ဆိပ်ခွန် သမိုင်းမှတ်တမ်း

  • Home
  • Myanmar
  • Shwebo
  • ဆိပ်ခွန် သမိုင်းမှတ်တမ်း

ဆိပ်ခွန် သမိုင်းမှတ်တမ်း ဆိပ်ခွန်သမိုင်းကို ဆိပ်ခွန်သားတို့ ဖော်ထုတ်ရမည့် တာ၀န်ရှိသည်။

နိမိတ်မွန်မြတ် ဆိပ်ခွန်အရပ်မှာမောင်ခိုင်မာ
25/01/2021

နိမိတ်မွန်မြတ် ဆိပ်ခွန်အရပ်မှာ
မောင်ခိုင်မာ

01/01/2021

"ဆိပ်ခွန်အုပ်စု ဆယ့်နှစ်လရာသီ ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းတော်ကြီးလောင်းလှူပူဇော်ပွဲများ"

၁။ တန်ခူးလပြည့်နေ့ - အင်​ြကင်းတောဘုရားဆွမ်းလောင်းပွဲတော်

သင်္ကြန်နှစ်ဆန်း ၁ ရက်နေ့ - ဆိပ်ခွန်ရွာလယ်ဆွမ်းလောင်းပွဲတော်

သင်္ကြန်နှစ်ဆန်း ၁ ရက်နေ့ - နံ့သာရွာဆွမ်းလောင်းပွဲတော်

သင်္ကြန်နှစ်ဆန်း ၁ ရက်နေ့ - ဆိပ်သာရွာဆွမ်းလောင်းပွဲတော်

သင်္ကြန်နှစ်ဆန်း ၂ ရက်နေ့ - ဗိုလ်တည်းကုန်းရွာဆွမ်းလောင်းပွဲတော်

၂။ ကဆုန်လပြည့်နေ့ - ပိဋကကျောင်း ပြည်လုံးချမ်းသာဘုရားဆွမ်းလောင်းပွဲတော်

၃။ နယုန်လဆန်း ၁၂ ရက်နေ့ - ထန်းဇင်ရွာ သုမေဓာဘုရားဆွမ်းလောင်းပွဲတော်

နယုန်လပြည့်နေ့ - မြတ်ရွှေဂူဘုရားဆွမ်းလောင်းပွဲတော်

၄။ ဝါဆိုလပြည့်နေ့ - ဆိပ်ခွန်ရွာလယ်ဆွမ်းလောင်းပွဲတော်

ဝါဆိုလ​ြပည့်နေ့ - နံ့သာရွာဆွမ်းလောင်းပွဲတော်

ဝါဆိုလ​ြပည့်ကျော် ၈ ရက်နေ့နှင့် လကွယ်နေ့ - စာ​ေရးတံပွဲတော်

၅။ ဝါခေါင်လဥပုသ်သီတင်းနေ့တိုင်း - စာရေးတံပွဲတော်

၆။ တော်သလင်းလဥပုသ်သီတင်းနေ့တိုင်း - စာရေးတံပွဲတော်

၇။ သီတင်းကျွတ်လဆန်း ၈ ရက်နေ့နှင့်လပြည့်နေ့ - စာရေးတံပွဲတော်

သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ - နံ့သာရွာ သီတာရုံကျောင်း ဘုရားဆွမ်းလောင်းပွဲတော်

သီတင်းကျွတ်လပြည့်ကျော် ၃ ရက်နေ့ - မင်းခေါင်တောကျောင်း ဘုရားဆွမ်းလောင်းပွဲတော်

၈။ တန်ဆောင်မုန်းလဆန်း ၃ ရက်နေ့ - လောကမာရဇိန်ဘုရားဆွမ်းလောင်းပွဲတော်

တန်ဆောင်မုန်းလဆန်း ၈ ရက်နေ့ - ဆယ်ပြားစုပေါင်းဘုံမဟာကထိန်ပွဲတော်

တန်ဆောင်မုန်းလပြည့်နေ့ - ဆိပ်ခွန်ရွာ ဆိပ်သာရွာ အင်ကြင်းတောဘုရားတောင်ဘက်စောင်းတန်းဆွမ်းလောင်းပွဲတော်

၉။ နတ်တော်လဆန်း ၃ ရက်နေ့ - မဟာစည်ဆရာတော်ဘုရားကြီး၏ရုပ်တုတော်ဆွမ်းလောင်းပွဲတော်

နတ်တော်လပြည့်ကျော် ၁၃ ရက်နေ့ - သရက်ခြံကျောင်း အနန္တဂုဏ်ရည်စေတီတော်ဆွမ်းလောင်းပွဲတော်

၁၀။ ပြာသိုလ​ြပည့်ကျော် ၅ ရက်နေ့ - ဒီပါရုံဘုရားဆွမ်းလောင်းပွဲတော်

ပြာသိုလပြည့်ကျော် ၁၂ ရက်နေ့ - ထန်းဇင်ရွာ လိှုင်တွင်းခေါင်းဘုရား ဆွမ်းလောင်းပွဲတော်

၁၁။ တပို့တွဲလဆန်း ၈ ရက်နေ့ - မဟာစည်ဓာတုစေတီဆွမ်းလောင်းပွဲတော်

တပို့တွဲလဆန်း ၉ ရက်နေ့ - အောင်မင်းခေါင်ဘုရားဆွမ်းလောင်းပွဲတော်

တပို့တွဲလဆန်း ၁၀ ရက်နေ့ - ဗိုလ်တည်းကုန်းရွာဘုရားဆွမ်းလောင်းပွဲတော်

တပို့တွဲလဆန်း ၁၄ ရက်နေ့ - သိဒ္ဓိအောင်ဘုရားဆွမ်းလောင်းပွဲတော်

တပို့တွဲလပြည့်နေ့ - ဘဏ္ဍာစိုးဘုရားဆွမ်းလောင်းပွဲတော်

တပို့တွဲလ​ြပည့်ကျော် ၅ ရက်နေ့ - မဟာဝိသုခါရာမကျောင်း ပဋ္ဌာန်းသိမ်းဆွမ်းလောင်းပွဲတော်

တပို့တွဲလပြည့်ကျော် ၈ ရက်နေ့ - နန္ဒမုနိဘုရားဆွမ်းလောင်းပွဲတော်

၁၂။ တပေါင်းလဆန်း ၁၀ ရက်နေ့ - မှန်ကျောင်း လာဘမုနိဘုရားဆွမ်းလောင်းပွဲတော်

တပေါင်းလဆန်း ၁၁ ရက်နေ့ - ပျဥ်းမနားကျောင်း ရှစ်မျက်နှာဆုတောင်းပြည့် အောင်ကမ္ဘာအေးဘုရားဆွမ်းလောင်းပွဲတော်

တပေါင်းလပြည့်နေ့ - မဟာစည်ဓာတ်ပေါင်းစေတီဆွမ်းလောင်းပွဲတော်

တပေါင်းလပြည့်ကျော် ၃ ရက်နေ့ - ထန်းဇင်ရွာ ရွာဦးဘုရားဆွမ်းလောင်းပွဲတော်

ဦးကုဏ္ဍလ(အင်ကြင်းပင်ကျောင်းဆရာတော်) မှတ်တမ်းပြုစုတော်မူသည်။

11/10/2020

ဆိပ်ခွန်ရွာက ဒေသိယအသုံးအနှုန်းများ
******************************
ရွာဆိုတာက အထက်အညာ ရွှေဘိုနယ်က ရွာကြီးတစ်ရွာပါ။ အဘိုးအဘွားတွေ လက်ထက်ကတည်းက မူးရေဝင် ဆည်ရေသောက် လယ်မြေတွေနဲ့ ဆန်စပါး ပဲ ပြောင်း နှမ်းဝါ ဆိုသလို စိုက်ပျိုးရေး အခြေခံတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ ရိုးရာလုပ်ငန်းအဖြစ် လက်ရက်ကန်းကို အစဥ်အဆက် လုပ်ကိုင်ကြပါတယ်။

အနှီရွာကြီးမှာ ဟုတ်တယ် ဆိုတဲ့ စကားလုံးကို "ဟုတ်သယ်" လို့ ပြောဆိုကြပါတယ်။ သ နဲ့ တ နဲ့ မကွဲတာလည်း မဟုတ်ပါဘူး။ ပီပီသသ ပြောနိုင်ဆိုနိုင်ကြပါတယ်။ ဒါပေမဲ့ ကိုယ့်ဘိုးဘွားတွေ၊ အဖေအမေတွေက ဒီလိုပဲ ပြောခဲ့​ြကတာဆိုတော့ နောက်မျိုးဆက်တွေကလည်း လိုက်ပြောကြတာမျိုးပါ။ ခေတ်လူငယ်တွေကတော့ အခြားအရပ်က လူတွေနဲ့ ပြောဆိုဆက်ဆံကြတဲ့အခါမတော့ ဟုတ်တယ်ပဲ။ ရွာသူရွာသား အချင်းချင်းကျပြန်တော့ ဟုတ်သယ် ပြန်ဖြစ်သွားပြန်ရော။

ပမာဏ အတိုင်းအဆနဲ့ သက်ဆိုင်တာမျိုးဆိုရင် ဘယ်လိုကြောင့်ရယ်မသိ။ ဆန့်ကျင်ဘက် အဓိပ္ပါယ်နဲ့ ပြောကြပြန်ရော။ ဥပမာ အရာဝတ္ထုတစ်ခုက သာမန်ထက်ကြီးမားနေတယ်ဆိုရင် ဟာ သေးသားလားကွာ၊ နည်းတာကြီးဟုတ်ဘူး စသဖြင့်ပေါ့။ ဟာ အကြီးကြီးပဲဟေ့လို့ ပြောရမယ့်အစား အဲဒီလိုတွေ ပြောကြတာမျိုးဟာ အခြားဒေသတွေနဲ့စာရင် ထူးခြားလို့နေပါတယ်။ ရှည်တဲ့အရာဆိုရင် တိုသားပဲတို့၊ ကျယ်တဲ့အရာဆိုရင် ကျဥ်းသားပဲတို့၊ မြင့်တဲ့အရာဆိုရင် နိမ့်သားပဲတို့၊ ဝတဲ့အရာဆိုရင် ပိန်သားပဲတို့ဟာ ကြီးမားများပြားလွန်ကဲတာတွေကို ဆန့်ကျင်ဘက်အနက်နဲ့ တင်စား​ြပီး ပြောဆိုသုံးနှုန်းကြဟန်တူပါရဲ့နော်။

နောက်ပြီး တစ်စုံတစ်ယောက်က ထွင်ပြီးပြောလိုက်တဲ့ စကားတစ်ခွန်းဟာ ရွာမှာ အခုလက်ရှိအချိန်ထိဆက်လက်သုံးစွဲနေတာမျိုးလည်း ရှိပါတယ်။ လူတစ်ယောက်က အပ်ချုပ်ဆိုင်ကို အထည်စသွားအပ်တဲ့အခါ ဆိုင်ရှင်က အပ်ချည်မရှိ၊ ကုန်နေလို့ "နိုးသဒက်"(No thread)လို့ အင်္ဂလိပ်လို ပြောလိုက်ပါသတဲ့။ အဲဒါကို အစွဲပြုပြီး အကြောင်းအရာတစ်ခုကို ငြင်းလိုတဲ့အခါ နိုးသဒက်လို့ပဲ ပြောကြပါသတဲ့။ အဖေဖြစ်သူက သူ့သားကို နွားချေးကျုံးဖို့ ခိုင်းတာကို သားဖြစ်သူက နိုးသဒက်တဲ့။ မကျုံးဘူးပေါ့။ အဲဒီအခါ မင်းက နိုးသဒက်ဆိုရင် မင်းကို မနက်စာ မကျွေးဘူး။ ဝမ်တိန်ပဲတဲ့။ သူ့အရပ်နဲ့သူ့ဇာတ် ဆိုသလိုပဲပေါ့။ အဆင်ကိုပြေနေရော။ မင်းမှာ ပိုက်ဆံရှိရင် ခေတ္တခဏလောက် ချေးငှားပါအုံးဆိုရင် အဖြေက နိုးသဒက်ပါတဲ့။ အခုထက်ထိလည်း သုံးနှုန်းပြောဆိုကြတုန်းလို့ ဆိုပါတယ်။

အင်္ဂလိပ်လို နောက်တစ်ခု ရှိပါသေးတယ်။ ရွာမှာ တစ်ချိန်က လန်ဒန်တက္ကသိုလ်ပြန် ပါရဂူဘွဲ့ရ သင်္ချာဆရာကြီးတစ်ဦးရှိပါတယ်။ မန္တလေးတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်ရပါတယ်။ ဆရာကြီးက ရွာကသူ့ငယ်သူငယ်ချင်းတစ်ဦးကို သူ့ဆီခေါ်ထားပါသတဲ့။ မြို့က စားကောင်းသောက်ဖွယ်တွေကိုလည်း ဝယ်ခြမ်းကျွေးပါသတဲ့။ ဒါပေမဲ့ သူငယ်ချင်းဖြစ်သူက အစားအသောက်တွေကို ခံတွင်းမတွေ့ဘူးပေါ့။ အဲဒါနဲ့ မင်းတို့​ြမို့က အစားအသောက်တွေကလည်း "ပရောတစ်"(Protic) မဖြစ်ပါဘူးကွာတဲ့။ အဲဒီအခါ သင်္ချာဆရာကြီးက ပရောတစ်အဓိပ္ပါယ်ကို မသိလို့ အဘိဓာန်လှန်ပြီး ရှာပါလေရော။ အဘိဓာန်ထဲလည်း မတွေ့တဲ့အဆုံး သူ့သူငယ်ချင်းကို မေးရတော့တာပေါ့။ အဲဒီအခါ ပြန်ဖြေလိုက်တာက ပရောတစ်ဆိုမှတော့ ပရောတစ်ပေါ့ဟတဲ့။ သင်္ချာဆရာကြီးကတော့ တဟားဟားနဲ့ပေါ့။ ရွာရောက်တဲ့အခါ သင်္ချာဆရာကြီးက ပြန်ပြောင်းပြောပြရင်း ရွာသားတွေလည်း သဘောကျပေါ့။ အဲဒီကစလို့ တစ်စုံတစ်ခု အဆင်မပြေဖြစ်တဲ့အခါ ဒါမှမဟုတ် မိမိမနှစ်သက်တဲ့အခါ၊ သဘောမကျတဲ့အခါတွေဆိုရင် မောင်ရာ မင်းဟာက ပရောတစ်ဖြစ်ပါဘူးကွာတဲ့။ ဘာလေးဖြစ်ဖြစ် မကြိုက်နှစ်ခဲ့ရင် ပရောတစ်မဖြစ်ဘူးဆိုတဲ့ စကားအသုံးဟာ တွင်ကျယ်နေဆဲပဲလို့ ကြားသိရပါတယ်။

ရှေးအခါကတော့ လယ်ယာလုပ်ငန်းခွင်တွေဟာ ဝိုင်းလုပ်ဝိုင်းစားစနစ်နဲ့ လုပ်ကိုင်ဆောင်ရွက်ကြတာပါ။ လယ်တွေ ထွန်ယက်​ြကတဲ့အခါ သူ့လယ် ကိုယ်လယ် ထွန်ရှဥ်းလက်စားလိုက်ကြရပါတယ်။ ပျိုးနှုတ်၊ ကောက်စိုက်၊ ကောက်ရိတ်သိမ်းတဲ့အခါ၊ ကောက်လိှုင်းပုံ၊ ကောက်လိှုင်းတိုက်တဲ့အခါ၊ စပါးလှေ့တဲ့အခါ စတာမျိုးအလုပ်တွေမှာ အပြန်အလှန် ဝိုင်းဝန်းကူညီကြပါတယ်။ စပါးတွေ ကျီထဲထည့်သွင်းကြတဲ့အခါမှာလည်း နွားလှည်း၊ ကျွဲလှည်းတွေနဲ့ လက်စားလိုက် ကူညီကြတဲ့ ထုံးစံရှိပါတယ်။ အဲဒီလိုမျိုး သွားရောက်ကူညီဝိုင်းဝန်းတာကို "အုံ"တယ်လို့ ပြောကြပါတယ်။ အအုံသွားတယ်လို့ ဆိုကြပါတယ်။ မနက်ဖြန် သူတို့တောက စပါးလှေ့ရှိတယ်။ အအုံသွားရမယ် စသဖြင့်ပေါ့။ ဟဲ့ နင်တို့အဖေ ဘယ်သွားတာတုံးလို့ အမေဖြစ်သူကမေးတဲ့အခါ သားသမီးဖြစ်သူ ပြန်ဖြေပုံက အဖေက ဘကြီးတို့အိမ်ဆောက်လို့တဲ့ အအုံသွားတယ် လို့ပေါ့။

အကြောင်းအရာတစ်ခုကို ထင်ထင်ရှားရှားဖြစ်အောင် ပြောလိုတဲ့အခါ "ခွဲ" ဆိုတဲ့ စကားလုံးနဲ့အတူတွဲပြီး ပြောကြပါသတဲ့။ သာဓကအားဖြင့် ဟာ ဘယ်သူဘယ်ဝါဖြင့် အိပ်ခွဲနေတာ တခေါခေါနဲ့ ဆိုတာမျိုးပေါ့။ ငါဖြင့်ကွာ ဗိုက်ဆာဆာနဲ့ စားခွဲတာ ထမင်းသုံးဇလုံပြောင်ရော။ ဟဲ့ သူဟာသူနေတဲ့ ခွေးကို သွားသွားမစနဲ့၊ မထင်ရင် ကိုက်ခွဲလိမ့်မနော်။ ဟိုမှာ ငမောင်တစ်ယောက် ကြည့်လိုက်ပါအုံး။ လေတဖြူးဖြူးနဲ့ ငိုက်ခွဲနေတာ။ ဘုံဆိုင်မှာ ငတေတစ်ယောက် အရက်တွေ သောက်ခွဲပြီး မူးထောင်နေပြီ။ အဖြစ်အပျက်တွေကို သရုပ်သကန် ပိုပြီးပေါ်လွင်အောင် ပြောကြဟန်တူပါတယ်။

အဆင်မသင့်ရင်၊ အကြောင်းမညီညွတ်ရင် ဆိုတဲ့အဓိပ္ပါယ်တွေအစား "ပုံမတော်ရင်" ဆိုတဲ့ စကားရပ်နဲ့ ပြောတတ်ကြပါသတဲ့။ မနက်ဖြန် လယ်ကို မြေဆီ​ြကဲလို့ မဖြစ်သေးပါဘူး။ ပုံမတော်ရင် မိုးက ထရွာနေမှဖြင့် ဆိုတာမျိုး ပြောတတ်​ြကပါတယ်။ ပိုက်ဆံကို သေသေချာချာ ထည့်သွားနော်။ ပုံမတော်ရင် ကျပျောက်မှဖြင့်။ စာကို ဂရုစိုက်ပြီး ကျက်ကွဲ့။ ပုံမတော်ရင် စာမေးပွဲမှာ အမှတ်မကောင်းဘဲ ဖြစ်နေအုံးမယ်။ ရွာမှာတော့ အသုံးများဆဲ ဖြစ်နေပေမယ့် အခြားဒေသတွေမှာတော့ ပြောဆိုသုံးနှုန်းတာကို ကြားရခဲပါတယ်။ တစ်ခါတော့ မန္တလေးက စာရေးဆ ရာကြီးတစ်ဦးရဲ့ စာထဲမှာတော့ ရှားရှားပါးပါး တွေ့လိုက်ရဖူးပါတယ်။

"နေရာမကျဘူး" ဆိုတဲ့အသုံးလည်း ရှိပါသေးတယ်။ သူ့ဟာနဲ့သူ အံဝင်ခွင်ကျမဖြစ်ပုံ၊ မဆီလျော်ပုံ၊ အဆင်မပြေပုံ၊ အကြောင်းမညီညွတ်ပုံ စတဲ့သဘောမျိုးတွေမှာ ပြောကြတာမျိုး ထင်ပါတယ်။ အဲဒီလို ဆောင်ရွက်မယ်ဆိုရင်ဖြင့် နေရာမကျသေးပါဘူး။ မင်းတို့လူ ပြောပုံဆိုပုံတွေက နေရာမကျပါဘူး။ ဒီအသုံးအနံှုးကိုတော့ မဟာစည်ဆရာတော်ကြီး ဟောတရားစာအုပ်တွေမှာ တွေ့ရလေ့ ရှိပါတယ်။
အခုလက်ရှိတော့ လူကြီးပိုင်းတွေလောက်ပဲ ပြောဆိုကြတာ များပါတယ်။ လူငယ်လူရွယ်ပိုင်းတွေမှာတော့ ပြောသံဆိုသံ မရှိသလောက် ရှားသွားပြီ ထင်​ြေကာင်းပါ။

သိပ်လှတဲ့ အသုံးအနှုန်းလေးတစ်ခု ရှိပါသေးတယ်။ သိပ်လှတယ်လို့ ဆိုသင့်ပါရဲ့လားမသိ။ ဘာကြောင့်လဲဆိုတော့ အသုဘ နာရေးမှာ သုံးတဲ့ စကားလုံးမို့ပါ။ ရွာထဲက အိမ်တစ်အိမ်မှာ လူသေဆုံးကွယ်လွန်တဲ့အခါ ရပ်ရွာလူအများ သိကြစေဖို့ ရွာနေရာတော်တော်များများမှာရှိတဲ့ နာရေးဆိုင်းဘုတ်မှာ အသိပေးရေးသားရပါတယ်။ ကွယ်လွန်သူရဲ့အမည်၊ အသက်၊ ကျန်ရစ်သူ ဘယ်သူဘယ်ဝါရဲ့မိခင်ဖခင် သို့မဟုတ် သားသမီး သို့မဟုတ် ဇနီးမယား လင်ယောကျ်ား စသဖြင့် တော်စပ်ပုံနှင့်တကွ အောက်ဆုံးမှာ ဘယ်နေ့ဘယ်ရက် ကိစ္စကုန်ပါမည် ဆိုတဲ့ အကြောင်းပါ။ နာရေးကိစ္စ၊ အသုဘချခြင်းအမှုအတွက် သုံးလိုက်တဲ့စကားလုံးက "ကိစ္စကုန်" တဲ့။

တဖန် အညာဆန်တယ် ပြောရမလားမသိ။ "ပ" အသုံးလည်း ယခုအချိန်ထိ တွေ့ရပါသေးတယ်။ အေး ဟုတ်ပ။ဟုတ်တာပအေ။ ဟုတ်ပနော်။ အေးပ။ ပါ့ နဲ့ ပေါ့ အစား သုံးတယ်လို့ ယူဆရပါတယ်။ ကြားရသူမှာ တစ်မျိုးတစ်မည် နားဝင်ချိုစရာ ဖြစ်ပါတယ်။ အင်မတန်လှပတဲ့ ဒေသအသုံးတစ်ခုလို့ပြောရင်လည်း မှားမယ်မထင်ပါ။

အညာမှာ ရေသယ်စရာအဖြစ် သံပုံး၊ သံဖြူပုံး တို့ကို "ချောင်" လို့ ထူးထူးခြားခြား ခေါ်ကြပါတယ်။ များသောအားဖြင့် သွပ်ချောင် လို့ တွဲခေါ်ပါတယ်။ အခြားအရပ်ဒေသတွေကတော့ ရေပုံးလို့ပဲ ခေါ်ကြမယ်ထင်ပါတယ်။ သွပ်ချောင်ဘယ်နားထားသလဲ။ သွပ်ချောင်ခဏငှားပါဆိုတာမျိုးတွေပေါ့။ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်သာ နားလည်ကြမယ့် စကားလုံးအသုံးတွေပါ။ အရပ်တစ်ပါးရောက်လို့ သွပ်ချောင်လို့ပြောရင် နားမလည်ကြတာများပါတယ်။ ရေပုံးလို့ပြောမှ သိကြပါတယ်။ အဲဒီအခါမျိုးမှာ ရယ်သွမ်းသွေးခြင်းလည်း ခံရမှာပါ။

"အူပွတာ"၊ "အူပေါက်တာ" ဆိုတာလည်း ရှိသေးသဗျ။ ယနေ့ခေတ် ပြောပြောနေ​ြကတဲ့ အူကြောင်ကြောင် ဆိုတာနဲ့ တူမယ်ထင်ပါတယ်။ သရော်တဲ့ သဘောလည်း ပါမယ်ထင်ပါတယ်။ ခပ်နှိမ်နှိမ် အပြစ်တင်တဲ့ အဓိပ္ပါယ်လည်း ဖြစ်နိုင်ပါတယ်။ ဒီပစ္စည်းကို ကိုယ်လည်း အသုံးမလိုဘဲနဲ့များ လိုချင်ရတယ်လို့။ အူပွတာ(အူပေါက်တာ)နော်။ ဟေ့ အူပွမနေကြနဲ့။ ကိုယ်လုပ်စရာရှိတာ လုပ်ကြ။ ဒီကောင်လေးတော့ အူပေါက်ပေါက်နဲ့။ မဟုတ်တမ်းတရားတွေ ပြောရော့မယ်။

အတိုင်းအတာဖြစ်စေ၊ အရေအတွက်မှာဖြစ်စေ ပမာဏကို အတိအကျမသိခဲ့ရင် သုံး​ြကတဲ့စကားလုံးက "ဝါစာကမာ" တဲ့။ အကြမ်းဖျင်း ဆိုတာနဲ့ နီးစပ်မယ်ထင်ပါတယ်။ ဒီနှစ်
ဖလံခုံတောက စပါးတင်း ၂၀၀ လောက်တော့ ဝါစာကမာ ထွက်မယ်ထင်တာပဲ။ ဒီကနေ အနောက်နတ်မူး
ကြီးအထိဆိုရင် ဝါစာကမာ ၃ တိုင်(၆ မိုင်) လောက်ဝေးမယ်။ အခုထက်ထိ သုံးနှုန်းပြောဆိုနေကြဆဲပါပဲ။ အခြားအရပ်တွေမှာလည်း ပြောကြ
သေး​​ြေကာင်း ကြားသိရပါတယ်။

အမျိုးသမီး အချင်းချင်းဆိုရင် နာမည်ရှေ့ကနေ "ရှင်" ထည့်ခေါ်တဲ့ အလေ့အထတစ်ခုလည်း ရှိပါသေးတယ်။ ရှင်ဘယ်သူရေ၊ ရှင်ဘယ်ဝါရေ စသဖြင့်ပေါ့။ တစ်ယောက်နဲ့တစ်ယောက် ပိုပြီးနွေးထွေးတဲ့သဘော၊ ရင်းနှီးတဲ့သဘော၊ ခင်မင်တဲ့သဘောတွေ ကိန်းအောင်းပါဝင်နေပါတယ်။
ဥပမာအားဖြင့် ရှင်အေးစုမွန်တို့က နေနိုင်လိုက်ပုံအေ။ အိမ်ကိုတောင် အလည်မလာဘူး။

နောက်ဆုံးအနေနဲ့ "အရူး​ေပါက်ချ" ဆိုတဲ့ စကားကိုလည်း ပြောဆိုတတ်ကြပါတယ်။ သူတစ်ပါးကို စီးပိုးပြီး လိမ်လည်ပြုမူတာမျိုးအတွက် သုံးနှုန်းပြောဆိုကြပါတယ်။ ငါ့လာပြီး အရူးပေါက်ချမနေနဲ့။ ငါအကုန်သိပြီးသား။ အဲဒါ ငချက်က အရူးပေါက်ချသွားတာလေ။ မောင်နိုင်က အ တော့ ခံလိုက်ရတယ်။ သူများကိုသာ အရူးပေါက်ချလို့ရမယ်။ ဗလကိုတော့ လာမစမ်းလေနဲ့။ ယနေ့ခေတ် ပြောကြတဲ့ အရူးကွက်နင်းဆိုတဲ့ အသုံးနဲ့ တူသယောင် ထင်ရပါတယ်။ သုတေသီများ ရှာဖွေလေ့လာကြဖို့ သင့်ကြောင်းပါခင်ဗျာ။

ရွာမှာ တစ်ခုထူးခြားတာ ရှိပါသေးတယ်။ လူတိုင်း လူတိုင်းမှာ နာမည်ရင်းအပြင် နာမည်ပြောင် တစ်ခုစီတော့ အနည်းဆုံး ရှိ​ြကပါသတဲ့။ နာမည်ပြောင်ကိုပဲ အမြဲခေါ်ကာ ပြောဆိုဆက်ဆံကြစမြဲပါ။ ဘယ်​ေလာက်ထိ စွဲမြဲသွားသလဲဆိုရင် နာမည်ရင်းကိုတောင် မေ့မေ့ပျောက်ပျောက် ဖြစ်သွားတဲ့အထိပါပဲ။ စာ​ေရးသူတို့ရဲ့ဆရာ ဦးသာချိုဆိုတာ ရှိပါတယ်။ ဆရာ့ နာမည်အရင်းက ဦးစမ်းမြင့်မောင်ပါ။ တစ်နေ့တော့ အဝေးက ဆရာမိတ်ဆွေတစ်ဦး ဆရာ့အိမ်ကို လာပါတယ်။ ဆရာ့အမေဖြစ်သူနဲ့ အိမ်ပေါက်ဝမှာတွေ့တဲ့အခါ ဆရာဦးစမ်းမြင့်မောင် ရှိသလားလို့ မေးပါသတဲ့။ အမေဖြစ်သူက ဒီအိမ်မှာ စမ်းမြင့်မောင် မရှိပါဘူးလို့ ပြန်ဖြေသတဲ့။ သားနာမည်ရင်းကို မိခင်ကိုယ်၌က ရုတ်တရက်မေ့နေခြင်းပင်။ ဦးသာချို ဆိုရင်တော့ တန်းသိမယ့် သဘောပါ။ နောက်ပြီး ရွာမှာ နာမည်တူများ ရှိနေရင် သူတို့ရဲ့ ဝိသေသနဲ့တွဲပြီး ခွဲခြားခေါ်တဲ့ အကျင့် ရိှပါတယ်။ ကျော်သန်းတွေများနေရင် လူကြီးကျော်သန်း၊ ဘက်ထရီကျော်သန်း ၊ ကျော်သန်းပု စသဖြင့်ပေါ့။ သန်းထွန်းတွေများနေရင်လည်း
မှိတ်တုတ်သန်းထွန်း၊ နှုတ်ခမ်းမွေးသန်းထွန်း၊ ပန်းရံသန်းထွန်း စသဖြင့်​ေပါ့။ နောက်ထပ်တစ်ခု ရှိပါသေးတယ်။ လူငယ်များက သူတို့သူငယ်ချင်း အချင်းချင်းဆိုရင် အဖေနာမည်ကို ဦးဖြုတ်ပြီး ခေါ်တတ်ကြပါတယ်။ စနောက်တဲ့ အနေနဲ့ပါ။ တစ်ခါတစ်ရံ ယောင်ပြီး အိမ်​ေရှ့ကနေ သူငယ်ချင်းကို လှမ်းခေါ်တာ ခင်ဗျာဆိုပြီး သူ့အဖေထွက်လာလို့ တောင်းပန်ရတာ အကြိမ်ကြိမ်ပါတဲ့။

ဖေ့စ်ဘွတ်ပို့စ်မှာ လာပြီးဖြည့်စွက်ပေးကြတဲ့ ဒေသိယအသုံးလေးတွေလည်း ထပ်မံသိရှိရပါတယ်။ စေတနာရှေ့ထားပြီး ​ပြောပြကြတဲ့အတွက် ကျေးဇူးအထူးတင်ရပါတယ်။ အဲဒီအသုံးလေးတွေကတော့ "လုပ်ချည်းချည်း"၊ "ဂပ်အိပ်"၊ "ဂဒီး ဂဒီး"၊ "အံကျ"၊ "အတိုင်အဖောက်ညီ"၊ ပါဠိစကားလုံးတွေဖြစ်ကြတဲ့ ("ကဏ္ဍကောစ၊ ဧကန္တ၊ အာဃာတ")၊ "တင်ပလ္လင်ချိတ်"၊ "မဟုတ်မှလွဲရော"၊
"နယ်ချေပွတ်"၊ ပိတ်ကျက်၊ "န"(အကောင်းမဟုတ်တော့ဘဲ ပျက်စီးယိုယွင်းလာတဲ့သဘော) စသည် စသည်တို့ ဖြစ်ပါတယ်။

ဆဏ်းဝင်းအောင်

24/08/2020

"အညာ​ကျေးလက်​ဆိပ်​ခွန်​ရွာက စာ​ရေးတံပွဲများ"

ဝါတွင်းအခါကာလသို့​ရောက်​ရှိလာခဲ့​ပေပြီ။ ယခုနှစ်​က ဝါထပ်​သည်​မို့ ဝါတွင်း(၃)လသည်​ဒုတိယဝါဆိုလပြည့်​ကျော်​(၁)ရက်​နေ့မှ သီတင်းကျွတ်​လပြည့်​နေ့အထိ ဖြစ်​ပါသည်​။​ထေရဝါဒ ဗုဒ္ဓသာသနာဝင်​အမျိုး​ကောင်းသား အမျိုး​ကောင်းသမီးတို့အဖို့ ဒါနကုသိုလ်​၊ သီလကုသိုလ်​၊ ဘာဝနာကုသိုလ်​များ ပွားများရရှိ ရာ အခါကာလလည်း ဖြစ်​နေပါသည်​။

မြတ်​ဗုဒ္ဓ ပညတ်​တော်​မူခဲ့​သော စည်းမျဉ်းအရ သံဃာ​တော်​အရှင်​သူမြတ်​တို့သည်​ဝါဆိုလပြည့်​ကျော်​(၁)ရက်​နေ့မှစ၍ ဝါတွင်း(၃)လပတ်​လုံး ဝါဆိုဝါကပ်​ခြင်းအမှုကို ပြုလုပ်​တော်​မူ ကြရပါသည်​။ အရှင်​မြတ်​တို့ သီတင်းသုံး​တော်​မူကြရာ​ကျောင်း သင်္ခမ်းများတွင်​သာ​နေထိုင်​သွားလာ​တော်​မူကြရပြီး အရပ်​တစ်​ပါးသို့ ကြွ​ရောက်​ခွင့်​မရှိ​ပေ။ အ​ကြောင်းမှာ ဤရာသီအချိန်​သည်​လယ်​သမားများ သီးနှံစပါးတို့ကို ထွန်​ယက်​စိုက်​ပျိုးကြရာ ကာလဖြစ်​သော​ကြောင့်​ရဟန်းသံဃာများ သာသနာပြုခရီး လှည့်​လည်​သွားလာရာတွင်​ပျိုးပင်​၊ စပါးပင်​များကို နင်းမိပျက်​စီးခြင်းမှ ကင်း​ဝေး​စေလို​သော​ကြောင့်​ဖြစ်​ပါသည်​။ တဖန်​ဝါတွင်းကာလသည်​မိုးတွင်းကာလဖြစ်​သဖြင့်​ခရီးသွားရဟန်းများ၏ သင်္ကန်းများ မိုးမိစိုရွှဲကာ ရဟန်းများ နာမကျန်းဖြစ်​ခြင်း တို့မှ ကင်း​ဝေး​စေလိုခြင်းတို့​ကြောင့်​လည်း ဖြစ်​ပါသည်​။

ထိုဝါဆိုဝါကပ်​တော်​မူကြ​သော ရဟန်းသံဃာ​တော်​အရှင်​မြတ်​များကို ဝါတွင်း(၃)လပတ်​လုံး ဆွမ်းခဲဖွယ်​ဘောဇဉ်​တို့ အဆင်​ပြေမျှတ​စေခြင်းငှါ အလှူအတန်းများမှာ သီတင်းစဉ်​အလိုက်​အထူးပြုလုပ်​လှူဒါန်း​လေ့ ရှိကြသည်​။ ထိုထို​သော အလှူဒါနတို့ အနက်​မှ သက်​တမ်းအားဖြင့်​နှစ်​ပေါင်း (၁၃၂)နှစ်​တိုင်​အောင်​ရှည်​ကြာတည်​တံ့လာခဲ့​သော အညာ​ကျေးလက်​ဆိပ်​ခွန်​ရွာမှ စာ​ရေးတံအလှူအ​ကြောင်းကို နတ်​လူသာဓု​ခေါ်ဆိုနိုင်​ခြင်းငှါ တင်​ပြလိုပါသည်​။

ဆိပ်​ခွန်​ရွာသည်​စစ်​ကိုင်းတိုင်း​ဒေသကြီး၊​ရွှေဘိုမြို့နယ်​တွင်​တည်​ရှိကာ အိမ်​ခြေ(၂၀၀၀)ခန့်​ရှိ​သော ရွာကြီးဖြစ်​သည်​။ သီရိဓမ္မာ​သောကမင်းကြီး တည်​ထား​တော်​မူ​သော​စေတီ​တော်​ပေါင်း(၈၄၀၀၀)အနက်​တစ်​ဆူအပါအဝင်​ဟု အစဉ်​အဆက်​ယုံကြည်​လက်​ခံခဲ့ကြ​သော အင်​ကြင်းတစ်​ကိုင်းပျဉ်းတစ်​ကိုင်း ဟုထင်​ရှား​ကျော်​စော​တော်​မူ​သော အင်​ကြင်း​တော​စေတီ​တော်​မြတ်​ကြီး တည်​ရှိရာ ရွာလည်းဖြစ်​သည်​။ ထို့ပြင်​ကမ္ဘာ့သာသ နာပြု ဆဋ္ဌသင်္ဂီတိပုစ္ဆကအရှင်​မြတ်​ကြီး ဖြစ်​တော်​မူ​သော မဟာစည်​သာသနာ့ရိပ်​သာတို့၏ မူလဘူတဖြစ်​တော်​မူ​သော
အဂ္ဂမဟာပဏ္ဍိတအရှင်​သောဘနမဟာစည်​ဆရာ​တော်​ဘုရား ကြီး၏ ဇာတိရပ်​ရွာလည်း ဖြစ်​သည်​၊ ၄င်းအပြင်​နိုင်​ငံနှင့်​အဝှမ်း နာမည်​ကြီးလူကြိုက်​များ​သော ဆိပ်​ခွန်​ပုဆိုးလုံချည်​များ ထွက်​ရှိရာ အရပ်​လည်းဖြစ်​သည်​။

အနှီဆိပ်​ခွန်​ရွာကြီးတွင်​ဘုန်း​တော်​ကြီး​ကျောင်း(၂၄)​ကျောင်း ရှိကာ တရားရိပ်​သာ(၁)ခု၊ စာသင်​တိုက်​(၂)တိုက်​တို့ အပါအဝင်​ဖြစ်​သည်​။ အဆိုပါ​ကျောင်းတိုက်​ပေါင်း (၂၄)တိုက်​မှ ဝါဆိုသံ ဃာ​တော်​အ​ရေအတွက်​မျာ ယခုနှစ်​တွင်​(၂၀၆)ပါးဖြစ်​၍ ရဟန်း (၁၄၅)ပါးနှင့်​သာမ​ဏေ (၆၁)ပါး ဖြစ်​ပါသည်​။

ဝါဆို​တော်​မူကြသည့်​သံဃာ​တော်​အရှင်​သူမြတ်​များ၏ ဆွမ်း​ဘောဇဉ်​အတွက်​မပင်​ပန်းရ​အောင်​ရွာသူရွာသားများက ဝါတွင်းသီတင်းစဉ်​အလိုက်​စာ​ရေးတံပွဲများကျင်းပကာ လှူဒါန်း ကြ​သောဓ​လေ့ ရှိပါသည်​။​ခေတ်​အဆက်​ဆက်​စာ​ရေးတံပွဲများ လှူဒါန်းလာခဲ့သည်​မှာ ယခုနှစ်​တွင်​(၁၃၂)နှစ်​မြောက်​သို့​ရောက်​ရှိပြီလည်း ဖြစ်​ပါသည်​။ နှစ်​စဉ်​မပျက်​လှူဒါန်းလာခဲ့ရာ သီ​ပေါမင်းလက်​ထက်​သက္ကရာဇ်​(၁၂၄၇)ခုနှစ်​ပတ်​ဝန်းကျင်​တွင်​အ​ကြောင်းမညီညွတ်​သဖြင့်​(၃)နှစ်​သာ ပျက်​ကွက်​ခဲ့သည်​ဟု မှတ်​တမ်းများအရ သိရှိရသည်​။ စာ​ရေးတံရာပြည့်​ပွဲကိုလည်း လွန်​ခဲ့​သော (၃၂)နှစ်​က စည်​ကားသိုက်​မြိုက်​စွာ ကျင်းပခဲ့ကြ ပါသည်​။

ဤတွင်​စာ​ရေးတံဟူသည်​ပုဂ္ဂိုလ်​အစွဲအလမ်း မပါရှိဘဲ သံဃာ ကို မဲချလှူဒါန်း​သော အလှူတစ်​မျိုး ဖြစ်​ပါသည်​။ သံဃာ​တော်​များအတွက်​ဆွမ်းခဲဖွယ်​စသည်​တို့ကို အလှူရှင်​များ စု​ပေါင်း၍​သော်​လည်း​ကောင်း၊ တစ်​ဦးတည်း​သော်​လည်း​ကောင်း ပြုပြင်​စီမံပြီး မဲကျရာ သံဃာ​တော်​ကို လှဒါန်းခြင်း ဖြစ်​ပါသည်​။ ယင်း အလှူကို ဝါဝင်​မှ ဝါကျွတ်​အထိ ဥပုသ်​သီတင်း​နေ့တိုင်း လှူဒါန်း​လေ့ရှိသည်​။ ဥပုသ်​နေ့မတိုင်​မှီ အဖိတ်​နေ့တွင်​လှူဖွယ်​များကို စာေ​ရးတံအိမ်​နေရာဌာနတွင်​ခင်းကျင်းထားကြသည်​။

ရပ်​ရွာလူကြီးသူမတို့အနက်​မှ အများကြည်​ညို​လေးစားသူလည်းဖြစ်​၊ လူမှု​ရေးကိစ္စပရဟိတကိုလည်း​ဆောင်​ရွက်​လိုစိတ်​ရှိသူ လည်းဖြစ်​သော ပုဂ္ဂိုလ်​တစ်​ဦးကို​ရွေးချယ်​ကာ စာ​ရေးတံ​ခေါင်းအဖြစ်​ခန့်​ထားပါသည်​။ ၄င်းစာ​ရေးတံ​ခေါင်းက သံဃာဦး​ရေ အလိုက်​လှူဖွယ်​ပစ္စည်းများ၊ ဆွမ်းနှင့်​ဆွမ်းဟင်းတို့ကို မျတစွာ ခွဲခြား၍ လှူဒါန်း​ပေးရပါသည်​။

နှစ်​စဉ်​စာ​ရေးတံပွဲလက်​ခံကျင်းပ​ပေးသည့်​အိမ်​သို​မဟုတ်​နေရာဌာန (၆)ခု၊ (၇)ခန့်​ရှိပါသည်​။ ထိုအလှူပွဲပြင်​ရာ အိမ်​တို့က မတည်​ကာ လှူဖွယ်​တို့ကို ခင်းကျင်းပြင်​ဆင်​ရပါသည်​။ ရပ်​ရွာလူ ထုက မိမိတို့အာရုံကျရာ လှူဖွယ်​ပစ္စည်းများကို လာ​ရောက်​ထည့်​ဝင်​လှူဒါန်း​ပေးကြသည်​။ လက်​ခံအိမ်​တို့က အ​ကျွေးအ​မွေးဖြင့်​ပြန်​လည်​ဧည့်​ခံ​ပေးကြသည်​။ လှူဖွယ်​ပစ္စည်းတို့ဖြင့်​လာ​ရောက်​ထည့်​ဝင်​လှူဒါန်းသည်​ကို စာ​ရေးတံ​ပေါင်းသွားငည်​ဟု​ခေါ်ဆိုကြသည်​။ စာ​ရေးတံအ​ရေအတွက်​ကို (လုံး)ဟူ​သော​ဝေါဟာရဖြင့်​ခေါ်ဆိုကြသည်​။ ဥပမာအ​နေဖြင့်​" ဒီတစ်​ပတ်​စာ​ရေးတံစုစု​ပေါင်း (၆)လုံးရှိတယ်​"စသည်​ဖြင့်​ပြောဆိုသုံးနှုန်းကြ သည်​။

စာ​ရေးတံအိမ်​က ဆွမ်း၊ ဆွမ်းဟင်းတို့ကို ချက်​ပြုတ်​ပြီး အိုးကြီး၊ အိုးငယ်​များဖြင့်​မုန့်​ပွဲများပြင်​ရာ ကုတင်​သို့မဟုတ်​စင်​အနီး တွင်​ချထားရသည်​။ မုန့်​ပွဲများပြင်​ရာ ကုတင်​ကျယ်​ကြီး​ပေါ်တွင်​မုန့်​မျိုးစုံ၊ သစ်​သီးမျိုးစုံ၊ ငါးဗူးအသားဗူး၊ နို့ဆီဗူး၊ ဆပ်​ပြာမျိုးစုံ၊ လက်​ဖက်​ခြောက်​၊​ရေစစ်​၊ သွားတိုကိ​ဆေးသွားတိုက်​တံ စသည့်​လှူဖွယ်​များကို ခင်းကျင်းထားရသည်​။ လာ​ရောက်​ထည့်​ဝင်​လှူဒါန်းသူ များက အဆိုပါခင်းကျင်းထားသည်​တို့ကို ကြည့်​ရှုရင်း ကြည်​ညိုသဒ္ဓါပွားများကာ သာဓု​ခေါ်ဆိုကြသည်​။

ဥပုသ်​နေ့နံနက်​(၈)နာရီအချိန်​ခန့်​တွင်​စာ​ရေးတံ​ခေါင်းက စာ​ရေးတံမဲချသည့်​နေရာသို့ သွား​ရောက်​မဲနှိုက်​၍ မဲကျရာ​ကျောင်း တိုက်​တို့မှ သံဃာ​တော်​တို့ကို ပင့်​ဆောင်​ပြီး​ရေစက်​ချလှူဒါန်း ကြပါသည်​။ မဲလိပ်​နှိုက်​ရာ​နေရာကို လပြည့်​လကွယ်​သတင်းနှင့်​လဆန်းလဆုတ်​(၈)ရက်​သီတင်းတစ်​ပတ်​ခြားစီကို​လောကမာ ရဇိန်​ဘုရားဝင်းနှင့်​မြတ်​ရွှေဂူဘုရားဝင်းအတွင်း တစ်​လှည့်​စီ ပြုလုပ်​ကြပါသည်​။​ရှေးအလာက​တေျာ့ပါက်​မဲ(စာ)​ရေးသား ထား​သော ဝါး သို့မဟုတ်​သစ်​သားတုတ်​ချောင်းရှည်​(အတံ) များဖြင့်​မဲနှိုက်​ယူရသည်​ကို အစွဲပြု၍ စာ​ရေးတံမဲနှိုက်​ခြင်းဟု သုံးစွဲခြင်း ဖြစ်​ပါသည်​။ ယခု​ခေတ်​မှာ​တော့ စာ​ရေးတံအစား မဲ လိပ်​(စာ)များဖြင့်​အသုံးပြု​နေကြပါသည်​။

​ရှေးက ဆိပ်​ခွန်​ရွာ စာ​ရေးတံပွဲနှင့်​ပတ်​သက်​၍ ကျင်းပပုံကို

" နတ်​တိုင်း​ဝေဇယံ​ပျော်​သည့်​အလားကဲ့သို့်၊ စံ​ကျောင်း​ပျော်​ထေရ်​သံဃာတို့ကို၊ ကြည်​ရွှင်​စွာ​ဇောဘဝင်​ညောင်း​လောက်​အောင်​၊ ဆွမ်းမုန့်​စုံ​ဘောဇဉ်​ကောင်း​တွေနဲ့၊ ရွာလယ်​မှာ ညာမယ်​တို့​လောင်းရ​အောင်​ကောင်းမှု​ဆော်​ဖန်​"

ဟု ဦးဖက်​ဖူးဆိုသူက​ရေးစပ်​ခဲ့ပါသည်​။ တဖန်​စာ​ရေးတံတစ်​လုံးကို​ငွေအစိတ်​သုံးဆယ်​ကျပ်​တန်​လှူဒါန်း​သော​ခေတ်​က ဆိပ်​ခွန်​ရွာ​မြောက်​ပိုင်းမှ ဆရာဦးစံ​ပြေ့ဆိုသူက ထူးထူးကဲကဲ​ငွေ(၃၀၀)ကျပ်​တန်​ဖိုးရှိ စာ​ရေးတံကိုလှူပြီး​အောင်​ပွဲအဖြစ်​အငြိမ့်​ငှါး၍ က​သေးသည်​ဟူ၏။ ထို​ခေတ်​အခါကာလက​ပြောစမှတ်​ပြုစရာ စာ​ရေးတံအလှူအဖြစ်​မှတ်​တမ်းတင်​ထားသည်​ကို လူကြီးသူမ အစဉ်​အဆက်​ပြောခြင်းမှတဆင့်​သိရှိရပါသည်​။

ယခုလက်​ရှိအ​ခြေအ​နေမှာ​တော့ ကုသိုလ်​ရှင်​အတွက်​စာ​ရေး တံတစ်​လုံးလျှင်​ငွေကျပ်​(၈)သိန်းမှ (၁၀)သိန်းအတွင်း လှူဒါန်း​မှုကုန်​ကျစရိတ်​ရှိ​နေပြီး ပျမ်းမျှအားဖြင့်​စာ​ရေးတံတစ်​လုံးလျှင်​အများလှူဒါန်းမှုအပါအဝင်​စုစု​ပေါင်း(၁၃)သိန်းခန့်​ရှိကြောင်း သိရှိရသည်​။ သီတင်းစဉ်​တစ်​ခုလျှင်​စာ​ရေးတံ(၆) လုံးမတည်​ကာ လှူဒါန်း​နေကြသည်​။ အချို့အပတ်​စဉ်​တွင်​အပိုတစ်​လုံးပါ ထပ်​ဆောင်းကာ လှုဒါန်းကြ​သေးသည်​။

ဝါဆိုသံဃာအ​ရေအတွက်​နှင့်​စာ​ရေးတံ(၆)လုံးကိုအချိုးကျ တွက်​ချက်​၍ လှူဒါန်းကြရာ ဤနှစ်​တွင်​စာ​ရေးတံတစ်​လုံးလျှင်​
ရဟန်းသံဃာ (၃၄)ပါးခန့်​ဝန်းကျင်​ဖြစ်​ပါသည်​။

ဤနှစ်​ဝါတွင်းကာလ ၏ (၁၃၂) ကြိမ်​မြောက်​ပထမဆုံး​သော စာ​ရေးတံအလှူရှင်​စာရင်းကို မှတ်​တမ်းတင်​ဖော်​ပြအပ်​ပါသည်​။

"၁၃၈၀ ပြည့်​နှစ်​ဒုတိယဝါဆိုလပြည့်​ကျော်​(၈)ရက်​
(၁၃၂) ကြိမ်​မြောက်​စာ​ရေးတံကုသိုလ်​ရှင်​စာရင်း"

၁။ ဦးညို+​ဒေါ်ကလမ(မြစ်​ကြီးနားမြို့) မိသားစု
(မုန့်​ပွဲပြင်​ကိုဖိုးတိုင်း+မခင်​မာ​နေအိမ်​)
၂။ ဦးစပ်​ကျော်​+​ဒေါ်ကြင်​နု (သမီး) မခင်​ဆွေသင်း၊ မအိအိ​ထွေး မိသားစု
၃။​ဒေါ်အုန်းနွဲ့(​အောင်​ရတနာမိသားစု)
၄။​ဒေါ်ရီ​ဝေ နှင့်​တူ၊ တူမများ
၅။ ဦးစိန်​မင်း+​ဒေါ်စိန်​စိန်​မိသားစု
၆။ ဦးဘိုငြိမ်း+​ဒေါ်​ရွှေတင်​မိသားစု (ဗိုလ်​တည်း)

ဤသို့ဖြင့်​ကျေးလက်​အညာဆီမှ ဆိပ်​ခွန်​ရွာသည်​ဝါတွင်း(၃) လပတ်​လုံး အစဉ်​အလာမပျက်​ဘဲ စာ​ရေးတံအလှူပွဲများကို ဆက်​လက်​ထိန်းသိမ်းကာ လက်​ဆင့်​ကမ်း ကျင်းပလာခဲ့ကြ သည်​မှာ နှစ်​ပေါင်း(၁၃၂)နှစ်​တိုင်​ရှိခဲ့ပြီ ဖြစ်​ပါသည်​။​ကျေးရွာ အဆင့်​နှင့်​ပင်​ဤမျှရှည်​ကြာလှ​သော ဓ​လေ့ထုံးတမ်းတစ်​ခုကို​ပျောက်​ကွယ်​မသွား​အောင်​အစဉ်​အဆက်​ကြိုးပမ်းခဲ့ကြ​သော ရွာသူရွာသားများ၏ စိတ်​ဓာတ်​ကား အင်​မတန်​ချီးမွမ်းဂုဏ်​ယူ ဖွယ်​ကောင်းလှပါသည်​။​ကျေးလက်​နေ​တောသူ​တောင်​သား တို့၏ ထူးကဲမွန်​မြတ်​လှ​သော၊​အရပ်​ဒေသအ​လျောက်​ထူးခြား ထင်​ရှားလှ​သော ဆိပ်​ခွန်​ရွာ၏ ကာလဒါန စာ​ရေးတံအလှူပွဲ များက​တော့ ကမ္ဘာတည်​နေသ၍ ဆက်​လက်​တည်​မြဲ​နေမည်​ဆိုတာက​တော့ မလွဲဧကန်​ပင်​ဖြစ်​ပါ​တော့သည်​။

ဆဏ်းဝင်း​အောင်​

[စာကိုး။ ။ဆရာဦးချစ်​ဆွေ၏ ဆိပ်​ခွန်​၊ အင်​ကြင်း​တော​စေတီ နှင့်​မဟာစည်​သမိုင်း။]

(၂၀၁၈ ခုနှစ် စံတော်ချိန်နေ့စဥ်သတင်းစာ)

12/08/2020

"အညာကျေးလက် ဆိပ်ခွန်ရွာဖွဲ့ ကဗျာများ"

အညာကျေးလက် ဆိပ်ခွန်ရွာသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ နယ်တွင် အပါအဝင်ဖြစ်၍ ရွှေဘိုမြို့၏ အနောက်ဘက် ခုနစ်မိုင်အကွာတွင် တည်ရှိပါသည်။

ရွာ၏အနောက်မြောက်အရပ်ရှိ ရွှေမုဋ္ဌောဘွဲ့မည်ခံ အင်ကြင်းတောစေတီတော်မြတ်ကြီးမှာ အသောကမင်း တရားကြီး၏ စေတီတော်ပေါင်း ရှစ်သောင်းလေးထောင်အနက်မှ တစ်ဆူဖြစ်သည်ဟု အစဉ်အဆက် လက်ခံယုံကြည်ခဲ့ကြသည်ကို ထောက်ရှုခြင်းအားဖြင့် ရွာ၏သက်တမ်းကို ခန့်မှန်းနိုင်ပေမည်။

ထို့ပြင် ကုန်းဘောင်ကနဦး တတိယမြန်မာနိုင်ငံတော်ကိုတည်ထောင်ခဲ့သူ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျလက်ထက်ကတည်းက တည်ရှိခဲ့သော သမိုင်းအထောက်အထားများလည်း လေ့လာတွေ့ရှိရပါသည်။

ရွာတွင် ပြောစမှတ်ပြုစရာ အချက် (၃) ချက်ဖြင့် ထင်ရှားသည်ဟု ဆိုလေ့ရှိပါသည်။ ၄င်းတို့မှာ (၁) ကမ္ဘာ့
ဝိပဿနာအကျော် မဟာစည်ဆရာ တော်ဘုရားကြီး၊ (၂) ဆိပ်ခွန်လုံချည် နှင့် (၃) ဆိပ်ခွန်ပဲရေပွ တို့ဖြစ်ကြ သည်။ ဆိပ်ခွန်ရွာဇာတိဖြစ်တော်မူသော မဟာစည်ဆရာတော်ဘုရားကြီးမှာ ဒုတိယကမ္ဘာစစ်ကြီးအတွင်း မှာပင် ဝိပဿနာသတိပဋ္ဌာန်တရား တော်တို့ကို ပြည်တွင်း၌သာမကဘဲ ပြည်ပနိုင်ငံများထိ ရောက်အောင် ဖြန့်ဖြူးတော်မူခဲ့သော ကမ္ဘာ့သာသနာပြု အရှင်မြတ်ကြီးတစ်ပါး ဖြစ်ပါပေသည်။ ထို့ပြင် သာသနာ့သမိုင်းဝင် ဆဋ္ဌသံဂါယနာတင်ပွဲကြီးဝယ် ဆဋ္ဌသဂီတိပုစ္ဆက တာဝန်တော်ကြီး းကိုလည်း စွမ်းစွမ်းတမံ ရွက်ဆောင်တော်မူခဲ့သော သာသနာ့အာဇာနည် တစ်ပါး ဖြစ်ပါသည်။ ဆိပ်ခွန်လုံချည်
်ကတော့ မြန်မာပြည်အနှံ့ တောရောမြို့ပါမကျန် ထင်ရှားကျော်ကြား လူသိများလှပါသည်။ ဆိပ်ခွန်ပဲရေပွဟူသည် ပဲရွှေနီကိုလှော်၍ ရေတွင် ပြုတ်ပြီး ဆီဖြင့်ကြော်ကာ စာသုံးရ သော အညာဟင်းလျာတစ်မျိုးတည်း။ ပဲကြော်တစ်ခွက်ဖြစ်ဖို့ရာမှာ
လှော်ခြင်း၊ ပြုတ်ခြင်း၊ ကြော်ခြင်းဟူသည့် အဆင့်ဆင့် အလီလီလုပ်ဆောင် ရသောကြောင့် ကရိကထများကာအချိန်ယူ စီမံရသော ဟင်းအမယ်တစ်မျိုးပင် ဖြစ်ပါသည်။ စကားကြွယ်လှပါသည်ဆိုသော လှတောသားတစ်ဦးကမူ ဆိပ်ခွန်ပဲရေပွကို အထူးနှစ်သက်လှသဖြင့် မကြာမကြာ စားသုံးရာတွင် မိမိပိုင် လယ်နှစ်ကွက်ပြုတ်မှပင် ရပ်တော့သည်ဟူသတတ်။

ထိုဆိပ်ခွန်ရွာနှင့် ပတ်သက်သော သမိုင်း၊ အင်ကြင်း တောဘုရားသမိုင်း၊ မဟာစည်သမိုင်း တို့ကိုလည်း ပညာရှင် သုတေသီတို့က ရေးထိုးမှတ်တမ်းတင် ထားကြသော
စာအုပ်စာတမ်း အစောင်စောင် တို့ရှိပါသည်။

အနှီ ဆိပ်ခွန်ရွာအကြောင်း ဖွဲ့ဆိုထားကြသည့် ကဗျာ လင်္ကာတို့ကို လက်လှမ်းမီသမျှ လိုက်လံစေ့ငုမိပါသည်။ အစောဆုံးအ နေနှင့် ၁၉၇၂ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် မြဝတီမဂ္ဂဇင်းတွင် ဆရာမောင်ပြေငြိမ်း(ဆိပ်ခွန်) ရေးဖွဲ့သည့် ရက်ကန်းရွာကလေးဟူသည့်ကဗျာကို အစောဆုံးတွေ့ရှိရပါသည်။

ရက်ကန်းရွာကလေး
********************

ချည်ထည်စီမံကိန်း တဲ့
ကုန်ချောသိမ်း ကုန်ကြမ်းဝေ
ဆိပ်ခွန်မြေ ရက်ကန်းရပ်
လက်ခတ်သံတွေ …
အုန်းကြွက်ကြွက်ဆူညံနေ
အိမ်တိုင်းလေ လူမအား
ချည်ထု ချည်စာယူလို့
ချည်ချသူ အလုပ်များ
လက်မှုလုပ်သား။

ရက်ကန်းသည် ကေသီဦးက
စံချိန်ထူး မီရန်ပင်
သူ့အနံသူ့အသား မပါးစေချင်
ထပ်မနား နှပ်လွှားပြင်
လွန်းယဉ်က ဘယ်ညာပြေး
တိုင်ဖောက်ပင် ညီညီထူမှ
ဘဝသူ မြန်ပြည်သွေး
ဝတ်စေ့မယ်လေး။

ဘယ်ဖော့ကာ ညာခြေနင်းတော့
နှပ်လင်းကွင်း ရှပ်ရှပ်မြည်
လက်ခတ်သံ ဝါးချက်သွင်းလို့
တေးချင်းကိုသီ …
အာရုံက ပြည်သူ့ဆီ
လုံချည်က ပြည်သူ့စျေး
စိတ်ဝမ်းပျော်ပျော်ရွှင်နှင့်
လုပ်ငန်းခွင် အားဆင်လှမ်းတယ်
ရက်ကန်းရွာကလေး။

မောင်ပြေငြိမ်း(ဆိပ်ခွန်)

( ၁၉၇၂ ခု ဖေဖော်ဝါရီလထုတ် မြဝတီမဂ္ဂဇင်းမှ )

ထို့နောက် ၁၉၉၀ ပြည့်နှစ်တွင် ထုတ်ဝေခဲ့သည့် အင်ကြင်းတောဘုရားပွဲကဗျာများ ဟူသည့် ကဗျာစာအုပ်တွင် ဆရာဥာဏ်ဗလ၏ ဆိပ်ခွန်ရွာအမည်ရှိကဗျာကို လေ့လာတွေ့ရှိမိပါသည်။

ဆိပ်ခွန်ရွာ
**********

အောင်ကျော်သာဦး စ၍တူး
အံ့ကြူးသာယာ ရေပေးအခါ
ရှေးစာမပျောက်
ကာဘိုးဆည်ရေသောက်ဆိပ်ခွန်
အားသွန်စိုက်ပျိုး အထွက်တိုးစပါး
သီးထပ်ကုလားပဲ နှမ်းလျင်လည်းကြဲကြ
ဝမ်းလည်းဝ လှူလည်းလှူ
ပြည်သူရဲ့ ထမင်းအိုး
မြန်မာမျိုးအမှန် လက်ခတ်သံကအိမ်တိုင်း
မြန်မာပြည်မြောက်ပိုင်း သမိုင်းတစ်ခေတ်ထူ
တိုင်းရင်းသားနဲ့ တိုင်းရင်းသူ
သူတို့မူ အစဥ်ထိန်း လက်ရက်အထည်နာမည်ဟိန်းခဲ့
ပဲ့ထိန်းကူးတို့မှူး သံသရာကကူးဖို့
ဖောင်ဦးဆိုက်ခေါ်
ဆဋ္ဌသင်္ဂီတိ ပုစ္ဆက
အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်
ကမ္ဘာကျော်ကြား ဆိပ်ခွန်ရွာဖွား
သာသနာ့ အာဇာနည်
မြန်မာပြည်ရဲ့ ပုဂ္ဂိုလ်ထူး
သမိုင်းဦး ဝိပဿနာ
အစဉ်အလာကောင်းတဲ့ ဆိပ်ခွန် ရွာ
အင်ကြင်းတောဟာ သမိုင်းဝင်ဘုရား
ဆိပ်ခွန်ရွာသား အဘိုးအဘွား
တိုးပွားအမွေအနှစ် အကျိုးဖြစ်သာသနာ
ရွှေဘိုကျေးလက် ဆိပ်ခွန် ရွာ။

ဉာဏ်ဗလ

( ၁၉၉၀ ခုနှစ်ထုတ် အင်ကြင်းတောဘုရားပွဲကဗျာများ စာအုပ်မှ )

မကြာသေးမီကာလ ၂၀၁၄ ခုနှစ်က ထုတ်ဝေခဲ့သည့် မဟာစည်စိန်ရတုအထိမ်းအမှတ်စာစောင်တွင် ဆရာ
ခင်မောင်မြင့်(ပညာရေး)၏ လှမ်းခဲ့ပါလေ ဆိပ်ခွန်မြေဟူသည့် ကဗျာကို ဖတ်ရှုရပါသည်။

လှမ်းခဲ့ပါလေ ဆိပ်ခွန်မြေ
*************************

ချစ်တဲ့သူငယ်လေ …
သူငယ်ချင်းပေါင်းသင်း ရောင်းရင်းတို့လေ။
တို့ရပ်ဌာနေ ဆိပ်ခွန်မြေမှာ
ဝဠာတုန်ပြီး မြည်ကာဟီးသည့်
" မဟာစည် " နှင့် ဂုဏ်သိန်တင့်။
" အင်ကြင်းတစ်ကိုင်း ပျဉ်းတစ်ကိုင်း " နှင့်
" သီရိဓမ္မာ " ပူဇော်လာ
စေတီသာနှင့် ရေကန်နှင့်
ဝိပဿနာ စီးဖြန်းရာ
ရိပ်သာကမ္မဋ္ဌာန်း ပြည့်အလွှမ်း
ဝေနေယျာနှင့် ရှင်လူနှင့်
နှစ်ဆယ့်လေးမှာ ဝိဟာရာ
မြတ်ရဟန်းများ ဆောက်တည်ထား
သီလပညာနှင့် သမာဓိနှင့်
ရိုးရာဓလေ့ ကြည်အမွေ့
တစ်နှစ်ပတ်လုံး ရွှင်ကြည်မဆုံး
အလှူပွဲနှင့် ဒါနနှင့်
သင်္ကြန်ပွဲမှာ
သက်ကြီးရွယ်လာ ပူဇနာနှင့်
စဉ်ကာအစ နောက်တစ်လတွင်
ဗောဓိသတ္တဌာ သွန်းလောင်းကာ
ရေစင်ဖြန်းတင့် ညောင်ရေနှင့်
ဝါတွင်းသုံးလ မပြတ်ပတ်လုံး
" စာရေးတံပွဲ " လှူမြဲနှင့်
ဝါလကင်းလွတ် သီတင်းကျွတ်
ပူဇော်ပွဲနှင့် ဆီမီးနှင့်
ကထိန်မဟာလှူမြဲမှာ
ပေါင်းစု " ဆယ်ပြား " ဒါနများ
တစ်ယောက်အားနှင့် အများနှင့်
ရက်ကန်းဌာနေ ငါတို့မြေ
" မသိုး " လှဆန်း မြတ်သင်္ကန်း
မြတ်ပန်းရွယ်ရည် နိဗ္ဗာန်ပြည်
ပူဇော်ပွဲရှင့် နှစ်စဉ်တင့်
ဆီကိုရေချိုး ဆေးရိုးမီးလှုံ
ထောင်ပုံစပါး ပေါကြွယ်အား
" ရှင်ပြုပွဲ " နှင့် " နားသ " နှင့်
ရာသီပတ်ကုံး တစ်နှစ်လုံး
ဒါနပွဲနှင့် လှူပွဲနှင့်
မြတ်ဆုရည်မျှော် ဆုပန်သော်
" ရှစ်မဂ္ဂင် " နှင့် " နိဗ္ဗာန် " ကျင့်
တရားရည်မျှော် လာချင်သော်
အကျွန်တို့ဆီကြိုလှမ်း သင့်လာလမ်း
လေးမဂ်ရေ တရားပန်းနှင့်
ဖိတ်ခေါ်ပါသည် " မဟာစည် "
စောင့်ကြိုနေမည် " ဆိပ်ခွန် " ဆီ
ဆွေသဟာ လာမည့်လမ်း
မျှော်မှန်းမိရဲ့လေး။ ။

ခင်မောင်မြင့်(ပညာရေး)

(၂၀၁၄ခုနှစ် ဖေ ဖော်ဝါရီလ ပထမအကြိမ်ထုတ် မဟာစည်ဝိပဿနာစိန် ရတု အထိမ်းအမှတ်စာစောင်မှ )

၂၀၁၄ ခုနှစ် အတွင်းမှာပင် ဆိပ်ခွန် ရွာကို ဖွဲ့ဆို သော ကဗျာတစ်ပုဒ် ထပ်မံတွေ့ရှိရပြန်ပါသည်။ အောက်တိုဘာလထုတ် အထက်မြန်မာမန္တလေးဂျာနယ်တွင် စာရေးသူ ရေးသားခဲ့သော ဂျိုးဇက်ဂ်ိုးစတိန်းတို့ လာရောက်ခဲ့သောရွာက လေးဟူသည့် ဆောင်းပါးတွင်ပါရှိသော အညာကျေး လက်ဆိပ်ခွန် ရွာ အမည်ရ ကဗျာလေးပင် ဖြစ်ပါသည်။

အညာကျေးလက် ဆိပ်ခွန် ရွာ
*****************************

မဟာစည်တရားထူးနဲ့
လူဖြစ်ကံ ကောင်းသည့်နယ် …

သူ့ရိုးရာ လက်ရက်ထည်
အသွေးအရောင် အဆင်ဆန်း
မြင်သမျှ လန်းပါဘိတယ်…

ပညာနယ် ဘယ်ခါမှမညှိုး
ရပ်ကျော် ပြည်ကျော်လို့
ပါရဂူမော်ကြွားလို့ရယ်
ဂုဏ်သိက္ခာတိုး …

အမျိုးနဲ့ဘာသာ သာသနာ
ရောင်ဝါနေသို့
လင်းလက်လို့ဖြာ
ဆရာ ဒကာ လက်တွဲညီ
စည်ပင်လို့ ဖွံ့ဖြိုး …

အင်ကြင်းတစ်ကိုင်း
ပျဉ်းတစ်ကိုင်းဟု
ဂုဏ်ရှိထင်ပေါ်
အင်ကြင်းတောစေတီတော်
အရောက်ဖူးဖို့
ရွှေဘိုအနောက် ခုနစ်မိုင်ကွာ
လှမ်းလာလှည့်ပါ …

ရောက်သည့်အခါ
ပြန်ချင်ဘူးလေး
သူ့အမည် လွန်ထင်ရှားတယ်
ဆိပ်ခွန်တဲ့လေး …။

ဆဏ်းဝင်းအောင်

( ၂၃-၁၀-၂၀၁၄ ကြာသပတေးနေ့ထုတ် အထက်မြန်မာမန္တလေးဂျာနယ် အတွဲ-၈ အမှတ်-၄၁ ပါ " ဂျိုးဇက်ဂိုးစတိန်း တို့လာရောက်ခဲ့သော ရွာကလေး " ဆောင်းပါးမှ )

နောက်ဆုံးအနေနှင့် ၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်းကမန္တလေးနေ့စဉ်သတင်းစာပါ ဆရာသက်နိုင်ထွန်း(M. Ed.)၏ မဟာစည်နဲ့ကမ္ဘာတည်တဲ့ရွာက လေးဟူသည့်ကဗျာကို တွေ့ရှိရပါသည်။

မဟာစည်နဲ့ ကမ္ဘာတည်တဲ့ ရွာကလေး
***********************************

အို … ဆိပ်ခွန်
သင့်ရဲ့ လက်ခတ် သံတွေက
သင့်ရွာရဲ့ အမှတ် တံဆိပ်လေလား ။

အို … ဆိပ်ခွန်
သင့်ရဲ့အင်ကြင်းတောက
သင့်ရွာရဲ့ဆည်းလည်းသံလေလား။

အို … ဆိပ်ခွန်
သင့်ရဲ့ဆန်ရေစပါးတွေက
သင့်ရွာရဲ့စည်ပင်ဝပြောမှုတွေလား။

အို … ဆိပ်ခွန်
သင့်ရဲ့ဘာသာရေး
ပညာရေး
စီးပွားရေး
နိုင်ငံရေးတွေဟာ
သင်ချန်ထားရစ်တဲ့ အမွေအနှစ်တွေလား။

အို … ဆိပ်ခွန်
သင် နောက်ဆုံးတီးလိုက်တဲ့ မဟာစည်ကတော့
သင့်ရွာတင် မကတော့ဘဲ
ကမ္ဘာလုံးတိုင်အောင် မြည်ဟီးသွားခဲ့ ချေပြီတကား။

သက်နိုင်ထွန်း(M. Ed.)

( ၁၅-၇-၂၀၁၅ ဗုဒ္ဓဟူး နေ့ထုတ် မန္တလေးနေ့စဉ်သတင်းစာမှ )

ထို့ပြင် တေးရေးဆရာနှင့် စာရေးဆရာအောင်နိုင်စန်း ရေးဖွဲ့ခဲ့သော စပယ်ဖြူမဂ္ဂဇင်းပါ ဆိပ်ခွန်ကဗျာရှိသေးသည်ဟု ထပ်မံကြားသိရပါသည်။ ဆရာကြီးမောင်ခိုင်
မာ၏ ကြောင်းရေ (၃၇၈)ရှိ "နိမိတ်မွန်မြတ်ဆိပ်ခွန်အရပ်မှာ"ဟူသည့် ကဗျာရှည်ကြီးကိုတော့ စာမျက်နှာကိုငဲ့၍ ဝမ်းနည်းစွာဖြင့် ချန်လှပ်ထားခဲ့ရပါကြောင်း လက်လှမ်းမှီသမျှ လေ့လာရှာဖွေတင် ဆက်လိုက်ပါသည်။

ဆဏ်းဝင်းအောင်

ဆိပ်ခွန်ရက်စွဲသမိုင်းအကျဉ်း ဆိပ်ခွန်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင်း တည်ရှိပြီး မဇ္ဈိမဒေသ၊ မောရိယ မင်းမျ...
29/04/2020

ဆိပ်ခွန်ရက်စွဲသမိုင်းအကျဉ်း

ဆိပ်ခွန်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင်း တည်ရှိပြီး မဇ္ဈိမဒေသ၊ မောရိယ မင်းများလက်ထက် ဘီစီ (၃ဝဝ) အတွင်း မင်းပြုသော သီရိဓမ္မာသောကမင်းကြီးလက်ထက်ကပင် တည်ရှိခဲ့ကြောင်း သမိုင်းအထောက်အထားများအရ သိရှိရသည်။
ဆိပ်ခွန်သည်မြောက်လတ္တီကျု ၂၂ ိ ၄၃၊၊ အရှေ့လောင်ဂျီကျု ၉၅ ိ အတွင်းတည်ရှိပြီး ရွှေဘိုမြို့၏ အနောက်ဖက် (၇) မိုင် (၃) ဖာလုံအကွာတွင် တည်ရှိသည်။

သာသနာ ၂၂၄ အင်ကြင်းတောစေတီတော်အား သီရိဓမ္မာသောကမင်းကြီး တည်ထားခဲ့။
၁၂၁၅ ခုနှစ် (၁၈၅၃ ခုနှစ်)တွင် မင်းတုန်းမင်းတရားကြီးကအင်ကြင်းတော စေတီတော်ကြီးအား ရွှေချမွမ်းမံခဲ့။
၁၂၃၃ ခုနှစ် (၁၈၇၁ ခုနှစ်)တွင် အင်ကြင်းတောစေတီတော်ကြီး၏ အရှေ့ဘက်အာရုံခံ ပြသာဒ်တော်ကြီးကို ဦးကြွား၊ ဒေါ်ဒေါ်မြိုင်တို့ကဆောက်လုပ်လှူဒါန်းခဲ့။
၁၂၃၆ ခုနှစ် (၁၈၇၄ ခုနှစ်)တွင် အင်ကြင်းတောစေတီတော်ကြီး၏တောင်ဘက်အာရုံခံ ပြသာဒ်တော်ကြီး ကို ဦးလူကြီး၊ ဒေါ်မြိုင်လယ်တို့ကဆောက်လုပ်လှူဒါန်းခဲ့။
၁၂၃၃-၁၂၃၆ (၁၈၇၁-၁၈၇၄) တွင် အင်ကြင်းတောစေတီတော်ကြီး၏မြောက်ဘက်ရုံခံ ပြသာဒ်တော်ကြီးကို ဦးစံကျော်၊ ဒေါ်စောမေတို့ကဆောက်လုပ်လှူဒါန်းခဲ့။
၁၂၄၈ ခုနှစ် (၁၈၈၆ ခုနှစ်)တွင် စာရေးတံမဲပွဲကို ဦးကျန်ဘော်က ဦးစီးဦးရွက်ပြုစတင်ပြုလုပ်ခဲ့။
၁၂၆၆ ခုနှစ် ဝါဆိုလပြည့်ကျော် (၃)ရက် (၂၉ ဇူလိုင် ၁၉ဝ၄) တွင် မဟာစည်ဆရာတော် လောင်းလျာ မောင်သွင်အား ဖွားမြင်ခဲ့။
၁၂၉၅ ခုနှစ် နယုန်လ (မေ ၁၉၃၃)တွင် မဟာစည်တော်ကြီးကိုစတင် ကြက်ခဲ့။
၁၂၉၅ ခုနှစ် ဝါဆိုလပြည့် (၆ ဇူလိုင် ၁၉၃၃)တါင် မဟာစည်တော်ကြီးကို ပိုင်းတားပေါ် တင်၍စတင်တီးခတ်။
၁၂၉ရ ခုနှစ် တပေါင်းလပြည့် (၆ မတ် ၁၉၃၆) တွင် 'မဟာစည်' စည်တော်တင်ပွဲပြုလုပ် ကျင်းပ။ စည်စင်တော်အလှူရှင်ဦးဖိုးတင်း + ဒေါ်ခတို့ဖြစ်။
၁၃ဝဝ ပြည့်နှစ် ကဆုန်လပြည့် (၁၃ မေ ၁၉၃၈) တွင် မဟာစည်ဆရာတော်ဘုရားကြီး ဆိပ်ခွန်မှ ယောဂီသုံးဦးဖြစ်သည့်ဦးဖိုးချုံ၊ ဦးထွန်းအေး၊ ဆရာကြံတို့ကို ဝိပဿနာတရားဦး ဟောကြားပြသခဲ့။
၁၃ဝဝ-၁၃ဝ၁ (၁၉၃၈ –၁၉၃၉) တွင် အင်ကြင်းတောစေတီတော်မြတ်ကြီးမြေလျင်ဒဏ်ခံခဲ့ရ။ဉာဏ်တော် (၁ဝ၂) ပေအထိတိုးမြှင့်ခဲ့။
၁၃ဝ၃ ခုနှစ် နယုန်လ (ဇွန် ၁၉၄၁) မဟာစည်ဆရာတော်ဘုရားကြီး မြန်မာနိုင်ငံ၌ ဒုတိယ အကြိမ် ကျင်းပသော အစိုးရဓမ္မာစရိယ စာမေးပွဲတွင်ကျမ်းရင်း(၃)ကျမ်းနှင့် ဂုဏ်ထူး(၅)ကျမ်းတို့ကို ဖြေဆိုအောင်မြင်သဖြင့် ''သာသနဓဇ သီရိပဝရဓမ္မာ စရိယ'' ဘွဲ့ တံဆိပ်တော်ကို ဆက်ကပ်ခံယူရရှိတော်မူခဲ့။
၁၃ဝ၄ ခုနှစ် နယုန်လဆုတ် ၄ ရက် (၁ ဇွန် ၁၉၄၂) တနင်္လာနေ့တွင် မူလတန်းကျောင်းစတင် ဖွင့်လှစ်ခဲ့။
၁၃ဝ၄ ခုနှစ် (၁၉၄၂ ခုနှစ်) တွင် အင်ကြင်းတောစေတီပန်းရေလဲအသင်းကိုစတင်ဖွဲ့စည်းခဲ့။
၁၃ဝ၈ ခုနှစ် ပြာသိုလဆုတ် ၁၂ ရက် (၁၈ ဇန်နဝါရီ ၁၉၄၇) တွင် မဟာစည်သာသနာ့ရိပ်သာ ဆိပ်ခွန် 'သဒ္ဓမ္မပါလဝိပဿနာဖြန့်ဖြူးရေး'အဖွဲ့ကို မဟာစည်ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင်ဖွဲ့စည်းပေးခဲ့။
၁၃၁၃ ခုနှစ် (၁၉၅၂ ခုနှစ်) တွင် မဟာစည်ဆရာတော်ဘုရားကြီး 'အဂ္ဂမဟာပဏ္ဍိတ' ဘွဲ့ဆက် ကပ်ခံရ။
၁၃၁၅ ခုနှစ် နယုန်လဆုတ် ၅ ရက် (၁ ဇွန် ၁၉၅၃) တနင်္လာနေ့တွင် အလယ်တန်းကျောင်း အဖြစ်တိုးမြှင့်ဖွင့်လှစ်။
၁၃၁၈ ခုနှစ် ဦးတန်ခူးလဆန်း ၁၄ ရက် (၂၄ ဧပြီ ၁၉၅၆) အင်္ဂါနေ့တွင် လျှပ်စစ်မီးစတင်လင်း။
၁၃၁၉ ခုနှစ် (၁၉၅ရ ခုနှစ်) တွင် အလယ်တန်းကျောင်းအားရွာအရှေ့ပိုင်းရွှေဂူဘုရားသို့ ပြောင်းရွှေ့ဖွင့်လှစ်သင်ကြားခဲ့။
၁၃၂၂ ခုနှစ် (၁၉၆ဝ ပြည့်နှစ်)တွင် ရဲစခန်းဖွင့်။
၁၃၂၂ ခုနှစ် (၁၉၆ဝ ပြည့်နှစ်)တွင် အီတလီနိုင်ငံမှ ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီး ဦးလောက နာထရောက်ရှိ။ ဗြဟ္မဝိဟာရတရားလေးပါးကို အင်္ဂလိပ်ဘာသာဖြင့် ဟောပြော သည်ကို ဘိုးတော် (ဦးကျန်တော်)က မြန်မာဘာသာသို့ပြန်ဆိုပေးခဲ့။
၁၃၂၂ ခုနှစ် တပို့တွဲလဆုတ် ရ ရက် (၆ ဖေဖော်ဝါရီ ၁၉၆၁) တနင်္လာနေ့တွင် စာတိုက်ဖွင့်။
၁၃၂၃ ခုနှစ် (၁၉၆၁ ခုနှစ်) တွင် ဦးဘကြည် အင်္ဂလန်နိုင်ငံ၊ လန်ဒန်တက္ကသိုလ်မှ သချင်္ာပါရဂူဘွဲ့(Ph.D)ရရှိခဲ့။
၁၃၂၄ ခုနှစ် တပေါင်းလ (မတ် ၁၉၆၃)တွင် ဆိပ်ခွန်အင်ကြင်းတောဘုရားသမိုင်းစာအုပ်ကို ရေလည် အရှင်ဝါယမ သုသေသနပြု၍ ရွှေကိုင်းသားဦးသောဘိတ စီစဉ်ရေး သားခဲ့။
၁၃၂၅ ခုနှစ် (၁၉၆၄ ခုနှစ်)တွင် အလယ်တန်းကျောင်းအား ရွာအနောက်ပိုင်း (ယခု လက်ရှိနေရာ) သို့ ပြောင်းရွှေ့ဖွင့်လှစ်။
၁၃၃၄ ခုနှစ် နယုန်လဆုတ် ၅ ရက် (၁ ဇွန် ၁၉၇၂) ကြာသပတေးနေ့တွင် တွဲဖက်အထက အဖြစ်တိုးမြှင့်ဖွင့်။
၁၃၃၈ ခုနှစ် တပေါင်းလ (မတ် ၁၉၇၇)တွင် မဟာစည်ဆရာတော်ဘုရားကြီး၏ ရုပ်ထုတော် ရေစက်ချပွဲ၌ အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက်ပြည်နယ်၊ ဘာရီမြို့ ဝိပဿနာဘာဝနာအသင်းမှ ကမ္မဋ္ဌာန်းဆရာများဖြစ်ကြသောဂျိုးဇက်ဂိုးစတိန်း၊ ဂျက်ကွန်းဖီးနှင့် ဂျက်ကလင်းတို့အဖွဲ့ ဆိပ်ခွန်သို့ရောက်ရှိလာပြီး မဟာစည် ဆရာတော်ဘုရားကြီးအားဖူးမျှော်ကာ အမေရိကန်နိုင်ငံသို့သာသနာပြု ကြွရောက်ပါရန် ပင့်လျှောက်ခဲ့။
၁၃၃၉ ခုနှစ် တပေါင်းလ (မတ် ၁၉၇၈)တွင် မဟာစည်ဗိမာန်တော်ရေစက်ချပွဲပြုလုပ်ခဲ့။
၁၃၄၃ ခုနှစ် နှောင်းတန်ခူးလဆန်း ၉ ရက် (၂ ဧပြီ ၁၉၈၂) သောကြာနေ့တွင် အင်ကြင်းတော စေတီတော်ကြီးအင်္ဂါထောင့်ရှိအင်ကြင်းတစ်ကိုင်း ပျဉ်းတစ်ကိုင်းသစ်ပင်ကြီး ညသန်းခေါင်ယံအချိန်တွင်လဲပြိုကျခဲ့။
၁၃၄၄ ခုနှစ် ဒုတိယဝါဆိုလဆုတ် ၁ဝ ရက် (၁၄ ဩဂုတ် ၁၉၈၂) စနေနေ့တွင် မဟာစည် ဆရာတော်ဘုရားကြီးသက်တော် (၇၈) နှစ်၊ သိက္ခာတော် (၅၈) ဝါ၊ စနေနေ့မွန်းလွဲ (၁)နာရီခွဲအချိန်တွင် ရန်ကုန်မဟာစည်သသာသနာ့ရိပ်သာ စံကျောင်းတော်၌ ဘဝနတ်ထံပျံလွန်တော်မူခဲ့။
၁၃၄၈ ခုနှစ် (၁၉၈၆ ခုနှစ်)တွင် မဟာစည်ဓာတုစေတီတော်ကို အင်ကြင်းတော စေတီ တော်ကြီး၏ အရှေ့တောင်ဖက်တွင်တည်ထားကိုးကွယ်ခဲ့။ မဟာစည်ဆရာတော် ဘုရားကြီး၏ အရိုးတော်၊ ပြာတော် (၁ဝ) ကျပ်သားထည့်ထားသော ငွေကြုတ် တစ်ခု၊ ဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိကျောက်စာတစ်ချပ်နှင့် ဝိပဿနာရှုနည်း မူသေစည်းရေးထိုးထားသော ငွေပြားတစ်ချပ်တို့ကို ဌာပနာထားရှိခဲ့။ ဗိသုကာမှာ ဦးခင်မောင်ညွန့် (သစ်တော) ဖြစ်။
၁၃၅ဝ ခုနှစ် (၁၉၈၈ ခုနှစ်)တွင် မဟာစည်ကျောင်းတိုက်တွင်းရှိ ယိုယွင်းပျက်စီးနေသောဘုရား (၁၁) ဆူအား စုပေါင်း၍ 'မဟာဗောဓိဓာတ်ပေါင်းစေတီ'ကို မဟာစည် ကျောင်းတိုက် ဆရာတော်ဦးဝိစိတ္တ ကမကထပြုတည်ထားခဲ့။
အင်ကြင်းတောစေတီတော်၏အနောက်မြောက်ဘက်တွင် 'အာလိန်ငါးဆင့်'ကို ဦးတင်ဆောင်၊ ဒေါ်တင်အိနှင့်သားသမီး၊ မြေးများကဆောက်လုပ်ခဲ့။
၁၃၅၃ ခုနှစ် သီတင်းကျွတ် (အောက်တိုဘာ ၁၉၉၁) ဆိပ်ခွန်အလက၏ 'မြတ်ဆရာပူဇော်ပွဲ' ကိုကိုသန်းရွှေ၊ ကိုကျော်မောင်း၊ ကိုဖိုးသောင်း၊ ကိုဝမ်းမောင်၊ ကိုစိန်ထွန်း၊ ကိုတင်ဆန်း၊ ကိုချစ်ငွေ၊ ကိုဖိုးကို၊ ကိုချိုအေးတို့လှုံ့ဆော်၊ ကမကထပြုကျင်းပ ပြုလုပ်ခဲ့။
၁၃၅၄ ခုနှစ် (၁၉၉၃ ခုနှစ်)တွင် သုဿာန်အား ဆိပ်ခွန်အနောက်မြောက်ပိုင်းမှနေ၍ ယခုလက်ရှိ လက်ဆည်ကန်တူးမြောင်း အနောက်ဘက်သို့ ရွှေ့ပြောင်းခဲ့။
၁၃၅၅ ခုနှစ် နတ်တော်လဆုတ် ရ ရက် (၄ ဇန်နဝါရီ ၁၉၉၄)တွင် အင်ကြင်းပင်ကျောင်း ဆရာတော် အရှင်ဣန္ဒက 'အဂ္ဂမဟာပဏ္ဍိတ'ဘွဲ့တံဆိပ် ဆက်ကပ်ခံရ။
၁၃၅၆ ခုနှစ် နှောင်းတန်ခူးလဆန်း ၁၃ ရက် (၁၂ ဧပြီ ၁၉၉၅) တွင် မဟာစည်စည်စင် တော်သစ်ကို ပန္နက်ချခဲ့။ ဗိသုကာမှာဦးပြေညိမ်းဖြစ်။
၁၃၅၈ ခုနှစ် တပေါင်းလပြည့်နေ့ (၂၃ မတ် ၁၉၉၇) တနင်္ဂနွေနေ့တွင် မဟာစည်စည်စင်တော် သစ်ကြီးကိုရေစက်ချခဲ့။
၁၃၅၈ ခုနှစ် (၁၉၉ရ ခုနှစ်)တွင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဝိပဿနာလမ်းညွှန်ကျမ်း ကို ကျောက်ထက် အက္ခရာတင်ထားသောကျောက်စာ (၅) ချပ်ပါရှိသည့် ကျောက်စာတိုက်ကို ဆန်စက်ပိုင် ဦးညွန့် + ဒေါ်အေးဆင့်မိသားစုတို့က ဆောက်လုပ်လှူဒါန်းခဲ့။
၁၃၅၈ ခုနှစ် တပေါင်းလဆုတ် ၄ ရက် (၂ရ မတ် ၁၉၉၇) တော်လှန်ရေးနေ့တွင် 'အင်ကြင်း စာကြည့်သင်း'ဖွင့်လှစ်ခဲ့။
၁၃၅၈ ခုနှစ် (၁၉၉ရ ခုနှစ်)တွင် ဆိပ်ခွန် အင်ကြင်းတောစေတီနှင့် ဆိပ်ခွန်ရွာသမိုင်း ကိုဦးချစ် ဆွေ (မြန်မာတိုင်းရင်းဆေးဆရာ) ရေးသားပြုစုပြီးစီးခဲ့။
၁၃၅၉ ခုနှစ် ကဆုန်လဆုတ် ၁၃ (၃ ဇွန် ၁၉၉၇) အင်္ဂါနေ့တွင် အထက-ခွဲ အဖြစ်တိုးမြှင့်ဖွင့်လှစ်
၁၃၆၁ ခုနှစ် (၁၉၉၉ ခုနှစ်) တွင် ရွှေဘိုမြို့၊ ပုခန်းကျောင်းတိုက်ဆရာတော် နိုင်ငံတော် ဩဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလာဘိဝံသ ရေးသားပြုစုသော အင်ကြင်းတောစေတီတော်ဘုရား သမိုင်းစာအုပ် ထုတ်ဝေခဲ့။
၁၃၆ဝ ပြည့်နှစ် နှောင်းတန်ခူးလဆန်း ၁၁ ရက် (၂ရ မတ် ၁၉၉၉) စနေနေ့တွင် ပရဟိတ အသင်း ဖွဲ့စည်းခဲ့။
၁၃၆၂ ခုနှစ် (၂ဝဝဝ ပြည့်နှစ်) တွင် ဆိပ်ခွန်အဘိဓမ္မာပြန့်ပွားရေးအသင်းကို ဆရာတော် အရှင်ပညာစက္က ဦးစီးဦးဆောင်ပြု ဖွဲ့စည်းခဲ့။
၁၃၆၂ ခုနှစ် တပို့တွဲလဆန်း ၁၄ ရက် (၆ ဖေဖော်ဝါရီ ၂ဝဝ၁) အင်္ဂါနေ့တွင် မဟာစည် သာသနာ့ရိပ်သာ ယောဂီကျွေးမွေးစောင့်ရှောက်ရေးအသင်း ဖွဲ့စည်းခဲ့။
၁၃၆၂ ခုနှစ် တပေါင်းလဆန်း ၁၃ ရက် (၆ မတ် ၂ဝဝ၁) အင်္ဂါနေ့တွင် အင်ကြင်းပင်ကျောင်း ဆရာတော်အရှင်ဣန္ဒကအား 'နိုင်ငံတော်ဩဝါဒါစရိယ' အဖြစ်ခန့်အပ်ခဲ့။
၁၃၆၃ ခုနှစ် ဝါခေါင်လဆန်း ၉ ရက် (၂၈ ဩဂုတ် ၂ဝဝ၁) အင်္ဂါနေ့တွင် တိုက်နယ်ဆေးရုံဖွင့်။
၁၃၆၄ ခုနှစ် နတ်တော်လ (ဒီဇင်ဘာ ၂ဝဝ၂) တွင် လက်လှည့်တယ်လီဖုန်းစတင်အသုံးပြုခဲ့။
၁၃၆၅ ခုနှစ် (၂ဝဝ၃ ခုနှစ်)တွင် အင်ကြင်းတောစေတီတောင်ဘက် အာရုံခံပြသာဒ်တွင် ဦးစပ်ကျော်+ ဒေါ်ကြင်နုမိသားစုတို့က ဗုဒ္ဓရုပ်ဆင်းတုတော်တစ်ဆူလှူဒါန်း ပူဇော်ခဲ့။
၁၃၆၆ ခုနှစ် ပထမဝါဆိုလဆုတ် ၃ ရက် (၄ ဇွန်လိုင် ၂ဝဝ၄) တနင်္ဂနွေနေ့တွင် မဟာစည် ဆရာတော်ဘုရားကြီး သက်တော်နှစ် (၁ဝဝ) ပြည့်အထိမ်းအမှတ် ပူဇော်ပွဲ ကျင်းပပြုလုပ်ပြီး မဟာစည်ရာပြည့်အထိမ်းအမှတ်မော်ကွန်းတိုင် စိုက်ထူခဲ့။
၁၃၆ရ ခုနှစ် နှောင်းတန်ခူးလဆုတ် ၃ ရက် (၁၅ ဧပြီ ၂ဝဝ၆) စနေနေ့တွင် ကြိုးကြာကန် အရှေ့ဘက် မီးလောင်ခဲ့။ အိမ်ထောင်စု (၁၇) စုဆုံးရှုံး။
၁၃၆၈ ခုနှစ် ပြာသိုလ (ဇန်နဝါရီ ၂ဝဝ၇) ဆီမီးအော်တိုတယ်လီဖုန်းအဖြစ် တိုးမြှင့်အသုံးပြုခဲ့။
၁၃၆၉ ခုနှစ် (၂ဝဝရ ခုနှစ်)တွင် အင်ကြင်းတောစေတီတော်၏ အနောက်ဘက်တွင် သေဆုံးသွားသော အင်ကြင်းပင်ကြီးအား ဗုဒ္ဓရုပ်ပွားတော်အဖြစ် ဦးသန်းဝင်+ ဒေါ်ရီမြင့်မိသားစု၊ ကိုခင်မောင်ထူး နှင့် ဦးလှမင်း+ ဒေါ်သီတာမိသားစုတို့က ထုလုပ်လှူဒါန်းခဲ့။
၁၃၇၁ ခုနှစ် ဝါဆိုလဆန်း ၁၂ ရက်၊ ၁၃ ရက် (၃၊ ၄ ဇူလိုင် ၂ဝဝ၉) နေ့များတွင် မန္တလေးမြို့ ပရိယတ္တိသာသနဟိတသကျသီဟဓမ္မာစရိယ (အဘိဝံသ) ဘွဲ့ရ အရှင်သီလာနန္ဒာ ဘိဝံသအား မဟာစည်သာသနာ့ရိပ်သာတွင် ဂုဏ်ပြုပူဇော်ပွဲကျင်းပပြုလုပ်ခဲ့။
၁၃၇၁ ခုနှစ် ဝါခေါင်လပြည့် (၅ ဩဂုတ် ၂ဝဝ၉) ဗုဒ္ဓဟူးနေ့တွင် ဆရာတော် အရှင်ပညာစက္က ဗုဒ္ဓဂါယာမှပင့်ဆောင်တော်မူခဲ့သော မဟာဗောဓိပင်ကို မြတ်ရွှေဂူဘုရားတွင် စိုက်ပျိုးပူဇော်ခဲ့။
၁၃၇၁ ခုနှစ် တပို့တွဲလဆုတ် ၁၂ ရက် (၁ဝ ဖေဖော်ဝါရီ ၂ဝ၁ဝ) တွင် အော်တိုတယ်လီဖုန်း အဖြစ် တိုးမြှင့်အသုံးပြုခဲ့။
၁၃၇၃ ခုနှစ် (၂ဝ၁၁ ခုနှစ်)တွင် အင်ကြင်းတောစေတီတော်မြတ်ကြီးအား ကြေးပြားခံရွှေ သင်္ကန်း ကပ်လှူပူဇော်ခဲ့။
၁၃၇၃ ခုနှစ် ပြာသိုလဆန်း ၁၁ ရက် (၄ ဇန်နဝါရီ ၂ဝ၁၂) ဗုဒ္ဓဟူးနေ့တွင် 'စိတ္တသုခ' နာရေး ကူညီမှုအသင်းစတင်ဖွဲ့စည်းတည်ထောင်ခဲ့။
၁၃၇၃ ခုနှစ် တပို့တွဲလဆုတ် ၈ ရက် (၁၅ ဖေဖော်ဝါရီ ၂ဝ၁၂) ဗုဒ္ဓဟူးနေ့တွင် ဦးထွန်းအေး၊ ဦးဖိုးချုံနှင့် ဆရာကြံတို့သုံးဦး ဝိပဿနာတရားစတင်အားထုတ်ပြီး အသိဉာဏ် ထူးများဖြစ်ပေါ်ရာ မင်းခေါင်ကျောင်းတိုက်အနီးရှိအောင်မြေကို အမှတ်ရစိမ့် သောငှာ မော်ကွန်းတိုင်ကို ဆရာကြံ၏ မြေးများဖြစ်သော ကိုသိန်းအောင်+ မမြင့်မြင့်ထူးမိသားစုတို့ကစိုက်ထူခဲ့။
၁၃၇၄ ခုနှစ် တော်သလင်းလဆန်း ၁၃ ရက် (၂၈ စက်တင်ဘာ ၂ဝ၁၂) သောကြာနေ့တွင် အထက်တန်းကျောင်းအဖြစ်တိုးမြှင့်ဖွင့်လှစ်။
၁၃၇၄ ခုနှစ် နတ်တော်လဆုတ် ၁ဝ ရက် (ရ ဇန်နဝါရီ ၂ဝ၁၃) တနင်္လာနေ့တွင် အင်ကြင်း တောစေတီတော်မြတ်ကြီး၏ သံထီးတော်ကို ကြေးထီးတော်ဖြင့် ပြောင်းလဲတင်လှူ ခဲ့။ ထီးတော်အလှူရှင်များမှာမန္တလေးမြို့မှ ဒေါ်နီလာ၊ ဒေါ်နီတာညီအစ်မတစ်စု တို့ဖြစ်။
၁၃၇၅ ခုနှစ် ဝါဆိုလဆန်း ၄ ရက် (၁၁ ဇွန်လိုင် ၂ဝ၁၃) ကြာသပတေးနေ့တွင် အင်ကြင်းတော စေတီတော်ကြီး၏အရှေ့ဖက်ရှိအင်းပြင်ကြီးအား ယန္တရားကြီးများဖြင့် ပြန်လည် တူးဖော်ခဲ့။

ဝန်ခံချက်။ ။ ဆိပ်ခွန်ရက်စွဲသမိုင်း ရှာဖွေတင်ပြရာတွင်တင်ပြထားသော အချက်အလက်များ တစ်စုံတရာမှားယွင်းမှု ရှိခဲ့လျှင်သော်လည်းကောင်း၊ အချက်အလက်ကျန် ရှိနေခဲ့ သည်များရှိလျှင်သော်လည်းကောင်း ရှာဖွေ စုဆောင်းတင်ပြသူ၏ မှားယွင်း ဖော်ပြချက်၊ လိုအပ်ချက်များသာဖြစ်ပါကြောင်း။


စိုးကြီး

Address

Seikkun
Shwebo
02261

Website

Alerts

Be the first to know and let us send you an email when ဆိပ်ခွန် သမိုင်းမှတ်တမ်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share