12/05/2026
"ဖြေးဖြေးလျှောက်၊ ခြေသံ မပြင်းနဲ့"
ဒေါက်တာစန်းဝင်း(သစ်တောတက္ကသိုလ်)
လောကမှာ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့သူများကို အတုယူအားကျစရာ ပုဂ္ဂိုလ်များ အဖြစ် ကျွန်တော့်အနေနဲ့ မှတ်ယူလေ့ရှိပါတယ်။ ကျွန်တော့အနေနဲ့ အားကျစရာလေးတစ်ခု ဖြစ်ပြီး စိတ်ထဲမှာ အမြဲမှတ်မိနေတာလေးကို တိုတို တုတ် တုတ်ဖောက်သည်ချလိုပါတယ်။ အားကျစရာဖြစ်သလို ကိုယ့်ရဲ့ သစ်တော သယံဇာတကို တိုင်း တစ်ပါး သားတစ်ယောက်အနေနဲ့ အစွမ်းကုန် ကာကွယ်သွားလို့ အံ့သြ စရာလည်းဖြစ်ပါတယ်။ ဒီဆောင်းပါးမှာမူရင်းစာရေးသူရဲ့ အင်္ဂလိပ်စာရေးဟန်နဲ့ သူ့ခံစား ချက်ကို စာဖတ်သူများ သိစေလို၍ အင်္ဂလိပ်လို တစ်ချို့တဝက် ထည့်သွင်းထားပါတယ်။
သူကတော့ ကျွန်တော်တို့ရဲ့ သစ်တောအုပ်ချုပ်မှုကို အုတ်မြစ်ချပေးခဲ့တဲ့ Sir.Dietrich Brandis ပါ။ ဂျာမာန်လူမျိုးပါ။ Sir.Dietrich Brandis က ၁၈၅၆ခုနှစ်၊ ဇန်နဝါရီလ ကုန်မှာမြန်မာပြည် ရောက်လာပါတယ်။ ဇနီးသည်က Lord Dalhousie ရဲ့ အမျိုးအနွယ် ထဲကပါ။ သူနဲ့သူဇနီးသည် မြန်မာပြည်ကို ရောက်ပြီး မကြာမီမှာပဲ ဇနီးကို ရန်ကုန်မှာ ချန်ရစ်ကာ ၁၈၅၆ ခုနှစ် ဇန္နဝါရီလကုန်မှ မေလ မိုးကျသည်အထိ ပဲခူးရိုးမ တောထဲမှာ ၅ လကြာတာဝန်ထမ်းဆောင်ခဲ့ပါတော့တယ်။ ဒီတော့သူက သစ်တောများ စီမံအုပ်ချုပ်ဖို့အတွက် အခြေခံ အုပ်မြစ်(၃)ခု ချမှတ် လိုက်ပါတော့တယ်။
အဲဒါတွေကတော့
(၁)သစ်တောက နှစ်စဉ်ထုတ်ပေးနိုင်သော သစ်ထွက်နိုင်မှုထက် ပိုမခုတ်
ယူရန်နှင့် သဘာဝ သစ်တောများကာကွယ်ရန်၊
(၂)သစ်တောကရရှိသော ဝင်ငွေကို သစ်တောအုပ်ချုပ်မှုတွင် ပြန်သုံးပြီး နိုင်ငံအတွက်အပိုငွေ များရရှိရန်နှင့်
(၃) သစ်တောအတွင်း နဲ့ သစ်တောပတ်ဝန်းကျင် ၌ လူအားလုံး
ကျေးလက်ပြည်သူများအပေါင်းအသင်းမိတ်ဆွေဖြစ်စေဖို့ဆိုတာ တွေဖြစ်ပါတယ်။ ဒီအခြေအနေ(၃) ရပ်ကို လေ့လာကြည့်ရင် ယနေ့ပြောကြားနေတဲ့ Sustainable Forest Management Concept ဆိုတာပါဝင်နေတာတွေ့ရသလို Social Forestry ဆိုတာလည်း မကျန်ခဲ့ပါဘူး။
သူရဲ့မြန်မာပြည်သစ်တောမှာတာဝန်ထမ်းဆောင်မှုကာလ (၆)နှစ်အတွင်း အားကျ စရာ တွေအများအပြားထဲက တစ်ခုကတော့ ထိုခေတ် သစ်ကုန်သည်တွေက ကျွန်းပင်ကို နှစ်စဉ် တောထွက် ထက်ပိုပြီး ခုတ်ယူလိုတဲ့ကိစ္စ မဖြစ်မြောက်အောင် ကာကွယ်ပေးခဲ့တာ လေးပဲဖြစ်ပါတယ်။
ရန်ကုန် မြို့ဆိုတာ (၁၈)ရာစု လောက်တုန်းက ကျွန်းသစ်တင်ပို့ရောင်း ချတဲ့မြို့အနေနဲ့သာ နာမည်ကြီးပြီး စီကားလာတဲ့ ဆိပ်ကမ်းမြို့တစ်မြို့ ဖြစ်ပါတယ်တဲ့။ မြန်မာပြည်ဟာ ထိုစဉ်က ဆန်တင်ပို့မှုကို မ,စတင်နိုင်ခဲ့သေးပါဘူး။ ပြောရရင် ဆန် စပါးလုပ်ငန်းမထွန်းကားသေးပါဘူး။ ရန်ကုန်မှာရှိတဲ့ကုန်သည်တွေဟာ သူတို့ရဲ့ ကျွန်းသစ်တင်ပို့တဲ့ လုပ်ငန်း မြန်မြန်ကြီးပွား ဖွံ့ဖြိုးစေလိုပြီး သစ်တော အုပ်ချုပ် မှုစနစ်အရကျွန်းသစ်ထုတ်ယူမှု ကန့်သတ်ထားခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြ ပါတယ်။
Sir.Dietrich Brandis သစ်တောအုပ်ချုပ်မှုအခြေမူ အပိုဒ်(၁)ပါအတိုင်း သစ်တောက နှစ်စဉ်ထုတ်ပေးနိုင်သော သစ်ကို သတ်မှတ်တွက်ချက်ပြီး အဲ့ဒီအ တိုင်း လိုက်နာ ဆောင်ရွက်စေ ပြီး တဖက်ကလည်း ကုန်သည်တို့နဲ့ အခင်မပျက် နေပေး ခဲ့ပါတယ်။ ကုန်သယ်များက စျေးကွက် ဝင်ရောင်းချရသမျှ ကျွန်းပင်အားလုံး ခုတ်ရောင်းချင်နေကြပြီး နှစ်စဉ် တောထွက် ကန့်သတ် ထားတာ ကို ဖြေလျော့ ပေးဖို့တောင်းဆိုကြပါတယ်။
ကုန်သည်များရဲ့ အကြောင်းပြချက်ကတော့ ယခုအခါ ပင်လယ်ရေကြောင်း သွားလာရေး အတွက် သင်္ဘောတွေတည်ဆောက်နေရလို့ ကျွန်းသစ်ဟာ မျက်နှာ ပန်းပွင့်ရောင်းပန်း လှနေတာပါ။ နောင်အခါ သစ်နေရာမှာ သံတွေနဲ့ သင်္ဘော ဆောက် လုပ်ခဲ့ရင် ကျွန်းသစ်ဆိုတာ တချိန်က စျေးကွက်အတွင်းက (ဆေး) တစ်မျိုးအနေနဲ့ ကျန်ရစ် သွားခဲ့မှာပါတဲ့။ အဲဒီအခါမှာကျွန်းသစ်စျေးကျပြီး ကျွန်းပင်တွေဟာလည်း တန်ဖိုး မရှိဖြစ်သွားမှာပါတဲ့။ နောက်ဆုံးတာ့ ကျွန်းသစ်ဟာ အသေးအဖွဲ ကိစ္စရပ်လေး ဖြစ်သွားပြီး ကျွန်းတောကြီး ဟာ လည်းတန်ဖိုးမရှိ ဖြစ်သွားမယ်ဆိုတဲ့ သဘောပါပဲ။ စာဖတ်သူများကို မူရင်းသဘောအတိုင်းခံစား ရအောင် Sir Dietrich, Brandis အင်္ဂလိပ်လို ရေးထားတာလေးကို ဖော်ပြလိုက်ပါတယ်။ “ It has already been mentioned that Rangoon in those days had derived its importance mainly from the export of Teak timber and the ship building trade carried on by means of the Teak timber brought from the forests. Teak at that time was the chief article upon which the prosperity of that town depended, for the export of rice, which since has given it a much greater importance, had at that time hardly begun. The merchants of Rangoon naturally desired to see their business increase rapidly and as soon as they realized that the system introduced by me in 1856 would limit the quantity of Teak brought to market…... Personally I made a point of keeping on good terms with them and they tried hard to induce me to allow them to enter the forests and to cut the whole of the marketable trees. With much show of reason, they contended that ships built of teak would soon be a thing of the past, where iron would, in shipbuilding as well as for all other purposes, replace the use of wood. Within a few years the demand for teak would diminish, prices would fall, and in the end, teak would be a drug in the market and the Teak forests would be valueless”.
ကုန်သည်များဟာ ဒီအတွေးအခေါ်နဲ့ Sir, Dietrich Brandis ထံကို ချဉ်း ကပ်လာခဲ့ ပါတယ်။ သစ်တောဆိုတာ စီးပွားရေးအပြင် ပတ်ဝန်းကျင်ထိန်း သိမ်းရေး အတွက် ပါ အရေး ပါလှတဲ့ကိစ္စရပ်ကိုသိတဲ့ Sir, Dietrich Brandis က ကုန်သည်များရဲ့ ဆန္ဒကို မလိုက်လျော ခဲ့ပါဘူး၊ ကုန်သည်များကတော့ သူတို့ယူဆချက်လက်ကိုင်ထားပြီး ကျွန်းတော အားလုံး ခုတ်ရောင်း ခွင့်ပေးဖို့ တနည်းအားဖြင့်သူတို့ အယူအဆ လက္ခံဖို့တောင်းဆိုခဲ့ပါတယ်။
ကုန်သည် များက Brandis ရဲ့သစ်တောအုပ်ချုပ်မှုအယူအဆ (နှစ်စဉ်တိုးပွား လာသော သစ်ထုထည်ထက်ပိုမခုတ်ရေးအယူအဆဟာ)မှားယွင်းကြောင်းကို မြန်မာ ပြည်ရောက် ဥရောပ နိုင်ငံသား များအကြား နဲ့သာမန် အစိုးအရ အမှုထမ်းများအကြားပါ ဝါဒ ဖြန့်ခဲ့ပုံရပါတယ်။ Sir, Dietrich Brandis က အစိုးရ အပေါ် သစ္စာရှိရှိ တာဝန် သိသိထမ်းဆောင်ခဲ့သော်လည်း ကုန်သည်များရဲ့ ပြောဆို ဆွေးနွေး အကြံပြုချက်ကို လက်မခံရင် Sir, Dietrich Brandis ၏ အသက်အန္တရာယ် ကို တောင် အနှောက် အယှက်ပေးမည့်ပုံအထိ ဖြစ်ပေါ်ခဲ့ပုံရပါတယ်။
“ These considerations, they maintained, imperatively demanded the acceptance of their proposals. They appealed to my sense of duty toward the Government which I was serving, to my ambition and to my common sense, and they pictured in the darkest colors the disastrous consequences of a refusal to back their proposals. And with justice they added that they, the merchants, stood not alone in their views, but that these views were shared by the majority of the public officers and European residents of the Province”.
Dietrich Brandis ကျွန်းသစ်ပိုခုတ်ဖို့သဘောမတူတော့ ပဲခူး ဝန်ရှင်တော် မင်းကြီး Sir Phayre ထံ ချဉ်းကပ်ပြန်ရော။ Sir, Phayre လည်းလက်မခံတော့ အိန္ဒိယ ရှိ အစိုးရ အကြီးအကဲ များထံ သွားပြီးချဉ်းကပ်ပြန်ရော။ ဒီတုန်းက မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်လို အိန္ဒိယအစိုးရထံကို ချဉ်းကပ်ကြတာပါ။
အိန္ဒိယမှာရှိတဲ့ အစိုးရ အကြီးအကဲများကို သစ်ကုန်သည်များ “ မည်သို့မည်ပုံ ချည်းကပ်လိုက်သည်မသိ၊ “ပဲခူးရိုးမရှိကျွန်းတောများကို ခုတ်ယူစေ” ဆိုတဲ့အ မိန့်ချလိုက်ပြီးအဲဒီအမိန့်ကို ရင်ဝယ်ပိုက်ပြီး ရန်ကုန်ပြန်လာပါတယ်။ Sir, Dietrich Brandis အတွက် တစ်ဖက်က အထက်အမိန့် တဖက်က သူ့ရဲ့ သစ်တောအုပ်ချုပ်မှု အခြေခံမူများ ၂ ခုကြားမှာ ဆုံးဖြတ်ဖို့ဖြစ်လာပါတယ်။
"ဆက်ရန်ရှိသေးသည်"