01/12/2023
မနေ့က "ပါချုပ်ဆရာတော်ဘုရားကြီး" ရဲ့
"သူတော်ကောင်းတို့၏ စိတ်နေစိတ်ထား" တရားတော်ကို နာယူတဲ့အခါ "သူတော်ကောင်းဆိုတာ" က
ကိုယ်ကျင့်တရားလည်းကောင်းပြီး အသိဥာဏ်ပညာမှာလည်းအရည်ချင်းရှိပြီးတော်တဲ့သူမျိူးကို သူတော်ကောင်းလို့ ယေဘုယျသတ်မှတ်တယ်ပေါ့။
လောကမှာ တော်ပြီး ကိုယ်ကျင့်တရားမကောင်းတဲ့သူတွေများလာရင် လောကကြီးက အန္တရာယ်များလာပြီး၊ ကိုယ်ကျင့်တရားကောင်းပြီး မတော်တဲ့ သူတွေများလာရင်လည်း အများအကျိုးအတွက် စွမ်းဆောင်နိုင်သူတွေ နည်းလာမယ်ပေါ့။
မဖြစ်မနေတစ်ခုကို ရွေးချယ်ပါဆိုရင်တော့ ကိုယ်ကျင့်တရားကောင်းဖို့ကိုသာ ရွေးချယ်ရမှာဖြစ်ကြောင်း ဘုန်းဘုန်းကဟောကြားပါတယ်။
ဘာဖြစ်လို့လဲဆိုတော့...
ကိုယ်ကျင့်တရားကောင်းဖို့က ကိုယ့်စိတ်ကိုယ်ကို
အမြဲဆုံးမပြီး ကြိုးစားအားထုတ်ကြရင် လူတိုင်းကိုယ်ကျင့်တရားကောင်းလာနိုင်တယ်ပေါ့။
ဒါကြောင့်မို့ မတော်ပေမယ့်လည်း ကောင်းတဲ့သူတွေများလာရင် လောကကြီးက ဒုက္ခမရောက်နိုင်ဘူး ဆိုတဲ့သဘောကို သက်ရောက်ပါတယ်။
ဒါပေမယ့်လည်း တစ်ဖက်မှာ...
ပညာအရည်အချင်းတော်ဖို့ကကျတော့
ကံကံရဲ့အကျိုးအတိုင်း မိမိမှာတွေးခေါ်ဆင်ခြင်သုံးသပ်နိုင်တဲ့ အသိဥာဏ်ပါသလောက်ပဲရမှာပေါ့။
အသိဥာဏ် (Intelligence) ဆိုတာကို အခုခေတ် သိပ္ပံနည်းကျ ပြန်ခွဲကြည့်ရင် အဓိကအားဖြင့် (၄) မျိူးရှိတာတွေ့ရပါတယ်။
(1) IQ
(2) EQ
(3) SQ
(4) AQ
(1) Intelligence Quotient ကတော့ အကြောင်းအရာတစ်ခုခုဆို လွယ်လင့်တကူနားလည်နိုင်စွမ်းရှိတာမျိူး၊ မှတ်နိုင်စွမ်းအားကောင်းတာမျိူးလို့ ယေဘုယျသတ်မှတ်လို့ရတာကြောင့် IQ ကောင်းရင် ကျောင်းပညာရေး၊ ပညာရပ်တစ်ခုခုနဲ့ပတ်သက်ပြီး ထူးချွန်တာမျိုးဖြစ်နိုင်ပါတယ်။
(2) Emotional Quotient ကတော့ အခက်ခဲတွေနဲ့တွေ့တဲ့အခါ ကိုယ့်စိတ်ခံစားချက်တွေကို ဘယ်လိုထိန်းချုပ်ပြီး စိတ်ထဲမှာအကြည်ဓာတ်မပျက်အောင် manage လုပ်သွားပြီးအောင်မြင်အောင် လုပ်ဆောင်သွားမလဲဆိုတာမျိူးပါ။ ဒါကြောင့်မို့လည်း IQ ဘယ်လောက်ကောင်းကောင်း ကိုယ့်ရဲ့ EQ နဲ့ပတ်သက်ပြီး ကောင်းကောင်းမထိန်းချုပ်နိုင်ရင် မအောင်မြင်နိုင်ဘူးလို့ အခိုင်အမာပြောခဲ့တာတွေရှိတာပါ။
(3) Social Quotient ကတော့ ဒီဘက်ခေတ်ပိုင်းမှာ တကယ့်ကို အရေးကြီးတဲ့ အခန်းကဏ္ဍကပါဝင်လာတာမျိုးပါ။ Social Network ကောင်းကောင်း တည်ဆောက်နိုင်သူတွေ၊ ကိုယ်ဘာတွေပဲလုပ်လုပ် ကိုယ့်ဘက်ကရှိနေပြီး စိတ်ဓာတ်ခွန်အားပေး လမ်းမှန်ရောက်အောင်ပြသပေးနိုင်တဲ့ အပေါင်းသင်းကောင်း မိတ်ဆွေကောင်းတွေရှိတဲ့သူတွေဟာ အောင်မြင်ဖို့ အရမ်းမခက်ခဲနိုင်တော့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မြတ်စွာဘုရားဟောခဲ့တဲ့အတိုင်း "အပေါင်းအသင်းမိတ်ဆွေကောင်းရှိတဲ့သူဟာ ကိစ္စတစ်ခုကို ပြီးမြောက်အောင်မြင်နိုင်ဖို့က 100%" ဆိုတာကို လက်ခံယုံကြည်ရမှာပါပဲ။
နောက်ဆုံးတစ်ခုဖြစ်တဲ့ (4) Adversity Quotient က Covid ကာလကနေစပြီး ယခုကာလအထိ လူတိုင်းမှာရှိသင့်တဲ့ အရည်အသွေးတစ်ခုလို့ ထင်မိပါတယ်။ ဘာလို့လဲဆိုတော့ Covid ကာလကစပြီး ယခုအချိန်အထိလူတွေဟာ ဘဝပျက်သွားစေလောက်တဲ့ အခက်ခဲတွေကို ပုံစံမျိုးစုံနဲ့ လူတိုင်းနီးပါး ရင်ဆိုင်လာကြရတာပါပဲ။ တစ်ချို့တွေက စီးပွားပျက်တာနဲ့ရင်ဆိုင်ရတဲ့အချိန်၊ တစ်ချို့တွေက မိသားစုဝင်တွေဆုံးရှုံးပြီး ဘဝကိုရှေ့ဆက်မရှင်သန်ချင်လောက်တဲ့ လောကဓံတွေနဲ့ ကြုံတွေ့ရကြတယ်။ အဲလိုအခါမျိုးမှာ ဒီလိုအခက်ခဲတွေကနေ ရှင်သန်ထမြောက်နိုင်ဖို့ဆိုတာ AQ ကောင်းတဲ့သူမှသာ လွတ်မြောက်နိုင်တာမျိုးပါ။ ကိုယ့်အမြင်အရပြောရရင် AQ ကောင်းဖို့ဆိုတာ လေ့ကျင့်ယူလို့ရနိုင်တာမျိုးပါ။ အခက်ခဲတွေကြောင့် ဘဝကို ဆက်ရှင်သန်ချင်စိတ်မရှိတော့တဲ့အခါ လွယ်လင့်တကူလက်လျှော့အရှုံးမပေးဘဲ မိမိရဲ့သက်ဝင်ယုံကြည်တဲ့ ဘာသာတရားရဲ့အဆုံးမတွေအတိုင်းလိုက်နာကျင့်သုံးတာမျိုး၊ မိမိရဲ့လောကဓံတွေကို မိမိယုံကြည်ရတဲ့ မိတ်ဆွေ၊ မိသားစုတွေနဲ့ ဖွင့်ဟတိုင်ပင်တာမျိုးတွေ၊ မိမိဝါသနာပါပြီး စိတ်ကိုအေးငြိမ်းစေတဲ့ အရာမျိုးတွေလုပ်ပြီး လောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ဖို့ လေ့ကျင့်ရမှာပါပဲ။ "မုန်တိုင်းတွေပြီးရင် ရောင်နီလာမှာပါ" ဆိုတဲ့အတိုင်း အကောင်းတွေလည်းအမြဲမဖြစ်သလို အဆိုးတွေကလည်းအမြဲတမ်းမြဲနေမှာမဟုတ်ဘူးဆိုတာကို လက်ခံတတ်ဖို့ မိမိကိုယ်တိုင် လေ့ကျင့်နေထိုင်သွားကြရင် AQ ကောင်းပြီး လောကဓံကိုရင်ဆိုင်ကျော်ဖြတ်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။
ဆိုတော့ ပြန်ချုပ်ရရင် ယခုခေတ်အခြေအနေအရ
အသိဥာဏ်ပိုင်းမှာတော်တယ်ဆိုတာမျိုးက အရေးကြီးတဲ့အစီစဥ်အလိုက်စီရရင် ကိုယ့်အတွက်ကတော့ -
(1) AQ
(2) IQ
(3) EQ
(4) SQ လို့ပဲ ထင်မြင်မိပါတယ်ရှင်။
(ဒီစာကိုရေးနေရင်းနဲ့ မဟာပုရိသကျောက်ဂူတောရဆရာတော်ဘုရား ဆုံးမဖူးတဲ့ "သူတော်ကောင်း" ဆိုတဲ့ အဓိပ္ပာယ်လေးကိုလည်း ပြန်သတိရမိပါတယ်။ အဲဒါကတော့...
"ဘယ်သူကောင်းကောင်း မကောင်းကောင်း
ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း" ပါတဲဲ့။ ။)
27/11/2023
4:00 PM
Monday