အင်းဝမြို့ဟောင်းသည် အေဒီ ၁၃၆၄ မှ ၁၈၄၀ ထိနှစ်ပေါင်း (၄၀၀) ခန့် (၄) ကြိမ်တိုင်တိုင် မင်းနေပြည်တော် ဖြစ်ခဲ့သော မြို့တော်ဟောင်းတစ်ခု ဖြစ်သည်။ ဗြိတိသျှတို့ တိုက်ခိုက်သိမ်းယူခြင်း မပြုမီက မြန်မာနိုင်ငံကို ပြည်ပက AVA (အင်းဝ) ဟုသာ ခေါ်ဝေါ်သုံးစွဲ ခဲ့ကြသည်။
၁၃၆၄ ခုနှစ် ရှမ်းတို့ တိုက်ခိုက်မှုကြောင့် စစ်ကိုင်းနေပြည်တော် ပျက်စီးသွားသောအခါ သတိုးမင်းဖျား (၁၃၆၄-၆၈) က အင်းဝတွင် မင်းနေပြည်တော် တည်ထောင်
၍ စနေခဲ့သည်။ မြို့တော်ကို "ရတနာပူရ" ဟု အမည် သမုတ်ခဲ့သည်။ ၁၅၂၇ ခုနှစ် ရွှေနန်းကြော့ရှင် (၁၅၀၂-၂၇) အား သိုဟန်ဘွားက လုပ်ကြံခဲ့သည်မှစ၍ အင်းဝကို ရှမ်းမင်းတို့ အုပ်စိုးခဲ့ကြသည်။ ၁၅၅၅ တွင် ဟံသာဝတီ ဆင်ဖြူများရှင် (၁၅၅၁-၈၁)က အင်းဝကို တိုက်ခိုက်အောင်မြင်ပြီး အင်းဝတွင် ဘုရင်ခံခန့်ထား အုပ်ချုပ်စေခဲ့သည်။ ၁၅၉၃ ခုနှစ် အင်းဝဘုရင်ခံ မင်းရဲကျော်စွာစုန် ဟံသာဝတီသို့ စုန်ရာတွင် မြို့အဖြစ်မှ ရပ်စဲခဲ့သည်။ ၁၅၉၉ ခုနှစ်တွင် ဟံသာဝတီ ဆင်ဖြူများရှင်၏ သားတော်တစ်ပါး ဖြစ်သော ညောင်ရမ်းမင်း (၁၅၉၉-၁၆၀၅) က အင်းဝ နေပြည်တော်ကို ပြန်လည်တည်ထောင်ခဲ့သည်။ မြို့တော်ဟောင်းကို အရှေ့၊ အနောက်နှင့် တောင်သို့ တိုးချဲ့ခဲ့သည်။ ရတနာပူရ အမည်ကို ဖျက်၍ ရွှေဝမြို့ကြီးဟု သမုတ်ခဲ့သည်။ ၁၅၇၂ တွင် မွန်တို့က အင်းဝကို တိုက်ခိုက်ချေမှုန်းခဲ့ပြန်သည်။ ကုန်းဘောင်မင်းဆက်မှ တတိယမင်းဖြစ်သော ဆင်ဖြူရှင် မြေဒူးမင်း (၁၇၆၃-၁၇၇၆) က ၁၇၆၅ တွင် ရတနာပူရ (အင်းဝ) မင်းနေပြည်တော် အသစ်ကို တတိယအကြိမ် တည်ခဲ့ပြန်သည်။ ဘိုးတော်ဘုရား (၁၇၈၂-၁၈၁၉) နန်းတက်ပြီး ၁၇၈၃ ခုနှစ်တွင် အမရပူရ နေပြည်တော်သစ်ကို တည်ထောင်ခဲ့ရာ အင်းဝ နေပြည်တော် ပျက်သုံးခဲ့ရပြန်သည်။ ဘိုးတော်ဘုရားကို ဆက်ခံသူ ဘကြီးတော် (၁၈၁၉-၁၈၃၇) က ၁၈၂၁ ခုနှစ်ခန့်တွင် အင်းဝသို့ မင်းနေပြည်တော် ပြန်လည် ရွှေ့ပြောင်းခဲ့သည်။
သာယာဝတီမင်း (၁၈၃၇-၁၈၄၆) က ၁၈၄၀ တွင် မင်းနေပြည်တော်ကို အမရပူရသို့ ရွှေ့ပြောင်းသည်မှစ၍ အင်းဝသည် မင်းနေပြည်တော် အဖြစ်မှ အပြီးတိုင် ရပ်စဲခဲ့သည်။
-----------------------------------------------------------------------------
The ancient city of Inn-wa was the capital of the Burma from 1364 to 1840, four times for 400 years. When Sagaing Nay Pyi Taw was destroyed by the Shan invasion in 1364, Thatoe Min Phya (1364-68) established his capital at Inn-wa. Inn-wa has been ruled by Shan kings since the assassination of the Shwe Nan Kyaw Shin (1502-27) in 1527 by Tho Hanbwa. In 1555, the Hanthawaddy Sin Phyu Myar Shin King (1551-81) conquered Inn-wa and appointed a governor of Inn-wa. In 1593, Min Ye Kyaw Swa, the governor of Inn-wa, moved to Hanthawaddy and then Inn-wa ceased to be a capital. In 1599, Nyaungyan King (1599-1605), a son of the Hanthawaddy Sin Phyu Myar Shin King, re-established Inn-wa Nay Pyi Taw. The old city was expanded to the east, west and south. Yadanarpura was abolished and renamed Shwewa Myo Gyi. In 1572, the Mons attacked and defeated Inn-wa again. The third king of the Konbaung dynasty, Sin Phyu Shin Mye Du (1763-1776), established the new capital of Yadanarpura (Inn-wa) for the third time in 1765. Bo Daw Phayar (1782-1819) ascended the throne and in 1783 the new capital Amarapura was established and Inn-wa Nay Pyi Taw was destroyed. Ba Gyidaw (1819-1837), the successor of Bo Daw Phayar, moved his capital back to Inn-wa around 1821. When King Thayawaddy (1837-1846) moved his capital to Amarapura in 1840, Inn-wa ceased to be the capital forever.