MORAC - CultureNews

MORAC - CultureNews It is very important for everyone of the nation regardless of the place he lives to have strong Union Spirit.

03/08/2026

"ဟိုတယ်၊ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန"
ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်
"မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ သုတေသနစာတမ်း ဖတ်ပွဲ'" သို့ တက်ရောက်။
၃.၈.၂၀၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အမျိုးသားစာကြည့်တိုက် (ရန်ကုန်) နှင့် အမျိုးသားပြတိ...
28/07/2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အမျိုးသားစာကြည့်တိုက် (ရန်ကုန်) နှင့် အမျိုးသားပြတိုက် (ရန်ကုန်) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး


နေပြည်တော် ဇူလိုင် ၂၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) နှင့် အမျိုးသားပြတိုက် (ရန်ကုန်) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

အမျိုးသားစာကြည့်တိုက် (ရန်ကုန်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းရှိ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် စာကြည့်တိုက်ညီလာခံခန်းမ၌ စာကြည့်တိုက်တာဝန်ခံက စာကြည့်တိုက်သမိုင်းအကျဉ်းနှင့် စာကြည့်တိုက်လုပ်ငန်းစဉ်များ၊ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများနှင့် စာကြည့်တိုက်ပညာ ပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ကလေးစာကြည့်တိုက် ဆောင်ရွက်ထားရှိမှု၊ စာကြည့်တိုက်သို့ ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာနိုင်ရေး ဆောင်ရွက်ပေးထားမှုနှင့် လာရောက်လေ့လာမှု မှတ်တမ်းများ၊ စာကြည့်တိုက်စီမံခန့်ခွဲမှုပညာ ဒီပလိုမာသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိမှု၊ စာကြည့်တိုက်မှ စာအုပ်များ ငှားရမ်းဖတ်ရှုနိုင်ရေး ဆောင်ရွက်ပေးထားမှု၊ စာကြည့်တိုက်ပညာပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ စာပေနှင့် အနုပညာ မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတကာစာကြည့်တိုက်များ၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်နေမှုနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက စာကြည့်တိုက်ပညာ ပြန့်ပွားရေးလုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျောင်းပြင်ပ ပညာရေးအထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ကျေးလက်ဒေသများအပါအဝင် အမြို့မြို့အနယ်နယ်၌ စာကြည့်တိုက်များကို တည်ဆောက်ပေးလျက်ရှိပြီး စာအုပ်စာပေများကိုလည်း ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ သို့သော်လည်း မိမိတို့နိုင်ငံ၌ စာပေဖတ်ရှုသူနှုန်းမှာ နည်းပါးနေဆဲဖြစ်ပြီး စာကြည့်တိုက်များရှိ စာအုပ်စာပေများကို စနစ်တကျဖြင့် ထိန်းသိမ်းဆောင်ရွက်သွားရန်လည်းလိုအပ်နေသည်ကို တွေ့ရှိရကြောင်း၊ လူငယ်လူရွယ်များနှင့် အသိပညာဗဟုသုတရှာမှီးလိုသူများအနေဖြင့် စာကြည့်တိုက်သို့ လာရောက်၍ စာပေများ ဖတ်မှတ်လေ့လာနိုင်အောင် ဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့ စာအုပ်စာပေများဖတ်ရှု လေ့လာစေရေး စည်းရုံးပညာပေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ ခေတ်ကာလ တိုးတက်ပြောင်းလဲလာသည်နှင့်အညီ အွန်လိုင်းမှတစ်ဆင့်လည်းစာပေများကို ဖတ်မှတ်လေ့လာခြင်းများ ဆောင်ရွက်နိုင်ကြောင်း၊ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) သည် နိုင်ငံတော်၏သမိုင်းဝင် စာကြည့်တိုက်ကြီးတစ်ခုဖြစ်ကြောင်း၊ သို့ဖြစ်၍ အဖိုးတန် သမိုင်းဝင်စာအုပ်စာစောင်များကို ပြည့်ပြည့်စုံစုံထိန်းသိမ်းထားရှိသွားရန်လိုပြီး သမိုင်းကြောင်းအထောက်အထားများသည် နိုင်ငံတော်၏ယဉ်ကျေးမှု တန်ဖိုးများ၊ ပုံရိပ်မှန်များပင်ဖြစ်ကြောင်း၊ သမိုင်းကိုအထောက်အကူပြုသည့် စာအုပ်စာပေများ၊ မှတ်တမ်းများကို ထားရှိသည့် စာကြည့်တိုက်တစ်ခုဖြစ်ရန်လိုပြီး အနှစ်သာရရှိသည့် စာကြည့်တိုက်ဖြစ်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းများကို ဖတ်ရှုလေ့လာရခြင်းဖြင့် အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်လာပြီး နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များလည်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအတွက်လည်း အထောက်အကူဖြစ်စေမည့် စာကြည့်တိုက်ဖြစ်ရန်လိုကြောင်း၊ စာအုပ်စာပေများသည် သမိုင်းကြောင်းအရ တန်ဖိုးမဖြတ်နိုင်သည့် အရာများဖြစ်သည့်အတွက် မပျောက်ပျက်စေရေး စနစ်တကျနှင့် လက်ဆင့်ကမ်း ထိန်းသိမ်းသွားကြရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လူဦးရေများပြားသော မြို့ကြီးများ၌ စာကြည့်တိုက်များအပြင် သမိုင်းကြောင်းအရ အဖိုးမဖြတ်နိုင်သည့်၊ တန်ဖိုးရှိသည့် စာအုပ်၊ စာပေများ၊ စာစောင်များ၊ သတင်းစာများ ပြည့်ပြည့်စုံစုံဖြင့် ထိန်းသိမ်းထားရှိသည့် ပြည်သူ့စာကြည့်တိုက်များကို ဖော်ဆောင်သွားကြရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ပထမထပ်ရှိ ဒစ်ဂျစ်တယ်စာကြည့်တိုက်၊ ဒုတိယထပ်ရှိ ရည်ညွှန်းစာဖတ်ခန်း၊ အထွေထွေစာဖတ်ခန်း၊ ရှားပါးစာဖတ်ခန်း၊ တတိယထပ်ရှိ ကလေးစာကြည့်တိုက်၊ မြေညီထပ်ရှိ Data Center စာအုပ်စင်ခန်းနှင့် ပြခန်းငယ်တို့အတွင်း ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် စာဖတ်ခန်းများ ပြုလုပ်ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြား၍ စာကြည့်တိုက်ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

အမျိုးသားပြတိုက် (ရန်ကုန်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဒဂုံမြို့နယ်၊ ပြည်လမ်းရှိ အမျိုးသားပြတိုက် (ရန်ကုန်) သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုကြသည်။ ထို့နောက် ပြတိုက်အစည်းအဝေးခန်းမတွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ပြတိုက် နောက်ခံသမိုင်းအကျဉ်း၊ လုပ်ငန်းတာဝန်များ၊ ဝန်ထမ်းများ ခန့်အပ်ထားရှိမှု၊ ပြတိုက်အတွင်း စုဆောင်း၊ ထိန်းသိမ်း၊ ပြသထားရှိသည့်ပစ္စည်းများ၊ ပြတိုက်သို့ ပြည်တွင်း၊ ပြည်ပ ဧည့်သည်များ၊ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ လာရောက်ကြည့်ရှုလေ့လာမှုအခြေအနေများ၊ ပြခန်းများအလိုက် ပြသထားရှိမှုအခြေအနေများနှင့် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ပြတိုက် ဘက်စုံခန်းမ၌ ပြည်တွင်း၊ ပြည်ပ အထူးပြပွဲများဆောင်ရွက်ခဲ့မှုအခြေအနေများ၊ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့အား UNESCO စာရင်းတင်သွင်းနိုင်ရေး ဆောင်ရွက်ချက်များ၊ (၄၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့အထိမ်းအမှတ် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့မှုအခြေအနေများ၊ မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ စကားဝိုင်းဆွေးနွေးပွဲနှင့် ပြပွဲအခမ်းအနားတွင် မြန်မာ့လက်ဖက်၏ သမိုင်းနှင့် အရေးပါမှု၊ ထိန်းသိမ်းမှုနည်းလမ်းများနှင့် UNESCO စာရင်းဝင်နိုင်ရေး ဆောင်ရွက်ချက်များ၊ ပြည်တွင်း၊ ပြည်ပမှ နိုင်ငံတော်အဆင့် ဧည့်သည်တော်ကြီးများ လာရောက်လေ့လာမှု မှတ်တမ်းများ၊ ပြတိုက်လုပ်ငန်းဆိုင်ရာ စာတမ်းဖတ်ပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိမှု၊ Digital Museum ဖြစ်ပေါ်လာစေရေး နည်းပညာပိုင်းဆိုင်ရာ ဟောပြောပွဲများ ဆောင်ရွက်လျက်ရှိမှု၊ ပြတိုက်ဝန်ထမ်းများအား အရည်အသွေးမြှင့်တင်ရေးဆိုင်ရာ သင်တန်းများနှင့် ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိမှု၊ နိုင်ငံတကာပြတိုက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက အမျိုးသားပြတိုက်အနေဖြင့် နိုင်ငံတော်၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုတန်ဖိုးများကို ဖော်ညွှန်းပြသနေခြင်းပင်ဖြစ်ပြီး မိမိတို့နိုင်ငံ၏ ခိုင်မာမှုရှိသည့်သမိုင်းကြောင်းများကို မြင်တွေ့ရမည်ဖြစ်ကြောင်း၊ လာရောက်လေ့လာကြည့်ရှုသူများအနေဖြင့် မိမိတို့နိုင်ငံ၏သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုတန်ဖိုးများကို သိရှိနားလည်ကာ တန်ဖိုးထားလိုစိတ်၊ ထိန်းသိမ်းလိုစိတ်များ ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း၊ ခေတ်များအလိုက် သမိုင်းမှတ်တမ်းတင်ထားမှုများကို ခိုင်ခိုင်မာမာပြသသွားနိုင်ရန်လိုကြောင်း၊ သမိုင်းကြောင်းများကို တစ်ဆက်တစ်ဆက်တည်း ကြည့်ရှုလေ့လာ၍ မိမိတို့၏အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် အစဉ်အလာကြီးမားသည့် အမျိုးဘာသာသာသနာ ယဉ်ကျေးမှုတန်ဖိုးများကို သိရှိနားလည်လာမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံသို့ လာရောက်လည်ပတ်ကြသည့်၊ လာရောက်တာဝန်ထမ်းဆောင်ကြသည့် ပြည်ပမှ ခရီးသွားဧည့်သည်များအနေဖြင့်လည်း နိုင်ငံတော်၏သမိုင်းကြောင်းဆိုင်ရာ အထောက်အထားများကို ကြည့်ရှုခြင်းအားဖြင့် အထင်ကြီးလေးစားမှုကို ရရှိစေမည်ဖြစ်ကြောင်း၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာတို့၏ ဘုန်းတန်ခိုးကြီးမားခဲ့သည့် သမိုင်းဖြစ်ရပ်များကို မြင်တွေ့ခံစားနိုင်မည်ဖြစ်ကြောင်း၊ လူငယ်လူရွယ်များအနေဖြင့်လည်း ပြတိုက်သို့ လာရောက်လေ့လာခြင်းအားဖြင့် သမိုင်း၏တန်ဖိုးကို နားလည်လာမည်ဖြစ်ပြီး တိုင်းချစ်ပြည်ချစ်စိတ်များ၊ အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ထိန်းလိုစိတ်များ ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် အမျိုးသားပြတိုက် (ရန်ကုန်) မြေညီထပ်ရှိ သီဟာသနပလ္လင်ပြခန်းအတွင်း ပလ္လင်တော်များနှင့် အသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှု၊ ရတနာပုံခေတ်ပြခန်းအတွင်း မန္တလေးမြနန်းစံကျော်ရွှေနန်းတော်ပုံစံငယ်များ၊

နန်းတွင်းပရိဘောဂများ၊ ဘုရင်၊ မိဖုရား၊ ဝန်ကြီး၊ စစ်သူကြီးတို့၏ နန်းတွင်းအဝတ်အစားများ၊ နန်းသုံး အဆင်တန်ဆာများနှင့် အသုံးအဆောင်ပစ္စည်းများ၊ ဓာတ်ပုံနှင့် ပန်းချီကားများ ခင်းကျင်းပြသထားရှိမှု၊ မြန်မာအက္ခရာနှင့် လက်ရေးမူပြခန်းအတွင်း မြန်မာအက္ခရာများအဆင့်ဆင့်ပြောင်းလဲလာမှုဇယား၊ မြန်မာဗျည်း၊ သရနှင့် ဂဏန်းတို့အား ခေတ်အဆက်ဆက်မှ လက်ရေးမူပါအထောက်အထားများ ခင်းကျင်းပြသထားရှိမှု၊ ပြတိုက်ပထမထပ်ရှိ သဘာဝသမိုင်းနှင့် မြန်မာ့သမိုင်းမတင်မီခေတ် ပြခန်းအတွင်း ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းများ၊ ပုံတောင်ကျောက်လွှာစုမှ ကျောက်ဖြစ်ရုပ်ကြွင်းနှင့် ဧရာဝတီကျောက်လွှာစုမှ ကျောက်ဖြစ်ရုပ်ကြွင်းများ၊ သမိုင်းမတင်မီ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်ဆိုင်ရာ သမိုင်းအထောက်အထားများ ခင်းကျင်းပြသထားရှိမှု၊ မင်းခမ်းတော်ပစ္စည်းများ ပြခန်းအတွင်း လက်ယာ၊ လက်ဝဲ မင်းခမ်းတော်ပစ္စည်းများ၊ မင်းခမ်းတော်မဟုတ်သည့် ပစ္စည်းများ ခင်းကျင်းပြသထားရှိမှု၊ မြန်မာ့မြို့ပြယဉ်ကျေးမှုပြခန်းအတွင်း အန္တကူဗုဒ္ဓရုပ်ကြွများ၊ မြေမီးဖုတ် အုတ်ခွက်ဘုရားများ၊ တန်ဆာဆင်ထားသော အင်္ဂတေပန်းတန်းများ၊ နံရံဆေးရေးပန်းချီပုံစံတူ လက်ရာများ၊ ပုဂံရှိစေတီများ၏ ဓာတ်ပုံများနှင့် ပန်းချီကားများ၊ အေဒီ ၁၀ ရာစုမှ ၁၃ ရာစုအတွင်း ကျောက်စာများ၏ မင်ကူးများ၊ ပင်းယခေတ်မှကုန်းဘောင်ခေတ်အထိ ထွန်းကားခဲ့သော လက်ရာပစ္စည်းများ ခင်းကျင်းပြသထားရှိမှုတို့ကို ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှုခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ယခုကဲ့သို့ အမျိုးသားပြတိုက်၌ သမိုင်းကြောင်းဆိုင်ရာများကို လေ့လာကြည့်ရှုခြင်းအားဖြင့် မြန်မာတို့၏အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားမှု၊ အဆင့်အတန်းမြင့်မားပြီး ကြွယ်ဝသည့်ယဉ်ကျေးမှုအမွေအနှစ်များနှင့် မြန်မာတိုင်းရင်းသားတို့၏ စွမ်းဆောင်ချက်များကို သိရှိနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ရှည်လျားသည့် သမိုင်းစဉ်အဆက်ဆက်ကိုလေ့လာနိုင်ခြင်း၊ ဘိုးဘေးများ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်လိုစိတ် ဖြစ်ပေါ်လာစေခြင်းနှင့် မြန်မာနိုင်ငံသားများအဖြစ် ဂုဏ်ယူတတ်လာစေခြင်းတို့ကိုလည်း ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ တန်ဖိုးဖြတ်၍ မရနိုင်သည့် သမိုင်းကြောင်းအထောက်အထားများဖြစ်သည့်အတွက် ပျက်စီးယိုယွင်းမှုများမဖြစ်ပေါ်စေရေးနှင့် လာရောက်ကြည့်ရှုလေ့လာကြသူများအနေဖြင့်လည်း စည်းကမ်းတကျဖြင့် လေ့လာနိုင်ရေး ကြပ်မတ်ထိန်းသိမ်းပြသသွားကြရန်လိုကြောင်း၊ ရှေးဟောင်းအမွေအနှစ်ပစ္စည်းများအား လာရောက်လှူဒါန်းကြသည့် အလှူရှင်များ၏ အမည်များနှင့် အချက်အလက်များကိုလည်း ဖော်ပြထားရှိရန်လိုကြောင်း၊ အချို့သောဓာတ်ပုံမှတ်တမ်းများ၊ စာရွက်စာတမ်းများအား နည်းပညာအသုံးပြု၍ ယခုထက် ကြည်လင်ပြတ်သားမှုရှိအောင် ဆောင်ရွက်ပြီး ပြသထားရှိရန်လိုကြောင်း၊ ရဟန်းရှင်လူပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ နိုင်ငံခြားသားများ၊ သမိုင်းလေ့လာလိုက်စားသူ သုတေသီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဝန်ထမ်းများအနေဖြင့် လာရောက်လေ့လာကြရာတွင် သမိုင်းကြောင်း အထောက်အထားများအား လွယ်ကူရှင်းလင်းစွာနှင့် အချက်အလက်ပြည့်ပြည့်စုံစုံ သိရှိနိုင်ရေး စနစ်တကျ ရေးသားရှင်းလင်းဖော်ပြထားရှိရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် အမျိုးသားပြတိုက် (ရန်ကုန်) ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် အမှတ်တရလက်မှတ်ရေးထိုးပြီး ပြတိုက်ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

27/07/2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)နှင့် အမျိုးသားပြတိုက်(ရန်ကုန်) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး။
ဇူလိုင်လ - ၂၇

26/07/2026

ဟိုတယ် ၊ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် မြန်မာ့ရိုးရာကြိုးဆွဲ ရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်း ဖွင့်ပွဲ အခမ်းအနားတက်ရောက်
ဇူလိုင် ၂၆

19/07/2026

ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (နတ်မောက်) များသို့ အများပြည်သူများ လာရောက်လေ့လာ
ဇူလိုင် ၁၉

၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေးဗဟိုကော်မတီ၏ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပဇူလိုင်...
06/07/2026

၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေးဗဟိုကော်မတီ၏ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဇူလိုင် ၆

၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကျင်းပရေးဗဟိုကော်မတီ ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၀၉ : ၃၀နာရီက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပခဲ့ရာ (၇၉)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ကျင်းပရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းထွတ်သိန်း၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့်၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဖိတ်ကြားထားသူများနှင့် သက်ဆိုင်ရာ ဆပ်ကော်မတီအသီးသီးမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် (၇၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က (၇၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို အခမ်း အနား ၄ ရပ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ နိုင်ငံခြားသံတမန်များ၊ နိုင်ငံရေးပါတီများ နှင့် NGO အဖွဲ့အစည်းများအား အလေးထားဖိတ်ကြားသွားရန် လိုအပ်ပါကြောင်း၊ အာဇာနည်နေ့ အခမ်းအနားသည် နိုင်ငံတော် အဆင့်အခမ်းအနားဖြစ်သည့် အတွက်မှားယွင်းမှုမရှိစေရေး ကော်မတီ၊ ဆပ်ကော်မတီများ အနေဖြင့် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိရန် ပြောကြားခဲ့ပါသည်။

ထို့နောက် (၇၉)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ က (၇၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု များကို ရှင်းလင်းတင်ပြကြပါသည်။

ဆက်လက်ပြီး (၇၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေးဗဟိုကော်မတီ အဖွဲ့ဝင်များက (၇၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး လုပ်ငန်းဆောင်ရွက် ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပါသည်။

ယင်းနောက် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီအသီးသီးတို့မှ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက ဆွေးနွေးတင်ပြကြရာ ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြန်လည်ဖြည့်စွက် ဆွေးနွေးပြောကြားပြီး နိဂုံးချုပ် အနေဖြင့် (၇၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ဆပ်ကော်မတီ အသီးသီးကိုလည်း ဖွဲ့စည်းထားပြီးဖြစ်သဖြင့် ဆပ်ကော်မတီများအားလုံး လုပ်ငန်းကော်မတီနှင့် ဗဟိုကော်မတီတို့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း၊ အထူးသဖြင့် လုံခြုံရေးကို အဓိကထား အလေးပေးဆောင်ရွက်ကြစေလိုပါကြောင်းနှင့် (၇၉)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အခက်အခဲမရှိ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် အားလုံးက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် ပေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အဖွဲ့သည် အာဇာနည်နေ့အခမ်းအနားများကျင်းပမည့် မြို့တော်ခန်းမ၊ အတွင်းဝန်ရုံး (ယခင် ဝန်ကြီးများရုံး)၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် အာဇာနည်ဗိမာန်တို့သို့ သွားရောက်ပြီး အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေးတို့အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ပြင်ဆင်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ် သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ရှေးဟောင်းဝတ္ထုပစ္စည်းအပ်နှံခြင်းအတွက် ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခြင်း အခမ်းအနားသို့ ဟိုတယ်၊ ခရီးသွား...
03/07/2026

ရှေးဟောင်းဝတ္ထုပစ္စည်းအပ်နှံခြင်းအတွက် ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခြင်း အခမ်းအနားသို့ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် တက်ရောက်

ဇူလိုင် -၃

ရှေးဟောင်းဝတ္ထုပစ္စည်းများ လာရောက်အပ်နှံခဲ့ခြင်းအတွက် ဆုကြေးငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဟိုတယ်၊ ခရီးသွား လာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရုံးအမှတ်(၃၅) လောကနတ်ခန်းမ၌ ကျင်းပရာ ဟိုတယ်၊ ခရီး သွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/ အမှုထမ်းများနှင့် ရှေးဟောင်းဝတ္ထုပစ္စည်း အပ်နှံသူများ တက်ရောက်ကြသည်။
အဆိုပါ အခမ်းအနားတွင် မိမိတို့ဒေသအသီးသီးမှ တွေ့ရှိရသော ရှေးဟောင်းဝတ္ထု ပစ္စည်းများကို နိုင်ငံတော်သို့ လာရောက်အပ်နှံခဲ့ကြသည့် တာဝန်သိပြည်သူများအား ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခြင်းအတွက် ပြည်ထောင်စုဝန်ကြီးက တက်ရောက်အမှာစကား ပြောကြားရာတွင်" ဝါသနာအရ စုဆောင်းထားရှိသည့် မိမိတို့၏ အမျိုးသားယဉ်ကျေးမှုအမွေ အနှစ်များ ရေရှည်တည်တံ့ ခိုင်မြဲစေရန် အလို့ငှာ ပျက်စီးပျောက်ဆုံးမှု မရှိစေရန်သော်လည်းကောင်း၊ တရားမဝင် ခိုးယူရောင်းချခြင်းများ မရှိစေရန်သော်လည်းကောင်း နောင်လာနောက်သားများ လေ့လာနိုင်ရန်နှင့် နိုင်ငံတော်က စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် အသိ စိတ်ဓာတ်ပြည့်ဝစွာဖြင့် လာရောက်အပ်နှံပေးခဲ့ကြသည့် တာဝန်သိပြည်သူတစ်ဦးချင်းစီအား နိုင်ငံတော်နှင့် ဝန်ကြီးဌာနကိုယ်စား ကျေးဇူးတင်ရှိပါကြောင်းနှင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ရှေးဟောင်းဝတ္ထုပစ္စည်းများအား ယခုကဲ့သို့ အပ်နှံခြင်းသည် ပြည်သူလူထုပူးပေါင်းပါဝင်မှုနှင့် လူထု၏ ရှေးဟောင်းပစ္စည်းများအပေါ် တန်ဖိုးထားရှိမှုဖြင့် အပ်နှံလိုစိတ်ရှိသည်ကိုလည်း ချီးကျူး ပါကြောင်း၊ ယခုကဲ့သို့ တာဝန်သိသိဖြင့် မိမိနိုင်ငံ၏ ဘိုးဘွားအမွေအနှစ် ရှေးဟောင်းပစ္စည်းများကို နိုင်ငံတော်သို့ အပ်နှံသည့်အတွက်လည်း နိုင်ငံတော်က ပြန်လည်ဂုဏ်ပြုဆုငွေများ ချီးမြှင့် ရခြင်းဖြစ်ပါကြောင်း၊ ဆုကြေးငွေများ တွက်ချက်ရာတွင် မူလတန်ဖိုးများအပြင် ကျောက်ခေတ် ခေတ်ကာလတန်ဖိုး ၁၀၀ %၊ ခေတ်လက်ရာတန်ဖိုး ၄၀ % မှ ၈၀ % ဆိုပြီး ထပ်ဆောင်းတန်ဖိုးများပါ ချီးမြှင့်ပေးပါကြောင်း ပျူခေတ်လက်ရာ ပစ္စည်းများဆိုပါက ခေတ်ကာလတန်ဖိုး ၈၀ %၊ ခေတ်လက်ရာ တန်ဖိုး ၄၀ % မှ ၈၀ %အထိ ထပ်ဆောင်းတန်ဖိုးပါ ချီးမြှင့်ပေးပါကြောင်း၊ ထူးခြား ရှားပါးသည့် ရှေးဟောင်းဝတ္ထုပစ္စည်းများကို ထပ်ဆောင်းတန်ဖိုးအဖြစ် ကာလတန်ဖိုး၏ ၄၀ % မှ ၈၀ % အထိ ထပ်မံချီးမြှင့်ပေးသည့်အတွက် အနည်းဆုံးခေတ်ကာလ ပေါက်ဈေး၏ နှစ်ဆခွဲမှ သုံးဆခွဲကျော်အထိ ဆုကြေးငွေများ တွက်ချက်ချီးမြှင့်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ ရှေးဟောင်း ပစ္စည်းအပ်နှံမှုအတွက် နိုင်ငံတော်က ဂုဏ်ပြုဆုကြေးငွေများ ချီးမြှင့်ပေးနိုင်ရန်အတွက် ၂၀၁၅ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေနှင့် နည်းဥပဒေများပါ ထည့်သွင်းပြဋ္ဌာန်းခဲ့ကြောင်း၊ ရှေးဟောင်းဝတ္ထုပစ္စည်းများတွေ့ရှိခြင်း၊ စုဆောင်းထားရှိရန်အတွက် တရားဝင် ကိုယ်ပိုင်ထိန်းသိမ်းခွင့်ပြုထားပါကြောင်း၊ ထို့ပြင် တရားမဝင် ရောင်းချမှုများရှိပါက နိုင်ငံတော်၏ ယဉ်ကျေးမှုအမွေအနှစ်များ ဆုံးရှုံးရသည့်အတွက် ထိရောက်သည့် ပြစ်ဒဏ်များဖြင့် အရေးယူခံရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရှေးဟောင်းဝတ္ထုပစ္စည်းများ တွေ့ရှိခဲ့ပါကယခုလို နိုင်ငံတော်သို့ အပ်နှံမည်ဆိုလျှင် ဂုဏ်ပြုခံရမည် ဖြစ်သကဲ့သို့ မူလတန်းဖိုးထက် များပြားသည့် ဆုကြေးငွေများ ရရှိခံစားရမည်ဖြစ်ပါကြောင်း" ထည့်သွင်းပြောကြားခဲ့ပါသည်။
ယခုအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ မြို့တွင်းကျေးရွာမှ ဦးသန်းဇော်က ဝါသနာအရ စုဆောင်းထားရှိသော ကျောက်ခေတ်၊ ကြေးခတ်၊ ပျူခေတ်၊ ပုဂံခေတ်၊ ကုန်းဘောင် ခေတ်လက်ရာများဖြစ်သော ကျောက်၊ ကြေး၊ သံ၊ ရွှေ၊ ငွေ၊ မြေနှင့်အရိုးတို့ဖြင့် ပြုလုပ် ထားသည့် ရှေးဟောင်းဝတ္ထုပစ္စည်း (၃၁၃)ခု အပ်နှံခဲ့ခြင်းအတွက် ဆုကြေးငွေတွက်ချက်မှုအရ မူလ တန်ဖိုး ကျပ် (၈၆၄၇၇၆၇/-)၊ ခေတ်ကာလတန်ဖိုး ကျပ်(၆၇၁၃၂၅၉/-)၊ ခေတ်လက်ရာတန်ဖိုး ကျပ်(၃၆၃၅၁၈၁/-) ၊ ထပ်ဆောင်းတန်ဖိုး ကျပ်(၁၅၅၄၄၁၀/-) စုစုပေါင်း ကျပ်(၂၀၅၅၀၆၁၇/-)နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ပုတီးကုန်း ကျေးရွာမှ ဦးဝင်းမင်းထွန်းက ဝါသနာအရ စုဆောင်းထားသည့် ကြေးခေတ်လက်ရာများဖြစ်သည့် ကြေးလက်နက်(၉၈)ခု အပ်နှံခဲ့ခြင်းအတွက် ဆုကြေးငွေတွက်ချက်မှုအရ မူလတန်ဖိုး ကျပ် (၁၃၅၆၀၀၀/-)၊ ခေတ်ကာလတန်ဖိုး ကျပ် (၁၂၂၀၄၀၀/-) ၊ ခေတ်လက်ရာတန်ဖိုး ကျပ်(၅၄၂၄၀၀/-) စုစုပေါင်း ကျပ်(၃၁၁၈၈၀၀/-)နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ရှားတောကျေးရွာမှ ဦးနိုင်လင်းက ဝါသနာအရ စုဆောင်းထားသည့် ကြေးခေတ်၊ သံခေတ်၊ ပျုခေတ်၊ ပုဂံခေတ်၊ ဟံသာဝတီခေတ် လက်ရာများဖြစ်သော ကျောက်၊ ကြေး၊ သံနှင့်မြေထည်တို့ဖြင့် ပြုလုပ်ထားသည့် ရှေးဟောင်းဝတ္ထုပစ္စည်း (၁၂၅) ခု အပ်နှံခဲ့ခြင်းအတွက် ဆုကြေးငွေတွက်ချက်မှုအရ မူလတန်ဖိုး ကျပ်(၈၀၀၆၀၀/-)၊ ခေတ်ကာလတန်ဖိုးကျပ်(၆၀၁၉၄၀/-)၊ ခေတ်လက်ရာတန်ဖိုး ကျပ်(၃၃၃၆၄၀/-) စုစုပေါင်း ကျပ်(၁၇၃၆၁၈၀/-)နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ကိုလည်းကောင်း၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပန်းခင်း (၃) လမ်းမှ ဦးဝင်းကိုကိုက ကြေးခေတ် လက်ရာများဖြစ်သည့် ကြေးနှင့် အရိုးတို့ဖြင့် ပြုလုပ်ထားသည့် ရှေးဟောင်းဝတ္ထုပစ္စည်း (၃၆) ခု အပ်နှံခဲ့ခြင်းအတွက် ဆုကြေးငွေတွက်ချက်မှုအရ မူလတန်ဖိုး ကျပ်(၃၉၂၀၀၀/-)၊ ခေတ်ကာလတန်ဖိုး ကျပ်(၃၅၂၈၀၀/-)၊ ခေတ်လက်ရာ တန်ဖိုး ကျပ်(၁၅၆၈၀၀/-) စုစုပေါင်း ကျပ်(၉၀၁၆၀၀/-) နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း ပြည်ထောင်စုဝန်ကြီးက ပေးအပ်ချီးမြှင့် ခဲ့ပါသည်။ ထို့နောက် ရှေဟောင်းဝတ္ထုပစ္စည်းများ အပ်နှံခဲ့သူများက တစ်ဦးချင်းစီအလိုက် အပ်နှံခဲ့သည့် အကြောင်းအရာများ ရှင်းလင်းတင်ပြခဲ့ပြီး နိုင်ငံတော်က ဆုကြေးငွေများ ပြန်လည်ချီးမြှင့်ခဲ့ခြင်း အပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်း ရရှိသည်။

19/06/2026

ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ၏ နဝမအကြိမ် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
ဇွန်လ ၁၉

14/06/2026

"သမိုင်းအစ ယဉ်ကျေးမှုက"
ဇွန် ၁၃


#သတင်းစဉ်

12/06/2026

၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဗဟိုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ဇွန် ၁၂

Address

Yangon
11191

Alerts

Be the first to know and let us send you an email when MORAC - CultureNews posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to MORAC - CultureNews:

Shortcuts

Share