Leftist Youth Associations - Shwe Nyaung

Leftist Youth Associations - Shwe Nyaung Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Leftist Youth Associations - Shwe Nyaung, Political organisation, Shwenyaung.

02/09/2023
02/09/2023
02/09/2023

တရုတ်ပြည်မင်းမဲ့ဝါဒီများ၏လှုပ်ရှားမှုသမိုင်း
The Chinese Anarchist Movement

အပိုင်း - ၅

“စင် ရှိ-ချိ” နှင့်သူ၏အာဘော် (၁)

“စင် ရှိ-ချိ” (Hsin Shih Chi) ၏အတွေးခေါ်သည် မင်းမဲ့ ကွန်မြူနစ်ဝါဒ နှင့် အချို့သော တရုတ်ဝိသေသတို့အားပေါင်းဖက်ထားသည်။ ၎င်းတို့ လိုလားသည့်အရာများနှင့် ဆန့်ကျင်သည့်အရာများဟု၍ ခွဲခြမ်းနိုင်သည်။ တရုတ်မင်းမဲ့ လူငယ်များသည် ဘာသာရေး၊ ရိုးရာအစဉ်လာ၊ အဖကြီးစိုးပြီး အထက်အောက်အာဏာစီးစင်းသည့် မိသားစုစနစ်၊ ရေပေါ်ဆီမခွင့်ထူးခံဝါဒ၊ အစိုးရ၊ စစ်ဝါဒ နှင့် အမျိုးသားရေးဝါဒ တို့အားဆန့်ကျင်သည်။ သိပ္ပံ၊ လွတ်လပ်ခြင်း၊ လူသားဝါဒ၊ တော်လှန်ရေး၊ ကွန်မြူနစ် စနစ်၊ အင်တာနေရှင်နယ်ဝါဒ နှင့် တော်လှန်ရေးအခင်းကျဉ်းအောက် အပြောင်းလဲအတွက် လိုအပ်လျင်အကြမ်းဖက်နည်းလမ်းသုံးခြင်း စသည်တို့အားလိုလားသည်။ မင်းမဲ့များ၏ ရပ်တည်ချက်များနားလည်နိုင်ရန် ၎င်းတို့၏အာဘော်များအား ချိတ်ဆက်ကြည့်ပြီး သိရှိနားလည်ရန်လိုအပ်သည်။ မင်းမဲ့များသည် ဖြိုချဖျက်စီးခြင်းဆိုသည်မှာ ၎င်းတို့၏ကနဦးဝတ္တရားပင်ဖြစ်သည်ဟုယုံကြည်ကြသည်။ နိုင်ငံတော်နှင့် လူသားတွေအား ပုံစံခွက်ထဲကန့်သတ်ထည့်ထားသည့်အရာများ ပြိုပျက်သွားမှသာလျင် လူသားတို့၏လွတ်မြောက်မှုဆီသို့ရောက်မည်ဖြစ်သည်။ ဖြိုချဖျက်စီးခြင်းဆိုသည်မှာ မင်းမဲ့များ၏ သိမှုအမြင့်ဆုံးနှင့် ကြိုတင်စီစဉ်ကာလုပ်ဆောင်ရမည့်အရာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် လွတ်လပ်ခြင်းဆိုသည်မှာ စနစ်ဟောင်းအား ဖြိုချဖျက်စီးပြီးမှသာလျင်ရှိလာသည့် ရလဒ်ဖြစ်ပြီး သဘာဝအတိုင်း မည်သည့် ရေပေါ်ဆီအထက်တန်းအလွှာမှ ခိုင်းစေညွှန်ကြားမှုမျိုးမှမရှိပဲ ရရှိလာနိုင်မည်။ ဘာသာရေးဆန့်ကျင့်သည့် ရပ်တည်ချက်တွင် တရုတ်မင်းမဲ့များသည် ၎င်းတို့တရုတ်ယဉ်ကျေးမှုထဲမှကောင်းသောအချက်များအား ကောက်နှုတ်ကာ နိုင်ငံတော်ဘာသာမရှိရေးအားလက်ခံကြသည်။ ၎င်းတို့သည် ဥရောပ အခင်းကျဉ်းအား ပုဂ္ဂလဓိဌာန်အစွဲကင်းကင်းဖြင့် ပြင်ပလေ့လာသူအနေဖြင့်လဲ သုံးသပ်နိုင်ကြသည်။ ထို့ကြောင့် ၎င်းတို့၏ ဘာသာရေးဆန့်ကျင်သည့်ဆောင်းပါးများသည် အနောက်တိုင်း ရာဒီကယ်များလောက် မပြင်းထန်ကြပါ။ သို့သော် ရပ်တည်ချက်အားဖြင့်တော့ ပျက်ပျက်သားသားရှိပြီးမယိမ်းယိုင်ကြပါ။ ဝူချိဟွေ့ (Wu Chih-hui) သည် မျက်ကန်းဘာသာရေးကိုးကွယ်မှုသည် ဥရောပ၏သမိုင်းဆိုင်ရာ ပြဿနာဖြစ်သည်ဟုမှတ်ချက်ပေးခဲ့ဖူးသည်။သို့သော် ဘာသာရေး နှင့် နိုင်ငံတော် အားခွဲခွါခြင်းသည် အပြောင်းလဲအတွက်အမှတ်သားတစ်ခုဖြစ်သည် ဟုကိုးကား၍ ၎င်းသည် ကြီးမားသည့်အပြောင်းလဲဖြစ်ပေါ်နေခြင်းအားအသိမှတ်ပြုသည်။

စင်ရှိချိ ၏ရပ်တည်ချက်အား ဝူ နှင့် ဂျပန်မှစာဖတ်သူတို့ကြား ဆွေးနွေးမှုသည် ဖော်ပြနိုင်ပေလိမ့်မည်။ တရုတ်ကျောင်းသားဟု ယူဆရသည့် စာဖတ်သူသည် ၎င်းကဆိုရှယ်လစ်လိုလားသူဖြစ်သော်ငြားလည်း ဘာသာရေးအပေါ်တိုက်ခိုက်မှုများသည် ပြင်းထန်လှသည်ဟုခံစားမိပြီး ထောက်ခံသူပြည်သူလူထုနှင့်ကင်းကွာလိမ့်မည်ဟု ရေးသားခဲ့သည်။ ထို့အပြင်သူသည် တရုတ်ပြည်သူများ၏ ပညာရေးစံနှုန်းနိမ့်ပါးမှု လိုပဲ သီလစံနှုန်းနိမ့်ပါးမှုရှိလိမ့်မည်မဟုတ်ပါကလားဟုမေးခွန်းထုတ်သည်။ ထို့ကြောင့် ဘာသာရေးဆိုင်ရာသီလဘောင်သည် တရုတ်ပြည်သူများကြားမလိုအပ်ပေဘူးလားဟုဆက်လက်မေးခွန်းထုတ်သည်။ ဝူသည် ဘာသာရေးအစား ဆိုရှယ်လစ်သီလဘောင်ပြဌာန်းနိုင်လိမ့်မည်ဟု ပြန်လည်ဖြေကြားသည်။ ဆိုရှယ်လစ်သီလဘောင် ဆိုသည်မှာ ဘာသာရေးမှာတွေ့ရသည့် လူသားကျင့်ဝတ်ဆိုင်ရာစံနှုန်းတွေပါဝင်ပြီး ဘာသာရေးအယူသည်းခြင်းတို့ကိုဖယ်ထုတ်ထားသည်ဟုအခိုင်မာပြောဆိုသည်။

တရုတ်မင်းမဲ့များအနေဖြင့် ဘာသာရေးအားတိုက်ခိုင်နေခြင်းသည် မလုံလောက်ပါ။ ကွန်ဖြူးရှပ်ဝါဒကိုလည်းတိုက်ခိုက်ရသည်။ တိုက်ခိုက်မှုသည် ပုံသဏ္ဌာန်မျိုးစုံဖြင့်တည်ရှိသည်။ ကွန်ဖြူးရှပ်သည်ကား အရိုင်းဆန်ပြီးရက်စက်ကြမ်းကြုတ်သည့်ကာလတွင်ပေါ်ထွန်းခဲ့သည်၊ ထိုခေတ်များတွင် လည်လည်ဝယ်ဝယ်ပါးနပ်သူများအဖို့ သူတော်စင်များအဖြစ် သာမန်ပြည်သူများ၏အပူဇော်ခံရခြင်းမှာ ခက်ခဲလှသည်တော့မဟုတ်ဟု စင်ရှိချိ ၏ပထမတွဲတွင်အဆိုပြုခဲ့သည်။ ကွန်ဖြူးရှပ်အား နောက်ပိုင်းမျိုးဆက်များသည် ရဟန္တာတပါးအဖြစ် ပြောင်းလဲသက်မှတ်လာကြကာ သူ၏အဆိုအမိန့်များအား ခေတ်ရေစီးကြောင်းအပြောင်းလဲပက်ထည့်မစဉ်းစားတော့ကာ ဥပဒေတရပ်သဖွယ် သက်မှတ်လိုက်နာလာကြသည်ဟု စင်ရှိချိ ဝိုင်းတော်သားများမှ နောက်ပိုင်းတွင်ပုဂ္ဂလဓိဌာန်စွဲကင်းကင်းဖြင့် တိုက်ခိုက်ခဲ့ကြသည်။ ကွန်ဖြူးရှပ်ဝါဒအပေါ်တိုက်ခိုက်မှုသည် ကျယ်ပြန့်လာခဲ့ပြီး သဏ္ဌာန်မျိုးစုံဖြင့်တည်ရှိနေသည့် ရှေးရိုးစွဲဝါဒများအပေါ်မှာပါ ဝေဖန်ခဲ့ကြသည်။ “တရုတ်ပြည်သူများသည် ရှေးကျတာဆိုအတော်သဘောကြတယ်။ မည်မျှသဘောကျလည်းဆိုလျင် ၎င်းတို့အတွင်းစိတ်သည် ရှေးရိုးဓလေ့အစဉ်လာ ဘောင်များ၏ချုပ်နှောင်မှုထဲမှာပိတ်မိနေတာ ပဝေသဏီခေတ်၏ကျွန်ပြုခြင်းခံရမှုအလားပါပဲ” ဟု ချူး မင်ယိ မှဝေဖန်ခဲ့ဖူးသည်။ ဤဆယ်စုနှစ်အတွင်း တရုတ်ပြည်မှ အနောက်တိုင်းပညာရေးအား လက်ခံခဲ့သည့်တိုင်အောင် အမျိုးသားရေး လက္ခဏာ အားထိန်းရမည်ဟု ရည်မှန်းချက်အခိုင်မာရှိဆဲဖြစ်သည်။ အောက်ပါစာပိုဒ်တွင် စာရေးသူသည် ရှေးရိုးစွဲဝါဒအား ယထာဘူတကျကျ ဆန့်ကျင်ချေပထားသည် :

“ကျွန်ုပ်တို့ တရုတ်ပြည်သည် ကမ္ဘာကြီး၏ပြောင်းလဲမှုနှင့်အညီမတိုးတက်ဘူးဆိုတာ ဟောင်းနွမ်းဆွေးမြေ့နေသည့်အရာများအပေါ်ဖက်တွယ်နေကြပြီး ခေတ်ပေါ်အရာများအားပျက်ရယ်ပြုထားခြင်းကြောင့်ဖြစ်သည်။ အနောက်နိုင်ငံတွေက ကျွန်ုပ်တို့နှင့်ဆန့်ကျင်ဖက်ပဲ ဒါ့ကြောင့်လဲတိုးတက်နေကြတာ။ အနောက်တိုင်းအယူဆများ၏ ဝိသေသများသည် ကျွန်ုပ်တို့ သမိုင်းထဲမှာရှိနှင့်ပြီးသားတွေပဲဖြစ်တယ်။ ဥပမာ တရုတ်ပြည်သည် လွန်ခဲ့သောနှစ်ပေါင်းများစွာထဲက မွန်ဂိုလက်အောက်တွင် နယ်ချဲ့ဝါဒ (imperialism)အားကြုံဖူးကြသည်၊ အမျိုးသားရေး (nationalism) အား ခရစ်မပေါ်မှီကာလများထဲက ဟွမ်ဒိမင်း (Huang Di, Yellow Emperor) သဘောပေါက်ပြီးသားဖြစ်သည်၊ လောင်ဇူး (Lao Tzu) သည် မင်းမဲ့ဝါဒ၏ဖခင်ဖြစ်သည်၊ မို့ဇူး (Mo Tzu) သည် အနန္တမေတ္တာသဘော (Universal Love) အား ပထမဦးဆုံးသင်ကြားပို့ချခဲ့သည်၊ တရုတ်သည် ကွန်မြူနစ်စနစ်အား အကျိုးတူ ဘုံလယ်ယာစနစ် (Well-Field System) နာမည်အောက်တွင်ကျင့်သုံးခဲ့ကြဖူးသည်။ အသိပညာအသစ် ပေါ်ပေါက်လာမှုမှာ နောက်ခံအကြောင်းရင်းရှိတယ်။ အဘိညာဉ်ဖြင့် သိရှိနားလည်အောင်ကြည့်မြင်မှသာလျင် အသိပညာအသစ်များပေါ်ထွက်လာနိုင်ရန်အခြေနေပေးမည်ဖြစ်သည်။ သို့သော် ရှေးမှစာဆိုများအားယူကာ ရှေ့တွင်ဘာဖြစ်မည်ဟုဟောပြောခဲ့ပြီးသားဖြစ်သည်ဟု ယူဆလို့မရသလို ဖြစ်တည်မှုအသစ်များအားလုံးကိုလည်း ရှိနှင့်ပြီးသား ရှေးအဆိုမိန့်များနှင့်သွားညှိနေလို့လည်းမရပေ။ ခေတ်လူသားများပင်လျင် ရှေ့တွင်ဖြစ်ပေါ်လာမည့်အရာများကြိုတင်မြင်နိုင်စွမ်းမရှိတာ ရှေးကလူသားတွေ မည်သို့မြင်နိုင်မည်နည်း။”

ရှေးရိုးစွဲအယူဆ ဆန့်ကျင်ရေးရပ်တည်ချက်သည်အရေးကြီးသည်။ ၎င်းသည် တိုးတက်မှု နှင့် ၂၀ရာစု အရှေ့တိုင်းရှိ ရာဒီကယ်ဝါဒ ၏အနှစ်သာရအား ဖော်ကျူးပေးသည့်အတွေးခေါ်သစ် များအားကိုယ်စားပြုသည်။ ရှေးရိုးစွဲဝါဒ နှင့် ကွန်ဖြူးရှပ်ဝါဒ ဆန့်ကျင်သည့်အတွေးခေါ်များအား စင်ရှိချိ တွင်ဖော်ပြခဲ့ပြီး ထိုကာလများတွင် ချန်တုရှူ (Ch’en Tu-hsiu) နှင့်အခြားသော တိုးတက်သော ပညာတက်များမှ ရာဒီကယ်ဂျာနယ်များထုတ်ကာ ဆက်လက်ကိုင်သွားကြသည်။ ၁၉၁၅ ခုနှစ်နောက်ပိုင်းတွင် ချန် အယ်ဒီတာအဖြစ်လုပ်သည့် “စင်ခြင်းနင်” (The New Youth, Hsin Ch’ing-nien) သည်တရုတ်ပညာတက်များကြား တိုးတက်သောဂျာနယ်ဖြစ်လာသည်။ ၎င်းဂျာနယ်သည် မျက်မှောက်ခေတ် တရုတ်လူ့ဘောင်၏ ပြဿနာများအားမီးမောင်းထိုးပြပြီး နိုင်ငံရေးအခြေနေများ အပြောင်းလဲဖြစ်လာအောင်တွန်းအားတရပ်လည်းဖြစ်ခဲ့သည်။ သို့သော် ထိုမီးမောင်းထိုးပြမှုများသည် လွန်ခဲ့သောဆယ်စုနှစ်တစ်စုလောက်က အဝေးရောက်တရုတ်ကျောင်းသားများဖြစ်ကြသည့် ပါရီနှင့်တိုကျို မင်းမဲ့အုပ်စုများမှပြောခဲ့ဖူးပြီးသားများဖြစ်သည်။ ကွန်ဖြူးရှပ်ဝါဒ၊ ရှေးရိုးစွဲဝါဒ ဆန့်ကျင်ရေး နှင့် အဖကြီးစိုးသည့် မိသားစုဆန့်ကျင်ရေးသည် ဆက်စပ်မှုရှိသည်။ စင်ရှိချိ ၏ပထမထုတ် တွင်ဘိုးဘွားကိုးကွယ်မှုအားတော်လှန်ရန် ပညာပေးမျှဝေခဲ့သည်။ ဒီကိုးကွယ်မှုသည် အကျေိုးကြောင်းစီလျှော်တွေးခေါ်နိုင်မှုနှင့် သိပ္ပံအားငြင်းပယ်သည်ဟုဆိုကာလက်မခံကြပါ။ တရုတ်တော်လှန်ရေးပါတီ (Chinese Revolutionary Party) ထဲသို့ဝင်မည်ဆိုပါက ထိုရပ်တည်ချက်ပေါ်တွင်ပြက်ပြက်သားသား ရှိရန်လိုအပ်ကြသည်။ အဘယ်ကြောင့်ဆိုသော် လူတန်းစားတော်လှန်ရေးတရပ်ပေါ်ပေါက်ရန်မှာ မိသားစုတွင်းမှစတင်ရန်လိုအပ်သည်။ အကြောင်းရင်းမှာ အဖကြီးစိုးသည့် အထက်အောက်အာဏာစီးစင်းသည့် မိသားစုဆိုသည်မှာ မမျှတမှု နှင့် သွပ်သွင်းထိန်းချုပ်မှုဆို့အားလုပ်ဆောင်ပေးသော ကနဦး အင်စတီကျူးရှင်းပဲဖြစ်သည်။

Original Author : R. Scalapino and G.T. Yu
Translated by : Kaytee

02/09/2023

Ted Grant သည် တောင်အာဖရိကလူဖြူ ထရို့စကီးဝါဒီတစ်ဦးဖြစ်ပြီး Militant နှင့် Socialist Appeal ကဲ့သို့သော International Marxist Tendency အား ဖြစ်စေခဲ့သော အဖွဲ့များအားတည်ထောင်ခဲ့သူတစ်ဦးဖြစ်သည်။ မြန်မာပြည်ရှိ Revolutionary Marxism အုပ်စုသည်လည်း International Marxist Tendency ၏ လက်ဝေခံသဘောတရားကျွန်များဖြစ်ကြသည်။

International Marxist Tendency ၏ သဘောထားများကို မျက်စိစုံမှိတ် လိုက်နာသော Trotskyists ဟု ကိုယ့်ကိုယ်ကို ခေါ်ဆိုကြသော တချို့သောသူတို့အတွက် Ted Grant သည် Trotsky ၏ အယူအဆများကို အခိုင်အမာ လိုက်နာသည်ဟု ယုံကြည်ကြပါသည်။
သို့သော်လည်း၊ WSWS, CWI, ISA ကဲ့သို့သော ပိုမို အင်အားကြီးမားပြီး မြေပြင်လှုပ်ရှားမှုနှင့် နိုင်ငံရေးပါဝါပိုများသော Trotskyist အဖွဲ့အချို့က Ted Grant ၏ မတူညီသောကိစ္စရပ်များစွာတွင် မှားယွင်းသော ခွဲခြမ်းစိတ်ဖြာမှုများကြောင့် Trotskyist ခေါင်းဆောင်တစ်ဦးအဖြစ် ချီးကျူးခံရရန် အရည်အချင်းမပြည့်မီဟု ယူဆပါသည်။

ယခုဆောင်းပါးတွင် Ted Grant ၏ မြန်မာ့နိုင်ငံအကြောင်း မသိပါပဲ သမိုင်းတုဖန်တီးမှုအား ဖော်ထုတ်ပါအံ့။ Ted Grant ကား သူ၏ ၁၉၇၈ ခုနှစ်ထုတ် "The Colonial Revolution and the Deformed Workers' States," အမည်ရ ဆောင်းပါးတွင် အောက်ပါအတိုင်းရေးသားထားပါသည်။

In Burma, where the regime newly emerged from British domination and the ruling class was incapable of successfully 'holding the country together', it faced a series of rebellions and wars. The army was formed by the Anti-Fascist People's Freedom League, which described itself The army was formed by the Anti-Fascist People's Freedom League, which described itself as "socialist." With China as a model next door, the army leaders were tired of the incapacity of the landowners and capitalists to solve the problems of Burma. Basing themselves on the support of the workers and peasants, they organised a coup, expropriated the landowners and capitalists, and established Burma as a 'Burmese Buddhist Socialist State'.

အဆိုပါ အရေးအသားများမှ "Basing themselves on the support of the workers and peasants, they organised a coup, expropriated the landowners and capitalists, and established Burma as a 'Burmese Buddhist Socialist State'." ဟူ‌သော စာသားအရ ဦးနေဝင်းတို့၏ အာဏာသိမ်းမှုသည် ဗမာ့အလုပ်သမားထု၊ တောင်သူလယ်သမားထုတို့၏ အားပေးထောက်ခံမှုနှင့်အတူဖြစ်ပေါ်လာပြီး ဓနရှင်တွေ၊ မြေရှင်တွေများအား နိုင်ငံရေးဇာတ်ခုံမှ ပထုတ်မည့် ဆိုရှယ်လစ်ဗုဒ္ဓဘာသာနိုင်ငံတော်ဖြစ်လာစေခဲ့သည်ဟု ဆိုထားပါသည်။

ထိုသို့သော Ted Grant ၏ တတ်ယောင်ကားမှုတို့၊ အမှန်မရှိခဲ့ဖူးပါသော သမိုင်းအတုများအား ဖန်တီးပြောဆိုခဲ့မှုတို့နှင့်၊ Ted Grant ၏ သဘောတရားအခြေမခိုင်မှုတို့ကြောင့် ဖြစ်ပေါ်လာသော မဆလအုပ်စုအား သာမန်စတာလင်ဝါဒနောက်လိုက် ကွန်မြူနစ်ပါတီများကဲ့သို့ သုံးသပ်ခြင်းမှာ အချေအမြစ်မရှိမှု စသော အချက်တို့ကို ခရေစေ့တွင်းကျ ‌ရေးသားထားပါ‌သော ဆောင်းပါးအား အောက်ပါလင့်မှတစ်ဆင့် ဖတ်ရှုနိုင်ကြပါပြီ ဖြစ်ပါသည်။

https://libcom.org/article/ted-grant-and-his-fictional-history-burma

ပြည်သူသာအမိ ပြည်သူသာ အဖအလုပ်သမားလူတန်းစားရဲ့ တပ်ဦးပါတီ ဦးဆောင်တဲ့ PLA (ပြည်သူ့လွတ်မြောက်ရေးတပ်မတော်) ကို အလုပ်သမားလူတန်း...
28/10/2022

ပြည်သူသာအမိ ပြည်သူသာ အဖ
အလုပ်သမားလူတန်းစားရဲ့ တပ်ဦးပါတီ ဦးဆောင်တဲ့ PLA (ပြည်သူ့လွတ်မြောက်ရေးတပ်မတော်) ကို အလုပ်သမားလူတန်းစားဖြစ်တဲ့ အိမ်နီးချင်းနိုင်ငံရောက် အလုပ်သမားတွေက အဆက်မပြတ် ငွေပေးလှူနေတဲ့ သတင်းတွေ အဆက်မပြတ် ဖတ်ရ၊ ကြားရတော့ မျက်ရည်စိမ့်လည်လာမတတ် ကြည်နူးမိတယ်။
အဲသလိုပဲ ပြည်တွင်းက ပြည်သူတွေကလဲ လစဉ် ချွေးနည်းစာလေးတွေ စုဆောင်းပြီး တသောင်း၊ နှစ်သောင်း၊ ငါးသောင်း၊ တသိန်း စသဖြင့် တတ်နိုင်သလောက် လှူဒါန်းနေကြသူတွေလဲ ရှိတယ်။
PLA ရဲဘော်တွေကိုယ်တိုင်ကလဲ တိုင်းရင်းသားလက်နက်နက်တပ်ဖွဲ့တွေကပေးတဲ့ ဆေးလိပ်ဖိုး၊ မုန့်ဖိုးလေးတွေကို စုပြီး သူတို့တတွေလိုမျိုး အသေးသုံးလေးတွေ မရတဲ့ တခြားစစ်ဒေသက ရဲဘော်တွေအတွက် လစဉ် စုထားပြီး PLA ကို လှူဒါန်းကြတယ်။
PLA ထိပ်ပိုင်းကလည်း မတတ်သာတဲ့အခါ မိတ်သင်္ဂဟတွေဆီက အလှူခံကြရပြန်တယ်။
ရဲဘော်ကြီးတွေရဲ့ သားမြေးတွေ နောက်မျိုးဆက်သစ်တွေကလဲ လစဉ်ငွေစုပြီး PLA ကို ထောက်ပံ့ကြတ
ယ်။
၄၈ ခုနှစ် လွတ်လပ်ရေးမတိုင်မီကတည်းက ပါတီရဲဘော်တွေ တပ်သားတွေဟာ ဈေးထဲမှာ (ဖလားမရှိတော့) ဇလုံတွေလက်ဆွဲပြီး အလှူခံစားခဲ့ရတယ်။ အညာဒေသမှာ ပြည်သူတွေ ငတ်ပြတ်နေချိန် ပါတီတပ်ကလည်း ငတ်နေတော့ ပြည်သူတွေကပဲ ပါတီရဲဘော်တွေကို တောင်းရမ်းကျွေးခဲ့တဲ့ ဖြစ်ရပ်မျိုးတွေ ရှိခဲ့ဖူးတယ်။
PLA ဟာ အဖိနှိပ်ခံပြည်သူလူထုအကျိုးစီးပွားကိုပဲ ပြတ်ပြတ်သားသား ရပ်ခံအလုပ်အကျွေးပြုမယ့် တပ်ပါ။ ပါတီရဲ့ မှီခိုအားထားရာဟာ အဖိနှိပ်ခံ ပြည်သူလူထုကြီးသာ ဖြစ်ပါတယ်။
PLA ရဲ့ ထိပ်ဆုံးပိုင်းက နေ အောက်ခြေရဲဘော်တွေအထိ ဗမာပြည်ထဲမှာ ခေါင်းဆောင်နောက်လိုက် မခွဲခြားဘဲ တသားတည်း ဆင်းရဲဒုက္ခ အတူခံ အေးအတူ ပူအမျှ နေထိုင်နေကြတာ ဖြစ်ပါတယ်။ PLA ရဲ့အလံတော်ကို ဗမာပြည် တောင်ပေါ်မြေပြန့်လွှင့်ထူထားပြီး ကိုယ့်ပြည်သူ ကိုယ့်တိုင်းရင်းသားတွေကလွဲလို့ ဘယ်ပြည်ပ အင်အားကြီးတွေကိုမှ မှီခိုအားထားခြင်း မရှိပါ။
ရန်သူ စစ်အာဏာရှင်စနစ်ကို ချေမှုန်းတိုက်ခိုက်နိုင်ရေးကို အဓိက ထားလုပ်နေပြီး ဘာအဆောင်အယောင်မှ မရှိပါ။ ဘာရုံးခန်းမှ အထူးတလည် ဖွင့်မထားပါ။ စစ်မြေပြင်နဲ့ စစ်သင်တန်းနေရာတွေဟာ ရုံးပါပဲ။ တပ်ရဲ့ထိပ်ပိုင်းခေါင်းဆောင်များဟာ ရဲဘော်တွေနဲ့အတူနေ အတူစားပြီး လုပ်ငန်းအတွက်သုံးဖို့ ဖုန်းတလုံးစီပဲ ရှိကြပါတယ်။ သခင်သန်းထွန်း၊ သခင်ဇင်၊ သခင်ချစ်တို့ နေရှင်နယ်ရေဒီယိုတလုံးစီကိုင်ပြီး ပဲခူးရိုးမမှာ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲခဲ့ကြတာ အောက်မေ့မိပါတယ်။ PLA ရဲဘော်တိုင်းလိုလိုဟာ စစ်မြေပြင်နဲ့ စစ်သင်တန်းတွေမှာပဲ ရှိပါတယ်။
PLA ဟာ လက်နက် ဖြစ်ဖြစ်မြောက်မြောက် ဝယ်ဖို့ မတတ်နိုင်ပါ။ ပါတီနဲ့ တပ်မှာ လက်နက်ထောင်သောင်းချီ ရှိစဉ်ကလည်း စစ်အစိုးရ ဆန့်ကျင်တဲ့ တပ်ဖွဲ့တွေကို လက်နက်တွေ ဝေမျှပေးခဲ့သလို အခုအချိန်မှာကျ ကိုယ့်ကို ပြန်ကူညီတဲ့ လက်နက်ကိုင်အင်အားစုတွေကိုပဲ ကျေးဇူးတင်ရပါမယ်။ ပြည်သူကို မှီခိုအားထားရင်း ရန်သူ့လက်နက်တွေကို ကိုယ့်လက်နက်ဖြစ်လာအောင် တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။
ပြည်သူလူထုကို မှီခိုအားထားပြီး ပြည်သူ့အကျိုးအတွက် တကယ်တန်း စွန့်လွှတ်အနစ်နာခံ တိုက်ပွဲဝင်နိုင်တာနဲ့ အမျှ PLA မုချကြီးထွားလာနိုင်မယ်လို့ မမှိတ်မသုန် ယုံကြည်ထားပါတယ်။
PLA အတွက် ပြည်သူသာအမိ၊ ပြည်သူသာ အဖပါ။

၀မ်းနည်းကြေကွဲခြင်း သ၀ဏ်လွှာ
25/10/2022

၀မ်းနည်းကြေကွဲခြင်း သ၀ဏ်လွှာ

Anarcho-Communism ဆိုတာဘာလဲ?မာ့က်စ်ဝါဒီတွေပြောတဲ့ လူတန်းစားမဲ့ လူ့ဘောင်နဲ့ မင်းမဲ့ဝါဒီတွေပြောတဲ့ လူတန်းစားမဲ့ လူ့ဘောင်က ...
22/10/2022

Anarcho-Communism ဆိုတာဘာလဲ?

မာ့က်စ်ဝါဒီတွေပြောတဲ့ လူတန်းစားမဲ့ လူ့ဘောင်နဲ့ မင်းမဲ့ဝါဒီတွေပြောတဲ့ လူတန်းစားမဲ့ လူ့ဘောင်က အတူတူပါပဲ။

ဒီနေရာမှာ ကွဲတာက ကြားက တစ်ဆင့်ခံတဲ့ ပြဿနာပဲ။

မာ့က်စ်ဝါဒီတွေက လုပ်သားထုအာဏာရှင်စနစ်ဆိုတာကြီးကို လက်ခံကြတယ်။ ဆိုလိုတာက ဓနရှင်တွေနဲ့ လူလတ်တန်းစားတွေလွှမ်းမိုးတဲ့ နိုင်ငံတော်ကို လုယူဖို့ဆိုရင် အဲ့ဒီလူတန်းစားတွေအပေါ် လုပ်သားထုရဲ့ အာဏာရှင်စနစ်နဲ့ ယာယီအစားထိုးရမယ်ပေါ့

မင်းမဲ့တွေကကျ လူထုရဲ့တုတ်နဲ့ရိုက်လဲ နာတယ်။ အာဏာနဲ့ နိုင်ငံတော်ဆိုတာကိုက ဖိနှိပ်တတ်တဲ့ ယန္တရားတွေ၊ ဒါကို ဘယ်သူကပဲ့ကိုင်ကိုင် သူ့ရဲ့ဖိနှိပ်တတ်တဲ့သန္ဓေက မပျောက်နိုင်ဘူးပေ့ါ။

ဆိုလိုတာက မာ့က်စ်ဝါဒီတွေက လူတန်းစားမဲ့ လူ့ဘောင်ကို တိုက်ရိုက်မသွားပဲ လုပ်သားထုရဲ့ အာဏာရှင်စနစ်ကနေ တစ်ဆင့်သွားမယ်။

မင်းမဲ့တွေကတော့ လုပ်သားထုရဲ့ အာဏာရှင်စနစ်ဆိုတာကိုမလိုချင်ဘူး။ ဘာလို့ဆို အဲ့တာကိုက ဖိနှိပ်တတ်နေသေးလို့။

အဲ့ကနေ မာ့က်စ်ဝါဒီဆိုသူတွေရဲ့ စံက လုပ်သားထုရဲ့ အာဏာရှင်စနစ်ဆိုတာကနေ တစ်ဖြည်းဖြည်းကျဆင်းလာတာ အလုပ်သမားမဟုတ်တဲ့ ရေပါ်ဆီကွန်မြူနစ်တွေရဲ့ တစ်ပါတီအာဏာရှင်စနစ်တွေ၊ ဗျူရိုကရေစီစနစ်တွေဆီကိုအထိကို မော်စီတုန်းတို့၊ စတာလင်တို့ ခေတ်မှာ ကျဆင်းလာတာ။

ဒီနေ့အထိလည်း အဲ့သဘောပဲ။

မာ့က်စ်ဝါဒီအမည်ခံသူတွေရဲ့ စံက ဘယ်လိုကျဆင်းလာလဲ ပြောပြဖို့ပါ လိုမယ်ထင်တယ်။

မြန်မာနိုင်ငံထဲမှာဆို ဗကပ ၆၄ လမ်းစဥ်မှာ ဖက်ဆစ်နီသန်းထွန်း၊ သခင်ဇင်တို့နဲ့ ရဲဘော်ဂိုရှယ်၊ သခင်ဌေး၊ ဒေါက်တာနတ်တို့ အဖွဲ့တွေ ကွဲကြတာလည်း မာ့က်စ်ဝါဒီ အမည်ခံသူ အချင်းချင်း လုပ်သားထုရဲ့ အာဏာရှင်စနစ် ဆိုတာအပေါ် ဖွင့်ဆိုရင်း နောက်ဆုံး ဖက်ဆစ်ဆန်ဆန် သတ်တဲ့အထိရောက်တာ။

သန်းထွန်းတို့က အာဏာနှစ်မျိုးသဘောကို ကိုင်တယ်။
မာ့က်စ် နဲ့ လီနင် ပြောတဲ့ လုပ်သားထုရဲ့ အာဏာရှင်စနစ်နဲ့
မော်စီတုန်းရဲ့ ဒီမိုကရေစီသစ် (လူတန်းစားလေးမျိုးပေါင်း လူထုအာဏာရှင်စနစ်) ဆိုတာကို ပြောတယ်၊

ဒါက သူ့ရဲ့ ဝါဒမပိုင်နိုင်၊ အသိပညာဗဟုသုတနည်းပါးမှုပေါ့။ တကယ်တော့ သူက မာ့က်စ် နဲ့ လီနင်၊ လီနင်နဲ့မော် ကြားက သဘောတရားကွာခြားမှုကို နားလည်ဖို့ အတွေးအခေါ် ဗဟုသုတ နိမ့်ကျနေခဲ့တာ၊

ဂိုရှယ်တို့က ဝါဒပိုင်တယ်။ သဘောတရားအားကောင်းတယ်။ ထက်တယ်။ သူက အာဏာသုံးမျိုးသဘောကို ထောက်ပြတယ်။
သူတို့အယူအဆက ဒီနေ့ခေတ်မှာ အရှိတရားအဖြစ် သမိုင်းပညာရှင်တွေ၊ နိုင်ငံရေးပညာရှင်တွေနဲ့၊ မာ့က်စ်ဝါဒီအကျော်အမော်တွေကပါ လက်ခံလာရပြီ။

အာဏာသုံးမျိုးက ဒါတွေ။

၁) မာ့က်စ်ပြောတဲ့ လုပ်သားထုရဲ့ အာဏာရှင်စနစ်
လုပ်သားထုကိုယ်တိုင်က ထဲထဲဝင်ဝင် အုပ်ချုပ်ရေးစနစ်ကို တိုက်ရိုက်စီမံခန့်ခွဲတာ၊

၂) လီနင်တို့ရဲ့ နိုင်ငံတော်ဓနရှင်ဝါဒ (နိုင်ငံတော်ဆိုရှယ်စလစ်စနစ်)
လုပ်သားထုကိုယ်တိုင်က အုပ်ချုပ်ရေးစနစ်ကို တို့ထိစီမံခွင့်မရဘူး။ လုပ်သားထုကို ကိုယ်စားပြုပါတယ်လို့ ကျွေးကျော်ထားတဲ့ ပါတီတစ်စု၊ လူတစ်စုက ချယ်လှယ်အုပ်ချုပ်တဲ့ စနစ်။

၃) မော်စီတုန်းရဲ့ ဒီမိုကရေစီသစ်၊ အလုပ်သမား၊ လယ်သမား၊ ဓနရှင်ပေါက်စ၊ အမျိုးသားဓနရှင်၊ စတဲ့ လူတန်းစားလေးမျိုးပေါင်းကို ကိုယ်စားပြုတဲ့ ကျွေးကျော်ထားတဲ့ ပါတီတစ်စု၊ လူတစ်စုက ချယ်လှယ်အုပ်ချုပ်တဲ့ စနစ်။

ဒီနေရာမှာ အောက်က ၂ ခုက ကိုယ်စားပြုတယ်လို့ ကျွေးကြော်ထားတဲ့ လူတွေက အုပ်ချုပ်တာ၊

မာ့က်စ်ပြောတာက အလုပ်သမားလူတန်းစားကိုယ်တိုင်က ဘယ်သူ့မှ ကိုယ်စားပြုမှ မခံပဲအုပ်ချုပ်တာ။

ဒီထဲမှာမှ မင်းမဲ့တွေကကျ အုပ်ချုပ်တဲ့ လူတန်းစားကို မရှိတဲ့အနေအထားအထိ လုံးဝမလျှော့ပေးပဲ ပန်းတိုင်သတ်မှတ်ထားတာ။

တကယ်လဲ မင်းမဲ့ဝါဒီတွေ ပြောခဲ့သလိုပဲ အာဏာတိုင်းက ဖောက်ပြန်တယ်။ မ့ာက်စ်ပြောတဲ့ လုပ်သားထုရဲ့ အာဏာရှင်စနစ်အမည်ခံပြီး အာဏာရှင်ဗျူရိုကရေစီအသစ်တွေ ပေါ်ပေါ်လာတာ သက်သေပဲ။

ဒီလိုဆို ရှင်းမယ်ထင်တယ်။

ဒီနေရာမှာ မင်းမဲ့ဆိုတိုင်း လူတန်းစားကို မရှိတဲ့အနေအထားကိုပဲ ထိုင်မျှော်နေတဲ့ သူတွေလို့ တွက်ဆလို့ မရဘူး။

လီနင်တို့၊ မော်တို့ဝါဒတွေ လွှမ်းမိုးလာတဲ့ နောက်၊ မင်းမဲ့တွေနဲ့ တခြား အာဏာရှင်ဆန့်ကျင်ရေး မာ့က်စ်ဝါဒီတွေဟာ ပိုစုရုံးမိလာကြပြီး သဘောတရားပေါင်းစပ်မှုတွေ ရှိလာတယ်။

အဲ့မှာ Anarcho-Communism ဆိုတာမျိုးတွေ ပေါ်လာတယ်။
Anarcho-Communism တွေက လူတန်းစားကို မရှိတဲ့အနေအထားဟာ စံ၊ အနည်းဆုံးတော့ လုပ်သားထုကိုယ်တိုင် (ကိုယ်တိုင်နော်၊ ပါတီမဟုတ်ဘူး) ရဲ့ ဒီမိုကရေစီစနစ်/အာဏာရှင်စနစ်ကို အနိမ့်ဆုံး စံအနေနဲ့ လက်ခံကြတယ်။

တနည်းခေါ်တော့ Libertarian Marxism ပေါ့
ဥပမာ - စပိန်တော်လှန်ရေးထဲက CNT-FAI ပေ့ါ။ မင်းမဲ့အဖွဲ့အစည်းဖြစ်လျှက်နဲ့ အစိုးရထဲ ဝင်ပါခဲ့တာမျိုးက Anarcho-Communism ရဲ့ အပြောင်မြောက်ဆုံး ဥပမာပဲ။

ဒီနေ၇ာမှာ တချို့ ထင်သလို Anarcho-Communism ဆိုတာ Anarchism နဲ့ Communism ပေါင်းထားတာမို့ ဗကပလည်း ဝန်းရံလိုက်မယ်၊ လက်ဝဲအချင်းချင်းစည်းလုံးရမယ်လို့ ထင်တာကလည်း အဲ့ဒါ သဘောတရားမပိုင်နိုင်၊ အာဏာရှင်ဆန့်ကျင်ရေး သန္ဓေမမှန်တာပဲ။

Anarcho-Communism ရဲ့ အဓိပ္ပါယ်က အပေါ်မှာ ရေးထားသလိုပဲ။ CNT-FAI တို့ CNT-AIT တို့ အကုန်လုံးက မော်တို့၊ စတာလင်တို့ကို ဖက်ဆစ်လိုပဲ မြင်တာ။ ရွံစ၇ာအာဏာရှင်တွေပဲ။ ဒီကောင်တွေကြောင့် ကျရှုံးခဲ့ရတဲ့ မင်းမဲ့-ကွန်မြူနစ် တော်လှန်ရေးတွေ အများကြီးပဲ။

Anarcho-Communism (Libertarian Marxism) ရဲ့ အောက်က သဘောတရားဖြာထွက်မှုတွေဖြစ်တဲ့ လက်ဝဲကွန်မြူနစ်ဝါဒ၊ ကောင်စီကွန်မြူနစ်ဝါဒ၊ အလုပ်သမားဝါဒ၊ မင်းမဲ့-ဆင်ဒီကိတ်ဝါဒ၊ အော်တိုနိုမစ်မာ့က်စ်ဝါဒ၊ မာ့က်စ်ဝါဒ-လူသားဝါဒ၊ ထရော်စကီးအလွန်ဝါဒ စသဖြင့်ကို တင်ဆက်ရေးသားပေးသွားပါ့မယ်။​

အပ္ပမညာဖြင့်
ဟိန်းထက်ကျော်
Abu Bakr

◾️Individual terrorism ကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြဒီကနေ့မနက် ၉ နာရီ ၄၀ မိနစ်က ရန်ကုန်မြို့၊ အင်းစိန်ထောင်ရဲ့ ထောင်ဝင်စ...
19/10/2022

◾️Individual terrorism ကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြ

ဒီကနေ့မနက် ၉ နာရီ ၄၀ မိနစ်က ရန်ကုန်မြို့၊ အင်းစိန်ထောင်ရဲ့ ထောင်ဝင်စာ ပါဆယ်လက်ခံဌာနမှာ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့တယ်၊ တဆက်တည်းမှာပဲ အင်းစိန်ထောင်တွင်း လုံခြုံရေးမျှော်စင်ပေါ်ကနေ စစ်တပ်/ အကျဉ်းထောင် ဂတ်တပ်ဖွဲ့က သေနတ်နဲ့ ဆယ်ချက်ထက် မနည်း ပစ်ခတ်ခဲ့တယ်။ ဗကသ ကျောင်းသားဟောင်း ကိုလင်းထက်နိုင်ရဲ့ မိခင်အပါအဝင် အရပ်သား ၅ ဦး သေဆုံးခဲ့ရပြီး အကျဉ်းထောင်ဝန်ထမ်း ၃ဦး သေဆုံးခဲ့ရတယ်လို့ Myanmar Now သတင်းဌာနက ဖော်ပြပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တုံ့ပြန်မှုအမျိုးမျိုး သုံးသပ်မှုအမျိုးမျိုး ထွက်ပေါ်လာခဲ့တယ်။ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိဘဆွေမျိုးတွေ အပါအဝင် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ရလို့ ဝမ်းနည်းကြရတယ်။ ဒါပေမယ့် ဒီလို အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးစေတဲ့ လုပ်ရပ်မျိုးကို ပြစ်တင်ရှုတ်ချမှု လုပ်လာတဲ့အခါမှာတော့ အသံအမျိုးမျိုး ကွဲလာတော့တယ်။ ဒီလို လုပ်ရပ်မျိုးကို ပြစ်တင်ရှုတ်ချပါတယ်လို့ ပြောတာကိုတောင် လက်မခံနိုင်တဲ့ လေသံတွေ ထွက်လာကြတယ်။ ပြစ်တင်ရှုတ်ချကြောင်း စာထုတ်ကန့်ကွက်တဲ့ အဖွဲ့အစည်းတွေကို အုံလိုက်ကျင်းလိုက် ဝိုင်းဆဲတာမျိုးအထိ မြင်တွေ့လာရတယ်။

အဲဒီလူတွေကို မေးစရာရှိတာက အခုလို လုပ်ရပ်မျိုးကို ထောက်ခံလို့ ဝိုင်းဆဲနေကြတာလား။ အရပ်သား ပြည်သူတွေကို ထိခိုက်စေတဲ့၊ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိဘဆွေမျိုးတွေ၊ မိတ်ဆွေတွေကို သေဆုံးစေတဲ့ လုပ်ရပ်မျိုးကို ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့တောင် ဘာ့ကြောင့် မလုပ်နိုင်ကြတာလဲ။

ဒီလုပ်ရပ်မျိုးဟာ တော်လှန်ရေး လုပ်ရပ် လုံးဝမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း မြင်ဖို့ အရေးကြီးပါတယ်။ အဆိုးရွားဆုံး individual terrorism နည်းလမ်းကို တော်လှန်ရေး မစ်ရှင်လို့ ထင်မိရင် အဖတ်ဆယ်မရအောင် မှားကြလိမ့်မယ်။

တဆက်တည်းပြောရရင် individual terrorism နည်းလမ်းကို အခုလို အရပ်သားပြည်သူတွေ ထိခိုက်မှုရှိမှပဲ လက်မခံတာမျိုးဟာလည်း မှားတယ်။ ရန်သူကို ဘယ်နည်းနဲ့တိုက်တိုက် မှန်တယ်၊ တရားတယ်ဆိုတာ မဟုတ်ဘူး။ တရားတယ်၊ မတရားဘူး ရှုထောင့်ကနေ ငြင်းနေတာကိုက ရေလိုက်လွဲသွားပြီ။ တော်လှန်ရေး strategy and tactic ရှုထောင့်ကနေ သုံးသပ်နိုင်ဖို့ အရေးကြီးတယ်။ terrorist နည်းလမ်းကို အင်းစိန်ထောင်ဝမှာ သွားလုပ်လို့ပဲ မှားတာ မဟုတ်ဘူး၊ စကစ ထိပ်သီးတွေကို ဒီနည်းနဲ့ ရှင်းပစ်နိုင်ခဲ့ရင်တောင် အဲဒါ တော်လှန်ရေး မဟုတ်ဘူး၊ တော်လှန်ရေး လုပ်ငန်းစဉ်ကိုလည်း ဘာတခုမှ အထမြောက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။ လူထု လွတ်မြောက်ရေးဆိုတာ အဝေးကြီး။

ရုရှားမှာ မာ့(က်စ်)ဝါဒအုတ်မြစ်မချနိုင်ခင်က အခုလို individual terrorism နည်းလမ်းတွေကို နရော့နစ်(ခ်) လူငယ်တွေ လုပ်ခဲ့ကြဖူးတယ်။ အင်းစိန်အကျဉ်းထောင်က အောက်ခြေဝန်ထမ်းအဆင့်လောက်ကို လုပ်ကြံတာမျိုး မဟုတ်ဘူး။ ဇာဘုရင် အလက်ဇန်းဒါးကို သတ်နိုင်တဲ့အထိ အောင်မြင်ခဲ့ကြတယ်။ ဒါပေမယ့် ဘာဖြစ်ခဲ့သလဲ။ ဇာဘုရင်စနစ် ချုပ်ငြိမ်းခဲ့လား။ ဇာဘုရင်စနစ် မချုပ်ငြိမ်းတဲ့အပြင် နရော့နစ်(ခ်) အဖွဲ့သာ အမြစ်ပြတ်ခဲ့တယ်။ ဒီလိုဆိုလို့ ဇာဘုရင်စနစ်ကို မတော်လှန်ရဘူး ပြောတာ မဟုတ်ဘူး။ ဇာဘုရင်စနစ်ကို အဲသလို လက်တဆုပ်စာ လူငယ်တွေရဲ့ individual terrorist နည်းတွေနဲ့ တိုက်လို့ မအောင်မြင်ခဲ့ဘူးဆိုတာ ပြောချင်တာ။

ဇာဘုရင်စနစ်ရဲ့ အမြင့်ဆုံး အာဏာပိုင်ကို လုပ်ကြံမှု အောင်မြင်ခဲ့တာတောင် အဲဒါတော်လှန်ရေး မဟုတ်ခဲ့ဘူး။ ၁၉၁၇ ဖေဖော်ဝါရီမှာ စက်မှုဇုံ အမျိုးသမီး အလုပ်သမားထုကြီး စတင်ဖောက်ခွဲလိုက်တဲ့ လူထု လှုပ်ရှားမှုကြီးနဲ့သာ ဇာဘုရင်စနစ် ပြိုကျခဲ့ခြင်း ဖြစ်တယ်။ ကမ္ဘာ့တော်လှန်ရေး သမိုင်းတွေကို လေ့လာကြည့်သင့်တယ်။ ဘယ်တော်လှန်ရေးမှ အခုလို terrorist နည်းတွေနဲ့ မအောင်မြင်ခဲ့ဖူးဘူး။

တချို့ကျပြန်တော့ terrorist နည်းတွေကို မထောက်ခံဘူးလို့ ဆိုတယ်၊ တဖက်မှာကျ terrorist နည်းတွေ လက်တွေ့လုပ်နေတာကိုတော့ terrorist နည်းမဟုတ်ဘူးလို့ မျက်စိပိတ် ငြင်းပြီး ဒါ တော်လှန်ရေး လုပ်နေတာလို့ ဆိုတတ်ကြတယ်။

ဒါ့ကြောင့် အင်းစိန်ထောင်ဝမှာ လုပ်ခဲ့တဲ့ terrorist နည်းလမ်းတွေကို မလွဲမသွေ ပြစ်တင်ရှုတ်ချရမှာ ဖြစ်သလို အလားတူ နည်းလမ်းတွေကို တော်လှန်ရေး ခေါင်းစဉ်တပ်ပြီး ပြုလုပ်နေတာမျိုးကိုပါ ဆန့်ကျင်ဖို့ လိုအပ်တယ်။ ကိုယ့်ထိတဲ့အခါ နာလိုက်မယ်၊ ကိုယ့်မထိသရွေ့ ဒီနည်းတွေကို အားပေးလိုက်မယ်ဆိုရင် မဟုတ်သေးဘူး။

တော်လှန်ရေးတခုကို အောင်မြင်အောင် ဆင်နွှဲနိုင်ဖို့ဆိုရင် ဘာကို ဆန့်ကျင်နေတာလဲ ဆိုတာနဲ့ မပြီးသေးဘူး။ ဘာအတွက် တိုက်ပွဲဝင်နေတာလဲ ဆိုတဲ့ တော်လှန်ရေး ပရိုဂရမ်ဟာ အင်မတန် အရေးကြီးတယ်၊ ဒါ့အပြင် အဲဒီ တော်လှန်ရေး ပရိုဂရမ်ကို ဘယ်လူတန်းစားက ဦးဆောင်ပြီး ဘယ်လို တိုက်ပွဲနည်းလမ်းတွေနဲ့ ဖော်ဆောင်နိုင်သလဲ ဆိုတာကလည်း သေရေးရှင်ရေးတမျှ အရေးကြီးတယ်။ စကစ ကို ဆန့်ကျင်တယ်၊ သူ့ဒေါက်တိုင်တွေ ရှင်းရပြီးရော၊ အကုန်တရားတယ်ဆိုတဲ့ moralist အမြင်လောက်ပဲရှိရင် အဲဒါ တော်လှန်ရေးနဲ့ အဝေးကြီး။

ဘယ်နည်းနဲ့တိုက်တိုက် တရားတယ်၊ မှန်တယ်ဆိုတာ sentimental အရပဲ ဟစ်ကြွေးလို့ ကောင်းတာ။ လက်တွေ့မှာ တော်လှန်ရေးကို ဆိုးကျိုးပဲ သက်ရောက်စေတယ်။ ကိုယ့်ရဲ့ ignorance ဖြစ်မှုကို ဖုံးကွယ်ချင်လို့ ပြောတဲ့ စကားသက်သက်ပဲ ဖြစ်သွားမယ်။ တကယ်တမ်း မေးရမှာက လူထုလွတ်မြောက်ရေး၊ တော်လှန်ရေး အောင်မြင်ဖို့ အထိရောက်ဆုံး တိုက်ပွဲနည်းလမ်း (form of struggle) က ဘာလဲ၊ ဘယ်လို တိုက်ပွဲနည်းလမ်းတွေက လူထုရဲ့ လူတန်းစား အသိစိတ်ကို စူးရှထက်မြက်စေသလဲ၊ ဘယ်လို နည်းလမ်းတွေက လူထုရဲ့ လူတန်းစား အသိစိတ်ကို မမြှင့်တင်နိုင်တဲ့အပြင် ကယ်တင်ရှင်မျှော်စေပြီး ဘေးကရပ်ကြည့်သူအဖြစ် ရောက်သွားစေသလဲ။

မာ့(က်စ်)ဝါဒီတွေ terrorism နည်းလမ်းတွေကို ဒီရှုထောင့်ကနေ ဆန့်ကျင်တာ ဖြစ်ပါတယ်။ အုပ်စိုးသူဘက်က အကြမ်းဖက်သတ်ဖြတ်နေတာကို အကြမ်းမဖက်ရေးနည်းပဲ ထာဝရကိုင်စွဲပြီး ငုံ့ခံရမယ်ဆိုတဲ့ ရွှေပြည်အေးဝါဒအရ ဆန့်ကျင်တာ မဟုတ်ဘူး။ အဲဒါ ဒေါ်စုတို့ ဂန္ဒီတို့နည်းလမ်း။ ဒါပေမယ့် တော်လှန်ရေးခေါင်းစဉ်တပ်တိုင်း၊ လူထု လွတ်မြောက်ရေးအော်တိုင်း terrorist နည်းတွေကို အဟုတ်ထင် ထောက်ခံမိရင်တော့ တော်လှန်ရေး တခုလုံးကိုပါ ဒုက္ခပေးလာလိမ့်မယ်။

ဂျက်(က်) ရေးသည်။

03/10/2022

ကမ္ဘာတစ်ဝမ်းရှိ လုပ်သားပြည်သူများ၊ အမျိုးသမီးအခွင့်အရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ အဖွဲ့အစည်းများနှင့် လွတ်လပ်မှုကိုမြတ်နိုးသော ကမ္ဘာသူ ကမ္ဘာသားများထံသို့ သတင်းစကား

(ယခုဆောင်းပါးသည် အီရန်အလုပ်သမားကွန်မြူနစ်ပါတီမှ ဇူလိုင်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော သတင်းစကားဆောင်းပါအား မြန်မာဘာသာသို့ ဆီလျော်အောင် ပြန်ဆိုထားသော ရဲ‌ဘော်ဇော်ခူဇွန်၏ဘာသာပြန်သတင်းစကားဆောင်းပါတစ်ခုဖြစ်သည်)

ယခုအချိန်ဟာ အီရန်သူအီရန်သား အလုပ်သမား‌တွေ၊ ကျောင်းဆရာဆရာမတွေ၊ အမျိုးသမီးထုတစ်ရပ်လုံးနဲ့ လူငယ်ထုတစ်ရပ်လုံးအတွက် လွတ်လပ်မှုနဲ့တန်းတူညီမျှမှုအပေါ် အခြေခံတဲ့၊ ဖိနှိပ်အုပ်စိုးမှု၊ ခွဲခြားဆက်ဆံမှု၊ ဆင်းရဲမွဲတေမှု၊ ခေါင်းပုံဖြတ်သွေးစုပ်မှုတို့အပြင် ဘာသာရေးအယူသီးမှု တို့ကို ကင်းဝေးပပျောက်စေမယ့်၊ သာယာဖွံ့ဖြိုးတဲ့ဘဝသစ်တစ်ရပ်ကို ရရှိလာဖို့အတွက် နေ့စဉ်နဲ့အမျှ အီရန်အစ္စလန်မစ် အစိုးရကို တော်လှန်ဖြတ်ချဖို့ကြိုးပမ်းနေကြချိန်ဖြစ်တယ်။

အီရန်ပြည်သူတွေဟာ မျိုးဆက်နှစ်ဆက်စာ မိမိတို့ရဲ့ဘဝ‌တွေအပြင် အိမ်နီးနားချင်းတိုင်းပြည်တွေကအာရပ်ပြည်သူတွေရဲ့ဘဝတွေ၊ အတွေးအခေါ်ခံယူချက်တွေကိုဆုတ်ယုတ်ပျက်စီးစေခဲ့တဲ့ အီရန် အစ္စလန်မစ် အစိုးရလက်ကနေလွတ်မြောက်လာဖို့ နိုးကြားအုံကြွလာကြတာဖြစ်တယ်။

အီရန်ပြည်သူတွေအနေနဲ့ နိုင်ငံတကာကပြည်သူတွေနဲ့အတူ အေးအတူပူအမျှလက်တွဲပြီး လူသားထုတစ်ရပ်လုံးရဲ့အကျိုး၊ ပိုမိုကောင်းမွန်တဲ့လောကသစ်တစ်ရပ်အတွက် တိုက်ပွဲဝင်လိုစိတ်ရှိနေကြတာပါ။ လမ်းမထက်က သူတို့ဆန္ဒပြချိန်မှာ ကိုင်စွဲလာကြတဲ့ "ငါတို့ရဲ့ရန်သူဟာဒီမှာဖြစ်တယ်။ အမေရိကန်ကသာ ငါတို့ရဲ့ရန်သူပါဆိုတာ အီရန်အစိုးရရဲ့အလိမ်အညာစကားပဲဖြစ်တယ်" လို့ရေးသားထားတဲ့ စာတမ်းကိုကြည့်ရင်သိသာနေပါပြီ။

တချိန်ထဲမှာပဲ သင်တို့ ပြည်သူတွေရဲ့အစိုးရလို့နာမည်သာခံထားပြီး လက်တွေ့မှာတော့ ကျွန်ုပ်တို့အီရန်ပြည်သူတွေရဲ့ တိုက်ပွဲ‌အနေနဲ့အင်အားယုတ်လျော့လာဖို့အတွက်ငြား အီရန် အစ္စလန်မစ်အုပ်စိုးသူလူတန်းစားကို ယင်းတို့ဆီကလူနည်းစုအုပ်စိုးသူလူတန်းစားအကျိုးစီးပွားအတွက်ငှာ ထောက်ပံ့အားပေးတာ ကာကွယ်ပေးနေတာတွေကို ကျွန်ုပ်တို့အီရန်ပြည်သူတွေ ထင်ထင်ရှားရှားတွေ့မြင်လာကြပါပြီ။

သင်တို့ပြည်သူတွေရဲ့အစိုးရလို့ နာမည်ခံလျက်နဲ့ အီရန်အစ္စလန်မစ် အစိုးရကိုကာကွယ်‌ထောက်ပံ့နေကြသူတွေကို သတင်းစကားပါးလိုက်ကြစမ်းပါ။ ဒီသတင်းစကားကတော့ "အီရန်အစ္စလန်မစ်အစိုးရဟာ ကျွန်ုပ်တို့အီရန်ပြည်သူတွေကို ကိုယ်စားပြုတဲ့အစိုးရမဟုတ်ပဲ ကျွန်ုပ်တို့ပြည်သူတွေကိုသတ်ဖြတ်ဖို့ နည်းနည်းမှဝန်မလေးတဲ့ လူသတ်သမားအာဏာရှင်အစိုးရဖြစ်တယ်" ဆိုတာကိုပါပဲ။

သင်တို့ဆီကအစိုးရတွေအနေနဲ့ အီရန်အစ္စလန်မစ်အစိုးရနဲ့ဆက်ဆံရေးဖြတ်တောက်ဖို့၊ ယင်းတို့ရဲ့သံရုံးတွေကိုပိတ်ပစ်ဖို့၊ ယင်းတို့လက်အောက်ခံဗလီတွေအပြင် ယင်းတို့ရဲ့ အနောက်နိုင်ငံအကြမ်းဖက်မှုကွန်ယက်ထဲက ကတ်ဒ်အဖွဲ့ဝင် အီမန်တွေ၊မူလာတွေ၊ သူလျိုတွေကို နှင်ထုတ်ချေမှုန်းပစ်ဖို့ ဖိအားပေးကြ‌ဖို့ကျွန်ုပ်တို့တောင်းဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားအစည်းအရုံး(ILO)ကိုလည်း အလုပ်သမားပေါင်းများစွာကိုဆင်းရဲတွင်းနက်စေပြီး အလုပ်သမားခေါင်းဆောင်တွေကိုလည်း ဖမ်းဆီးထောင်ချဖိနှိပ်နေတဲ့ ယင်းအစိုးရကို အစည်းအရုံးကနေနှင်ထုတ်ပစ်ဖို့ ဖိအားပေးကြစေချင်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာအားကစားအစည်းအရုံးတွေ၊ အဖွဲ့ချုပ်တွေကိုလည်းအားကစား‌သမားတွေအပေါ်ဖိနှိပ်ခွဲခြားတဲ့၊ အမျိုးသမီးတွေအပေါ်ကိုလိင်ပိုင်းဆိုင်ရာ ဖိနှိပ်ခွဲခြားတဲ့ အီရန်အစ္စလန်မစ်အစိုးရကို ယင်းတို့အဖွဲ့အစည်းတွေထဲကနေ နှင်ထုတ်ပစ်ကြဖို့ တောင်းဆိုကြစေချင်ပါတယ်။

ဆွီဒင်မှာဖြစ်ပွားခဲ့တဲ့ ဟာမစ်ဒ် နော်ရီအမှုအခင်းတုန်းကလို အီရန်အစိုးရအဖွဲ့ဝင် လူသတ်သမားရာဇဝတ်သားတွေကို ယင်းတို့နိုင်ငံနယ်နိမိတ်အတွင်းရောက်တာနဲ့ ဖမ်းဆီးခုံးရုံးတင်အပြစ်ပေးဖို့ သင်တို့အစိုးရတွေကို တောင်းဆိုပေးကြဖို့ ကျွန်ုပ်တို့တိုက်တွန်းလိုပါတယ်။

အီရန်အစိုးရအဖွဲ့ဝင်တွေရဲ့ဘဏ်အကောင့်တွေကိုချိတ်ပိတ်ပစ်ဖို့၊ အီရန်အစိုးရလက်အောက်ခံရင်းနှီးမြုပ်နှံမှုတွေကိုပိတ်ပစ်ပစ်ဖို့၊ ပြည်သူတွေအနေနဲ့ယင်းအစိုးရကိုတော်လှန်ဖြုတ်ချပြီးတဲ့အခါ အီရန်အစိုးရဝင်တွေရဲ့ပိုင်ဆိုင်မှုတွေ‌ကို ပြည်သူပိုင်ပစ္စည်းအဖြစ် ပြန်လည်အပ်နှံကြဖို့ သင်တို့ရဲ့အစိုးရတွေအပေါ်ဖိအားပေးတောင်းဆိုကြစေချင်ပါတယ်။

အတိုချုပ်ပြောရရင်တော့ အီရန်အစ္စလန်မစ်အစိုးရကိုဘွိုင်းကောက်(boycott)ပစ်ဖို့၊ နိုင်ငံတကာအသိုက်အဝန်းကနေနှင်ထုတ်ဖို့၊ အီရန်ပြည်သူတွေရဲ့အစိုးရအဖြစ် လက်မခံကြဖို့ သင်တို့ရဲ့အစိုးရတွေကိုဖိအားပေးကြဖို့ ကျွန်ုပ်တို့မေတ္တာရပ်ခံပါရစေ။

အီရန်လုပ်သားကွန်မြူနစ်ပါတီ(WPI) ရဲ့ဗဟိုကော်မတီကိုယ်စား လွတ်လပ်မှုကိုမြတ်နိုးတဲ့ နိုင်ငံတကာမှပြည်သူတွေအပေါ် နှုတ်ခွန်းစကား ဆက်သလိုက်ပါတယ်။ အီရန်ပြည်သူတွေအနေနဲ့ ယင်းတို့ရဲ့အစ္စလန်မစ် အစိုးရကို တော်လှန်ဖြုတ်ချပြီး လွတ်လပ်ပြီးတန်းတူညီမျှတဲ့လူ့ဘောင်အသစ်တစ်ရပ် တည်ဆောက်ဖို့ကြိုးပမ်းကြရာမှာ သင်တို့ နိုင်ငံတကာမှပြည်သူတွေရဲ့ အားပေးထောက်ခံမှုကိုလည်းကျွန်ုပ်တို့လိုအပ်လျက်ရှိနေပါတယ်။

မူရင်းထုတ်ပြန် ~ Central Committee of the Worker-communist Party of Iran
ဘာသာပြန် ~ Zaw Khu Zun

ကမ္ဘာ့ဆိုရှယ်လစ်အဘိဓာန်စာအုပ်ကြီးထဲမှာ ဖော်ပြထားတဲ့ "သခင်သန်းထွန်း"ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဥက္ကဋ္ဌမဖြစ်သေးမီကပင် ဗမာပြည...
21/09/2022

ကမ္ဘာ့ဆိုရှယ်လစ်အဘိဓာန်စာအုပ်ကြီးထဲမှာ ဖော်ပြထားတဲ့ "သခင်သန်းထွန်း"

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဥက္ကဋ္ဌမဖြစ်သေးမီကပင် ဗမာပြည်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦးအဖြစ်နဲ့ သူ့အမည်ဟာ ဗမာပြည်နယ်နိမိတ်အပြင်ပထိ ထွန်းပေါက်ရောက်ရှိခဲ့တာပါ။

သူကျဆုံးသွားခဲ့ပြီးနောက် သူ့အကြောင်းတရုတ်ပြည်ကထုတ်တဲ့ "ကမ္ဘာ့ဆိုရှယ်လစ်အဘိဓာန်" ထဲမှာ (ကမ္ဘာအရပ်ရပ်က ထင်ရှားကျော်ကြားတဲ့ ခေါင်းဆောင်များ နည်းတူ) ထည့်သွင်းဖော်ပြခဲ့ပါတယ်။
အဲဒီအဘိဓာန်ထဲမှာ ဘယ်လိုဖော်ပြသလဲဆိုတာ သိရှိနိုင်အောင် ဘာသာပြန်ဆိုပြီး တင်ပြလိုက်ပါတယ်။

သခင်သန်းထွန်း (၁၉၁၁ - ၁၉၆၈)
ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌအဖြစ် (၁၉၅၀ - ၁၉၆၈)က ထမ်းဆောင်ခဲ့တယ်။ အောက်ဗမာပြည် တောင်ငူခရိုင်၊ ကညွတ်ကွင်းဇာတိဖြစ်ပါတယ်။

ရန်ကုန်ဆရာတတ်သင်ကောလိပ်အောင်ပြီးနောက် ရန်ကုန်ဆင်ခြေဖုံးရှိ၊ မွတ်စလင် အထက်တန်းကျောင်းမှာ ဆရာအဖြစ်လုပ်ခဲ့တယ်။ ၃၀ ခုနှစ်များမှာ အင်္ဂလိပ်ဆန့်ကျင်ရေး ဝံသာနုအစည်းအရုံးဖြစ်တဲ့ တို့ဗမာအစည်းအရုံး (သခင်ပါတီ) ထဲကို ဝင်ရောက် ပြီး၊ လယ်သမားသမဂ္ဂလုပ်ငန်းကို တာဝန်ယူပါတယ်။ ၁၉၃၇ ခုနှစ်မှာ နဂါးနီစာအုပ်အသင်းကို ထူထောင် ပြီး၊ တိုးတက်တဲ့စာအုပ်များကို ဘာသာပြန် ပုံနှိပ်ထုတ်ဝေပါတယ်။

၁၉၃၉ ခု၊ သြဂုတ်လ ဗမာပြည်ကွန်မြူ နစ်ပါတီကို ထူထောင်ရာမှာ ပါဝင်ခဲ့တယ်။ အင်္ဂလိပ်ကိုလိုနီ ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ တဲ့အတွက် ဖမ်းဆီးထောင်ချခံရပါတယ်။ ၁၉၄၂ ခုနှစ်၊ ဗမာပြည်အား ဂျပန်တပ်တွေ စတင်ဝင်ရောက် လာတဲ့အခါ ဖမ်းဆီးထားရာမှ ပြန်လွှတ်လာခဲ့တယ်။

၁၉၄၂ ခုနှစ်မှ ၁၉၄၄ ခုနှစ်အထိ ဂျပန်လက်အောက် ဒေါက်တာဗမော်အစိုးရ ဝန်ကြီးအဖွဲ့တွင် လယ်ယာစိုက်ပျိုးရေးဌာနဝန်ကြီးအဖြစ် ဆောင်ရွက်ရင်းနဲ့ သခင်အောင်ဆန်း၊ သခင်စိုး၊ စသူတို့နဲ့အတူ ဂျပန်ခုခံဆန့်ကျင်ရေး လက်နက်ကိုင်တိုက်ပွဲအတွက် လျှို့ ဝှက်ပြင်ဆင်ရေးကို ဆောင်ရွက်ခဲ့ပါတယ်။

၁၉၄၄ ခုနှစ်၊ သြဂုတ်လ ၈ ရက်၊ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကို ထူထောင်ပြီး၊ အတွင်းရေးမှူးတာဝန်ယူပါတယ်။ ၁၉၄၅ ခု၊ ဇူလိုင်လ ဗမာ ပြည်ကွန်မြူနစ်ပါတီ အဖွဲ့ဝင်နဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်အဖြစ် အရွေးခံရပါတယ်။ ၁၉၄၆ ခုနှစ်၊ ဇန်နဝါ ရီလမှာ ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်မှုအောက်ရှိ၊ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂရဲ့ ဥက္ကဋ္ဌအဖြစ် အရွေးခံရပါတယ်။ အဲဒီနှစ် ဖေဖော်ဝါရီလမှာ ဗဟိုကော်မတီအတွင်းရေးမှူးအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရပါတယ်။ (၁၉၅၀ ခုနှစ်မှာ ဥက္ကဋ္ဌလို့ ပြောင်းလဲခေါ်ဝေါ်ခဲ့တယ်။)

၁၉၄၈ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှာ တပါတီလုံးကို ခေါင်းဆောင်ပြီး မရှောင်မလွှဲသာ တောခိုကာ လက်နက် ကိုင်တိုက်ပွဲကို ဆင်နွှဲခဲ့တယ်။ အဲဒီနှစ်မှာပဲ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌနဲ့ ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(၁၉၅၀ မှာ ပြည်သူ့တပ်မတော်လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့တယ်။) ရဲ့ စစ်ဦးစီး ချုပ်တာဝန်ကို ထမ်းဆောင်ပါတယ်။ ၁၉၆၈ ခု၊ စက်တင်ဘာ ၂၄ ရက်၊ ရန်ကုန်မြို့ မြောက်ဘက်၊ ပဲခူးရိုး မ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဗဟိုအခြေခံစခန်းမှာ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။

[တရုတ်ပြည်ကွန်မြူနစ်ပါတီ၊ ဗဟိုဘာသာပြန်နဲ့ တည်းဖြတ်ရေးဌာန၊ ကမ္ဘာ့ဆိုရှယ်လစ်လှုပ်ရှားမှု သု တေသနဌာနမှ ၁၉၉၆ ခုနှစ်တွင် ပြုစုတည်းဖြတ်တဲ့ "ကမ္ဘာ့ဆိုရှယ်လစ်အဘိဓာန်" စာအုပ် (အသစ်ပြန် လည် ရိုက်နှိပ်ထားတဲ့ စာအုပ်) မှ ဘာသာပြန်ပါတယ်။ ]

13/09/2022

Address

Shwenyaung

Website

Alerts

Be the first to know and let us send you an email when Leftist Youth Associations - Shwe Nyaung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Leftist Youth Associations - Shwe Nyaung:

Share