25/08/2026
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
NATIONAL LEAGUE FOR DEMOCRACY
Human Rights Documentation Team (HRDT)
ရက်စွဲ - ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၂) ရက်
ဒုတိယ ဗဟိုကော်မတီ ကြားကာလ အဋ္ဌမအကြိမ် အစည်းအဝေးသို့ လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့ မှ ပေးပို့သော အစီရင်ခံစာ။
၁။ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စုသည် မဲစာရင်းမှားယွင်းသည်ဟု အကြောင်းပြကာ တည်ဆဲဥပဒေများကို ချိုးဖောက်၍ နိုင်ငံတော်၏အာဏာကိုအဓမ္မလုယူခဲ့ပြီး ပြည်သူလူထုကရွေးကောက် တင်မြှောက်ထား သော အရပ်သားအစိုးရ၏ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ခေါင်းဆောင်များနှင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများအား မတရားဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။
၂။ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သည့် ပြည်သူများ၏ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် ကန့်ကွက်မှုများ အား အာဏာလုစစ်ကောင်စီက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခြင်း၊ ပါဝင်သူများအား မတရားဖမ်းဆီးခြင်း၊ စစ်ကြောရေးစခန်းများနှင့် အကျဉ်းထောင်များအတွင်း ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထို့အပြင် ဖမ်းဆီးခံရသူများအား လုံလောက်သော ဆေးကုသမှု နှင့် အခြေခံ အခွင့်အရေးများ မရရှိစေခြင်း၊ ကျေးရွာများနှင့် လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သား ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြုခြင်း နှင့် ပြည်သူများ၏ပိုင်ဆိုင်မှုများကို လုယက် ယူဆောင်ခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက် ကျူးလွန်လျက်ရှိပါသည်။
၃။ ကြမ်းတမ်းသောစစ်အာဏာရှင်စနစ်အောက်တွင် လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရသည့် မြန်မာပြည်သူများအတွက် တရားမျှတမှု ပြန်လည်ရရှိရေး နှင့် နောင်လာနောက်သားများအနေဖြင့် လူ့အခွင့်အရေးကို လေးစားလိုက်နာသည့် လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်နိုင်ရေးတို့ကို ရည်ရွယ်၍
လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) (HRDT-NLD) ကို ၂၀၂၁ ခုနှစ်၊ မေလ တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ထိုအချိန်မှစ၍ နိုင်ငံတဝှမ်းရှိ တိုင်းနှင့်ပြည်နယ်များမှ ပါတီဝင်များနှင့် ပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စနစ်တကျ မှတ်တမ်းတင် ကောက်ယူလျက်ရှိပါသည်။
၄။ လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)(HRDT-NLD) မှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့အထိ လက်လှမ်းမီသလောက် စုဆောင်းရရှိပြီး စိစစ် မှတ်တမ်းတင်ထားသော အချက်အလက်များအရ အောက်ပါအတိုင်း ဖြစ်ပါသည်။ -
(က) အကြမ်းဖက်စစ်ကောင်စီသည် အာဏာသိမ်းမှုကိုဆန့်ကျင်ကြသည့် ပြည်သူများအား ဥပဒေမဲ့ မတရားဖမ်းဆီးထိန်းသိမ်းခဲ့ရာ မတရားဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ စုစုပေါင်း ၁၉,၃၇၈ ဦး ရှိပါသည်။ ၎င်းတို့အနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၁၅၀ ဦး၊ ပါတီဝင် ၂,၇၄၄ ဦး၊ အသက်မပြည့်သေးသော ကလေးသူငယ် ၂၆၀ ဦး နှင့် အမျိုးသမီး ၂,၇၃၅ ဦး ပါဝင်ပါသည်။
(ခ) အကြမ်းဖက် စစ်ကောင်စီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် အဖွဲ့ချုပ်ရုံးများ ကို အဓိကပစ်မှတ်ထား၍ ဖိနှိပ်ချေမှုန်းခဲ့ပြီး အဖွဲ့ချုပ်ရုံးများကို အကြိမ်ကြိမ် ဖျက်ဆီးခဲ့ပါသည်။ မှတ်တမ်းများအရ - အဖွဲ့ချုပ်ဗဟိုရုံး (၄) ကြိမ်၊ တိုင်းနှင့်ပြည်နယ်ရုံးများ (၁၅) ကြိမ်၊ ခရိုင်ရုံးများ (၆) ကြိမ်၊ မြို့နယ်ရုံးများ (၁၁၇) ကြိမ်၊ ရပ်ကျေးရုံးများ (၂၈) ကြိမ် ဖျက်ဆီးခံခဲ့ရပြီး စုစုပေါင်း (၁၇၀) ကြိမ် ရှိခဲ့ပါသည်။
(ဂ) ပြည်သူများ၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို ဥပဒေမဲ့ ချိပ်ပိတ်သိမ်းယူခြင်း၊ နေအိမ်အတွင်းရှိ ပစ္စည်းများကို ခွင့်ပြုချက်မရှိဘဲ သိမ်းဆည်းခြင်း နှင့် ဖျက်ဆီးခြင်းများကြောင့် ပြည်သူ (၈၄၇) ဦး ၏ ပိုင်ဆိုင်မှုများ ချိပ်ပိတ်ခံခဲ့ရပြီး နစ်နာဆုံးရှုံးမှုပေါင်း (၁,၀၃၁) ခု မှတ်တမ်းတင် ရရှိထား ပါသည်။ ထိုအထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် (၁၉၉) ဦး နှင့် ပါတီဝင် (၂၆၂) ဦး တို့၏ ပိုင်ဆိုင်မှုများလည်း ပါဝင်ပါသည်။
(ဃ) ၂၀၂၁ ခုနှစ် မှ ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့အထိ ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အရပ်သားပြည်သူများအပေါ် ကျူးလွန်မှုများကို ဆက်လက် မှတ်တမ်းတင် ရရှိခဲ့ပါသည်။
ထိုကျူးလွန်မှုများတွင် ငြိမ်းချမ်းစွာဆန္ဒပြကြသည့် ပြည်သူများအား အကြမ်းဖက်ဖြိုခွဲခြင်း၊ ဖမ်းဆီးခံရသူများအား စစ်ကြောရေးစခန်းများနှင့် အကျဉ်းထောင်များအတွင်း ညှဉ်းပန်း နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ လုံလောက်သော ဆေးဝါးကုသမှုနှင့် အခြေခံလိုအပ်ချက်များ
မရရှိစေခြင်း၊ အကျဉ်းထောင်အတွင်းတွင် အကြောင်းမဲ့ညှင်းပန်း နှိပ်စက်ခြင်းကြောင့် သေဆုံး ကြရခြင်း၊ အကျဉ်းထောင်ပြင်ပသို့ ထုတ်ကာသတ်ဖြတ်ခြင်းတို့ ပါဝင်သည်။ ထို့အပြင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ရပ်ရွာများအတွင်းသို့ ဝင်ရောက်၍ ပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြု၍ အစဖျောက်စေခြင်း၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်၍ သတ်ဖြတ်ခြင်း နှင့် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း များလည်း မှတ်တမ်းတင် ရရှိခဲ့ပါသည်။
ထို့အပြင် အရပ်သားပြည်သူများ နေထိုင်ရာ ရပ်ရွာများအတွင်း လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်ခြင်း၊ ဘာသာရေးအဆောက်အဦများ၊ စာသင်ကျောင်းများနှင့် ဆေးရုံ ဆေးပေးခန်းများ အပါအဝင် အရပ်သားများ ခိုလှုံနေသည့် နေရာများကို လေကြောင်းမှ တိုက်ခိုက်ခြင်းများလည်း ပြုလုပ်ခဲ့ပါသည်။ ထိုသို့သော ကျူးလွန်မှုများကြောင့် ပြည်သူ (၆,၅၀၇) ဦး သေဆုံးခဲ့ရပြီး ၎င်းတို့အနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် လွှတ်တော် ကိုယ်စားလှယ် (၈) ဦး၊ ပါတီဝင် (၁၂၅) ဦး၊ အသက်မပြည့်သေးသော ကလေးသူငယ် (၅၇၃) ဦး နှင့် အမျိုးသမီး (၁,၁၁၉) ဦး ပါဝင်ပါသည်။
(င) အကြမ်းဖက်စစ်ကောင်စီ ၏ စစ်ဆင်ရေးများနှင့် အကြမ်းဖက်မှုများကြောင့် ပြည်သူများ၏ နေအိမ် နှင့် အဆောက်အဦပေါင်း (၇၇,၆၂၄) လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး၊ အချို့ဒေသများတွင် အကြိမ်ကြိမ် ထပ်မံမီးရှို့ဖျက်ဆီးမှုများရှိခဲ့ရာ မီးရှို့ဖျက်ဆီးမှု ဖြစ်စဉ်ပေါင်း (၁,၉၈၂) ကြိမ် ရှိခဲ့ပါ သည်။
(စ) စစ်ရေးပစ်မှတ်မဟုတ်ဘဲ အရပ်သားပြည်သူများနေထိုင်ရာ ရပ်ရွာများအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် လူနေအိုးအိမ်များ၊ ဘာသာရေးအဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးပေးခန်းများ စသည့် အဆောက်အဦ ပေါင်း (၁၃,၂၇၉) ပျက်စီးခဲ့ရပြီး အပြစ်မဲ့ ပြည်သူ (၃,၅၄၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါသည်။
(ဆ) အကြမ်းဖက်စစ်ကောင်စီ၏ အရပ်သားပြည်သူများနေထိုင်ရာ ရပ်ရွာများအပေါ် လေကြောင်း တိုက်ခိုက်မှုများကြောင့် ပြည်သူများနေထိုင်သော အိုးအိမ်များ၊ ဘာသာရေးအဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးပေးခန်းများ စသည့် အဆောက်အဦပေါင်း (၄,၄၆၉) ခုပျက်စီးဆုံးရှုံးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် (၈၂၇) ကြိမ် ဖြစ်ပွားခဲ့ကာ ပြည်သူ (၁,၉၅၈) ဦးသေဆုံးခဲ့ပါသည်။
၅။ အထက်ပါမှတ်တမ်းများတွင် ဖော်ပြထားသည့် ဖြစ်စဉ်များသည် နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေနှင့် နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဥပဒေများတွင် သတ်မှတ်ထားသည့် အခြေခံ စံနှုန်းများနှင့် ဆန့်ကျင်သည့် ကျူးလွန်မှုများ ဖြစ်ပါသည်။ ထို့အပြင် အရပ်သားပြည်သူများ၏ အသက်၊ လုံခြုံမှု နှင့် အခြေခံလူ့ဂုဏ်သိက္ခာကို ထိခိုက်စေသည့် အဆိုပါလုပ်ရပ်များသည် နိုင်ငံတကာ ငြိမ်းချမ်းရေး နှင့် လုံခြုံရေးကို ထိန်းသိမ်းရန် ရည်ရွယ်သည့် ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ အခြေခံမူများ နှင့်လည်းဆန့်ကျင်ပါသည်။
၆။ အထက်ပါမှတ်တမ်းများသည် လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့ (အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်) (HRDT-NLD) အနေဖြင့် လက်လှမ်းမီသလောက် စုဆောင်းရရှိပြီး စိစစ်မှတ်တမ်းတင် ထားသော အချက်အလက်များ ဖြစ်ပါသည်။ ပကတိမြေပြင် အခြေအနေများနှင့် သတင်းအချက်အလက် ရရှိနိုင်မှုအခြေအနေများကြောင့် အမှန်တကယ် ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများမှာ ယခုမှတ်တမ်းများထက် ပိုမိုများပြားနိုင်ပါသည်။
ထိုမှတ်တမ်းများ ရရှိနိုင်ရန် ပူးပေါင်းကူညီပေးခဲ့ကြသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များနှင့် ပြည်သူများအား လူ့အခွင့်အရေး မှတ်တမ်းကောက်ယူရေး အဖွဲ့အနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
ဤမှတ်တမ်းများသည် အမှန်တရားဖော်ထုတ်ရေး၊ တရားမျှတမှု ရရှိရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ခံမှုရှိစေရေးတို့အတွက် အထောက်အထားမှတ်တမ်းများအဖြစ် ဆက်လက်ထိန်းသိမ်းအသုံးပြုသွားမည် ဖြစ်ပါသည်။
အရေးတော်ပုံ အောင်ရမည်
လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်