28/09/2023
ရာဇဝင်ထဲမှာ ထားခဲ့သောမြန်မာ့ပညာရေး
---------------------------------------
ကျွန်တော်သည် ပညာရေးလောကတွင် ကျင်လည်ခဲ့ပြီး ယနေ့တိုင် ပညာကို မစွန့်လွှတ်နိုင်သေးသူတစ်ဦး ဖြစ်ပါ သည်။ ၂၀၀၀ ပြည့်နှစ်တွင် ကျောင်းဆရာဘဝက အငြိမ်းစားယူခဲ့သည်။
၁၉၉၅ ခုနှစ်မှသည် ၂၀၁၂ ခုနှစ်အထိ ကာလသည် Generation Z ကာလဖြစ်သည်ဟုဆိုထားသောကြောင့် ကျွန်တော်သည် Z အုပ်စုကြားတွင် ပင်စင်စားဖြစ်ခဲ့ရသည်ဟုဆိုရမည်။
Generation Z သည် နည်းပညာကို အလွန်အမင်းခုံမင်စွဲလမ်းသူများဟု ဆိုပါသည်။ ၂၀၀၀ ပြည့်နှစ်လွန် မွေးဖွား လာခဲ့သော လူငယ်များသည်လည်း ယခုအခါ ဖုန်းနှင့်မျက်နှာမခွာ၊ ကွန်ပျူတာကို အားလုံး သုံးလာနိုင်ကြသည်။ ဆိုရှယ်ကွန်ရက်များပေါ်တွင် သူတို့ကမ္ဘာပတ်နေကြသည်။ ကျွန်တော်တို့နိုင်ငံမှာပင် စာသင်ကျောင်းများက သင်မပေးခဲ့သော ကွန်ပျူတာ နည်းပညာများကို Z အုပ်စုများက ဆရာများထက် ကျွမ်းကျင်စွာတတ်မြောက် နေကြောင်းတွေ့ရသည်။
ကမ္ဘာ့ပညာရေးကို မျက်ခြေ မပြတ်တမ်း လေ့လာရင်းက ၂၀၁၆ ခုနှစ်အတွက် ပီယာဆန်သုတေသနအဖွဲ့၏ အကဲဖြတ်ထုတ်ပြန်သည့် ကမ္ဘာ့အကောင်းဆုံး ပညာနိုင်ငံ ၂၀ ထဲတွင် ထိပ်တန်း ၅ နိုင်ငံစာရင်း၌ တောင်ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ ဟောင်ကောင်၊ ဖင်လန်ဟူ၍ သွားတွေ့ရသည်။ အာရှလေးနိုင်ငံက ကမ္ဘာ့အကောင်းဆုံး စာရင်း ဝင်သော်လည်း ကျွန်တော်က ဖင်လန်ပညာရေးကိုသာ စိတ်ဝင်စားမိသည်။ အဘယ်ကြောင့်ဆိုသော် အာရှနိုင်ငံ များ၏ ပညာရေးက စိတ်ဖိစီးမှုတွေများလှသည်။ ပြိုင်ဆိုင်မှုများနှင့် မိဘများ၏ တွန်းအားကြောင့် အာရှနိုင်ငံ တွေက ထိပ်တန်းရောက်နေသော်လည်း အမှန်တကယ် လွတ်လပ် ပေါ့ပါးစွာ ပညာရှာနိုင်သော နိုင်ငံများမှာ အနောက်ဥရောပနိုင်ငံများသာဖြစ်သည်။
အင်တာနက်ထဲတွင် အကောင်းဆုံးပညာပေးနိုင်သည့်လိုင်းမှာ YouTube ဖြစ်ပါသည်။ ရုပ်သံနှင့် ပညာပေးနိုင် သည့်လိုင်းဖြစ်သောကြောင့် အားထားဖွယ်ရာဖြစ်သည်။ အနောက်နိုင်ငံများတွင် ဆရာဝန်ပေါက်စများသည်ပင် ဆရာဝန်ကြီးများ၊ ပါရဂူကြီးများ၏ လက်တွေ့သင်ကြားပြသချက်များကို YouTube တွင် လာရောက် လေ့လာ သင်ယူကြရသည်။ YouTube ထဲတွင် ကောင်းတာတွေလည်း အတုယူနိုင်သည်။ မကောင်းတာတွေလည်း ရှိသည်။ ပညာယူနိုင်သည့်နေရာတစ်နေရာဖြစ်သော http://socialblade.com/youtube/top/category/ education နေရာ တစ်နေရာထဲတွင် လိုင်းပေါင်း ၅၀၀ ခန့်ရှိသည်။ ပညာရေးနှင့် ပတ်သက်ပြီး သိချင်သည့်လိုင်းများကို နှိပ်ကြည့်လိုက်ရုံသာဖြစ်သည်။
ကမ္ဘာ့နိုင်ငံများ၏ ပညာရေးဆိုင်ရာ လုပ်ဆောင်ချက်များကို ပုဂ္ဂလိကတစ်ဦးချင်းအနေဖြင့် မြင်တွေ့ရသည့် အတိုင်း ရိုက်ကူးတင်ထားသည်များရှိသလို၊ သက်ဆိုင်ရာနိုင်ငံများ၊ ကျောင်းများကလည်း ဝါဒဖြန့်သည့်အနေဖြင့် ဗီဒီယို ကလစ်များတင်ထားတတ်သည်။ မည်သည့်ပြကွက်များကိုကြည့်လိုက်သည်ဖြစ်စေ ဗဟုသုတရစရာများ ဖြစ်သည်။
ဖင်လန်နိုင်ငံပညာရေးကို စိတ်ဝင်စားမိသဖြင့် Finland Education ဟုရိုက်ရှာလိုက်သည်နှင့် ကြည့်၍မကုန် လောက်အောင်ကျလာသည်။ ကြည့်စရာရှုစရာများထဲက စိတ်ဝင်စားမိသည့် ဖင်လန်နိုင်ငံပညာရေးအကြောင်းကို ပြန်လည် တင်ပြလိုပါသည်။
ဖင်လန်နိုင်ငံ၏ Education Everywhere ဆိုသည့် အစီအစဉ်ကို Pearson ဖောင်ဒေးရှင်းကပင် ရိုက်ကူးတင် ဆက်ထားခြင်းဖြစ်သည်။ မြင်တွေ့ရသည့် မူလတန်းအဆင့် စာသင်ခန်းလေးထဲတွင် ကျောင်းသား ကျောင်းသူ ၁၂ ဦးခန့်သာရှိသည်။ စာသင်ခန်းတွေက သန့်ရှင်းပြီး ခုံတွေကလည်း ကျယ်ဝန်းကာ အခန်းတစ်ခန်းကို ဆရာ လေးဦး လောက်က တာဝန်ယူသင်ကြားပေးနေကြသည်။ သင်ကြားရာတွင် နည်းပညာအထောက်အကူကို များစွာ အသုံးပြုထားသည်။ Smartboard ခေါ် ကွန်ပျူတာ အီလက်ထရွန်းနစ် ကျောက်သင်ပုန်းကို ဆရာရော ကျောင်းသားများပါ လက်တွေ့သုံးနေကြသည်။
မူလတန်းရောက်လာသည့် ကျောင်းသားများကို မူကြိုတန်းလောက်ကတည်းက စာသင်ကြားပေးထားခြင်း မပြုခဲ့ သောကြောင့် အရိုင်းတုံးလေးများကို စိတ်ကြိုက်ပုံသွင်းနိုင်ကြသည့် အနေအထားဖြစ်သည်။ ကလေးတစ်ယောက် ကို စာချည်းသက်သက်မသင်။ စိတ်ခံစားမှုပျက်စီးသွားမည်ကို အလွန်စိုးရိမ်ကြသည်။ ကလေးဘဝသည် ပျော်ရွှင်စွာ ကုန်ဆုံးစေရမည်ဟု လက်ခံထားကြသည်။ ပညာလည်းသင် ကျန်းမာစေရန်လည်း အလေးထားခြင်း သည် ဖင်လန်ပညာရေး၏ ထူးခြားချက်တစ်ခုဖြစ်သည်။ ထိုစနစ်သည် သူတို့ကျောင်းသား ၉၀ ရာခိုင်နှုန်းခန့် အတွက် စိတ်ချရသည့်စနစ်ဖြစ်ကြောင်း ပညာရှင်များကဂုဏ်ယူကာပြောကြသည်။
ကျောင်းသား ကျောင်းသူတိုင်း ဉာဏ်ရည်မတူညီနိုင်ပေ။ ဉာဏ်ရည် အလွန်နိမ့်သူများအတွက် သူတို့ကျောင်းများ တွင် စပယ်ရှယ်တီချာများကို ထားပေးကြသည်။ သင်ယူမှုတွင် အခက်အခဲရှိနိုင်သည့် ကျောင်းသားများကို တစ်ဦး သို့မဟုတ် နှစ်ဦးတည်းခွဲကာ စိတ်ရှည်စွာ သင်ကြားပေးရခြင်းမှာ အထူးဆရာများ၏ တာဝန်ဖြစ်သည်။ အချို့ ကလေးများသည် စာဖတ်ရာတွင်လည်းကောင်း၊ နားထောင်ရာတွင်လည်းကောင်း အခြား ကလေးများနှင့်မတူ ခက်ခဲတတ်သည်။ ထိုကလေးများကို အထူးဆရာများက ကြပ်မတ်ရသည်။
ဖင်လန်နိုင်ငံတွင် အထူးသင်ကြားပေးရန်လိုသည့် ကလေးတိုင်းကို အထူးသင်ယူနိုင်ရန် အခွင့်အရေးများ ပေးထားသည်။ သူတို့သည် အခြားသူများထက် ဉာဏ်ရည်နိမ့်ကောင်း နိမ့်နိုင်သော်လည်း သူတို့ဝန်းကျင်တွင် အကူ အညီပေးမည့်ဆရာကောင်းများရှိနေသောကြောင့် ပညာရေးသည် စိတ်ဓာတ်ကျစရာ၊ သူတို့နှင့် အလှမ်း ဝေးလွန်း လှသည်ဟု ထင်စရာ အကြောင်းလည်း မရှိပေ။ သူတို့ကို ခွဲခြားဆက်ဆံသည်ဟု မထင်စေရန် လွတ်လပ်မှုကို အခြားသူများထက် ပိုပေးထားသည်။ စာသင်ခန်းသည် သူတို့အတွက် ချုပ်နှောင်ထားသော နေရာတစ်နေရာ မဖြစ်စေရန် အထူးဆရာများက ဂရုထားကြသည်။
အထူးဆရာများသည် အဖွဲ့လိုက်လှုပ်ရှားကြရသည်။ စိတ်ပညာကို နားလည်သောသူများ၊ သူနာပြုအတတ် ကျွမ်းကျင်သူများ၊ သင်ကြားမှုကို နားလည်သောဆရာများ အဖွဲ့လိုက်ပူးပေါင်းပြီး ကလေးများကို တာဝန်ယူကြရ သည်။ ဆရာများသည် တစ်လလျှင် နှစ်ကြိမ် အစည်းအဝေးထိုင်ရသည်။ အစည်းအဝေးတွင် ကျောင်းသားတစ်ဦး ချင်း၏ တိုးတက်မှု ဆုတ်ယုတ်မှု အခြေအနေများကို တင်ပြပြီး အပြန်အလှန်ဆွေးနွေးကြရသည်။ ဆရာများ အားလုံး အမြင်များကို စုပေါင်းခြင်းသည် ကလေးများ၏ အနာဂတ်ကို ဆုံးဖြတ်နေခြင်းလည်း ဖြစ်သည်။ သူတို့ တာဝန်ယူထားရသည့်ကလေးများ၏ တစ်ဦးချင်း ပြဿနာများသည် သူတို့အဖွဲ့၏ တာဝန်များဖြစ်သည်။ အားသာချက် အားနည်းချက်များကို ထောက်ပြကြသည်။
ဖင်လန်နိုင်ငံပညာရေးသမားများ၏ ဆောင်ပုဒ်မှာ မည်သည့်ကလေးမျှ နောက်ကျကျန်မနေစေရ ဖြစ်သည်။ သို့ဖြစ်ရာ ဉာဏ်ရည်နိမ့်သူများကို အကဲဖြတ်ခြင်း၊ နိမ့်သူကို မြင့်သူများဖြစ်စေရန် လေ့ကျင့်ပျိုးထောင်ပေးခြင်း အားလုံးတန်းတူ ပညာကိုသင်ယူနိုင်ခြင်းများဖြစ်စေရန် တာဝန်ယူပေးကြကြောင်းလည်းတွေ့ရသည်။ ပညာရေးကို စိတ်ပါဝင်စားသူများ အနေဖြင့် www.edutopia.org/education-everywhere သို့လည်း သွားရောက် ကြည့်ရှု ကြစေချင်ပါသည်။
ဖင်လန်ပညာရေးက ဖိအားအနည်းဆုံးပညာရေး၊ လွတ်လပ်မှုအများဆုံးပေးပြီး ပျော်ရွှင်စွာ သင်ယူနိုင်မှုကို ဦးစား ပေးသည့် ပညာရေးဖြစ်သည်။ အာရှတွင် ထိပ်တန်းရောက်နေသည့် တောင်ကိုရီးယားနိုင်ငံ၏ ပညာရေးကို လေ့လာကြည့်လိုက်သည့်အခါတွင် ကိုရီးယားမိဘများသည် သူတို့သားသမီးများ ပညာရေးကို အခြားနိုင်ငံ များထက် အကဲပိုကြသည်ကိုတွေ့ရသည်။ သူတို့နိုင်ငံတွင် ပြိုင်ဆိုင်မှုကများလွန်းသောကြောင့် မူလတန်းအရွယ် ကတည်းက မိဘလည်းပြိုင် ကလေးများလည်း ပြိုင်ဆိုင်နေကြရသည်။ သူတို့နိုင်ငံပညာရေးစနစ်က Strong performers and successful reformers in education များဖြစ်လာစေရန် အားထုတ်နေကြသည်။ အောင်မြင်မှုကို ရှေ့တန်းတင်လွန်းသည့်နိုင်ငံဟုဆိုရမည်။
တောင်ကိုရီးယားနိုင်ငံတွင် ၁၉၉၆ ခုနှစ်ကတည်းက ကျောင်းများတွင် ICT ကို အစပျိုးထည့်သွင်းခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် စာသင်ခန်းတိုင်း ICT ကို မဖြစ်မနေသုံးနိုင်သည့် အဆင့်ရောက်သွားပြီဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် သူတို့ ပညာရေးကို Smart Education လမ်းကြောင်းကို ချနိုင်ခဲ့သည်။ တစ်နည်းဆိုရလျှင် ကျောင်းပြဋ္ဌာန်း ချက်အားလုံးကို Digitalize လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
Digitalize လုပ်ခြင်းဆိုသည်မှာ ၂၁ ရာစုအတွက် ပညာရေးကို လူတိုင်းရယူ ခံစားနိုင်စေရန် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်သည်။ စာအားလုံးကို ကွန်ပျူတာ၊ တက်ဘလက်၊ လက်ပ်တော့၊ မိုဘိုင်းလ်ဖုန်းများပေါ်တွင် ရယူဖတ်ရှုနိုင် သည်။ ပညာရေးကို ICT နှင့်ပေါင်းစပ်လိုက်သောကြောင့် ကလေးတိုင်း မူလတန်းအထက်ဆင့်လောက်ဆိုလျှင် လက်ပ်တော့တွေကိုယ်စီနှင့်ဖြစ်နေကြသည်။
၂၁ ရာစု ပညာရေးလမ်းကြာင်းကို အမီလိုက်နိုင်စေရန်အတွက် ICT ကသာ တွန်းအားတစ်ခုဖြစ်ကြောင်း ပညာရေး ထိပ်တန်းဖြစ်နေသည့် နိုင်ငံအားလုံး နားလည်ကြသည်။ အင်တာနက်ကို အားကိုးကြသည်။ သိလိုသည်များကို အင်တာနက်တွင် ရှာဖွေနိုင်ရန် လမ်းကြောင်းပေးကြသည်။ ကွန်ပျူတာ အင်တာနက်ဖြင့် ပူးပေါင်းလုပ်ဆောင် နိုင်မှုများကို အကဲဖြတ်အမှတ်ပေးခြင်းများကိုလည်း ပြုလုပ်ကြသည်။
ဖင်လန်နိုင်ငံ၏ ပညာရေးစနစ်သည် ဖိအားမဲ့ ကိုယ်တိုင်လေ့လာမှရသည့် ပညာရေးစနစ်ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံကတော့ ဖိအားတွေများသည်။ ကျောင်းပြီးလျှင် နောက်ထပ်တစ်ကျောင်း (ကျူရှင်) ကို တက်ကြရသေးသည်။ ဖင်လန်တွင်ထိုစနစ်မရှိ။ ကျောင်းပြီးလျှင် အိမ်တွင် လေ့လာသင်ယူမှုများကို လွတ်လပ်စွာ လုပ်ဆောင်နိုင်စေရန် လမ်းကြောင်းပေးထားသည်။
မြန်မာနိုင်ငံသည် ပညာရေးတွင် အိမ်နီးချင်းနိုင်ငံများထက် များစွာနောက်ကျကျန်ခဲ့သည်။ ပညာရေးစနစ်ကို အကောင်အထည်ဖော်နေသူများသည် ICT ကို ဟန်ပြလောက်သာလုပ်ပြီး လက်တွေ့တွင် သင်ရိုးညွှန်းတမ်း များက လွန်ခဲ့သော နှစ်ပေါင်း ၃၀ လောက်ကတည်းက စာများဖြစ်နေသည်။ မြန်မာနိုင်ငံ ပညာရေးအတွက် အရည်အချင်းပြည့်ဝသည့် ဆရာများကို မွေးထုတ်နိုင်ခြင်းမရှိသေး။ ဆရာအများစုသည် ICT ကို နားမလည်။ ကျောင်းများတွင် ကွန်ပျူတာမရှိ။ ရှိလျှင်လည်း အသုံးမပြုနိုင်။ အင်တာနက်ကလည်းမရ။ ကျောင်းသားတိုင်း ကွန်ပျူတာအင်တာနက်သုံးနိုင်ရေးက အလှမ်းဝေးလှသေးသည်။ ပညာရေးကလည်း ကွန်ပျူတာအင်တာနက် မသုံးလျှင်ရနေသည့် အနေအထားများဖြစ်နေသေးသည်။
အိမ်နီးချင်းနိုင်ငံအားလုံး Smart Education နှင် ၂၁ ရာစုပညာရေးလမ်းကြောင်းကို လိုက်နေသည်။ မြန်မာနိုင်ငံ ကား ၁၉ ရာစုထဲမှာ ဝဲလည်ကာကျန်ခဲ့သည်။
(Photo Credit: Vantaan kaupunki)
တင်ညွန့်
၂၆.၈.၂၀၂၃