21/07/2025
▪️လွမ်းဆွတ်ခြင်း
ဆရာ မောင်သာချိုရေးသားခဲ့သော “ဆရာကြည်အောင် အမြန်ပြန်လာပါ” ဆောင်းပါးကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့က ကွယ်လွန်ခဲ့သည့် ဆရာ မောင်သာချိုကို လွမ်းဆွတ်ခြင်းအားဖြင့် ပြန်လည် ဖော်ပြလိုက်ပါသည်။
▪️ဆရာကြည်အောင် အမြန်ပြန်လာပါ
▪️မောင်သာချို
(တစ်)
ဟိုး… လွန်ခဲ့တဲ့ လေးငါးနှစ်ဆီက ကျွန်တော်ရယ်၊ ဆရာကြည်အောင်ရယ် မြစ်ဝကျွန်းပေါ်ဘက်ကို ခရီးထွက်ဖြစ်ကြတယ်။ ဗညားဒလ ဆိုတဲ့ သင်္ဘောကြီးနဲ့။ ကျွန်တော်တို့ အစ်ကိုကြီး ကိုသွေးသစ်စကားနဲ့ ပြောရရင်…
“မြောင်းမြ ပုသိမ်… ချစ်သူတို့အိမ်” ကို သွားတဲ့ခရီးပါ။ ဗညားဒလကြီးက တိုးမြစ်၊ ရွေးမြစ် ရေးစီးညစ်ညစ်ကြီးတွေကို ထိုးခွဲလျက်။ လကလဲ သာလျက်။ ငွေမင်စွန်းကွက်နေ တဲ့ မြစ်ပြင်ပေါ်မှာ ကျွန်တော်တို့ အိပ်မရတော့ပါဘူး။ သည်လိုနဲ့ပဲ မြစ်များရဲ့ လရောင် အောက်မှာ ကဗျာမှော်ရုံတောဆီကို အလည်သွားမိခဲ့ကြပါတော့တယ်။
ဆရာ ကြည်အောင်ရဲ့ ကဗျာတွေကို အခြေခံပြီး ဆရာကြည်အောင်က ပုန်းလိုက်၊ ကျွန်တော်က ရှာလိုက်၊ ကျွန်တော်က ရှာလိုက်၊ ဆရာကြည်အောင်က ပုန်းလိုက်နဲ့ပါပဲ။ ဆရာကြည်အောင်က ပြောပါတယ်။
“ပုန်းသူက ပုန်းပေမယ့်… ရှာသူရှိမှ အရသာရှိတာ ကိုသာချိုရဲ့” တဲ့။
ပုန်းသူတွေကို ကျွန်တော်တို့ ရှာရပေတော့မယ်။
◽
(နှစ်)
နေမင်းရဲ့ အလင်းရောင်အောက်မှာ ညမွှေးပန်းကလေးတွေ ပုန်းကြရမယ်။ မိုးကို ရောက်ပြီဆိုတာနဲ့ ပိတောက်ကလေးတို့ ပုန်းကြရမယ်။ နွေကိုဝင်ပြီဆိုတာနဲ့ သဇင်ပန်း တို့ ပုန်းကြရမယ်။ မင်းအဖြစ် ငြင်းဆိုတဲ့ တေမိမင်းသားရဲ့ နှုတ်ဖျားမှာ စကားသံတွေ ပုန်းနေကြမယ်။ လယ်မြေပပ်ကြား အက်အက်တွေကြားမှာ မိုးကြိုတေးကို ဆိုမယ့် ကိုရွှေဖားတို့ ပုန်းနေကြမယ်။
ကျွန်တော်ကတော့ ပုန်းတယ်ဆိုတာကို ကျောခိုင်းသွားခြင်း၊ ဇာတ်မြှုပ်သွားခြင်းလို့ပဲ ခံစားနေရပါတော့တယ်။
◽
(သုံး)
ပုန်းကြ၊ ကွယ်ကြ၊ ကျောခိုင်းသွားကြ၊ ဇာတ်မြှုပ်သွားကြခြင်းတွေမှာ ခိုင်မာသော နောက်ခံ အကြောင်းအချက်တွေဖြင့် ရှိကြပေလိမ့်မယ်။
ချစ်သူရှိရာ နေရာဒေသကို မလာတော့ပါဘူးဆိုတဲ့ အဆိုတော်ကြီး တွံတေးသိန်းတန်က တော့ မကြင်နာလို့တော့ မဟုတ်ပါဘူး၊ မယှဉ်သာလို့ ဆုတ်ခွာသူ တစ်ဦးရယ်ပါဆိုပြီး အကြောင်းပြတယ်။ ဟိုး… ရွာငယ်ဇနပုဒ်ကလေးမှာ ရက်ကန်းသည်အဖြစ်နဲ့ သွားရောက် ဇာတ်မြှုပ်တဲ့ ဆိုင်းလတ်စ်မာနာကြီးကတော့ လူမှုရေးဖောက်ပြန်မှုတွေကို ရွံ့မုန်းလို့ဆိုပြီး အကြောင်းပြတယ်။
မြန်မာဂန္ထဝင်မှာ အထင်ရှားဆုံး ဇာတ်မြှုပ်သူ၊ တစ်နည်းအားဖြင့် ပုန်းသူကတော့ မဟော်သဓာပါပဲ။ မဟော်သဓာဆိုတာ မိထီလာပြည် ဝိဒေဟရာဇ်မင်းကြီးရဲ့ ပညာရှိပေါ့။
အဲသည်မှာ သေနက၊ ပက္ကုသ၊ ကာမိန္ဒ၊ ဒေဝိန္ဒ ဆိုတဲ့ သူတွေကလဲ မင်းကြီးရဲ့ ပညာရှိ လေးဦးပါပဲ။ ဒါပေမဲ့ ကွာတာက မဟော်သဓာက တကယ့်ပညာရှိ။ တိုင်းပြည်ကို တည် ဆောက်မယ့် ပညာရှိ။ ကျန်တဲ့ လေးယောက်က ဘာမှ စွမ်းရည်သတ္တိမရှိတဲ့ ပညာရှိ မည်ကာမတ္တ။ ဒါပေမဲ့ လောကရဲ့ သဘောဝအတိုင်း အဲသည်လေးယောက်က အားသာပြီး မဟော်သဓာက အားနည်းခဲ့တယ်။
တစ်နေ့သားမှာတော့ သေနက မင်းကြီးရဲ့ ပတ္တမြားဆံကျင်ကို ခိုးတယ်။ ပက္ကုသက ရွှေပန်းကုံးကို ခိုးတယ်။ ကာမိန္ဒက ကမ္ဗလာကို ခိုးတယ်။ ဒေဝိန္ဒက ရွှေခြေကျင်းကို ခိုးတယ်။ ပြီးတော့ ဥပါယ်တံမျဉ်နဲ့ မဟော်သဓာအိမ်ကို ပို့တယ်။ မဟော်သဓာက သူခိုး ဖြစ်တယ်။
ဒါပေမဲ့ အမှားက အားသန်ပြီး အမှန်က အားနည်းနေလေတော့ မဟော်သဓာ ရှောင်ပြေးရ တယ်။ တောင်မဇ္ဈဂုံးရွာကို သွားပြီး အိုးထိန်းသည်တစ်ယောက်ဆီမှာ အိုးဖုတ်လို့ ဇာတ် မြှုပ်နေခဲ့ရတယ်။ အမှန်တရားအတွက် မြို့တော်ကို စွန့်ခွာခဲ့ရတယ်။
ဆရာ ကြည်အောင်က သူလဲ ဇာတ်မြှုပ်ခဲ့ပါတယ်တဲ့။ ဒါပေမဲ့ မဟော်သဓာလိုတော့ မဟုတ်ပါဘူးတဲ့။ သည်လို ဖွဲ့ဆိုပါတယ်။
ကျွန်ုပ်
ဇာတ်မြှုပ်နေတယ်။
ရိုးရိုးကုပ်ကုပ်နဲ့
အပိုးအထုပ်နဲ့ တော်ရာလျော်ရာမှာ
အိုးလုပ်တဲ့ မဟော်သဓာလိုလား။
မဟုတ်
ကျွန်ုပ်
ဇာတ်မြှုပ်နေတယ်။
မြန်မာစာပေသမိုင်းကို ပြန်ကြည့်ရင် ကုန်းဘောင်ခေတ် ပထမပိုင်းမှာ ထင်ရှားခဲ့တဲ့ လက်ဝဲသုန္ဒရဆိုရင်လဲ ဇာတ်မြှုပ်နေခဲ့ရဖူးတယ်။ တစ်ခါက နန်းတွင်းမှာ ပြဿနာတစ်ခု ဖြစ်ပါတယ်။
မောင်အောင်ဒင်ဆိုတဲ့ လူပျိုတော်တစ်ယောက်နဲ့ မမိတ် ဆိုတဲ့ အပျိုတော်တစ်ယောက် ချိန်းတွေ့ကြရာက စတဲ့ ပြဿနာပါ။ အဲသည် အပျို လူပျို ချိန်းတွေ့မှုကို နန်းတော် အနောက်တံခါးစောင့်တွေက တွေ့မြင် ဖမ်းဆီးမိကြပါတယ်။ မောင်အောင်ဒင် လွတ်ပြေး ပြီး မမိတ်ကို မိတာပါ။ စစ်ဆေးကြည်တော့ မောင်အောင်ဒင်ဖြစ်ကြောင်း သိကြပါတယ်။ မောင်အောင်ဒင်ရဲ့ အကြီးအကဲက ဦးမြတ်စံခေါ် လက်ဝဲသုန္ဒရပါ။ သည်တော့ ဘုရင်က ဦးမြတ်စံခေါ် လက်ဝဲသုန္ဒရကိုခေါ်ပြီး မောင်အောင်ဒင်ကို ဖမ်းပေးဖို့ တောင်းဆိုပါတယ်။ ဒါပေမဲ့ ဦးမြတ်စံက ဖမ်းမပေးနိုင်ခဲ့ပါဘူး။
သည်မှာတင်ပဲ ဆင်ဖြူရှင်ဘုရင်မင်းတရား အမျက်ပွားပါတယ်။ မှားမှားမှန်မှန်။ လက်ဝဲသုန္ဒရနဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် ။ ကြီးကျယ်တဲ့ အမှု ဟုတ်ဟုတ် မဟုတ်ဟုတ်။ မဲဇာပို့စေ… တဲ့။ သည်လိုနဲ့ လက်ဝဲသုန္ဒရတစ်ယောက် လူမနီး သူမနီး မဲဇာတောကြီးထဲ ကို ရောက်ခဲ့ရတယ်။ ဘဝကို ဇာတ်မြှုပ်လို့ သိမ်ငယ်စွာ နေခဲ့ရတယ်။
ဆရာကြည်အောင်က သူဇာတ်မြှုပ်ခဲ့ရတာဟာ အဲသည် လက်ဝဲသုန္ဒရလို အဖြစ်မျိုးလဲ မဟုတ်ပါဘူးတဲ့။ သည်လို ဆက်ဖွဲ့တယ်။
မဲဇာ တောင်ခြေစွန်းဆီက
ပွဲခါညောင် အောင်မြေကွန်းဆီသို့
လွမ်းလှတယ်ဆိုတဲ့
စာဆိုရှင် လက်ဝဲသုန္ဒရလိုလား။
မဟုတ်
ကျွန်ုပ်
ဇာတ်မြှုပ်နေတယ်။
မြန်မာ့သမိုင်းစာရွက်တွေကို ပြန်လှန်တဲ့အခါ သခင်ကိုယ်တော်မှိုင်းဆိုတဲ့ နာမည်ကို ကြယ်တစ်ပွင့်၊ လတစ်ပွင့် တွေ့ရမှာပါ။ ဆရာကြီးဟာလဲ ဇာတ်မြှုပ်နေခဲ့ရဖူးပါတယ်။
အင်္ဂလိပ်အစိုးရက နံပါတ်(၁)ရန်သူဟာ သခင်ကိုယ်တော်မှိုင်းလို့ သတ်မှတ်ထားလေတော့ တရားမျှတစွာ လွတ်လပ်ရေးတောင်းဆိုလှုပ်ရှားခဲ့တဲ့ ဆရာကြီးဟာလဲ သထုံရောက် လိုက်၊ ဟင်္သာတရောက်လိုက်၊ မုတ္တမရောက်လိုက်။ နယ်ချဲ့ရဲ့လက်အောက်မှာ အမှန် တရားဟာ ဇာတ်မြှုပ်ပုန်းအောင်းရပေမယ်။
ဆရာကြည်အောင်ကတော့ သူဇာတ်မြှုပ်နေခဲ့ရခြင်းဟာ ဆရာကြီး မှိုင်းလိုလဲ မဟုတ်ပါ ဘူးလို့ ဆက်ဖွဲ့တယ်။
မုတ္တမ တောင်ခြေစွန်းဆီက
ရုက္ခ အောင်သပြေမွှမ်းပါလို့။
နရုတ္တမ လုပ်မကွဆိုပြီး
ဥက္ကဋ္ဌ ညောင်ရေသွန်းတဲ့
ဆရာကြီး သခင်ကိုယ်တော်မှိုင်းလိုလား။
မဟုတ်
ကျွန်ုပ်
ဇာတ်မြှုပ်နေတယ်။
ဒဿန ဆရာတွေက သည်ကနေ့ခေတ်ကို ကြည့်ပြီး လူသားရဲ့ တန်ဖိုး လျော့ကျ သွားသော ခေတ်ရယ်လို့ ဆိုကြပါတယ်။ ဒဿနဆရာကြီးတစ်ဦးကဆိုရင် လူတစ် ယောက်နဲ့ လူတစ်ယောက် ကြည့်တောတောင်မှ လူသားချင်း ကြည့်ကြတာ မဟုတ်ဘူး တဲ့။
ဝတ္ထု A က ဝတ္ထု B ကို ကြည့်ပုံမျိုးတဲ့။ ဆရာဝန်လား၊ အင်ဂျင်နီယာလား၊ စိန်ပွဲစား လား၊ လိုင်းကားထောင်စားသူလား၊ ငွေစာရင်းဖွင့်ထားသူလား၊ အရာရှိလား၊ လက်မှတ် ထိုးပေးနိုင်သူလား နောက်က ကပ်ပါလာတဲ့ အသုံးချ တန်ဖိုးချင်း လှမ်းကြည့်ကြတာတဲ့။ လူ့တန်ဖိုး အစစ်အမှန်ချင်း လှမ်းကြည့် ခေါ်ပြောကြပုံမျိုး မဟုတ်ဘူးတဲ့။
သည်တော့ စားဝတ်နေမှု အဝန်းအဝိုင်း၊ အဖွဲ့အစည်း၊ အသင်းအပင်းတွေကြားမှာ လူ့တန်ဖိုး ဆုံးရှုံးလျော့ကျသွားတယ်တဲ့။ အဲသည်ဆုံးရှုံးလျော့ကျသွားတဲ့ လူ့တန်ဖိုးကို ရချင်ရင် ယျေဘုယျ လူ့အဖွဲ့ပုံစံထဲကနေ ဝေးရာကို ပြေးပုန်းကြရပေမယ်။
ဆရာကြည်အောင်ကတော့ ကဗျာနဲ့ပဲ ဇာတ်မြှုပ်နေတော့မယ်လို့ သည်လို ဖွဲ့ဆိုပါ တယ်။ တော်ရာမှာ ကဗျာနဲ့ နေတော့မယ်… တဲ့။
စံပြု မြှင့်တင်ထားတဲ့
လူသားရဲ့ တန်ဖိုး
တမြတ်တနိုး
လက်မှတ်ထိုး စာချုပ်ချုပ်
ခေတ်ပေါ် အလင်္ကာကျမ်း
စာတစ်အုပ်နဲ့
ကျွန်ုပ်
ဇာတ်မြှုပ်နေတယ်။ ။
ဆရာကြည်အောင်ကတော့ ဇာတ်မြှုပ်သွားပါပြီ။ ကျွန်တော်ကတော့ ၁၉၇၉ ခုနှစ်၊ အောက်တိုဘာလ၊ မိုးဝေထဲက ဆရာ့ကဗျာ ပြန်ဖတ်ပြီး “ကျွန်ုပ် ဇာတ်မြှုပ်နေတယ်” ကို လွမ်းရသေးတော့တယ်။ ဆရာနဲ့ တွေ့ပြီး စကားတွေ ပြောချင်သေးတယ်။
နောက်ဆုံးတော့ မဟော်သဓာလဲ ဝိဒေဟရာဇ် နန်းရိပ်ကို ပြန်ခိုအိပ်ခွင့်ရတာပါပဲ။ လက်ဝဲသုန္ဒရလဲ ကုန်းဘောင် ထီးနန်း သူပြန်လွမ်းရတာပါပဲ။ ဆရာမှိုင်းလဲ မြို့ထဲပြထဲ ပြန်ခိုနွှဲရတာပါပဲ။ သည်တော့ ဆရာကြည်အောင်လဲ...။
ဆရာကြည်အောင် အမြန်ပြန်လာပါ ဆိုတဲ့ ဆန္ဒ သူ့ရဲ့ “ကျွန်ုပ် ဇာတ်မြှုပ်နေတယ်” ဖတ်အပြီးမှာ ကျွန်တော့်ရင်ကို လာရိုက်ခတ်ပါတယ်။ ။
◾
မောင်သာချို
အမှတ် ၁၀၆၊
ဩဂုတ်လ ၁၉၉၀ ခုနှစ်၊
ပေဖူးလွှာမဂ္ဂဇင်း။
Crd. Shwe Athit