15/08/2024
ကြော်ငြာဓာတ်ပုံ ရိုက်မည်ဆိုပြီး မိန်းကလေးငယ်များကို လိမ်ညာပြီး ဟိုတယ်ခေါ်၊ အဓမ္မပြုကျင့်ခဲ့သည်ဟု ဆိုသူကို ဖမ်းမိ
ဟန်ထူးဇော်
အမျိုးသမီးငယ်များကို ကာယဖြည့်စွက်စာအတွက် ကြော်ငြာရိုက်မည်ဟုဆိုကာ သွေးဆောင်ဖြားယောင်း ဟိုတယ်ခေါ်ပြီး အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုသည့် ကာယနည်းပြ စွမ်းရည်လင်း(ခ) အောင်ပြည့်ဖြိုးကို ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန်မြို့နယ်တွင် ဩဂုတ်လ ၁၃ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့ကြောင်း နစ်နာသူ အမျိုးသမီးနှစ်ဦးနှင့် ကူညီဆောင်ရွက်ပေးနေသူတဦးက မဇ္ဈိမကို ပြောသည်။
“သူ့ဖြစ်စဉ်က အများကြီးပဲ၊ အမကိုလည်း၊ သူဆက်သွယ်သေးတယ်၊ မသင်္ကာလို့ လက်မခံခဲ့ဘူး၊ သူက မုဒိမ်းမှုအပြင် ငွေတွေပါလိမ်သေးတယ်၊ အခုတော့ နစ်နာတဲ့မိန်းကလေးတွေက သူ့ကို မုဒိမ်းမှုနဲ့ တရားစွဲထားတယ်၊ ကလေးမလေးတွေကိုလည်း ရဲစခန်းက စစ်ချက်ယူတယ်၊ အခင်းဖြစ်ခဲ့တုန်းက အဝတ်စားတွေသိမ်းတယ်၊ ဟိုတယ်အခန်းကို ဓာတ်ပုံရိုက်တယ်၊ လုပ်ထုံးလုပ်နည်းတိုင်းလုပ်တယ်”ဟု အမျိုးသမီးရေးရာနှင့်ပတ်သတ်ပြီး လိုက်ပါကူညီပေးနေသူ အမျိုးသမီးတဦးက ပြောသည်။
ဖမ်းဆီးခံရသည့် စွမ်းရည်လင်း (ခ) အောင်ပြည့်ဖြိုးသည် အမျိုးသမီးငယ်များကို ဟိုတယ်ခေါ်၊ ခန္ဓာကိုယ် ကိုယ်တိုင်းယူမည်ဟုဆိုပြီး အဝတ်အစားအကုန်ချွတ်ခိုင်းကာ ဓာတ်ပုံရိုက်ပြီး ခြိမ်းခြောက် အဓမ္မပြုကျင့်ခဲ့သူဖြစ်ကြောင်း နစ်နာသူအမျိုးသမီးတဦးက ပြောသည်။
“ကျမကို ပရိုတင်း ကြေငြာရိုက်ဖို့ဆိုပြီး ဆက်သွယ်တယ်ပေါ့၊ ပြီးတော့ ဒီကာယဖြည့်စွက်စာကို သောက်ရမယ် ခြောက်လ၊ ဖြည့်စွက်စာ မသောက်ခင်နဲ့ သောက်ပြီးပုံပေါ့၊ အဲ့လိုရိုက်မယ်ပေါ့၊ အဲ့ဒါနဲ့ညီမက လက်ခံလိုက်ပြီးတော့ ဓာတ်ပုံရိုက်ဖို့ချိန်းတဲ့ ၁၀ ရက်နေ့မှာ ညီမကို ဆိုင်တဆိုင်မှာ တွေ့တယ်၊ ပြီးတော့ သူ့တပည့် မိန်းကလေးရှိတဲ့နေရာကိုခေါ်တာ၊ ပြီးတော့ လိမ်ပြီး ဟိုတယ်ကိုခေါ်တယ်၊ ပထမက ငြင်းသေးတယ်ပေါ့နော်၊ သူက ယုံကြည်အောင်ပြောဆိုပြီး ခေါ်တာ”ဟု အမှုဖွင့်တိုင်ကြားထားသည့် နစ်နာသူအမျိုးသမီးက ပြောသည်။
“ညီမက ငြင်းတယ် အဲ့လိုမျိုးဆို မရိုက်နိုင်ဘူးပြောတာ၊ ဒါကို အတင်းကိုယ်တိုင်း တိုင်းပြီး ညီမကို အဓမ္မပြုကျင့်တယ်၊ အခန်းထဲမှာက နှစ်ယောက်တည်း၊ ညီမကြိုးစားပြီး ရုန်းပေမယ့် မရဘူး၊ ပါးစပ်တွေလည်းပိတ်၊ လက်တွေကိုလည်းချုပ်ထားတယ်၊ ဟိုတယ်အခန်းက ဘေးအခန်းမှာ လူရှိတဲ့ပုံ မပေါ်ဘူး၊ အကူညီမရခဲ့ဘူး”ဟု ၎င်းက ပြောသည်။
စွမ်းရည်လင်း(ခ)အောင်ပြည့်ဖြိုးသည် အဓမ္မပြုကျင့်နေစဉ် ဗီဒီယိုလည်း ရိုက်ကူးထားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဩဂုတ်လ ၁၃ ရက်နေ့တွင် နစ်နာသူအမျိုးသမီးသည် အလားတူဖြစ်စဉ်ဖြစ်ပွားခဲ့သည့် မိန်းကလေးများနှင့် တိုင်ပင်နေစဉ် လမ်းတွင် ၎င်းကိုတွေ့ရှိသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကူညီတောင်းပြီး လိုက်လံဖမ်းခိုင်းရာမှ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းကို မင်္ဂလာတောင်ညွှန့် ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ - ၃၇၅ ဖြင့် အမှုဖွင့်ထားကြောင်း နစ်နာသူ အမျိုးသမီးနှင့် ကူညီဆောင်ရွက်ပေးနေသူက မဇ္ဈိမကို ပြောသည်။
ထိုစွမ်းရည်လင်း (ခ) အောင်ပြည့်ဖြိုးသည် Telegram၊ Tit Tok နှင့် Viber စသည့် ဆိုရှယ်မီဒီယာများမှတဆင့် ကာယဖြည့်စွက်စာအတွက် ကြေငြာရိုက်မည်ဟုဆိုကာ လိုက်လံ သွေးဆောင်ဖြားယောင်းနေသူဖြစ်ကြောင်း ကြော်ငြာရိုက်ရန် ကမ်းလှမ်းခံခဲ့ဖူးသည့် အမျိုးသမီးငယ်တဦးက မဇ္ဈိမကို ပြောသည်။
“ညီမကို သူက တယ်လီဂရမ်ကနေဆက်သွယ်တယ်၊ ကြေငြာရိုက်ဖို့ပေါ့၊ နောက်ပြီး ခန္ဓာကိုယ်ကို အဝတ်အစားမပါဘဲ ရိုက်ပြရမယ်ပေါ့၊ အဲ့လိုပြောတာ ညီမက လက်မခံဘူးဆိုပြီး ပြောလိုက်တယ်”ဟု အမည်မဖော်လိုသူ အသက် ၁၉ အရွယ် အမျိုးသမီးတဦးက ပြောသည်။
ထိုစွမ်းရည်လင်း (ခ) အောင်ပြည့်ဖြိုးသည် ဖမ်းဆီးခံရစဉ် ၎င်း၏ဖုန်းများရှိ အချက်အလက်များကို ဖျက်ပစ်လိုက်ကြောင်း သိရသည်။
သိရှိသူများ၏ ပြောပြချက်အရ အထက်ပါ ဖြစ်စဉ်မျိုး ကြုံတွေ့ခဲ့ရသူမှာ အယောက် ၅၀ ကျော်ရှိနေပြီဖြစ်ပြီး ဖမ်းဆီးရမိချိန်တွင် နစ်နာခဲ့သူ အခြားအမျိုးသမီးငယ်တဦးကလည်း ရန်ကုန်၊ ဗဟန်းရဲစခန်းတွင် အမှု့ဖွင့်ခဲ့ကြောင်းလည်း အမှုဖွင့်ခဲ့သူ ကာယကံရှင် အမျိုးသမီးက ပြောသည်။
“သူက လုပ်စားနေတာကြာပြီ၊ သူ့ကို ဖမ်းမိတော့ ညီမက လိုင်းပေါ်တင်လိုက်တာ၊ အဲ့မှာ ညီမကိုလာပြောတဲ့သူတွေ အများကြီးရှိတယ်၊ သူတို့လည်း ညီမလို အဓမ္မပြုကျင့်ခံရတာပဲ၊ တချို့ဆို ၁၈ လောက်ပဲ ရှိသေးတယ် အသက်မပြည့်သေးဘူး၊ တချို့က ရှက်လို့ မတိုင်ကြဘူးပေါ့”ဟု အမှုဖွင့်ခဲ့သူ အမျိုးသမီးက ပြောသည်။
မုဒိမ်းကျင့်ပြီးနောက် ဗီဒီယိုရိုက်ကာ ခြိမ်းခြောက်မှုပြုလုပ်ခဲ့ပြီး ၎င်းဗီဒီယိုများကို တယ်လီဂရမ်တွင် ရောင်းစားခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ အမျိုးသမီးငယ်များကို သွေးဆောင်ဖြားယောင်းနေသူမှာ ၎င်းတဦးတည်းမဟုတ်ဘဲ ၁၀ယောက်ဝန်းကျင်ရှိပြီး အမျိုးသမီးတွေလည်းပါဝင်ကာ အဖွဲ့လိုက် လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း ဆိုသည်။
“သူ့ကို ထောင်တသက်တကျွန်း ကျခံစေချင်တယ်၊ ပြစ်ဒဏ်နည်းနည်းနဲ့ ပြန်လွတ်လာရင် ကျမတို့ အသက်အန္တာရယ်ရှိနိုင်တယ်၊ တရားမျှတမှုလည်း မရှိဘူး”ဟု နစ်နာသူ အမျိုးသမီးက ပြောသည်။
“ဒီလိုမျိုးလုပ်ရက်တွေက ဆွမ်းဆန်စိမ်းထဲ ကြွက်ချေးရောနေသလိုပေါ့၊ အများအားဖြင့် လူတိုင်းက ဒီလိုမျိုးမလုပ်ဘူး၊ ဒါပေမယ့် သူတို့လိုလူမျိုးကြောင့် ငါးခုံးမတကောင်ကြောင့် တလှေလုံးပုတ်ရတယ်ပေါ့၊ ဒီလိုလူမျိုးကို ထိထိရောက်ရောက်အပြစ်ပေးအရေးယူနိုင်မှ ကျန်တဲ့သူတွေကလည်း ဒီလောကထဲမှာ ကောင်းကောင်းမွန်မွန် ကျင်လည်လို့ရမှာပေါ့နော်” ဟုလည်း အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကာယနည်းပြတဦးက မှတ်ချက်ပြုသည်။
ထိုစွမ်းရည်လင်း (ခ) အောင်ပြည့်ဖြိုး၏ အမှုအခြေအနေများနှင့် ပတ်သက်ပြီး မေးမြန်းရန် ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့် ရဲစခန်းကို တယ်လီဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပါ။
စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ဖေ့စ်ဘွတ်လူမှုကွန်ရက်ကို စစ်ကောင်စီက ကန့်သတ်လိုက်ပြီးနောက် VPN ခံစရာမလိုသည့် တယ်လီဂရမ်ဆိုရှယ်မီဒီယာကို လူသုံးများလာခဲ့သည်။
အဆိုပါ တယ်လီဂရမ်သည် ညစ်ညမ်းဗီဒီယိုများကို အထိန်းအကွတ်မရှိ ခွင့်ပြုထားခြင်းကြောင့် အမျိုးသမီးငယ်များ၏ ခွင့်ပြုချက်မရှိသည့် ဗီဒီယိုအများပြားကို ရောင်းစားသည့် ဈေးကွက်တခု ဖြစ်နေသည်။
စာတည်း။ ။ နောင်နောင်
ပုံအညွှန်း- ဝိုင်းဝန်းဖမ်းဆီးရမိခဲ့သည့် စွမ်းရည်လင်း(ခ)အောင်ပြည့်ဖြိုးကို တွေ့ရစဉ်