင်ပုဒ်အတိုင်း ကျနော်တို့ အခွင့်အရေးတွေအတွက် ကျနော်တို့ အသံတွေကိုတိတ်ကာ ဟစ်ကြွေးလို့ တိုက်ပွဲဝင်ကြပါမယ်။
အသံတိတ် သပိတ် ကျင်းပမယ့်နေ့ရက်ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ထားပြီး
သပိတ် ပြုလုပ်မယ့်အချိန်ကိုတော့ ရုံးတက် ရုံးဆင်း ၊ စျေးသွားစျေးလာ အချိန်ကာလတွေနဲ့ ဝေးကွာအောင် မနက် ၁၀ နာရီကနေ ညနေ ၃ နာရီ သတ်မှတ်ထားပါတယ်။
ဒါကြောင့် လူ့အခွင့်အရေးပျောက်ဆုံးနေတဲ့ နိုင်ငံတစ်နိုင်ငံက နိုင်ငံသားတွေရဲ့ တိတ်ဆိတ်ခြင်းနဲ့ ကြွေးကြော်သံကို ကမ္ဘာ တစ်ဝှမ်းက ကြားအောင်၊ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ အထမြောက်သွားခဲ့သည် တိုင်အောင် ဓားထောက်ပြီး မင်းမြှောက်ခိုင်းခဲ့တာသာ ဖြစ်ကြောင်း သိရှိရလေအောင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ မနက်၁၀ နာရီ ကနေ ညနေ ၃ နာရီ ကြားအချိန်ကာလမှာ အုတ်တချပ် သဲတပွင့် အဖြစ် ပါဝင်ပေးကြဖို့ အကူအညီတောင်းပါရစေ။
“မတရားတဲ့ အမိန့်ဟူသမျှ တာဝန်အရဖီဆန်ကြ”
အာဏာရှင်စနစ်ဟူသမျှ မုချ ကျရှုံးရမည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မုချ တည်ဆောက်နိုင်ရမည်။
အရေးတော်ပုံ အောင်ရမည်။
#ပြည်သူသာအဓိက
#လူထုတိုက်ပွဲလှုပ်ရှားမှု