24/04/2026
အားလုံးအတွက် မဟာပညာကျော်
သီရိပျံချီ အလ္လာမာ ဃာဇီ မုဟမ္မဒ် ဟာရှင်မ်
ရဟ်မသုလ် အလိုင်း(၁၉၁၇- ၁၉၉၃)
++++++++++++++++++++++++++++++++++
*မြန်မာမှာဆိုကြ
ဆရာရဲ့ ဂုဏ်ပုဒ်
သင်ဆရာ မြင်ဆရာ ကြားဆရာကွဲ့
ဂုဏ်အင် သုံးတန်နဲ့တိုင်း
ကြားဆရာလဲ သူ
မြင် ဆရာလဲ သူ
သင် ဆရာလဲ
သူ သူ သူပါပဲ
ဘယ်သူငြင်းနိုင်ပါအံ့နည်း။
+သုံးပန်လှ ဆရာတစ်ဆူဆိုလဲ သူပဲ
ပန်းဆိုတာ
သူ့အတွက်ပဲ ပွင့်ရိုး မရှိ
အားလုံးအတွက်ပါ ပွင့်ပေးရ
စေတနာသုံးတန်လှ
ပီတိကို စား
တစ်ပြားမရှိတဲ့
တပည့်တွေ များလှတဲ့ ဆရာ
ဪ...ဖယောင်းတိုင်ပမာ
သူ့ဘဝ မသက်သာ
အများကို အလင်းမပေးခင် အလျင်မှာ
သူကိုယ်တိုင်က ဦးစွာ လောင်ကျွမ်းရ။
+ပညာရှိကို ဂုဏ်ပြုတာ
ဒို့နဗီကြီးကို ဂုဏ်ပြုသည့် ပမာတဲ့။
+အာဝဇ္ဇာန်း ကောင်းတဲ့ ဆရာ
မာန် မာနအလျဉ်းကင်းတဲ့ ဆရာ
ဟန်ရေး ကြွယ်တဲ့ ဆရာ
တရားဟောလဲ ပိုင်
ကျမ်းတွေ တဝေဝေ ကလောင်စွမ်း ထက်ပေ့ဆရာ
တရားနာ ပရိသတ်ရဲ့
အသည်း နှလုံးကို လှုပ်ရမ်း
အရဗီ အသံက သာလှ
မြန်မာစကားအရာလဲ နိုင်
ပါဠိအရာလဲ ပိုင်
ဖာရစီ အူရဒူ အပြိုင် မြိုင်မြိုင်ဆိုင်ဆိုင်
ကဗျာဟန် စာဟန် အပြည့်
သံစဉ်ရယ် သာလှ။
စလယ်ဆုံး စွဲဆောင်သွားတဲ့ ဆရာ
တစ်ပုဒ်ဆို ဆိုသလောက်
တရားရသွားစေတဲ့ ဆရာ
ဟဒယ နှလုံး ရွှင်ပြုံးစေတဲ့ မဟာ ပညာကျော်
တပည့်ကျော်တွေ မမွေး
ဆရာစုံစုံကိုသာ မွေးထုတ်ပေးတဲ့ ဆရာ။
+တစ်ခေတ်မှာမှ တစ်ယောက်တည်း
အလံ မလဲတဲ့ သူ
အောင်လံ မလွဲတဲ့သူ
ဇမ္ဗူမှာ သူလိုလူ ပြိုင်စံရှား
သောင်းထိုက်က ကြား။
၂၂.၄.၂၀၂၆...ည ၆နာရီ ၁၅မိနစ်။
ဆရာ ဝါးခယ်မမောင်မင်းနိုင် ။