03/01/2023
တာလေမြို့၊ ခါရှဲကျေးရွာ၌ ကျောင်းဆောင်သစ်၊ သောက်သုံးရေနှင့် အခြေခံစားသောက်ကုန်များလှူဒါန်းပေး
တာလေ ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေမြို့၊ ခါရှဲကျေးရွာ၌ ကျောင်းဆောင်သစ်၊ ကျေးရွာသောက်သုံးရေနှင့် ဒေသခံ ပြည်သူများအား အဝတ်အထည်၊ ဆန်၊ဆီနှင့် အခြေခံစားသောက်ကုန်များလှူဒါန်းပေးခြင်းကို ဇန်နဝါရီ ၂ ရက်က အဆိုပါကျေးရွာရှိ ထေရဝါဒတောင်တန်းဗုဒ္ဓသာသနာပြုကျောင်းဆောင်သစ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ထေရဝါဒတောင်တန်းဗုဒ္ဓသာသနာပြု ကျောင်းဆောင်သစ်ရေစက်ချခြင်းအခမ်းအနား ကျင်းပပြု လုပ်ရာ တောင်တန်းသာသနာပြုဗဟိုခေါင်းဆောင်ဆရာတော် ဘဒ္ဒန္တဣန္ဒဓမ္မထံမှ ဧည့်ပရိတ်သတ်အပေါင်းက ငါးပါး သီလခံယူဆောက်တည်ပြီး သံဃာ တော်အရှင်သူမြတ်များရွတ်ပွားသရဇ္ဇုာယ်မူသော ပရိတ်တရားတော်များကို နာယူသည်။ ထို့နောက် သံဃာတော် အရှင် သူမြတ်များအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် အလှူရှင်များက လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းရာ ဆရာတော် ဘဒ္ဒန္တဣန္ဒဓမ္မက ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ပြီး ရေစက်ချအနုမောဒနာတရား ဟောကြား တော်မူ၍ ရေစက်သွန်းချအမျှပေးဝေခဲ့သည်။
အဆိုပါ ခါရှဲကျေးရွာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၏ ဦးဆောင်လှူဒါန်းမှုဖြင့် အလှူရှင်များက ငွေကျပ် သိန်း (၇၀၀)ကျော်တန်ဘိုးရှိ ပေ(၄၀)ပတ်လည် ထေရဝါဒတောင်တန်းဗုဒ္ဓသာသနာပြုကျောင်းဆောင်သစ်နှင့် အိမ်ခြေ (၆၀)ကျော်အတွက် သောက်သုံးရေရရှိရေးဆောင်ရွက်ပေးခဲ့ပြီး ယနေ့အခမ်းအနားတွင် ဒေသခံပြည်သူအိမ်ထောင်စု (၆၀)ကျော်ကို အဝတ်အထည်၊ ဆန်(၁၂)ပြည်၊ ဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများအား လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
သန်းဇော်(တာချီလိတ်)