Motherland Law Firm

Motherland Law Firm လူကြီးမင်းတို့၏ နိုင်ငံသားရပိုင်ခွင့်များ အပြည့်အဝရရှိစေရန် Motherland Law Firm သို့ဆက်သွယ်ပါ။

Common Law နှင့် Civil Law===================နိဒါန်း--------Common Law ကို အင်္ဂလိပ်ရိုးရာဥပဒေလို့ခေါ်ကြပြီး အင်္ဂလန်နဲ့...
13/02/2023

Common Law နှင့် Civil Law
===================
နိဒါန်း
--------
Common Law ကို အင်္ဂလိပ်ရိုးရာဥပဒေလို့ခေါ်ကြပြီး အင်္ဂလန်နဲ့ သူ့ကိုလိုနီဖြစ်ခဲ့တဲ့နိုင်ငံတွေမှာ လက်ရှိအသုံးပြုနေကြပါတယ်။
Civil law ကိုတော့ ဥရောပ ကုန်းမကြီးဥပဒေ Continental Law လို့ခေါ်ပြီး ပြင်သစ်၊ ဂျာမဏီ စတဲ့နိုင်ငံတွေက စလို့ ဘယ်ဂျီယန်၊ စပိန်၊ လက်တင်အမေရိကနိုင်ငံတွေအပြင် အာရှာမှာဆိုရင်လည်း ဂျပန်၊ ကိုရီးယား၊ တရုတ်စတဲ့နိုင်ငံတွေမှာ လက်ရှိကျင့်သုံးနေပါတယ်။
Common Law System နှဲ့ Civil Law System ဘာတွေကွာကြသလဲမေးရင် အများအားဖြင့် ဖြေကြတာက Common Law ဆိုတာဟာ စီရင်ထုံးဥပဒေဖြစ်ပြီး၊ Civil Law ဆိုတာကတော့ ရေးသားပြဌာန်းထားတဲ့ ဥပဒေတွေ ဖြစ်ကြတယ် ဆိုတာပါပဲ။
အဲဒိအယူအဆဟာ တစ်ကယ်ကောမှန်ရဲ့လား?
---------------------------------------------------
တစ်ကယ်တော့မမှန်ပါဘူး။ ဥပမာအားဖြင့်ပြောရရင် Common Law နိုင်ငံတစ်ခုဖြစ်တဲ့ အမေရိကန်မှာ တစ်ခြား Civil Law နိုင်ငံတွေမှာရှိတဲ့ ဥပဒေတွေ နဲ့ တန်းတူ ပြဌာန်းဥပဒေတွေရှိတယ်။
ဟန်ဂေရီ (Hungary) နဲ့ ဂရိ (Greece) နိုင်ငံတွေဟာ သူတို့ရဲ့ Civil Code လို့ခေါ်တဲ့ ဥပဒေတွေမပြဌာန်းခင်ကထဲက Civil Law နိုင်ငံတွေ ဖြစ်ကြပါတယ်။....
Civil Law နိုင်ငံတွေမှာ စီရင်ထုံးဆိုပြီး အမှုမှာ ကိုးကားတာမရှိပေမဲ့ သူတို့နိုင်ငံအသီးသီးရဲ့ အမြင့်ဆုံးတရားရုံးဆုံးဖြတ်ချက်တွေကို လက်တွေ့အားဖြင့် အောက်ရုံးတွေက လိုက်နာတယ်။ အဲဒိအမြင့်ဆုံးတရားရုံးဆုံးဖြတ်ချက်တွေကို လည်း နှစ်စဉ် ပုံနှိပ်ထုတ်ဝေတယ်။
အဲဒါဆိုရင်မေးစရာပေါ်လာပါလိမ့်မယ်။ common law နဲ့ civil law ဘယ်လိုကွာခြားသလဲဆိုတာပါ။
-----------------------------------------
ဟုတ်ပါတယ်။
အဲဒီဥပဒေစနစ်နှစ်ခု တစ်ကယ်တန်းကွာခြားတာဟာ ပြဌာန်းဥပဒေရှိခြင်း၊ မရှိခြင်း မဟုတ်ပါဘူး။ ideology လို့ခေါ်တဲ့ ဥပပေါ်မှာ တွေးမြင်ပုံမူသဘောတရားပါ။
ဘယ်လို Ideology မျိုးလဲ?
-----------------------------
အဲဒါကိုရှင်းဖို့ဆိုရင် ဥပဒေနှစ်မျိုး ဖွင့်ဖြိုးတိုးတက်လာပုံရဲ့ သမိုင်း (Legal History) ကနေစပြီးရှင်းရပါလိမ့်မယ်။
ပြင်သစ်တော်လှန်ရေးနှင့် Civil Law
-----------------------------------------
သမိုင်းကြောင်းတွေကို ရှည်ရှည်လျားလျားမချီပဲ အရေးပါတဲ့အစိတ်အပိုင်းလောက်ပဲ ထုတ်နှုတ်ပြောရရင် ယနေ့ခေတ်ကျင့်သုံးနေတဲ့ Civil Law စနစ်ဟာ တော်လှန်ရေးတွေကနေ စပြီးဖွံ့ဖြိုးတိုးတက်လာတာပါ။ အတိအကျပြောရရင်တော့ ၁၇၈၉ ခုနှစ် ပြင်သစ်တော်လှန်ရေးပါ။ (အမှန်တော့ ပြင်သစ်တော်လှန်ရေးမတိုင်မီ (၄) ရာစုလောက်ထဲက အရှေ့ရောမ (ဘိုင်ဇင်တိုင်း) အင်ပါယာသခင် Justinian I ကနေ Code of Justinian ကို စတင်ပြဌာန်းပြီး Civil Law က အခြေတည်နေပါပြီ။ ခေတ်ပေါ် Civil Law အယူအဆတွေကတော့ ပြင်သစ်တော်လှန်ရေးကစခဲ့တာပါ။) ပြင်သစ်တော်လှန်ရေးကို ကျွန်တော်တို့ သိခဲ့တာက လူဝီ (၁၆) ဘုရင်ကိုဖယ်ရှားတယ်။ မြေရှင်ပဒေသရာဇ်လူတန်းစားကို အရင်းရှင်ဘူဇွာလူတန်းစားက တော်လှန်တယ် ဆိုတာလောက်ထက် သိပ်ပြီးမပိုလှပါဘူး။
တစ်ကယ်တော့ ပြင်သစ်တော်လှန်ရေးရဲ့ရိုက်ခတ်မှုဟာ ကမ္ဘာ့သမိုင်းမှာအရေးပါလှပါတယ်။
အဲဒိရိုက်ခတ်မှုတွေထဲက တစ်ခုဖြစ်တဲ့ ဥပဒေစနစ်တွေအပေါ်ရိုက်ခတ်မှုက တော့ဒီလိုပါ။ ....
တော်လှန်ရေးမတိုင်မီမှာ ပြင်သစ်ပြည်က တရားသူကြီးတွေဟာ လူဝီဘုရင်နဲ့ မြေရှင်ပဒေသရာဇ် တွေရဲ့ အကြိုးစီးပွားကို အလွန်အမင်းကာကွယ်ပေးတဲ့ ဆုံးဖြတ်ချက်တွေချခဲ့တယ်။
သူတို့ဟာ ဥပဒေကို အနက်အဓိပ္ပါယ်အမျိုးမျိုး တီထွင်ဖွင့်ဆိုပြီး ဘူဇွာတွေကို နှိပ်ကွပ်ခဲ့တယ်။
အဲဒါကြောင့် တော်လှန်ရေးအောင်မြင်သွားပြီး ဥပဒေတွေ ပြုတဲ့အခါမှာ နောက်တက်လာတဲ ဘူဇွာအစိုးရဟာ ........ တရားသူကြီးတွေက ဥပဒေတွေကို အဓိပ္ပါယ်ဖွင့်ဆိုခွင့်ပိတ်ပင်တဲ့ပြဌာန်းချက်တွေနဲ့ အတူ တရားသူကြီး တွေရဲ့ ဆင်ခြင်တုံတရားကို အတတ်နိုင်ဆုံးကန့်သတ်တဲ့ ဆောက်ရွက်ချက်တွေကို ပြုလုပ်လာကြတယ်။
ဒါ့ကြောင့် ပြင်သစ်တော်လှန်ရေးအပြီးထွက်ပေါ်လာတဲ့ နပိုလီယန်ကိုဓဥပဒေ (Code of Napoleon) မှာ တရားသူကြီးတွေက ဥပဒေကို ဘာအဓိပ္ပါယ်ဖွင့်ဆိုခြင်းကို တင်းကြပ်စွာပိတ်ပင်ထားပြီး အလွန်အသေးစိတ်ကျတဲ့ ပြဌာန်းချက်တွေကို ထည့်သွင်းပြဌာန်းထားခဲ့ပါတယ်။
ပြင်သစ်တော်လှန်ရေးရဲ့ ဂယက်တွေ၊ သက်ရောက်မှုတွေနဲ့အတူ ပြင်သစ်ရဲ့ နပိုလီယန်ကိုဓဥပဒေကို တခြားဥပရောပနိုင်ငံတွေက မှိညမ်းပြီး ကိုယ်ပိုင် ကိုယ်ဓဥပဒေတွေ ပြုလုပ်လာကြတယ်။
အဲဒိကနေစပြီး ခေတ်ပေါ် (အခုခေတ်) Civil Law system တွေ စတင်ဖွံ့ဖြိုးရှင်သန်ခဲ့ကြပါတယ်။
အင်္ဂလန်နှင့် Common Law
------------------------------
အင်္ဂလန်မှာ ပဒေသရာဇ်ကနေပြီးတော့ အရင်းရှင်စန်ကိုအကူးအပြောင်းဟာ ပြင်သစ်ပုံစံမျိုးတော်လှန် ရေးတွေကနေကူးပြောင်းလာတာမဟုတ်ပါဘူး။
ဘုရင်နှင့် ပြည်သူတွေကြားမှာ မက်ဂနာကာတာ (Magna Carta) လိုမျိုး စာချုပ်တွေ အဆင့်ဆင့်ချုပ်ဆိုရာကနေ ဘုရင်ရဲ့အာဏာလျှော့ပါးပြီး စနစ်သစ်တစ်ခုကို ရောက်သွားတာပါ။
evolution ဆိုတဲ့ တစ်ဖြည်းဖြည်း ပြောင်းလဲလာခြင်းမျိုးပါ။ .....
ဒါ့ကြောင့် ဥပဒေစနစ်အပြောင်းအလဲဟာလည်း ပြင်သစ်လိုမျိုး ပုံစံဟောင်းနဲ့ လုံးမတူညီတဲ့ ပုံစံသစ်မျိုး ပြောင်းလဲခြင်းမဟုတ်ပါဘူး။
ရှိပြီးသား စနစ်ပေါ်မှာ ပိုမိုဖွံ့ဖြိုးတိုးတက်ပြောင်းလဲခြင်းသာဖြစ်ပါတယ်။
ဒါ့အပြင် အင်္ဂလိပ်တရားသူကြီးတွေဟာ တရားမျှတမှုကို အဓိကထားလေ့ရှိပြီး အမှုအခင်းတွေမှာ ပြည်သူတွေဘက်က ရပ်တည်လေ့ရှိတယ်။
အဲဒါကြောင့် အင်္ဂလန်မှာ ပဒေသရာဇ်စနစ် ခေတ်ကုန်ဆုံးသွားသော်လည်း တရားသူကြီးတွေရဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်ခြင်းမပြုခဲ့ပါဘူး။
ဒါ့အပြင် တရားသူကြီးတွေကို လုပ်ပိုင်ခွင့်ပိုပေးထားခြင်းဟာ အုပ်ချုပ်သူတွေကနေ ပြည်သူတွေကို မနှိပ်စက်နိုင်အောင် ကာကွယ်ပေးခြင်းတစ်မျိုးပဲလို့ပါ ယူဆလာကြတယ်။
အနှစ်ချုပ်လိုက်မယ်ဆိုရင်တော့ နိုင်ငံတစ်ချို့မှာ တရားသူကြီးဟာ ဘုရင့်ဘက်တော်သားအဖြစ်နဲ့ ဘူဇွာတွေကို နှိပ်စက်ခဲ့တယ်။
ဘူဇာတွေတော်လှန်ရေးလုပ်ပြီး အောင်မြင်လာတော့ တရားသူကြီးတွေ ရဲ့ လုပ်ပိုင်ခွင့်ကို လျှော့ချဖို့ကြိုးစားတယ်။
တရားသူကြီးဟာ လုပ်ပိုင်ခွင့်များနေရင် ဥပဒေကို သူလိုသလို အဓိပ္ပါယ်ဖွင့်ပြီး ပြည်သူတွေကို နှိပ်စက်နိုင်တယ် ဆိုတဲ့ အခြေခံအယူဆနဲ့ Civil Law တွေ ဖွံ့ဖြိုးတိုးတက်လာတယ်။
Common Law ဘက်မှာဆိုရင်လည်း ခေတ်စနစ်အပြောင်းအလဲဟာ တော်လှန်ရေးအသွင်မဆောင်တဲ့ အတွက် လက်ရှိပုံစံဟောင်းကို ပြုပြင်ပြောင်းလဲစရာမလိုဘူး၊.......
နောက်ပြီးတော့လည်း အင်္ဂလိပ်တရားသူကြီးတွေဟာ ဘုရင်ကိုဆန့်ကျင်ပြီး ပြည်သူကို ကာကွယ်ပေးတယ်။
ဒါ့ကြောင့် .....
တရားသူကြီးတွေကို လုပ်ပိုင်ခွင့်ပိုပေးရင် အုပ်ချုပ်သူတွေက ပြည်သူတွေကို နှိပ်စက်ဖို့ ပိုခက်ခဲလိမ့်မယ် ဆိုတဲ့ အယူအဆနဲ့ Common Law တွေ ဖွံ့ဖြိုးလာခဲ့တယ်။
ကွာခြားပုံ
--------------
Civil Law နိုင်ငံတွေမှာ မူအားဖြင့် တရားသူကြီးဟာ ဥပဒေကို အဓိပ္ပါယ်ဖွင့်ဆိုခွင့် မရှိဘူး။
တရားသူကြီးကို ဥပဒေအဓိပ္ပါယ် ဖွင့်ခွင့်မပေးထားရင် အဲဒိဥပဒေတစ်ရပ်ဟာ (၁)။ လုံးဝပြီးပြည့်စုံရမယ်၊ (၂)။ အသေးစိတ်ကျရမယ်၊ နောက်ပြီးတော့ (၃)။ နားလည်လွယ်ရမယ် ဆိုတဲ့ အင်္ဂါရပ်တွေနဲ့ ပြည့်စုံဖို့လိုပါတယ်။
အဲဒါကြောင့် Civil Law စနစ်မှာ ဥပဒေပြုသူတွေဟာ အဲဒိ အင်္ဂါရပ် သုံးခုနဲ့အတတ်နိုင်ဆုံးညီညွတ်အောင် ဥပဒေတွေကို ရေးဆွဲပါတယ်။
သူတို့ရဲ့ စိတ်ထဲမှာ တရားသူကြီးတွေရဲ့ ဆင်ခြင်တုံတရားကို အတတ်နိုင်ဆုံး ဘယ်လိုလျှော့ချရမလဲ ဆိုတာကို အမြဲနှလုံးသွင်းပြီး ဥပဒေတွေကို ရေးစွဲကြပါတယ်။
အဲဒါကြောင့်လည်း Civil Law နိုင်ငံတွေက ဥပဒေတွေဟာ Common Law နိုင်ငံတွေနဲ့ယှဉ်ရင် ....... ပိုမိုရှည်လျှားပြီး၊ သေးစိတ်ကလေးတွေက အစပါဝင်နေတာ တွေ့ရမှာဖြစ်ပါတယ်။
Common Law နိုင်ငံတွေမှာတော့ တရားသူကြီးတွေကို လုပ်ပိုင်ခွင့် ပိုမိုပေးဖို့ရမယ် အယူအဆအပေါ် အခြေခံတဲ့အတွက် တရားသူကြီးတွေဟာ ဥပဒေကို အဓိပ္ပါယ်ဖွင့်ဆိုခွင့်ရှိပါတယ်။ Common Law ဥပဒေပြုသူတွေရဲ့ အမြင်ကဒီလိုပါ ....
အချို့သော ဥပဒေပါ စကားရပ်များအတွက် ကိစ္စရပ်အားလုံးကို ခြုံမိတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်မျိုးပြုလုပ်ဖို့မဖြစ်နိုင်ပါဘူး။
အဲလိုလုပ်မယ်ဆိုရင်လည်း အမှုတစ်ခုချင်းစီရဲ့ တရားမျှတမှုကို ထိခိုက်နိုင်ပါတယ်။
ဒီလိုကိစ္စမျိုးမှာ အမှုစစ်တရားသူကြီးဟာ တစ်မှုချင်းစီအတွက် ဆပ်ဆိုင်တဲ့ အဓိပ္ပါယ်ကို ဖွင့် ဆိုပြီး တရားမျှတမှုကို ဖေါ်ဆောင်ရပါမယ်။ .....
အဲဒါကြောင့် Common Law နိုင်ငံတွေရဲ့ ဥပဒေတွေမှာ တစ်ချို့အပိုင်းတွေကို ယေဘုယလောက်သာပြဌာန်းထားတာ၊ တစ်ချို့စကားရပ်တွေ ဆိုရင် အဓိပ္ပါယ်ဖွင့်ဆိုချက်တောင် လုပ်မထားတာ တွေ့ရမှဖြစ်ပါတယ်။ (စီရင်ထုံးတွေရဲ့ စည်းနှောင်မှုဟာ ဒီအချက်အပေါ်မှာ အခြေခံတာပါ။)
ဥပမာအားဖြင့်ပြောရရင် ၂၀၁၂ ခုနှစ်မှာ ပြဌန်းခဲ့တဲ့ အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေ ဆိုကြပါစို့၊.......
အဲဒိဥပဒေအရ အခြေခံလူတန်းစားကို အတိုးနဲ့ငွေချေးရင် ပြစ်မှုမြောက်ပါတယ်။...
ဒါပေမဲ့ အခြေခံလူတန်းစားဆိုတဲ့ စကားရပ်ကို အဲဒိဥပဒေ ပုဒ်မ ၂ (ဃ) မှာ " ကျေးလက်နှင့် မြို့ပြနေ ဝင်ငွေနည်းပါးသည့် တောင်သူလယ်သမား၊ အလုပ်သမားများနှင့် စျေးသည်များအပါအဝင် ပြည်သူများကို ဆိုလိုသည်" ဆိုပြီး ဖွင့်ဆိုထားပါတယ်။
အဲဒိတော့ .... ဒီအဓိပ္ပါယ်ဖွင့်ဆိုချက်ဟာ တရားသူကြီး တစ်ဦးက အမှုကို စီရင်ဖို့အတွက် ပြီးပြည့်စုံတဲ့ ဖွင့်ဆိုချက်လား ဆိုတာ စဉ်းစားကြည့်ရအောင်ပါ။ ....
ပြဌာန်းချက်အရ အခြေခံလူတန်းစားဖြစ်ဖို့အတွက် အဓိက လိုအပ်တဲ့ သတ်မှတ်ချက်က ဝင်ငွေနည်းပါးဖို့ပါ။ အဲဒိတော့ ဝင်ငွေနည်းပါးတယ်ဆိုတာ ဘာလဲ? ...
ဝင်ငွေဘယ်လောက်ကို နည်းတယ်လို့ခေါ်ပြီး ဘယ်လောက်ကို များတယ်လို့သတ်မှတ်မှာလဲ? ...
လူနေမှုစရိတ်ကြီးတဲ့ မြို့ပြမှာ နည်းပါတယ်ဆိုတဲ့ ဝင်ငွေဟာ လူနေမှုစရိတ်ကျဉ်းတဲ့ ကျေးလက်မှာကော နည်းတယ်လို့ သတ်မှတ်နိုင်မလား။ ........
ဒီနေရာမှာ တရားသူကြီးရဲ့ အခန်းကဏ္ဍက ပါလာပါပြီ ... ဝင်ငွေနည်းပါးသော ဆိုတဲ့စကားရပ်ကို သူ့ရှေ့ရောက်လာတဲ့ အမှုတစ်မှုချင်းစီအလိုက် အဓိပ္ပါယ်ဖွင့်ရပါပြီ။ ဒါဟာ Common Law တရားသူကြီးတွေရဲ့ လုပ်ရိုးလုပ်စဉ်အလုပ်ပါ။
အဲလိုဆိုရင် Civil Law နိုင်ငံတွေမှာကို ဘယ်လိုလုပ်ကြလဲ ဆိုပြီး မေးစရာပေါ်လာပါလိမ့်မယ်။
ဟုတ်ပါတယ် .... Civil Law နိုင်ငံတွေရဲ့ ဥပဒေပြုသူတွေဟာ အလားတူကိစ္စရပ်မှာ နည်းပါးသော ဆိုတဲ့ စကားရပ်ကို အဓိပ္ပါယ်တိတိကျကျ ဖွင့်ပါလိမ့်မယ်။
ဝင်ငွေ ဘယ်လောက်ကနေ ဘယ်လောက်အထိကိုနည်းတယ်လို့ သတ်မှတ်ရမယ်ဆိုတာမျိုး ....
၊ ဒါမှမဟုတ်လည်း ဝင်ငွေဟာ လက်ရှိရွေပေါက်စျေးနဲ့ ချိန်ရင် ရွှေဘယ်လောက်သားတန်ဖိုးရဲ့ အောက်ဆိုရင် နည်းတယ်လို့ သတ်မှတ်မယ် စသည်ဖြင့် အသေးစိတ် ရေးဆွဲပါလိမ့်မယ်......။
နှစ်ကြောင်းလောက်ရှိတဲ့ Common Law ဖွင့်ဆိုချက်ဟာ Civil Law မှာ နှစ်မျက်နှာလောက်ရှည်တဲ့အထိ အသေးစိတ် ထည့်သွင်းရေးသားပါလိမ့်မယ်။
Common Law တရားသူကြီးနဲ့ Civil Law တရားသူကြီး
-------------------------------------------------------------
ဒီအပိုင်းဟာ အရမ်းအရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုရင် Common Law ရှေ့နေတွေနဲ့၊ တရားသူကြီးတွေဟာ Common Law တရားသူကြီးတစ်ယောက်မှာ ရှိသင့်တဲ့ ဥပဒေအပေါ်အမြင်နဲ့ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့် (လုပ်ပိုင်ခွင့်ဆိုတဲ့နေရာမှာ အမြင့်ဆုံးတရားရုံးတွေကနေ တရားသူကြီးတွေကို ဥပဒေအရ အပ်နှင်းထားတဲ့ ပြစ်မှု၊ တရားမ စီရင်ပိုင်ခွင့် အာဏာကို ဆိုလိုတာ မဟုတ်ပါဘူး။...............
Common Law ဥပဒေရဲ့ တရားကိုယ်သဘော၊ ထုံးတမ်းအစဉ်အလာ (tradition) အရ သူတို့မှာ အပ်နှင်းလျှက်သား ရှိတဲ့ လုပ်ပိုင်ခွင့်ကို ဆိုလိုတာပါ။ ) တွေကို ကောင်းကောင်း သဘောပေါက်နားလည်ထားမှသာ အမှုသည်တွေအတွက် တရားမျှတမှုကို ထိထိရောက်ရောက် ဖေါ်ဆောင်နိုင်မှာ ဖြစ်လို့ပါပဲ။
Civil Law စနစ်မှာ တရားသူကြီးတွေဟာ ဥပဒေတွေကို အသုံးချရသူသက်သက်သာဖြစ်ပါတယ်။ သူတို့ဟာ ဥပဒေတွေကို အဓိပ္ပါယ်ဖွင့်ဆိုခွင့်မရှိပါဘူး။ ဥပဒေတွေက လုံးဝ ပြီးပြည့်စုံမှုရှိတဲ့ဆိုတဲ့ အခြေခံရပ်တည်ချက်ကို စွဲကိုင်ရပြီး မိမိရှေ့မှောက်ရောက်လာတဲ့ အမှုတစ်ခုအတွက် ပြဌာန်းဥပဒေထဲမှာတင်ပဲ တူးဆွရှာဖွေရပါတယ်။ ..... နောက်.....ပြဌာန်းချက်တွေနဲ့ ညီညွတ်တဲ့ အမိန့်တစ်ရပ်ကို ချက်မှတ်ပေးရုံပဲဖြစ်ပါတယ်။ အဲဒိလိုလုပ်နိုင်အောင်လည်း Civil law နိုင်ငံတွေရဲ့ ဥပဒေတွေဟာ တော်တော်လေး ပြည့်စုံကြပါတယ်။
Common Law တရားသူကြီးကတော့ အဲလိုမဟုတ်ပါဘူး။
ပြဌာန်းဥပဒေဆိုတာ တရားမျှတမှုကို ရှာဖွေဖို့ သုံးရမည့် ကိရိယာ တန်ဆာပလာတွေထဲက တစ်ခု (one of the tool to find justice) အဖြစ်သာ ရှုမြင်ရပါတယ်။ နောက်ပြီး ........
ဥပဒေဟူသည် အခါခပ်သိမ်းအတွက် ပြည့်စုံမှုမရှိနိုင်။ ......
ဒါ့ကြောင့် တရားမျှတမှုအလို့ငှာ Common Law မှာ တည်ရှိနေတဲ့ တရားမျှတမှုဆိုင်ရာမူသဘောတရားတွေကို ပြဌာန်းဥပဒေတွေနဲ့ ဆက်စပ်ပြီး အသုံးပြုကြရပါတယ်။
အကယ်လို့ Common Law ရဲ့ တရားမျှတမှုမူသဘောတရား ဟာ ပြဌာန်းချက်တွေနဲ့ ဆန့်ကျင်နိုင်တဲ့ အနေအထားရှိရင်လည်း ဆန့်ကျင်တဲ့ ပြဌားန်ချက်ကို တရားမျှတမှုနဲ့ ဘောင်ဝင် ညီညွတ်အောင် အဓိပ္ပါယ်ဖွင့်ဆိုပြီး တရားမျှတမှုကို ရှာဖွေရပါတယ်။
နောက်ဆုံးအချက်ဟာ Common Law ရဲ့ အလွန်သိမ်မွေ့သော တရားမျှတမှု ရှာဖွေနည်းဖြစ်ပါတယ်။
ဒါ့ကြောင့် Common Law တရားသူကြီးတွေဟာ ပြဌာန်းဥပဒေရဲ့ အရေးအသားတွေကို တရားသေဆုပ်ကိုင်ပြီး တရားမျှတမှုကို လျှစ်လျှူရှုတာမျိုး မလုပ်သင့်ပါဘူး။
လိုအပ်လာရင် ဥပဒေကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ဟာ တရားသူကြီးရဲ့ တာဝန်ဖြစ်ပါတယ်။ ပြဌာန်းဥပဒေတွေကို တရားမျှတမှုနဲ့ ညီညွတ်အောင် ဖွင့်ဆိုကျင့်သုံးရမှာပါ။
နိဂုံး
-----
အထက်မှာရေးသားခဲ့တာတွေဟာ Common Law နဲ့ Civil Law တို့ရဲ့ ခြားနားချက်မျှသာဖြစ်ပါတယ်။ ဥပဒေစနစ်နှစ်ခုရဲ့ အဓိကခြားနားချက်ဟာ တရားသူကြီးတွေရဲ့ အခွင့်အာဏာပေါ်ကို အခြေခံအမြင်ချင်း ခြားနားမှုဖြစ်ပါတယ်။
အဲဒိအခြေခံအမြင် ခြားနားမှုကနေ တရားရုံးဖွဲ့စည်းပုံ၊ တရားသူကြီးတွေခန့်အပ်ပုံတွေနဲ့ အမှုစစ်ဆေးစီရင်ပုံတွေ၊ ဥပဒေမူသဘောတရားတွေအထိ လိုက်ပြီး ခြားနားသွားပါတယ်။
တစ်ခါတစ်ရံမှာတွေးကောင်း တွေးမိကြပါလိမ့်မယ် .......
Civil Law စနစ်မှာ တရားသူကြီးတွေရဲ့ အခွင့်အာဏာနဲ့ ဆင်ခြင်တုံတရားကို အတတ်နိုင်ဆုံးကန့်သတ်ထားတဲ့ အတွက် Civil Law ပုံစံ အသေးစိတ်ကျနဲ့ ဥပဒေတွေ ပြဌာန်းတာ၊ တရားသူကြီးတွေကို ဥပဒေအဓိပ္ပါယ်ဖွင့်ခွင့် မပေးတာတွေဟာ တွေဟာ အဂတိလိုက်စားမှုကို ထိထိ ရောက်ရောက်ထိန်းချုပ် နိုင်လိမ့်မယ် ဆိုပြီးတော့ပါ။ .......
ရုတ်တရက်စဉ်းစားလိုက်ရင် ဒီအတွေးဟာ မှန်သလိုရှိပေမဲ့ လက်ရှိဖြစ်ပျက်နေတာတွေနဲ့ ချိန်ထိုးကြည့်လိုက်ရင်တော့ လုံးဝမှားယွင်းတဲ့ အယူအဆဖြစ်ပါတယ်။ ......
အဂတိလိုက်စားမှုတွေနဲ့ နာမည်ကြီးနေတဲ့ တောင်အမေရိက နိုင်ငံတွေ အကုန်လုံးလိုလိုဟာ Civil Law နိုင်ငံတွေပါ။ Transparency International ရဲ့ ညွှန်းကိန်းများအရ အဂတိလိုက်စားမှု မှာ မြန်မာနိုင်ငံထက် အများကြီး ဆိုးရွားလှတဲ့ ဗင်နီဇွဲလား၊ အင်ဂိုလာ၊ ဥဇဘတ်ကစ္စတန် စတဲ့နိုင်ငံတွေနဲ့ မြန်မာနဲ့ တန်းတူလောက်ရှိတဲ့ ကမ်ဘောဒီးယားနိုင်ငံတွေဟာ Civil Law နိုင်ငံတွေဖြစ်ပါတယ်။
ဘာဖြစ်လိုလဲ .....
ဘာဖြစ်လို့လဲ ဆိုရင် တရားသူကြီးတွေရဲ့ အခွင့်အာဏာကို ကန့်သတ်ခြင်းဟာ တရားရုံးတွေမှာ အဂတိလိုက်စားမှုကို ကို ထိန်းချုပ်ခြင်းနဲ့ ဆက်စပ်မှုသိပ်မရှိလှလို့ပဲဖြစ်ပါတယ်။
Common Law နိုင်ငံတွေမှာ တရားသူကြီးတွေရဲ့ အခွင့်အာဏာကို အလွန်အမင်းထိန်းချုပ်လိုက်တဲ့အခါ လွတ်လပ်စွာတရားစီရင်ရေး (Judicial Independence) သာ ပျောက်သွားပြီး အဂတိလိုက်စားမှုကတော့ ပျောက်မသွားပဲ အသွင်တစ်မျိုးနဲ့ ဆက်လက် ရှင်သန်ကြပါတယ်။
အဲဒိအကြောင်းလည်း အလျှင်းသင့်ရင် ရေးပါဦးမယ်ခင်ဗျာ။
(ဇေယျာအေးချို)
ကိုးကား
(1). John Henry, 1920-Merryman, The Civil Law Tradition, (Stanford, Calif.: Stanford University Press, 1985)
(2). Mathias, 1955-Reimann and Reinhard, 1952-Zimmermann, The Oxford Handbook of Comparative Law, vol. : pbk (Oxford: Oxford University Press, 2008)
(3). Randall Lesaffer and Jan Arriens, European Legal History, vol. : pbk (Cambridge: Cambridge University Press, 2009)
(4). http://www.transparency.org/cpi2014/results
မှတ်ချက်။ ။ မနှစ်တုန်းက အကောင့်ဟောင်းမှာရေးပြီး ဘလော့မှာတင်ထားတာကို ဒီဘက်အကောင့်မှာ ပြန်တင်ခြင်းဖြစ်ပါသည်။
Crd: Xyaar Ayae Cho fb

ကိုယ်က မှန်လျက် ရှုံးသွားတတ်ခြင်းတရားရုံးကို ရောက်လာတဲ့အမှု(၂)မျိုး ရှိပါတယ်။ တရားမမှုနဲ့ ရာဇဝတ်မှု(ပြစ်မှု)တို့ ဖြစ်တယ်...
03/05/2022

ကိုယ်က မှန်လျက် ရှုံးသွားတတ်ခြင်း

တရားရုံးကို ရောက်လာတဲ့အမှု(၂)မျိုး ရှိပါတယ်။ တရားမမှုနဲ့ ရာဇဝတ်မှု(ပြစ်မှု)တို့ ဖြစ်တယ်။
တရားမမှုမှာ တရားမကြီးမှုဆိုတာရယ်၊ တရားမသေးမှု (တရားမအထွေထွေမှု)ဆိုတာရယ်(၂)မျိုးရှိပြန်တယ်။ ရာဇဝတ်မှုမှာ လည်း အလားတူပါပဲ။ ရာဇဝတ်ကြီးမှုနဲ့ ရာဇဝတ်သေးမှုတဲ့။
ကနေ့တော့ တရားမကြီးမှုတွေ အကြောင်းနဲ့ ဒီအမှုတွေဟာ ဘယ်အခါမှာ ပြီးပြတ်သွားတတ်သလဲဆိုတာ ရှင်းပြပါမယ်။
တရားမမှုတွေမှာ ပါဝင်သူတွေက တရားလိုနဲ့ တရားပြိုင်တို့ ဖြစ်တယ်။ တရားလိုဆိုတာ မိမိတောင်းဆိုတဲ့ သက်သာခွင့်ကို လိုလားသူ (တရားစွဲဆိုသူ) ဖြစ်တယ်။ တရားပြိုင်ဆိုတာ တစ်ဖက်က စွဲဆိုလာတဲ့အမှုကို ဆိုင်ပြိုင်သူ(တရားစွဲဆိုခံရသူ)ဖြစ်တယ်။ တောင်း ဆိုတဲ့သက်သာခွင့်ဆိုတာကတော့ တရားရုံးက မိမိလိုလားတဲ့ ဆုံး ဖြတ်ချက် ချမှတ်ပေးဖို့ ဖော်ပြတဲ့အမှုခေါင်းစဉ် ဖြစ်တယ်။
ဥပမာ -၁။ (အေ)က(ဘီ)အပေါ် ငွေကျပ်သိန်း(၁၀ဝ၀) ရလိုမှု။
၂။ (အေ)က(ဘီ) ကျူးကျော်နေတဲ့မြေပေါ်က နှင် ထုတ်လိုမှု။
၃။ (အေ)က(ဘီ)(စီ)(ဒီ) အပေါ် မိဘအမွေပုံခွဲဝေပေး စေလိုမှု။
၄။ (အေ)က(ဘီ)မယားကို ကွာလိုမှု။
တရားမမှုတွေ စစ်ဆေးတဲ့အခါ တရားမကျင့်ထုံးဥပဒေအရ စစ်ဆေးရတယ်။ ပုဒ်မ(၁၅၃)ခု ပါတယ်။ အမိန့်(၅၄)ခုနဲ့ နည်းဥပဒေ (၁၀ဝ၀)လောက်ရှိတယ်။ ရာဇဝတ်မှုတွေလို တရားလိုက ရဲစခန်း သွားတိုင်လို့မရဘူး။ ရုံးကို ဦးတိုက်လျှောက်ထားလို့ မရဘူး။ တရားမ မှုအတွက် သတ်မှတ်ပြဋ္ဌာန်းထားတဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင် ရွက်ရတယ်။ သာမန်ပြည်သူတွေ မလုပ်တတ်ဘူး။ ဒါကြောင့် တရားမ မှုအားလုံးလောက်ဟာ ရှေ့နေငှားရပါတယ်။ ရှေ့နေမငှားရင် မိမိအမှု ဟာ ဘယ်လိုမှ မနိုင်နိုင်ပါဘူး။ အမှုဆုံးခန်း မရောက်ဘဲ ရှုံးသွားတတ် တယ်။ အမှုပြီးပြတ်သွားတတ်ပါတယ်။ ပြဋ္ဌာန်းထားတဲ့ လုပ်ထုံးလုပ် နည်းကိုမသိ နားမလည်တဲ့အတွက် အမှုရဲ့အဆင့်တစ်ဆင့်မှာ အမှု ပလပ်ခံရတတ်ပါတယ်။ ရှုံးသွားတတ်ပါတယ်။ ဒီအကြောင်းကို ဗဟု သုတအဖြစ် တတ်နိုင်သမျှ ရှင်းလင်းတင်ပြပါမယ်။

တရားမမှုရဲ့အခြေခံကျင့်ထုံးနည်းလမ်း
၁။ အထက်မှာ ဖော်ပြထားတဲ့ တရားလို(အေ)က မိမိတောင်း ဆိုတဲ့ သက်သာခွင့်(ငွေရလိုမှု/မြေနှင်လိုမှု/အမွေရလိုမှု/ကွာလိုမှု) ရချင်ရင်၊ သက်ဆိုင်ရာတရားရုံးကို သွားပြီး (အဆိုလွှာ)တင်သွင်းရပါ တယ်။
၂။ တရားစွဲဆိုခံရတဲ့ တရားပြိုင်(ဘီ)ဟာ တရားလိုတောင်း ဆိုတာကို မပေးထိုက်ဘူးဆိုရင်၊ ခုခံချေပတဲ့ (အချေလွှာ) တင်သွင်း ရပါတယ်။
၃။ တရားရုံးက နှစ်ဖက်တင်သွင်းလာတဲ့အဆို၊ အချေလွှာ၊ စာချုပ်စာတမ်းများအရ အမှုသည်နှစ်ဦးအကြား အငြင်းပွားနေတဲ့ အချက်(ငြင်းချက်/ကောက်ချက်)ထုတ်ပေးရပါတယ်။
၄။ ထို့နောက် တရားရုံးက တရားလိုနဲ့သက်သေတွေ၊ တရား ပြိုင်နဲ့ သက်သေတွေ စစ်ဆေးရပါတယ်။ သက်သေခံစာရွက်စာတမ်း များ လက်ခံရပါတယ်။
၅။ နှစ်ဖက်စစ်ဆးပြီးရင် လျှောက်လဲချက်ကြားနာပြီး တရား လိုစွဲဆိုတဲ့အမှုမှာ ]တောင်းဆိုတဲ့သက်သာခွင့်} ရထိုက်၊ မထိုက် အပြီးသတ်အဆုံးအဖြတ်ပေးရပါတယ်။ အဲဒါကို (စီရင်ချက်/ဒီကရီ) ချတယ်လို့ ခေါ်ပါတယ်။ အပြီးသတ်ဆုံးဖြတ်ချက်ဟာ တရားလို စွဲဆိုတဲ့အတိုင်း အနိုင်ဒီကရီချပေးတာလည်း ဖြစ်နိုင်တယ်။ တရားလို စွဲဆိုတဲ့အမှုကို ပလပ်လိုက်တာလည်း ဖြစ်နိုင်တယ်။
ဒီအခြေခံကျင့်ထုံးကတော့ ပုံမှန်၊ သာမန်တရားမမှုတစ်မှု အဆင့်ဆင့်ဆောင်ရွက်ပြီး၊ ပြီးပြတ်သွားပုံအတွက် ပြဋ္ဌာန်းချက် ဖြစ် ပါတယ်။ ဒါပေမဲ့ တရားမမှုတွေဟာ အထက်က ဖော်ပြတဲ့အဆင့်(၅)ဆင့်ကို မကျော်ဖြတ်နိုင်ဘဲ အမှုဆုံးခန်းတိုင်ရောက်သွားတာ အမြဲ တွေ့နေရပါတယ်။ ဒါကို တရားမမှုခင်း ကြုံရတဲ့ ပြည်သူများအနေနဲ့ သိထားနိုင်အောင် သတိထားနိုင်အောင်တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။

၁။ အဆိုလွှာအဆင့်
တရားလိုတင်သွင်းလာတဲ့အဆိုလွှာကို အောက်ပါအကြောင်း ပြချက်တွေနဲ့ တရားရုံးက ပယ်ချနိုင်ပါတယ်။ ဒါဆိုရင် အမှုပြီးဆုံး သွားတတ်ပါတယ်။
(က)နယ်မြေစီရင်ပိုင်ခွင့် မှားယွင်းစွဲဆိုလာခြင်း။
(ခ) အမှုတန်ဖိုးစီရင်ပိုင်ခွင့် မှားယွင်းစွဲဆိုလာခြင်း။
(ဂ) အမှုဖြစ်အကြောင်းခြင်းရာ မပေါ်ပေါက်ခြင်း။
(ဃ)ထမ်းဆောင်ရမယ့် ရုံးခွန်တော် မလုံလောက်ခြင်း။
(င) တရားစွဲဆိုခွင့်ကို ဥပဒေတစ်ရပ်ရပ်က ပိတ်ပင်ထားခြင်း။

၂။ အချေလွှာအဆင့်
(က) တရားပြိုင်က ချေလွှာတင်သွင်းရန် ပျက်ကွက်ရင် တစ်ဖက်သတ်စစ်တယ်။
(ခ) အချေလွှာမှာ အဆိုလွှာဖော်ပြချက်တွေကို တိတိ လင်းလင်း မငြင်းဆိုရင် ဝေ့လည်ကြောင်ပတ်ငြင်းဆိုရင် အဆိုလွှာ ကို ဝန်ခံတယ်လို့ မှတ်ယူပြီး အမှုမစစ်ဆေးတော့ဘဲ အနိုင်ဒီကရီ ချနိုင်တယ်။

၃။ အမှုသည်များ ရုံးသို့မလာရောက်ခြင်း
(က) အမှုကြားနာရန် ချိန်းဆိုတဲ့နေ့မှာ တရားလိုမလာ ရင် တရားလိုရဲ့အမှုကို ပလပ်လိုက်တယ်။ အမှုပြီးသွားရော။
(ခ) တရားပြိုင်မလာရင်၊ တရားပြိုင်မျက်ကွယ်မှာ တစ်ဖက်သတ်စစ်ဆေးပြီး အမိန့်၊ စီရင်ချက် ချလိုက်တယ်။
(ဂ) တရားလိုရော၊ တရားပြိုင်ရော ရုံးကိုမလာရင် အမှုပလပ်လိုက်တယ်။
(ဃ) မိမိတင်ပြရမယ့် သက်သေတွေ ရုံးကို ခေါ်မလာ ရင် အမှုတိုးတက်အောင် မဆောင်ရွက်ရင် ရုံးသဘောအတိုင်း အမိန့် ချနိုင်တယ်။

၄။ ပဏာမငြင်းချက်အဆင့်
(က) ပဏာမငြင်းချက်အရ အမှုပုံစံမှားကြောင်း ပေါ်ပေါက်
နေရင် အမှုကို ပလပ်နိုင်တယ်။
(ခ) ကာလစည်းကမ်းကျော်လွန်နေကြောင်း တွေ့ရရင် အမှုပလပ်နိုင်တယ်။
(ဂ) တရားစွဲဆိုခွင့်မရှိကြောင်း ပေါ်ပေါက်နေရင် အမှု ပလပ်နိုင်တယ်။
(ဃ) နို့တစ်စာ တရားမဝင်ရင် အမှုပလပ်နိုင်တယ်။
(င) ယခင်အမှုစီရင်ချက်ကြောင့် ယခုအမှုဟာ မီးသေနေ ရင် အမှုပလပ်နိုင်တယ်။
(စ) အဆိုအချေအရ အမှုဆုံးဖြတ်ရန် လုံလောက်နေရင် သက်သေမစစ်၊ ငြင်းချက်မထုတ်တော့ဘဲ အဆုံးအဖြတ်ပေးနိုင်တယ်။

၅။ အမှုသည်အချင်းချင်း ပြေငြိမ်းခြင်း
(က) အမှုအတွင်းမှာ အမှုသည်အချင်းချင်း ညှိနှိုင်းသဘော တူညီကြရင် သဘောတူညီတဲ့အတိုင်း အဆုံးအဖြတ်ပေးနိုင်တယ်။
ဥပမာ ။ (အေ)က (ဘီ)အပေါ် သိန်း(၁၀ဝ၀) ရလိုမှု စွဲ ဆိုထားရာမှာ နှစ်ဖက်ညှိနှိုင်းချက်အရ သိန်း(၅၀ဝ)ကိုသာ အနိုင် ဒီကရီချပေးပါလို့ နှစ်ဖက်တင်ပြကြရင် သဘောတူတဲ့အတိုင်း ဒီကရီ အဆုံးအဖြတ် ချမှတ်နိုင်တယ်။
(ခ) အမှုသည်အချင်းချင်း ပြင်ပမှာ သဘောတူပြေငြိမ်း ပြီး၊ အမှုကို ဆက်လက်မစစ်ဆေးလိုတော့ဘူးဆိုရင် အမှုကို ပြန် လည်ရုပ်သိမ်းပေးပါလို့ တရားလိုက တင်ပြနိုင်တယ်။ ရုံးက အမှုရုပ် သိမ်းခွင့်ပြုပြီး အမှုပိတ်သိမ်းပေးတယ်။
၆။ အမှုသည်တို့ သေဆုံးခြင်း
(က) တရားစွဲဆိုခွင့်မကျန်တဲ့ အမှုတွေမှာ အမှုသည် သေ ဆုံးသွားတဲ့အခါ အမှုဟာ ချုပ်ငြိမ်းသွားတယ်။ ဆက်ဆောင်ရွက် လို့ မရတော့ဘူး။
ဥပမာ။ (အေ)လင်က (ဘီ)မယားကို ကွာလိုမှု စွဲဆိုထား တယ်။ အေသေရင် ဖြစ်စေ၊ ဘီသေရင်ဖြစ်စေ အမှုရပ်စဲသွားတယ်။ အမှုဆုံးခန်းတိုင် ရောက်သွားတယ်။ အလားတူပဲ၊ (အေ)လင်က (ဘီ)မယားကို ခေါ်လိုမှု စွဲဆိုထားတယ်။ မယား(ဘီ) သေရင် အမှု ရပ်စဲသွားတယ်။
(ခ) တရားစွဲဆိုခွင့်ကျန်တဲ့အမှုတွေမှာ အမှုသည်သေ ဆုံးသွားခဲ့ရင် သေဆုံးတဲ့နေ့ကစပြီး ရက်ပေါင်း(၉၀)အတွင်းမှာ သေ သူရဲ့ တရားဝင်ကိုယ်စားလှယ်ထည့်သွင်းဖို့ တရားရုံးကို လျှောက်ထား ရမယ်။ မလျှောက်ခဲ့ဘူးဆိုရင် အမှုဟာ ရပ်စဲပြီး ပိတ်သွားတယ်။
(ဂ) တစ်ဖက်အမှုသည် သေနေတာ မသိဘဲ သေသူ အပေါ် အဆိုလွှာတင်သွင်း တရားစွဲဆိုလာရင်လည်း ရုံးက အမှုကို ပလပ်ပစ်တယ်။
၆။ အခြားအကြောင်းများကြောင့် ပြီးဆုံးသွားခြင်း
တရားမကျင့်ထုံးမှာပါတဲ့ အမှုပြီးဆုံးစေတဲ့ အခြားအကြောင်း တွေက အများကြီး ရှိတယ်။ ယေဘုယျသိသင့်တာကို တင်ပြလိုက် ပါတယ်။
(က) တရားပြိုင်က အချက်အလက် မေးမြန်းတာကို တရားရုံးက တရားလိုကို ဖြေခိုင်းတယ်။ တရားလိုက မဖြေရင် အမှုပလပ်နိုင်တယ်။
(ခ) တရားပြိုင်က မေးခွန်းများ မေးတာကို တရား လိုက မဖြေရင်လည်း အမှုပလပ်နိုင်တယ်။
(ဂ) အမှုသည်တွေဟာ ငယ်ရွယ်သူ၊ ရူးသွပ်သူ ဖြစ် နေရင်၊ ကျင့်ထုံးနည်းလမ်းနဲ့အညီ တရားစွဲဆိုရတယ်။ မဟုတ်ရင် အမှုပလပ်နိုင်တယ်။
(ဃ) တရားလိုနဲ့ တရားပြိုင်ဟာ မိမိတို့နေထိုင်တဲ့ နေရပ် လိပ်စာ၊ ဆင့်စာလိပ်စာကို ရုံးကိုတင်သွင်းရတယ်။ မတင်ရင် အရေး ယူခံရနိုင်တယ်။
(င) အမှုမှာ ပါသင့်ပါထိုက်တဲ့အမှုသည်တွေ စုံလင် အောင် ထည့်ပြီး တရားစွဲဆိုရတယ်။ ရုံးက အမှုသည် ဖြည့်စွက် ခိုင်းပါလျက် မဖြည့်စွက်ရင် အမှုပလပ်နိုင်တယ်။
(စ) အမွေမှုမှာ အမွေဆိုင်အားလုံးကို အမှုသည် အဖြစ် ထည့်သွင်းတရားစွဲဆိုရတယ်။ အမှုသည်မစုံရင် အမှုပလပ် နိုင်တယ်။
(ဆ) တရားလိုဟာ မိမိရစရာရှိတဲ့ သက်သာခွင့် အားလုံးကို တစ်ခါတည်းပြီးပြတ်အောင် ထည့်သွင်းပြီး တရားစွဲဆိုရ တယ်။ ရုံးခွင့်ပြုချက်မရဘဲ ချန်လှပ်ထားခဲ့ရင် နောင်မှာ ချန်လှပ်ခဲ့တဲ့ သက်သာခွင့်အတွက် တရားစွဲဆို မရတော့ဘူး။
ဥပမာ။ (အေ)ဟာ(ဘီ)အပေါ်က သိန်း(၁၀ဝ၀)ရခွင့်ရှိတယ်။ (အေ)ဟာ သိန်း(၁၀ဝ၀) ရလိုမှု တစ်ကြိမ်တည်း စွဲဆိုရမယ်။ ပထမ မှုမှာ သိန်း(၅၀ဝ)စွဲခဲ့ရင် ကျပ်သိန်း(၅၀ဝ)အတွက် ထပ်စွဲလို့ မရ တော့ဘူး။
ဒါတွေက သာမန်ပြည်သူတွေ မသိနိုင်တဲ့ တရားမကျင့်ထုံး ဥပဒေရဲ့ နက်နဲ၊ ရှုပ်ထွေးတဲ့ ပြဋ္ဌာန်းချက်တွေ ဖြစ်ပါတယ်။
ကိုဖြူ။ ကိုယ်စွဲဆိုတဲ့အမှု ပလပ်လိုက်ရင် ဘာဖြစ်သွားသလဲ ဆရာ။
ယူတီကေ။ အမှု ပလပ်လိုက်ရင် အမှုရှုံးသွားတာပေါ့ဗျာ။ ဒီ ကိစ္စအတွက် နောက်ထပ်တရားထပ်စွဲလို့လည်း မရတော့ဘူးဗျ။ ကိုယ်မှန်နေပေမဲ့ (မှန်-မှား/တရား-မတရား/ကောင်း-မကောင်း/ မျှတ- မမျှတ)မကြည့်တော့ဘဲ ဥပဒေပြဋ္ဌာန်းချက်ကြောင့် အမှုကို ပလပ်ပစ်လိုက်ကြရတယ်။ ဘဝပြဿနာတွေမှာလည်း ကိုယ်က မှန် နေပေမဲ့ (လမ်းကြောင်း၊ နည်းလမ်း)မမှန်ရင် (မှန်ရှုံး)ရှုံးသွားတတ် တယ်လေဗျာ။

Credit ယူတီကေ (စိတ်၊ လိပ်၊ ဥတု)

02/05/2022

မြေအမျိုးအစား တစ်ခုချင်းစီ၏ အသုံးဝင်ပုံများ

၁။ (က) မြေပိုင်မြေ (ခ) ဘိုးဘွားပိုင်မြေ (ဂ) ဂရန်ရှိမြေပိုင်မြေ

ဘိုးဘွားမိဘလက်ထက်ကပင် ဓားမဦးချပိုင်ဆိုင်လာ၍ လွှဲပြောင်းဆက်ခံခွင့်ရှိသော မြေမျိုးဖြစ်သည်။

(၁) မြေအမည်ပေါက် ကိုယ်တိုင်ရောင်းချခွင့် ရှိသည်။

(၂) မြေအမည်ပေါက်ထံမှ အမွေဆက်ခံပိုင်သူက ရောင်းချခွင့်ရှိသည်။

(၃) မြေအမည်ပေါက်ထံမှ အထွေထွေကိုယ်စားလှယ်လွှဲစာ(သို့) အထူးကိုယ်စားလှယ်လွှဲစာ လွှဲအပ်ခြင်းခံရသူက ရောင်းချခွင့်ရှိသည်။

(၄) မြေအမည်ပေါက်ထံမှ အမွေဆက်ခံပိုင်ဆိုင်သူထံမှ အထွေထွေကိုယ်စားလှယ်လွှဲစာ(သို့) အထူး ကိုယ်စားလှယ် လွှဲစာ လွှဲအပ်ခြင်းခံရသူက ရောင်းချခွင့် ရှိသည်။
မှတ်ချက်(မြေအမည်ပေါက်ထံမှအမွေဆက်ခံသူ မသေဆုံးမီနှင့်လွှဲစာ ပြန်လည်မရုပ်သိမ်းမီကာလအတွင်း)။

(၅) မြေအမည်ပေါက်ထံမှ မှတ်ပုံတင်အပေးစာချုပ်ဖြင့် လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့်ရှိသည်။

(၆) မြေအမည်ပေါက်ပူးတွဲပိုင်ဆိုင်ပြီး မှတ်ပုံတင်စွန့်လွှတ်စာချုပ်ဖြင့် လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့်ရှိသည်။

(၇) မြေဧရိယာတစ်ခုလုံး၏ ထက်ဝက်သော်လည်းကောင်း ၊တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း ၊မြေဧရိယာတစ်ခု လုံးကိုသော်လည်းကောင်း ရောင်းချခွင့်ရှိသည်။

(၈) မိမိဝယ်ယူလိုသည့် မြေဧရိယာအစိတ်အပိုင်းအား ဝယ်ခွန်ဆောင်ပြီး မှတ်ပုံတင်စာချုပ် ချုပ်ဆိုဝယ်ယူနိုင်သည်။

♦ မြေငှားဂရန်မြေ

မြေများကို စည်းကမ်းချက်သတ်မှတ်၍ အနှစ်(၆၀) ၊ အနှစ်(၉၀) ၊ ၂၅ နှစ်အစရှိသော နှစ်ကာလအပိုင်း အခြားဖြင့် အငှားချထားသည့် မြေမျိုးဖြစ်သည်။

(၁) မြေအမည်ပေါက်က (၃)လတစ်ကြိမ် မြေခွန်ဆောင်ရသည်။

(၂) အဆောက်အဦးရှိပါက (၃)လတစ်ကြိမ် အဆောက်အဦးခွန် ဆောင်ရသည်။

(၃) မြေအမည်ပေါက်သူက ရောင်းချခွင့် ရှိသည်။

(၄) မြေအမည်ပေါက်သူထံမှ အမွေဆက်ခံပိုင်ဆိုင်ခွင့်ရှိသူက ရောင်းချခွင့်ရှိသည်။

(၅) မြေအမည်ပေါက်ထံမှ အထွေထွေကိုယ်စားလှယ် လွှဲစာ(သို့)အထူးကိုယ်စားလှယ်လွှဲစာ လွှဲအပ်ခြင်းခံရသူက ရောင်းချခွင့်ရှိသည်။မှတ်ချက်(မြေအမည်ပေါက်မသေဆုံးမီနှင့် လွှဲစာပြန်လည်မရုမ်သိမ်းမီကာလအတွင်း)။

(၆) မြေအမည်ပေါက်၏ အမွေဆက်ခံပိုင်ဆိုင်ခွင့်ရှိသူထံမှ အထွေထွေကိုယ်စားလှယ်လွှဲစာ(သို့)အထူးကိုယ်စားလှယ် လွှဲစာ လွှဲအပ်ခြင်းခံရသူက ရောင်းချခွင့်ရှိသည်။

(၇) မြေအမည်ပေါက်ထံမှ မှတ်ပုံတင်အပေးစာချုပ်ဖြင့် လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့်ရှိသည်။

(၈) မြေအမည်ပေါက်ပူးတွဲပိုင်ဆိုင်ပြီး မှတ်ပုံတင်စွန့်လွှတ်စာချုပ်ဖြင့် လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့် ရှိသည်။

(၉) မြေဧရိယာတစ်ခုလုံးကိုသော်လည်းကောင်း၊ ထက်ဝက်ကိုသော်လည်ကောင်း၊တစ်စိတ်တစ်ပိုင်းကိုသော်လည်း ကောင်း ရောင်းချခွင့်ရှိသည်။မှတ်ချက်(ရောင်းချသည့်အစိတ်အပိုင်းအတွက် ဂရန်ခွဲလျှောက်ထားနိုင်သော်လည်း မျက်နှာစာအနည်းဆုံးပေ(၂၀)ရှိရန်နှင့်စတုရန်းပေ(၁၂၀ဝ)ရှိရန်လိုသည်။

(၁၀) မိမိဝယ်ယူလိုသည့် မြေဧရိယာအစိတ်အပိုင်းအားဝယ်ခွန်ဆောင်ပြီး မှတ်ပုံတင်စာချုပ်ချုပ်ဆိုဝယ်ယူနိုင်သည်။

♦ ပါမစ်မြေ

စည်ပင်ဝပြောမှုမရှိသေးသည့်နေရာများတွင် စည်းကမ်းချက်ဖြင့် သုံးစွဲခွင့်ပြုထားသည့်အိမ်ယာဆောက်လုပ်နေထိုင်ခွင့် ချပေးထားသော မြေမျိုးဖြစ်သည်။

(၁) ပါမစ်အမည်ပေါက်သူက ရောင်းချခွင့်ရှိသည်။

(၂) ပါမစ်အမည်ပေါက်သူထံမှ စာချုပ်အဆက်ဆက်ဖြင့် ဝယ်ယူထားသူက ရောင်းချခွင့်ရှိသည်။

(၃) ပါမစ်မြေကို စာချုပ်အဆက်ဆက်ဖြင့် ဝယ်ယူထားသူက မြေငှားဂရန် လျှောက်ထားနိုင်သည်။

(၄) မြေငှားဂရန်တွင် လျှောက်ထားသူအမည်ဖြင့်သာ ရရှိပါသည်။

♦ လိုင်စင်မြေ

မြို့နှင့်ရွာများအက်ဥပဒေအရ သတ်မှတ်သည့်မြေမျိုးဖြစ်ပြီး စည်းကမ်းချက်ဖြင့် ယာယီသုံးစွဲခွင့်ပေးသော
မြေမျိုး ဖြစ်သည်။

ဥယျာဉ်ခြံမြေ၊ စိုက်ပျိုးမြေ၊ လယ်ယာမြေများသည် လိုင်စင်မြေများဖြစ်ပါသည်။လယ်ယာမြေတွင် အသုံးမဝင်ကြောင်း ဝန်ခံချက် လက်မှတ် ရရှိပြီး လန(၃၉)ထွက်ရှိမြေနှင့် အိမ်ယာမြေ သတ်မှတ်သည့် ၃(ခ)
ထွက်ရှိ မြေများကို မြေငှား ဂရန် လျှောက်ထားလျှင် မြေငှား စာချုပ် ထုတ်ပေး ပါသည်။

♦ အိမ်အမျိုးအစားများ

၁။ Hall Type = အခန်းဖွဲ့စည်းထားခြင်း မရှိခြင်းကို ခေါ်သည်။
၂။ BN =အောက်ခြေအုပ်ခံ၍ ပျဉ်ထောင်အိမ် တည်ဆောက်ထားခြင်းကို ခေါ်သည်။
၃။ PT =သစ်သားများဖြင့်သာ ဖွဲ့စည်းတည်ဆောက်ထားခြင်းကို ခေါ်သည်။
၄။ RC =အုပ်၊ ဘိလပ်မြေ၊ သံ၊ ဖွဲ့စည်းတည်ဆောက်ထားခြင်းကို ခေါ်သည်။

Credit : Property Journal
ပြန်လည်ကူးယူဖော်ပြပါသည်။

27/04/2022

မြေဂရန်ရှိတယ်ဆိုပြီး နေချင်သလို နေလို့တော့ မရပါ

မြေဂရန်ရှိတယ်ဆိုပြီး နေချင်သလို နေလို့တော့ မရပါဘူး၊ စည်းကမ်းတွေ ရှိတယ်၊ သက်တမ်းလည်း ရှိပါတယ်၊ မဖြစ်ရင် ဘာမှမဖြစ်ဘူး၊ ဖြစ်ရင်လဲ ဥပဒေအရပါပဲ၊ အများပြောတဲ့ ဂရန်ဆိုသော မြေငှားစာချုပ်ဟာ နိုင်ငံတော်အစိုးရနှင့် ဂရန်ရသူတို့အကြား ချုပ်ဆိုတဲ့ ပဋိညာဉ်စာချုပ် တစ်ရပ် ဖြစ်ပါတယ်။

မြေအားလုံးရဲ့ မူလပိုင်ရှင်ဟာ နိုင်ငံတော်ဖြစ်တယ်လို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာပါတယ်၊ အရပ်ထဲမှာ တစ်ခုခု ရောင်းဝယ်လို့ စာချုပ်ရင်တောင် စည်းကမ်းချက်တွေနဲ့ သက်သေနဲ့ လုပ်ကြပါတယ်၊ စည်းကမ်းဖောက်ဖျက်ရင် ဘယ်သူခံရလဲ တွေးကြည့်တာနဲ့ သိနိုင်ပါတယ်။ မြေငှါးဂရန် ဆိုတာလည်း ထို့အတူပါပဲ။ ဒါကြောင့် မြေငှါးဂရန် သက်တမ်းကုန် နေသူများ၊ စည်းကမ်း ပျက်သူများ၊ မြေခွန် ပေးဆောင်ခြင်းမရှိပဲ ပျက်ကွက်သူများ သတိပြုရပါမယ်။ ဒါတွေနဲ့ ပတ်သက်လို့ သိရှိနိုင်အောင် တင်ပြလိုက်ပါတယ်။



အောက်မြန်မာပြည် မြို့နှင့်ကျေးရွာ မြေများ ဥပဒေပါ မြေငှားဂရန် စည်းကမ်းချက်များ အပိုဒ် (၉) တွင်...

“၉။ ဤအငှားပေးအပ်ချထားမှုတွင် ပါရှိသည့် မြေကို အငှားပေးအပ် ချထားသည့် ကာလအပိုင်း အခြား ကုန်လွန်သည့်အခါ၊ မြေပေါ်ရှိ အဆောက် အဦးများ၊ အဆောက် အဦးနှင့်တွဲဘက် နေသည်များ မပါရှိစေဘဲ မြေငှားချထားသူသို့ မြေကို အသာတကြည် ပြန်လည်အပ်နှံရမည်။ သို့သော်လည်း မြေငှားချထားသူက အပိုဒ် (၉) အရ မြေကို တဖန်ပြန်လည်သိမ်းယူ၍ အငှား ပေးအပ်မှုကို ဖျက်သိမ်းခြင်းဖြစ်ပါက၊ မြေငှား ချအပ်ခံရသူသည် ဤမြေကို မြေပေါ်ရှိ အဆောက်အဦးများ၊ အဆောက်အဦးနှင့် တွဲဘက်နေသည် များနှင့်တကွ မြေငှားချထားသူသို့ အသာတကြည် ပြန်လည်အပ်နှံရမည်။” လို့ပြဌာန်း ထားပါတယ်။ ဆိုလိုသည်မှာ မြေငှားဂရန် သက်တမ်း ကုန်ဆုံးပါက၊ ထိုမြေကို ဂရန်ရရှိသူက လက်ဝယ်ထားရှိ အသုံးပြုခွင့်မရှိတော့ပါ။ အစိုးရက စီမံချထားနိုင်သည့် မြေအဖြစ်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပါသည်။



သို့ဖြစ်၍ အစိုးရထံသို့ ကန့်ကွက်ငြင်းဆန်မှုမရှိ အေးဆေးစွာဖြင့် ပြန်လည်အပ်နှံရမည် ဖြစ်ပါသည်။ အထူးသတိပြုကြရန် လိုအပ်ပါသည်။ မြေငှားဂရန်သက်တမ်း ကုန်ဆုံးနေသော မြေသည် ဂရန်အမည်ပေါက်သူ အနေဖြင့် မိမိအမည်ပေါက်မြေဟု ဆိုနိုင်ခွင့် မရှိတော့ပါ။ ထိုသို့ မြေပေါ်ရှိ အဆောက်အဦးများ အားလုံးကို ဖယ်ရှား၍ မြေကို အစိုးရထံ ပြန်လည်အပ်နှံရမည် ဖြစ်ကြောင်း မြေငှားဂရန်တွင် ပါရှိခဲ့သည်ကို သတိပြုမိသော်လည်း ရှားလှပါသည်။ ထိုမျှသာမက၊ မြေခွန် ပေးဆောင်ရန် ပျက်ကွက်ပါက စည်းကမ်းချက် အပိုဒ် (၁၀) အရ ဂရန်ဖျက်သိမ်း၍ မြေကို ပြန်လည်ရယူခြင်း ဖြစ်ပါက အဆောက်အဦး များကိုပါ တပါတည်း အပ်နှံရမည်ဖြစ်ပါသည်။



မြေငှားဂရန်ပါ စည်းကမ်းချက် အပိုဒ် (၁၀) မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
“၁၀။ သတ်မှတ်ထားသည့် မြေငှားခအတွက် အားလုံးကိုဖြစ်စေ၊ အချို့အဝက်ကိုဖြစ်စေ ပေးဆောင်မှုမရှိ ပျက်ကွက်နေပါက၊ ယင်းငွေကို တောင်းခံသည်ဖြစ်စေ၊ မတောင်းခံသည်ဖြစ်စေ ပေးဆောင်ရမည့် နေ့ရက်ကျော်လွန်ကာ၊ ပြက္ခဒိန် လတစ်လ ကုန်လွန်သည်အထိ ပျက်ကွက်နေခြင်း၊ သို့မဟုတ် ဤမြေငှား ချထားမှုစည်းကမ်းအရကို မလိုက်နာ ပျက်ကွက်ခြင်း ဖြစ်ပါက ယင်းပျက်ကွက်မှု အတွက် မြေကို ပြန်လည်သိမ်းယူပိုင်ခွင့် ရှိသည်ကို မည်သို့ပင်လျှော့ပေါ့ပေးသည်ဖြစ်စေ ခရိုင်အုပ်ချုပ်ရေးမှူးသည် ဤအငှား ပေးအပ်ချထားမှုကို ချက်ချင်း ဖျက်သိမ်း၍ မြေနှင့်တကွ မြေပေါ်ရှိ အဆောက်အဦး၊ အဆောက်အဦးနှင့် တွဲဘက်နေသည်များကိုပါ ပြန်လည်သိမ်းယူပိုင်ခွင့်ရှိသည်။” ဤမြေငှား ဂရန် စည်းကမ်းသတ်မှတ်ချက်သည် လွန်စွာအရေး ကြီးပါသည်။ ပေးဆောင်ရမည့် မြေငှားခများကို မြေငှားဂရန်တွင် ဖေါ်ပြပါရှိသည့် နေ့ရက်တွင် ကောက်ခံသည် ဖြစ်စေ၊ မကောက်ခံသည်ဖြစ်စေ မြေငှားဂရန် ရရှိထားသူက အပြေအကျေ ပေးဆောင် ရမည်ဖြစ်ပါသည်။



ထိုသို့သတ်မှတ် ထားသည့် နေ့ရက်တွင် မပေးဆောင်သည့်အပြင်၊ တစ်လကျော် ကာလအထိ ဆက်လက် ပျက်ကွက်နေပါက၊ ခရိုင်အုပ်ချုပ်ရေးမှူးသည် မြေငှားဂရန်ကို တစ်ဘက်သပ် ဖျက်သိမ်းပိုင်ခွင့် ရှိသည့်အပြင်၊ မြေပေါ်ရှိ အဆောက်အဦး များနှင့်တကွ မြေကို ပြန်လည် သိမ်းယူပိုင်ခွင့် ရှိနေပါသည်။ ယင်းကို မြေငှားဂရန် ရရှိသူက ဂရန်ပေါ်တွင် လက်မှတ်ရေးထိုး ကတိပြု ထားသည်ကို သတိပြုကြ စေလိုပါသည်။ အထူးသဖြင့် မြေငှားခမပေးဆောင်သဖြင့် မြေဂရန် ဖျက်သိမ်းပိုင်ခွင့် ပါရှိနေပါသည်။ ထိုသို့ဖြစ်ပါက မြေကို ပြန်လည်သိမ်းယူပိုင်ခွင့် ရှိသည့်အပြင်၊ မြေပေါ်ရှိ အဆောက်အဦးများကိုပါ ခရိုင်အုပ်ချုပ်ရေးမှူးက သိမ်းယူပိုင်ခွင့်ကို မြေငှားဂရန်လျှောက်ထားသူက နာခံပါမည် ဖြစ်ကြောင်း ကတိပြု ဝန်ခံခဲ့ပြီးဖြစ်သည်ကို အထူးသတိပြုရန် လိုပါသည်။



သို့ရာတွင် ဂရန်မြေပင် ဖြစ်ငြားသော်လည်း ဘယ်လို ပြန်သိမ်းနိုင်တယ်ဆိုတာ အသေးစိတ်တင်ပြပေးပါမယ်။ ဂရန်သက်တန်းကုန်တိုင်း အဲဒီမြေကို အစိုးရက ပြန်သိမ်းတာ မဟုတ်ပါဘူး။ ဂရန်သက်တန်း ကုန်သော်လည်း ပြန်သိမ်းနိုင်တဲ့ ပြန်သိမ်းသင့်တဲ့ မြေ ဖြစ်-မဖြစ်သေချာစွာ စစ်ဆေးပြီးမှ ဆောင်ရွက်ရပါတယ်။ မူလဂရန်ကို ဖျက်သိမ်းပြီး အစိုးရမြေအဖြစ် ပြန်လည်သိမ်းဆည်း အမှုတွဲဖွင့်လှစ် အရေးယူရမယ် ဆိုရင်တော့ မြေကို နိုင်ငံတော်က ပြန်လည်သိမ်းယူရန် လိုအပ်လို့၊ ဒါမှမဟုတ် ပြီးခဲ့တဲ့သက်တန်းမှာ ကျသင့် မြေငှါးခွန်များ မထမ်းဆောင်ခဲ့လို့၊ ဒါမှမဟုတ် မူလဂရန်ရသူကို ဆက်လက် မချထားသင့်လို့စတဲ့ အကြောင်းအချက်တွေ ခိုင်လုံမှ ပြန်သိမ်းသင့်တဲ့ မြေအဖြစ် စဉ်းစား ဆောင်ရွက်ရပါတယ်။



သက်တန်းကုန် ဂရန်များကို ဘယ်လို ခွဲခြား သုံးသပ်ဆောင်ရွက်တယ်ဆိုတာ ဆွေးနွေး တင်ပြပါမယ်။ ဂရန်သက်တန်းကုန်မြေကို အသုံးပြုထားမှု အကြောင်းခြင်းရာအရ အမျိုးအစားခွဲခြားရင်...



၁။ ဂရန်သက်တန်း ကုန်ဆုံးနေပါလျက်နဲ့ အစိုးရကို ပြန်အပ်ရမှာ ဖြစ်သော်လည်း ပြန်မအပ်သေးတဲ့၊ မြေတွေကို ထပ်မံခွဲစိတ် လေ့လာတဲ့အခါ အောက်ပါအတိုင်း အခြေအနေ အမျိုးမျိုး ကွဲပြားနေတာကို တွေရမှာ ဖြစ်ပါတယ်။

(က) မိမိအမည်ဖြင့် ဂရန်ရရှိထားသော်လည်း ဂရန်သက်တန်းကုန်ဆုံးနေသောမြေ။

(က-၁) မူလက မြေငှါးဂရန်ရရှိခဲ့ပြီး ဂရန်စာချုပ်သက်တန်း ကုန်ဆုံးပြီးနောက်ပိုင်း မြေကို ဆက်လက် လက်ဝယ် ထားရှိသူ။

(က-၂) မူလက မြေငှါးဂရန်ရရှိခဲ့ပြီး ဂရန်စာချုပ်သက်တန်း ကုန်ဆုံးပြီးနောက်ပိုင်း မြေကို လက်ရှိ လက်ဝယ် မထားရှိသူ။

(ခ) အခြားသူ၏အမည်ဖြင့် ရထားသော ဂရန်ကို သက်တန်းမကုန်မီ လွှဲပြောင်းလက်ခံထားသူ

(ခ-၁) မူလက မြေငှါးဂရန် ရရှိခဲ့သူထံမှ ဂရန်သက်တမ်း မကုန်ဆုံးမီ တရားဝင် လွှဲပြောင်း လက်ခံ၍ မြေငှါးဂရန်သက်တမ်း ကုန်ဆုံးပြီးသည့် နောက်ပိုင်းတွင် မြေကို လက်ရှိ လက်ဝယ်ထားသူ။

(ခ-၂) မူလက မြေငှါးဂရန် ရရှိခဲ့သူထံမှ ဂရန်သက်တမ်းမကုန်ဆုံးမီ တရားဝင် လွှဲပြောင်း လက်ခံ၍ မြေငှါးဂရန်သက်တမ်း ကုန်ဆုံးပြီးသည့် နောက်ပိုင်းတွင် မြေကို လက်ရှိ လက်ဝယ် မထားသူ။

(ဂ) အခြားသူ၏အမည်ဖြင့် ရထားသော သက်တန်းကုန်ဂရန်ကို လွှဲပြောင်းလက်ခံထားသူ

(ဂ-၁) မူလ မြေငှါးဂရန်အခွင့်အရေး ရရှိခဲ့သူထံမှ စာချုပ်သက်တန်း ကုန်ဆုံးပြီး နောက်မှ မြေကို လွှဲပြောင်း ဆက်ခံ၍ လက်ရှိ လက်ဝယ်ထားသူ။

(ဂ-၂) မူလ မြေငှါးဂရန်အခွင့်အရေး ရရှိခဲ့သူထံမှ စာချုပ်သက်တန်း ကုန်ဆုံးပြီး နောက်မှ မြေကို လွှဲပြောင်း ဆက်ခံ၍ လက်ရှိ လက်ဝယ် မထားသူ။

(ဃ) ဂရန်သက်တန်းကုန် မြေပေါ်၌ ခေတ္တနေထိုင်ခွင့် လိုင်စင်အမိန့် ရရှိထားသူ။

(င) မူလက မြေငှါးဂရန် စာချုပ် ရရှိသူထံမှ တရားဝင် လွှဲပြောင်း လက်ခံခြင်းမရှိဘဲ ဂရန် သက်တန်း တည်ရှိဆဲ အချိန်အတွင်း မြေပေါ်တွင် ကျူးကျော် ဝင်ရောက်နေထိုင်ခဲ့ပြီး ဂရန် သက်တန်း ကုန်ဆုံးပြီး နောက်ပိုင်းတွင်လည်း ခေတ္တ နေထိုင်ခွင့်လိုင်စင် မရှိပဲ ဆက်လက် ကျူးကျော်နေထိုင်သူ ဆိုပြီး သက်တန်းကုန် ဂရန်တွေကို အမျိုးအစား ခွဲခြားကြည့်နိုင်ပါတယ်။



၂။ ဂရန်သက်တန်းကုန်နေတဲ့ မြေတွေအပေါ် ဆက်လက် နေထိုင် သုံးစွဲနေသူတွေကို အထက်က ဖေါ်ပြထားတဲ့ စာရင်းအတိုင်း အမျိုးအစား ခွဲခြားပြီး သုံးသပ်ရင် ဂရန် သက်တန်းကုန်တာချင်း တူသော်လည်း အဲဒီ အမျိုးအစားတွေပေါ် မူတည်ပြီး ဘယ်လို အရေးယူ ဆောင်ရွက်တယ်ဆိုတာ စိတ်ဝင်စားစရာပါ။

(က - ၁) မူလမြေငှားဂရန် အခွင့်အရေး ရရှိခဲ့ပြီး မြေငှားဂရန် သက်တမ်း ကုန်ဆုံးပြီးသည့် နောက်ပိုင်း မြေကို လက်ရှိဝယ်ထားသူ၊ မြေငှားဂရန်စာချုပ် သက်တမ်းကုန်ဆုံးသောအခါ၊ စာချုပ်ဖြင့် အငှားချထားခဲ့သော မြေသည်
(Reversionery Right) အရ အငှားချထားသူ ပင်ရင်းမြေပိုင်ရှင်၏ လက်ဝယ်သို့ ပြန်ရောက်ရမည် ဖြစ်ပါတယ်။ သတ်မှတ်ပြဌာန်းထားတဲ့ ဂရန်စာချုပ် စည်းကမ်းချက်များမှာ အငှါးစာချုပ်သက်တမ်း ကုန်ဆုံးသောအခါတွင် မြေအငှားချထားခံရသူသည် အဆိုပါမြေကို မြေငှားဂရန် ချထားသူ၏ လက်သို့ အသာတကြည် ပြန်လည်ပေးအပ်ရမည်ဟု ဖော်ပြ ပါရှိပါတယ်။ သို့အတွက် နိုင်ငံတော်က မြေငှားစာချုပ်ဖြင့် ချထားသောမြေသည် စာချုပ်သက်တမ်း ကုန်ဆုံးသောအခါ နိုင်ငံတော်က အလိုရှိသည့်အတိုင်း စီမံခန့်ခွဲ ချထား ပိုင်ခွင့်ရှိသည့် (Land at the disposal of Govt) မြေ အဖြစ် ပြန်လည် ရောက်ရှိပါတယ်။ အဆိုပါ သက်တန်းကုန် ဂရန်မြေ အမျိုးအစားကို မြေငှားဂရန်စာချုပ် ပြန်လည် ချထားပေးလိုတယ်ဆိုရင် ကုန်ဆုံးခဲ့တဲ့ မူလမြေငှားဂရန်စာချုပ်မှာ အသစ်တဖန် ပြန်လည်ထုတ်ပေးရန် With power of Renewal Grant ဝန်ခံချက် ပါရှိသော မြေများမှတပါး ကျန်မြေများကို မူလမြေငှါးစာချုပ် ရရှိခဲ့သူအား ထပ်မံ လဲလှယ် ထုတ်ပေးရန် နိုင်ငံတော်တွင် ဥပဒေအရ ပြဌာန်းထားသော တာဝန်များ မရှိပါဘူး။ without power of Renewal Grant မြေငှား စာချုပ် ရရှိထားခဲ့သူ ဖြစ်ပါက ၎င်းအနေဖြင့် မြေငှား စာချုပ်အသစ် ထုတ်ပေးရန် အခွင့် အရေးတစ်ရပ် အနေနဲ့ တောင်းဆိုပိုင်ခွင့် ရှိကြောင်း ဥပဒေမှာ မပါရှိပါဘူး။



အကယ်၍ ယင်းမြေကို နိုင်ငံတော်၏အကျိုး၊ အများပြည်သူများ၏ အကျိုးများအတွက် အသုံးပြုရန် အလိုရှိခဲ့ပါလျှင် “The welfare of the public is the Paramount law, Public necessity is greater than Private” ဆိုတဲ့ ဆိုရိုးစကားအတိုင်း အများအကျိုးတွက် ဖြစ်ပါက ပုဂ္ဂလိက အတွက် ဦးစားမပေးဘဲ ထိုဂရန်မြေကွက်ကိုပြန်လည် သိမ်းယူရန်သာ ဖြစ်ပါတယ်။



သို့သော်လည်း နိုင်ငံတော်အကျိုး၊ အများပြည်သူများ၏ အကျိုးများအတွက် ယင်းမြေကို အသုံးပြုရန် မလိုအပ် သေးဘူး ဆိုရင်တော့ မူလမြေငှားစာချုပ် အခွင့်အရေး ရရှိခဲ့ပြီးသူက မြေကို လက်ရှိ လက်ဝယ် ထားရှိနေပါလျှင် မြေငှားစာချုပ်သက်တန်း ကုန်ဆုံးပြီး နောက်ပိုင်းအတွက်လည်း ဆက်လက်၍ မြေငှားဂရန်စာချုပ်ကို ယင်းပုဂ္ဂိုလ်သို့ ထုတ်ပေးမြဲ ဖြစ်ပါတယ်။



(က-၂) မူလက မြေငှားဂရန် အခွင့်အရေး ရရှိခဲ့ပြီး မြေငှားဂရန် စာချုပ်သက်တမ်း ကုန်ဆုံးပြီး ဖြစ်သည့်အပြင် မြေကို လက်ဝယ်မထားသူ။ ဂရန်ကို မူလ ရခဲ့ပြီးနောက် သက်တန်းကုန်ပြီးနောက်ပိုင်း မြေကို လက်ရှိ လက်ဝယ်မထားသူ ဆိုတာကတော့ မြေပေါ်မှာ မိမိကိုယ်တိုင်လည်း နေထိုင်ခြင်းမပြု၊ မိမိ၏ သဘောတူညီ ခွင့်ပြုချက်အရ တပည့်တပန်း၊ ကိုယ်စားလှယ်၊ စောင့်ထိန်းသူ၊ စောင့်ရှောက်သူ၊ လူငှါး စသည် တို့အားလည်း နေထိုင်စေခြင်း မပြုသူကို ဆိုလိုပါတယ်။ ယင်းသို့ မြေကို လက်ရှိ လက်ဝယ် မထားကြခြင်းမှာ အကြောင်းအမျိုးမျိုး ရှိကြပါတယ်။ စစ်မက်ဘေး၊ လုံခြုံရေး၊ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး၊ အခြေအနေ တစ်ရပ်ရပ်ကြောင့် လည်းကောင်း၊ မိမိတို့ အိုးအိမ် အဆောက်အအုံများ မီးလောင်ဆုံးရှုံးခံရ၍ ကိုယ်လွတ်ရုံး ထွက် ပြေးကြရာမှာလည်းကောင်း၊ မူလ နေထိုင်ခွင့်ရသူများဟာ မြေကို စွန့်ခွါပြီး တရပ်တကျေးကို ပြောင်းရွှေ့သွားကြတာ ရှိတတ်ပါတယ်။



အဲဒီလိုကနေ မိမိမြေပေါ် ပြန်အခြေမချနိုင်တော့ဘဲ လက်ဝယ်မထား မြေကွက်လပ် ဖြစ်သွားရတာတွေ ရှိပါတယ်။ အချို့ဖြစ်ရပ်ကတော့ မြေကို စွန့်ခွါ ခဲ့သူတွေ ကာလတစ်ခုမှာ နေရင်းရပ်ရွာကို ပြန်လည်ရောက်ရှိလာပေမဲ့ မိမိတို့ရဲ့ အိမ်ရာမြေ အကွက်ပေါ်တွင် အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်နေထိုင် မှီခိုနေသူများ၊ မြေရှင်၏ ခွင့်ပြု သဘော တူညီချက် မတောင်းခံဘဲ ဝင်ရောက် ကျုးကျော် အခြေချ နေထိုင်ကြသူများကြောင့် မိမိ တို့၏ မြေကို လက်ဝယ် ပြန်မထားနိုင်သူများလည်း ရှိပါတယ်။ အချို့သော သူတွေကတော့ မြေငှါး ဂရန်စာချုပ် ရရှိစဉ်ကပင် မြေကို ထိထိရောက်ရောက် အသုံးမပြု၊ ဥပေက္ခာ ပြုထားတဲ့ အတွက် မြေကွက်လပ်ပဲ ဆိုပြီး ကျုးကျော်နေထိုင်သူများ ဝင်ရောက် အခြေချလာခဲ့တဲ့အတွက် လက်ဝယ် မထားနိုင်သူများလည်း ရှိပါတယ်။ ယခုအခါမှာတော့ မြေဈေး မြင့်တက်လာမှုကြောင့် မူလ မိမိ ဂရန် အမည်ပေါက်မြေကို လက်ဝယ် ပြန်ထားလိုသူများက ဂရန်သက်ကုန်နေတဲ့ မိမိတို့ မြေကို မိမိတို့အမည်နဲ့ ဂရန်သက်တန်းအသစ် ချပေးဘို့ တောင်းဆိုလာမှု၊ လက်ဝယ်ပြန်ထားလိုမှု ရှိနေ သည့် နည်းတူ၊ ကျုးကျော်သူများမှလည်း အဲဒီမြေပေါ်မှာ မိမိတို့ နှစ်ပေါင်းများစွာ နေထိုင်လာတဲ့ အတွက် ဂရန်သက်တန်းအသစ်ကို မိမိတို့အမည်နဲ့ ချထားပေးရန်၊ မိမိတို့ကိုသာ ဆက်လက်ပြီး လက်ဝယ်ထားခွင့် ပေးရန် တောင်းဆိုမှုများ ရှိလာပါတယ်။



သို့အတွက် ဤကိစ္စမျိုး မှာ မူလ ဂရန် ရရှိထားသူအနေနဲ့ မြေကို ဘာကြောင့် လက်ဝယ်မထားရတာလဲ ဆိုတဲ့ အကြောင်းရင်းကို သေချာ စွာ စုံစမ်း စိစစ်ရန် လိုအပ်ပါတယ်။ မြေကို လက်ဝယ်မထားသူဟာ မြေငှါးဂရန်စာချုပ်ပါ စည်းကမ်းချက်အရ မြေကို စွန့်ခွါ မသွားမီ သို့တည်းမဟုတ် ကျူးကျော်ဝင်ရောက် နေထိုင်သူများ မဝင်ရောက်မီက စာချုပ်ပါ စည်းကမ်း အတိုင်း အဆောက်အအုံဆောက်လုပ်၍ မြေကို လက်ရှိ လက်ဝယ် ထားရှိပြီး ဂရန်စည်းကမ်းနှင့် အညီ ထိထိရောက်ရောက် အသုံးပြုခဲ့- မပြုခဲ့၊ မြေငှါးခ အခွန်များကို မှန်ကန်စွာ အပြေ အလည် ပေးဆောင်ခဲ့ခြင်း ရှိ မရှိ၊ မိမိအမည်ပေါက် မြေပေါ်သို့ ကျုးကျော်သူများဝင်ရောက် နေထိုင်ခြင်း သည် မြေကို မိမိမှ ထိန်းသိမ်း စောင့်ရှောက်မှု ကင်းမဲ့၍၊ သို့မဟုတ် ဥပေက္ခာပြုထား၍ ဝင်ရောက် ကျူးကျော်နေကြခြင်း ဟုတ်-မဟုတ်၊ မိမိတဦးတယောက်တည်း အနေဖြင့် ထိုကျူးကျော်သူတို့ အား တားဆီး ပိတ်ပင် ကာကွယ်နိုင်စွမ်း ရှိ မရှိ စသော အခြေအနေများ၊ ထိုသူတွင် မြေငှါးဂရန် စာချုပ် လျှောက်ထားသော မြေကွက်မှအပ အလားတူ အသုံးပြုရန် အခြားမြေကွက်များ ရှိသည်-မရှိသည်၊ မြေငှါးဂရန် စာချုပ်အသစ် ထုတ်ပေးလျှင် စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်နိုင်စွမ်း ရှိသည် မရှိသည်၊ စသည့် အချက်အလက်များကို သေချာစွာ စုံစမ်း စစ်ဆေးရန် လိုအပ်ပါတယ်။



ယင်း စုံစမ်းတွေ့ရှိချက်များကို အထောက်အထား ပြုပြီးမှသာ လက်ရှိအခြေအနေအရ မြေကို လက်ဝယ် မထားနိုင်သော်လည်း မြေငှါးဂရန်ထုတ်ပေးရန် သင့်တော်သည်ဟု ထင်မြင်လျှင် မူလ ဂရန်ရရှိခဲ့သူအား ဦးစားပေး၍ မြေငှါးစာချုပ် ထုတ်ပေးရန် ဖြစ်ပါတယ်။



(ခ - ၁) မူလက မြေငှါးဂရန်စာချုပ် ရရှိခဲ့သူထံမှ ဂရန်စာချုပ် သက်တန်းမကုန်ဆုံးမီ တရားဝင် လွှဲပြောင်းလက်ခံ၍ မြေငှါးဂရန်စာချုပ် သက်တန်းကုန်ဆုံးသည့် နောက်ပိုင်းတွင် မြေကို လက်ရှိ လက်ဝယ်ထားသူ။ နိုင်ငံတော်မြေနှင့် ပတ်သက်သော အခွင့်အရေးများကို တဆင့် လွှဲပြောင်းခွင့်၊ ဆက်ခံခွင့် ရှိ-မရှိကို အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ ဥပဒေတွင် အတိအကျ ပြဌာန်းထားခြင်း မရှိပါ။ မြေငှါးဂရန်စာချုပ် ပုံစံအသီးသီး၌ “ Without first obtaining such consent not to subdivide the said land or to part with the possession of transfer or sub lease a part only of the said land.” ဆိုပြီး ခွင့်ပြုချက်မရဘဲ မြေကို မခွဲစိတ်ရ၊ မြေတစိတ်တဒေသကို လက်လွှတ် ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ ထပ်ဆင့် ငှါးရမ်းခြင်း မပြုရ.. လို့ ဆိုထားပေမဲ့ “ To register all changes in the possession of the whole of the said land whether by transfer or otherwise than by registered documents succession or otherwise in the register of the said Deputy Commissioner within one calendar month from the respective dates of such changes… လို့ သတ်မှတ် ဖေါ်ပြထားလေတော့ မူလစာချုပ် အခွင့်အရေး ရရှိသူထံမှ စာချုပ်သက်တန်းမကုန်မီ စာချုပ်စာတမ်းနဲ့ တရားဝင်လွှဲပြောင်း ဆက်ခံ သူအား မူလ မြေငှါး စာချုပ်ရရှိသူကဲ့သို့ မှတ်ယူပြီးလျှင် အထက်ပါ ဂရန်စာချုပ် စာပုဒ် (၁၀)တွင် ချထားသောမူများအရ မြေငှါးစာချုပ်အသစ်ကို ထုတ်ပေးရန် ဆောင်ရွက်ရပါတယ်။



(ခ-၂) မူလက မြေငှါးဂရန်စာချုပ် ရရှိခဲ့သူထံမှ ဂရန်စာချုပ် သက်တန်း မကုန်ဆုံးမီ တရားဝင် လွှဲပြောင်းလက်ခံ၍ မြေငှါးဂရန်စာချုပ် သက်တန်းကုန်ဆုံးသည့်နောက်ပိုင်းတွင် မြေကို လက်ရှိ လက်ဝယ်မထားသူ။ မူလ မြေငှါးဂရန်စာချုပ် ရရှိခဲ့သူထံမှ စာချုပ်သက်တန်း မကုန်ဆုံးမီ တရားဝင် စာချုပ်စာတမ်းဖြင့် လွှဲပြောင်း လက်ခံခဲ့သော်လည်း မြေငှါးဂရန်စာချုပ်သက်တန်း ကုန်ဆုံးသောအခါ မြေကို လက်ရှိ လက်ဝယ်မထားသူများကို အထက်ပါ အပုဒ် (က - ၂) ဖေါ်ပြချက် မူများနှင့်အညီ စစ်ဆေး အရေး ယူ ဆောင်ရွက်ရန် ဖြစ်ပါတယ်။



(ဂ) ဂရန်သက်တန်းကုန်နေသည့် မြေကို လွှဲပြောင်းလက်ခံခဲ့သူများ။
(ဂ-၁) မူလ မြေငှါးဂရန်စာချုပ် အခွင့်အရေး ရရှိခဲ့သူထံမှ စာချုပ်သက်တန်း ကုန်ဆုံးနေသည့် မြေကို လွှဲပြောင်း ဆက်ခံ၍ လက်ရှိ လက်ဝယ်ထားသူ။ မြေငှါးဂရန်စာချုပ် သက်တန်း ကုန်ဆုံးတဲ့အခါ အစိုးရ ပြန်ဖြစ်သွားတယ်လို့ မှတ်ယူရမှာ ဖြစ်လို့ မြေငှါးစာချုပ် ရရှိခဲ့သူသည် ဂရန်သက်တန်းကုန်မြေနှင့် ပတ်သက်၍ တရားဝင် အခွင့်အရေးများ မရှိတော့တဲ့သဘော သက်ရောက်သွားပါတယ်။ မြေငှါးဂရန်စာချုပ် သက်တန်း ကုန်ဆုံးသွားသည် နှင့် မြေကို နိုင်ငံတော်က မည်သို့မည်ပုံ စီမံနိုင်တယ်၊ ဘယ်လို အရေးယူပိုင်ခွင့်တွေ ရှိတယ် ဆိုတာ ရှေ့ကအပိုဒ်တွေမှာ ရှင်းလင်း ဖေါ်ပြထားခဲ့ပြီး ဖြစ်ပါတယ်။ မြေငှါးစာချုပ်ဖြင့် ပိုင်ဆိုင် ခံစားခွင့်များသည် စာချုပ်ကုန်ဆုံးတဲ့အခါ ပျက်ပြယ်သွားတယ် လို့ဘဲ ပြောရမှာ ဖြစ်ပါတယ်။ မြေငှါး ဂရန်စာချုပ် ရရှိခဲ့သူဟာ သူ့ကို မြေအသုံးပြုခွင့်၊ နေထိုင်ခွင့် ပြုထားတဲ့ ကာလ ကုန်ဆုံးသွားတာနဲ့ မြေငှါးစာချုပ်မှာ ဖေါ်ပြထားတဲ့ လွှဲပြောင်း ပေးကမ်း ရောင်း ဝယ်နိုင်တဲ့ အခွင့်အရေး ခံစားခွင့်များကို လက်လွှတ်လိုက်ရသလို ဖြစ်သွားပါတယ်။



အဆိုပါ ဂရန်သက်တန်း ကုန်ဆုံးနေတဲ့ မြေကို ဝယ်ယူပါလျှင် မရှိတော့တဲ့ အခွင့်အရေးကို ဝယ်ယူသည့် သဘော ဖြစ်ပါတယ်။ သို့ဖြစ်၍ ဝယ်ယူလက်ရှိထားသူသည် နိုင်ငံတော်ထံမှ မြေငှါးဂရန်စာချုပ် ထုတ်ပေးရန် တောင်းဆို ပိုင်ခွင့် ရှိတယ်လို့ မသတ်မှတ်ပါဘူး။ သက်တန်းကုန်နေတဲ့ ဂရန်မြေကို မူလ ဂရန်ရရှိထားသူက ဂရန်သက်တန်းအသစ် ထပ်လျှောက်ရင်တောင် with Power of Renewal Grant မဟုတ်ရင် ဂရန်သစ် ပေးလိုမှ ထပ်ပေးနိုင်တယ်လို့ ပြဌာန်းထားလေတော့ မူလ မြေငှါးဂရန်စာချုပ် ရရှိခဲ့သူ ပင်လျှင် ၎င်းရဲ့ စာချုပ်သက်တန်း ကုန်ဆုံးသွားတဲ့မြေကို ဂရန်သစ် ထုတ်ပေးရန်တောင်းဆိုနိုင်တဲ့ အခွင့်အရေး မရှိပါဘူး။ ဂရန်သက်တန်းကုန် မြေအား ဝယ်ယူခဲ့သူ အဘို့ဆို သာပြီးတော့တောင် ယင်းမြေအတွက် ဂရန်သစ် ရရှိစေရမယ်ဆိုတဲ့ အခွင့်အရေးကို မမျှော်မှန်းနိုင်တော့ဘူးပေါ့။



သို့သော်လည်း မြေငှါးဂရန်စာချုပ် သက်တန်းကုန်ဆုံးပြီး ဖြစ်ပေမဲ့ မြေကို နိုင်ငံတော်က အများ အကျိုးဆောင်ရွက်ရန် မရည်ရွယ်ဘူး၊ အလိုမရှိဘူး၊ ပြန်လည်သိမ်းယူခြင်း မပြုဘူး၊ ဆိုရင်တော့ မြေပေါ်မှာ မြေဝယ်ယူခဲ့သူတွေက ဆက်လက်နေထိုင် လက်ရှိထားနေဆဲဆိုရင် ၎င်းတို့အတွက် အခွင့်အရေး ရှိပါတယ်။ မြေငှါးစာချုပ် သက်တန်းကုန်နေတဲ့ မြေပေါ် ၎င်းတိ့ု အခုလို လက်ရှိထား ဆက်လက် နေထိုင်ခြင်း ကို မြေငှါးစာချုပ်ဖြင့် ခွင့်ပြုနေထိုင်စေခြင်း မဟုတ်ဘူးလို့တော့ သတ်မှတ်ပါတယ်။ သို့ပေမဲ့ ယခင် သဘောတူ မြေချထားခံရသူထံမှ တရားဝင် လွှဲပြောင်းဆက်ခံပြီး စဉ်ဆက်မပြတ် နေထိုင်သူ ဖြစ်ခြင်း ဆိုတာကို ထောက်ထားပြီးတော့ ဂရန်သက်တန်းကုန် မြေများကို အသစ် ပြန်ချတဲ့ လုပ် ထုံးလုပ်နည်းများန့အညီ တရားဝင် စာချုပ်စာတမ်းနဲ့ မြေဝယ်ယူထားသူကို မြေငှါးစာချုပ် ထုတ် ပေးရန် ဆောင်ရွက်ပေးလေ့ ရှိပါတယ်။ မြေကို လက်ရှိ လက်ဝယ်ထားတဲ့ အကျိုးကျေးဇူးပါ။



(ဂ-၂) မူလက မြေငှါးဂရန်စာချုပ် ရရှိခဲ့သူထံမှ မြေငှါးဂရန် စာချုပ်သက်တန်း ကုန်ဆုံးပြီး သည့်နောက်ပိုင်းမှ မြေကို လွှဲပြောင်းဆက်ခံခဲ့ပြီး လက်ရှိ လက်ဝယ် မထားသူ။ စာချုပ်သက်တန်း ကုန်ဆုံးပြီးသည့်နောက်မှ လွှဲပြောင်း ဝယ်ယူခြင်းဟာ ဂရန်အရ မတည်ရှိတော့သော ပိုင်ဆိုင် ခံစားခွင့်ကို ရယူခြင်းသာဖြစ်ကြောင်း၊ အထက်ပါ စာပိုဒ် (ဂ-၁) မှာ ရှင်းလင်း ဖေါ်ပြပြီး ဖြစ်ပါတယ်။ ယင်းသို့ အစိုးရက သတ်မှတ်ကာလအတွက်သာ ချထားတဲ့ ဂရန် သက်တန်းကုန်မြေကို လွှဲပြောင်း ဝယ်ယူခြင်းဟာ ဝယ်ယူရာ မမြောက်ဟု ဆိုနိုင်သလို ပိုင်ဆိုင် ခံစားခွင့်လည်း လက်ဝယ်သို့ မရောက်ရှိပါဆိုပြီး ရှေးအခါက ပြောဆို သတ်မှတ်ခဲ့ကြပါတယ်။ အခု အမျိုးအစားလို သက်တန်းလည်း ကုန်နေတဲ့အပြင် မြေကိုလည်း လက်ရှိ လက်ဝယ်မထား ဆိုရင်တော့ အခြား သူများနဲ့ တန်းတူ အခွင့်အရေး ရဘို့ကိုတောင် မလွယ်တော့ပါဘူး။



အကယ်၍ မြေငှါးဂရန် စာချုပ်သက်တန်း ကုန်ဆုံးနေတဲ့မြေကို မြေပေါ်ရှိ အဆောက်အအုံများနှင့် တွဲဘက် ဝယ်ယူတယ် ဆိုကြပါစို့။ အဲဒီ မြေငှါးဂရန်စာချုပ်ရဲ့ သက်တန်းဟောင်း ကာလမှာ မူလ ဂရန် ပိုင်ရှင်ဟာ နှစ်စဉ် ထမ်းဆောင်ရမယ့် မြေငှါးခွန်ကို မှန်ကန်စွာပေးဆောင်ပြီး စာချုပ်ပါ စည်း ကမ်းများ မချိုးမဖေါက် လိုက်နာခဲ့ပါမှသာ မြေငှါးဂရန် စာချုပ်သက်တန်း ကုန်ဆုံးသော မြေပေါ်မှ အဆောက်အအုံများကို မူလ မြေငှါး စာချုပ်ရသူသည် ဖျက်သိမ်း ရွှေ့ပြောင်း ယူသွားနိုင်သည် ဆိုတဲ့ အခွင့်အရေးပဲ ရနိုင်ပါတယ်။ မူလ ဂရန်စာချုပ်ရခဲ့သူအတွက် သက်တန်းကုန်နေတဲ့ ဂရန်အစား မြေငှါးဂရန် စာချုပ်အသစ် ထုတ်ပေးရမည်လို့ တောင်းဆိုပိုင်ခွင့် မရှိသလို ယင်းမြေကို ဝယ်ယူခဲ့သူမှာလည်း ထိုအတိုင်း ပါဘဲ။ ဝယ်ယူခဲ့သူဟာ ဝယ်ယူပြီးနောက်ပိုင်း ဆက်လက်ပြီး အငှါးစာချုပ် သက်တန်း ကုန်နေတဲ့ မြေပေါ် အဆက်မပြတ် လက်ရှိထား အသုံးပြုနေရင်တော့ သူ့ကို ဦးစားပေးပြီး ဂရန်သစ် လဲလှယ် ပေးချင် ပေးမှာ ဖြစ်ပေမဲ့ ခုလို လက်ရှိ မထားခဲ့ရင် ယင်းမြေကွက်ကို ဂရန်သက်တန်း အသစ် အတွက် (မူလ ဂရန်ပိုင်ရှင်ရဲ့ အမွေဆက်ခံသူများ၊ ပိုင်ဆိုင်ခွင့်ရှိသူများက) အပြိုင် လျှောက်ထား လာရင် သက်တန်းကုန် မြေကွက်ကို ဝယ်ယူထားပြီး လက်ရှိမထားသူအား ဦးစားမပေးဘဲ အခြား မြေငှါး ဂရန်စာချုပ် လျှောက်ထားသူများနှင့် တန်းတူ တပြေးတည်း စဉ်းစားရန်သာ ဖြစ်ပါတယ်။

(ဃ) သက်တန်းကုန် ဂရန်မြေပေါ်၌ ခေတ္တနေထိုင်ခွင့် လိုင်စင်ရရှိထားသူ။ ခေတ္တနေထိုင်ခွင့် လိုင်စင်အမိန့် ရရှိထားသူများဆိုရာတွင် မူလလိုင်စင် ရသူများနှင့် လိုင်စင်ရ သူထံမှ တရားဝင် ဆက်ခံသူများ ပါဝင်ပါတယ်။ လိုင်စင်ရသူများ၏ အခွင့်အရေးကို နိုင်ငံတော်က အချိန်မရွေး လိုင်စင် သက်တန်း မကုန်ဆုံးမီ ပြန်လည် နှုတ်ပယ်ခွင့် ရှိပါတယ်။ လိုင်စင်သက်တန်း မကုန်ဆုံးသေးသော်လည်း ပုဒ်မ ၁၈ အရ အခွန်အရာရှိက မြေပေါ်မှ (၃)လ နို့တစ်စာပေး၍ အချိန်မရွေး မြေပြန်သိမ်းယူနိုင်ပြီး မြေပေါ်မှ လိုင်စင်သက်တန်းအတွင်း ဖြစ်စေ၊ လိုင်စင် သက်တန်း ကုန်သည်နှင့် ဖြစ်စေ အနှင်ထုတ် ခံရနိုင်သည့် မြေအတန်းအစား ဖြစ်ပါတယ်။

သို့အတွက် လိုက်စင်ရသူများသည် လိုင်စင် သက်တန်း ကုန်ဆုံးပြီးသည့် နောက်ပိုင်းတွင် ၎င်းတို့အား ယင်းမြေကွက်အတွက် နှစ်တို နှစ်ရှည် မြေငှါးစာချုပ် ပေးရမယ်လိ့ု တောင်းဆို ပိုင်ခွင့် မရှိပါဘူး။ ၎င်းတို့အား မြေငှါးဂရန်စာချုပ် ပေးလိုမှ ပေးနိုင်ပါတယ်။ အစိုးရသဘောပါ။.လိုင်စင်ရသူမှ လိုင်စင်သက်တန်းကုန်တဲ့အခါ ဂရန် ပြောင်းလဲ ထုတ်ပေးရန် လျှောက်ထား မှုများတွင် ခေတ္တနေထိုင်ခွင့် လိုင်စင်အမိန့် ရထားသူသည် မြေကို မိမိကိုယ်တိုင် အသုံးမပြုဘဲ တဆင့်ငှါးရမ်းထားခြင်း၊ သို့တည်းမဟုတ် အသုံးမပြုဘဲ ကွက်လပ်ထားခြင်းများ ရှိခဲ့ပါလျှင် ဂရန် ပေးရာ၌ ၎င်းသူအား ဦးစားပေးရန် မလိုပါ။ လိုင်စင်ရမြေကို လက်ရှိ ကိုယ်တိုင် နေထိုင်ခြင်း၊ အသုံးပြုခြင်း ရှိခဲ့ပါမှသာ ယင်းမြေသည် မြေငှါးဂရန် စာချုပ်အသစ်ဖြင့် ချထားခွင့်ရှိသော Disposal Land မြေမျိုးမှန်ပါက ၎င်းအား ဦးစားပေး စဉ်းစားမည် ဖြစ်ပါတယ်။



သို့သော်လည်း အခုအမျိုးအစား မြေဟာ ယခင်က ဂရန်ပေးဘူးပြီး သက်တန်း ကုန်ဆုံး နေရာကနေ ဂရန်မပေးတော့ဘဲ လိုင်စင်သာ ပေးနေတဲ့မြေ ဖြစ်တာကြောင့် ရှေ့ အထက်ကာလ က ယင်းမြေနဲ့ စပ်လျဉ်းပြီး မြေငှါးဂရန်စာချုပ် ရရှိခဲ့ဘူးသူများ ရှိခဲ့ပါလျှင် ထိုသူတို့ကိုလည်း ထည့်သွင်းစဉ်းစားရပါတယ်။



(င) မူလက မြေငှါးဂရန် အခွင့်အရေး ရရှိခဲ့သူထံမှ တရားဝင် လွှဲပြောင်းဆက်ခံခြင်း မရှိပဲ ဂရန် စာချုပ်သက်တန်း ကာလအတွင်း မြေပေါ် ကျူးကျော်ဝင်ရောက် နေထိုင်ခဲ့ပြီး စာချုပ်သက်တန်း ကုန်ဆုံးပြီး နောက်ပိုင်းတွင်လည်း ခေတ္တနေထိုင်ခွင့် လိုင်စင်မရှိဘဲ ဆက်လက်ကျူးကျော် နေထိုင်သူ။ ဤကိစ္စရပ်ကတော့ အစိုးရမြေအပေါ်၊ သူတပါး ဂရန် ရထားတဲ့ မြေအပေါ် တမင် အကျိုးစီးပွါး ထိခိုက်ပျက်စီးအောင် လုပ်တဲ့ သဘော သက်ရောက်ပါတယ်။ ထိုသူသည် မြေငှါးဂရန်ရရှိသူ၏ ပုဂ္ဂလိက ပိုင်ခွင့်ပိုင်ထိုက်ကို ကျုးလွန်ပြီး တရားဥပဒေမဲ့ ကျူးကျော်နေထိုင်သူသာ ဖြစ်ပါသည်။ ဂရန်စာချုပ် သက်တန်းအတွင်းမှာ မြေငှါးဂရန်ရရှိသူ၏ ပိုင်ဆိုင်ခွင့်ရှိနေတဲ့အတွက် ထို ကျုးကျော် သူအား မြေပေါ်မှ နှင်ထုတ်ပေးရန် ဂရန်ပိုင်ရှင်က တရားစွဲဆို အရေးယူနိုင်ပါတယ်။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် မနှင်ထုတ်ဘဲ (နှင်ထုတ်မရဘဲ) ၎င်းပုဂ္ဂိုလ် ကျူးကျော် နေထိုင်လာရာမှ ဂရန်စာချုပ် သက်တန်းကုန်ဆုံးသည့် အချိန်တွင်လည်း ဆက်လက်ကျုးကျော် နေခြင်း ဖြစ်ပါက အနေအထား ပြောင်းသွားပါတယ်။ ဂရန်သက်တန်းကုန်မြေသည် နိုင်ငံတော်ပိုင် ဖြစ်သွားတဲ့အတွက် နိုင်ငံတော်၏ ခွင့်ပြုချက်မရှိဘဲ အစိုးရမြေအပေါ် ထိုသူက စည်းကမ်းမဲ့ နေထိုင်ခြင်း ဖြစ်သွားပါတယ်။



ထိုသူသည် မြေပေါ် လက်ဝယ် လက်ရှိ ထားနေသူ ဖြစ်သော်လည်း ဥပဒေကို ချိုးဖေါက် လက်ရှိ ထားခြင်းသာဖြစ်တယ်ဆိုတဲ့ အချက်ကို အထူး အလေးဂရု ပြုရပါတယ်။ အဲဒီပုဂ္ဂိုလ်က သူ ဟာ မြေပေါ် စဉ်ဆက်မပြတ် နေထိုင်လာသူ ဖြစ်လို့သူ့ကို ဂရန်ထုတ်ပေးဘို့လျှောက်ထားလာရင် မြေပေါ်လက်ရှိဖြစ်တယ်ဆိုတဲ့ အချက်လေးကိုသာကြည့်ပြီး ၎င်းကို မြေငှါးဂရန်ထုတ်ပေးရန် ဦးစား ပေးလိုက်ပါက တရားဥပဒေအား မထေမဲ့မြင်ပြုသူကို အားပေးအားမြှောက်ပြုရာ ကျပါမယ်။ သို့အ တွက် ၎င်းအား ယေဘူယျအားဖြင့် မြေငှါးဂရန် ထုတ်ပေးရာတွင်စဉ်းစားခြင်း မပြုရန် ဖြစ်ပါတယ်။ အဲဒီမြေမျိုးအတွက် မူလပိုင်ရှင် သို့မဟုတ် မူလပိုင်ရှင်၏ တရားဝင် ဆက်ခံသူလည်း မရှိ တော့ဘူး၊ ရောင်းချထားသူလည်း မရှိဘူး။ မြေပေါ်မှာ ကျုးကျော်နေသူကလွဲပြီး အခြား ကျူးကျော် သူလည်း မရှိဘူး၊ အခု ကျူးကျော်နေထိုင်သူဟာလည်း ဒီမြေမှ လွဲ၍ အခြားတွင် နေထိုင်ရန် မြေမရှိ ဖြစ်ခဲ့ရင်တော့ ယင်းမြေကွက်ကို ဂရန်ပေးဘို့အတွက် အခြားမြေမရှိသူများနှင့် အတူ ထည့်သွင်း စဉ်းစားနိုင်ပါတယ်။



၃။ အထက်မှာ ဖေါ်ပြခဲ့တဲ့ အချက်များဟာ မြေနှင့်အခွန်တော်ဥပဒေ၊ မြို့နှင့်ကျေးရွာမြေများ လက်စွဲ ဥပဒေတွေမှာ ပြဌာန်းထားတဲ့ အစိုးရမြေ ကျူးကျော်သူလို့သတ်မှတ်ခံရတဲ့ တရားဝင် အခွင့်မရပဲ ဝင် ရောက် နေထိုင်သူတွေ၊ မူလ မြေငှါးစာချုပ် ဂရန်သက်တန်းကုန်ဆုံးပေမဲ့ ဂရန်သက်တန်းအသစ် ခွင့်ပြု ချက် မလျှောက်ထားသူ၊ မရယူသူတွေကို ဘယ်လို အရေးယူဆောင်ရွက်နိုင်တယ်၊ မြေပေါ်က ဘယ်လို ဖယ်ရှား နှင်ထုတ်နိုင်တယ်ဆိုတဲ့ ဥပဒေ အချက်အလက်များကို ဗဟုသုတအလို့ငှါ တင်ပြခဲ့ခြင်း ဖြစ်ပါ တယ်။ ကျူးကျော်သူကို မြေပေါ်က နှင်ထုတ်ဖယ်ရှားတဲ့အခါ အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများဥပဒေ ပုဒ်မ ၁၈ မှာ “မြေပေါ်မှ နှင်ထုတ်ခံရသူများ၏ နေအိမ် အဆောက်အအုံများကို ဖြိုဖျက်၍ အခြား၌ ရွှေ့ပြောင်း အသစ်ဆောက်လုပ်ရန် ကုန်ကျမည့် စရိတ်စကများ၊ ပျက်စီးဆုံးရှုံးရသည့် လက်ရှိ စိုက်ပျိုးထားရှိသော နေအိမ် ခြံဝင်း၊ လုပ်ကွက်အတွင်းမှ ရာသီသီးနှံ၊ နှစ်ရှည်သီးနှံ၊ သစ်သီးဝလံ၊ ပန်းမန်၊ အသီးအပွင့်များ အတွက် အခွန်တော်အရာရှိ သတ်မှတ်သော ထိုက်သင့်သည့် လျော်ကြေးများကို အစိုးရထံမှ ရရှိစေရမည်”လို့ဆိုပါတယ်။



ရွှေ့ပြောင်း သယ်ယူမှု စရိတ်၊ အခြားနေရာမှာ ပြန်ဆောက်ဘို့ ကုန်ကျစရိတ်၊ အိမ်ဝိုင်းထဲက စိုက်ပျိုးထားခဲ့တဲ့သီးပင် စားပင် လျော်ကြေးဆိုတာတွေ ခံစားခွင့်ရှိပါတယ်။ ဥပဒေအရ နှင်ထုတ်တယ်ဆိုရင် နှင်ထုတ်ခံရသူ အတွက် ဥပဒေမှာပါတဲ့ အခွင့်အရေးကို ပေးဘိ့ု တာဝန် ရှိပါတယ်၊ အဓိက အသိပေးချင်တာက အစိုးရမြေလို့ ပြဌာန်းထားတဲ့ မြေတွေ အပေါ်မှာ အခွင့်အမိန့် မရဘဲ အသုံးပြုသူ သို့မဟုတ် နေထိုင်သူတွေ ကာလတခုအတွက် အငှါးစာချုပ်ဂရန်နဲ့ နေထိုင်ခွင့် ပေးခဲ့ပေမဲ့ သက်တန်းကုန်ဆုံးပြီး နောက်ပိုင်း အဲဒီမြေကို အစိုးရက ပြန်အလိုရှိလို့ စာချုပ်သက်တန်း တိုးမပေးတော့တဲ့ မြေတွေ၊ အကြောင်းတစ်ရပ်ရပ်ကြောင့် ဂရန်စာချုပ် ဖျက်သိမ်းလိုက်တဲ့ မြေတွေ အပေါ်မှာ နေထိုင်နေသူတွေကို အစိုးရက သူဖယ်ရှားချင်ရင် ဖယ်ရှားနိုင်တယ်ဆိုတာ သတိမူကြဘို့ ဖြစ်ပါတယ်။ အစိုးရကလည်း အစိုးရမြေပေါ်ကနေ နှင်ထုတ်ခွင့်ရှိတယ် ဆိုပေမဲ့ Rule of Law ကို လိုက်နာဖို့လိုပါတယ်။ ဥပဒေအရ အစိုးရဟာ မြေပိုင်ရှင်ဆိုပေမဲ့ နိုင်ငံတော်နဲ့ ပြည်သူဆိုတာကိုလည်း မေ့ထားလို့မရပါဘူး.....။


Credit : ဆရာဦးဇော်မင်း (နတ်မောက်) နှင့် ဆရာဦးမောင်မောင်ညွန့်၏ စာများမှ ထုတ်နှုတ်ရေးသားပါသည်။

ပြန်လည်ကူးယူဖော်ပြပါသည်။

Address

No-166, No. 5 Kan Thar Quarter, Nyaung Shwe
Nyaungshwe
11111

Alerts

Be the first to know and let us send you an email when Motherland Law Firm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Motherland Law Firm:

Share