17/07/2026
#ပြာယာခတ်မနေနဲ့_ပြာဖြစ်သွားမယ့်ခန္ဓာအတွက်
🚱 ပြာယာခတ်မနေနဲ့ (ဘဝဆည်းဆာနေဝင်ချိန်)
အချိန်နှင့် လောကဓံအောက်က အိုမင်းခြင်း
လူ့ဘဝရဲ့ အချိန်နေ့ရက်တွေ၊ နှစ်ပေါင်းများစွာကို ဖြတ်သန်းလာခဲ့ပြီးတဲ့နောက်မှာ ကမ္ဘာကြီးကတော့ တိုးတက်ပြောင်းလဲခြင်းအသစ်တွေနဲ့ လည်ပတ်နေဆဲ ဖြစ်ပေမဲ့ မိမိခန္ဓာကိုယ်ကတော့ အချိန်ရဲ့ တိုက်စားမှုအောက်မှာ တဖြည်းဖြည်း အိုမင်းရင့်ရော်လာခဲ့ပါပြီ။
တစ်ချိန်က ရှိခဲ့ဖူးတဲ့ နုပျိုခြင်းတွေ၊ ပေါ့ပါးသွက်လက်မှုတွေနဲ့ အားအင်တွေဟာလည်း အခုတော့ ကိုယ့်ကို နှုတ်ဆက်ပြီး ဝေးဝေးကို ထွက်ခွာသွားကြပါပြီ။
🚳 တိုတောင်းလှသော လူ့ဘဝနှင့် အနိစ္စတရား
ပြန်တွေးကြည့်ရင် လူ့ဘဝဆိုတာ တကယ်ပဲ အိပ်မက်တစ်ခုလို တိုတောင်းလွန်းလှပါတယ်။ ငယ်စဉ်တုန်းကတော့ အချိန်ရဲ့ တန်ဖိုးကို မသိခဲ့ဘူး၊ ပြက္ခဒိန်ကိုတောင် မကြည့်တတ်ခဲ့တဲ့ အရွယ်ပေါ့။
ဒါပေမဲ့ အခုလို အသက်အရွယ်ရလာပြီး လောကရဲ့ မမြဲခြင်း အနိစ္စတရား ကို နားလည်သဘောပေါက်လာတဲ့အခါမှာတော့ အရာရာကို လောဘတကြီး ရယူချင်စိတ်တွေထက်... တပါးသူကို ပေးဆပ်ခြင်း၊ စွန့်ကြဲခြင်းတွေမှာ ပိုပြီး ရက်ရောတတ်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ည အိပ်ရာဝင်ပြီးရင် မနက်ဖြန်ဆိုတာ ရှိဦးမလား... ကိုယ့်အသက်အတွက် ဘာအာမခံချက်မှ မရှိလို့ပါပဲ။
🚱 မာနတွေကို ချွတ်ထားခဲ့ပါ
ခန္ဓာကိုယ်အတွက် ရှာဖွေခဲ့တဲ့ ဂုဏ်ဒြပ်၊ အရှိန်အဝါနဲ့ မာန်မာနတွေကို ပြာယာခတ်ပြီး လိုက်ရှာမနေပါနဲ့ဦး။ ဘဝနိဂုံးချုပ်သွားတဲ့အခါ အဲဒီအရာတွေက ပြာအဖြစ်ပဲ ကျန်ခဲ့မှာဖြစ်ပြီး ကိုယ့်နောက်ကို ဘာတစ်ခုမှ ပါသွားမှာ မဟုတ်ပါဘူး။ ဒါကြောင့် အဲဒီမာနတွေကို ခုကတည်းက ခဝါချပြီး ချွတ်ထားလိုက်ပါတော့။
🚱 ငြိမ်းချမ်းသော နေဝင်ချိန်
ဘဝရဲ့ နေဝင်ချိန်ဖြစ်တဲ့ ညနေဆည်းဆာအချိန်လေးဟာ တဖြည်းဖြည်းနဲ့ နီးကပ်လို့ လာနေပါပြီ။ အဲဒီအချိန်မှာ စိတ်နှလုံး တိတ်ဆိတ်ငြိမ်သက်ပြီး အေးအေးချမ်းချမ်း ရှိနေနိုင်ဖို့အတွက်... ရင်ထဲက ဒေါသတွေ၊ မောဟတွေကို လျှော့ချလိုက်ပါ။ ပြီးတော့ ဒီမှာရော့... ယူပါ ဆိုပြီး မိမိမှာရှိတဲ့ အချစ်တွေ၊ မေတ္တာတွေကို အများသူငါအတွက် ခွဲဝေပေးကမ်း လှူဒါန်းသင့်လှပါပြီ။
လွန်လွန်း (ညိုပုသေး)
၁၅.၇.၂၀၂၆