25/05/2021
သမိုင်းတရားခံမဖြစ်ပါစေနှင့်
------------------------------------
ပညာရေးဟု ပြောလိုက်လျှင် "ပြုပြင်ပြောင်းလဲသင့်ပြီ" ဟု မြင်ကာ ပြုပြင်ပြောင်းလဲနိုင်ရန် ကြိုးစားနေကြချိန်တွင် ပညာရေးသည် ချောက်ထဲကို ဆွဲချခြင်း ခံလိုက်ရပြန်သည်။
မြန်မာပြည်ကြီး ဘယ်တော့မှ ချောက်ထဲက မတက်နိုင်ရှာ။ ကုန်းကာ ရုန်းကာ တက်လာလည်း ကန်ချရန် အသင့်စောင့်နေကြသည်။ ပညာရေးကား သာ၍ဝေးပြီ။ ပြည်သူတွေလိုချင်သည့် ပညာရေးမှာ ပြည်သူတွေမလိုချင်သည့် သူတွေကြောင့် ပျက်ရပြန်ပြီ။
ပညာရေးလောကအတွင်းသို့ မိုးကျရွှေကိုယ် ဆိုသူတွေကိုထည့်လာသည်။ ရေမျောကမ်းတင်တွေအဖြစ် ပြန်ဆင်းသွားသည်။ ယခုပေါက်ပန်းဈေး တွေထည့်ပြန်သည်။ ပေါက်ပန်းဈေးဆိုသည်ကား (တွေ့ကရာ) ကိုဆိုလို၏။ ဘွဲ့ရလျှင် ပညာတတ်ထင်သူတွေ၊ စာဖတ်တတ်လျှင် စာသင်တတ်သူဟု ထင်သူတွေ၊ ပခုံးနှစ်ဖက်ကြားခေါင်းပေါက်တာချင်းအတူတူ "လူ" မဟုတ်သူကို လူဟု သတ်မှတ်ကာ မိမိကိုယ်မိမိ လူဟုထင်နေသူတွေက ပညာရေးလောကထဲကို ဖျက်ဆီးရန် ရောက်လာပေတော့မည်။
ဘွဲ့ရတိုင်း ပညာတတ်မဟုတ်။ မည်သည့်အခြေအနေကိုမဆို မှန်ကန်စွာ သုံးသပ်ဆင်ခြင်နိုင်စွမ်းရှိမှ ပညာတတ်ဖြစ်သည်။ ဘွဲ့ရတိုင်း အခြေအနေအမှန်ကို ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိချင်မှ ရှိမည်။ ဆင်ခြင်သုံးသပ်နိုင်စွမ်း ရှိသူတွေကိုသာ ပညာတတ်ဟုသတ်မှတ်နိုင်မည်ဆိုလျှင် ပညာရေးလောကအတွင်းသို့ ပေါက်ပန်းဈေးတွေ ရောက်လာစရာ အကြောင်းမရှိ။ ဝင်လာစရာလည်း အကြောင်းမရှိ။
ဪ ငါတို့ ပညာတတ်တွေမဟုတ်ပါလား၊ ငါတို့ အခြေအနေကို ဆင်ခြင် သုံးသပ်နိုင်စွမ်းမရှိသဖြင့် ဆရာဖြစ်ချင်နေကြသည်။ ဆရာစစ်စစ်တွေ ဘဝတွေနှင့် ရင်းနှီးပေးဆက်ထားရသောနေရာတွေကို ငါတို့ဝင်ကာ နေရာယူသင့်သလား စဉ်းစားမိရုံဖြင့် နောက်ဆုတ်ကြပေလိမ့်မည်။
ပညာရေးလောကသည်ကား ဖြူစင်သန့်ရှင်းသည့် နယ်ပယ်နေရာတစ်ခုဖြစ်ပါသည်။ ဆရာနှင့်ကျောင်းသား ရိုးရှင်းစွာဖြင့် သင်ကြားခြင်း၊ သင်ယူခြင်းတို့ကို ပြုရသည့် နေရာလည်းဖြစ်သည်။
ပညာရေးလောကသည် "အထက်အမိန့်" ဆိုသည်တို့ စိုးမိုးရမည့်နေရာမဟုတ်။ ပညာရေးလောကသည် အထက်လူကြီးတို့ ဝင်ရှုပ်ရမည့်နေရာမဟုတ်။ ပညာရေး လောကသည် အထက်လူကြီး သားသမီးတွေကိုတစ်မျိုး၊ အောက်လူပြည်သား ဆင်းရဲသားများကို တစ်မျိုး၊ ခွဲခြားဆက်ဆံ မာန်ထောင်ဟန်ပြ ဆက်ဆံရမည့် နေရာလည်းမဟုတ်။ ပညာရေးလောကသည် ကျောသားရင်သား မခွဲခြား ကျောကသားလည်း ငါ့သား၊ ရင်ထဲကသားလည်း ငါ့သား တစ်န်းတည်းထားကာ သင်ယူမှု သင်ကြားမှုတွေ ပြုရသော နေရာဖြစ်သည်။
"ဆရာ" ဆိုသည့် အခန်းကဏ္ဍကို သေးသိမ်အောင် မှေးမှိန်အောင် လုပ်ချင်သူတွေက ဆရာစစ်တွေကိုဖြုတ်ကာ ပေါက်ပန်းဈေးတွေကို နောက်ဖေးလမ်းမှ သွင်းကြတော့သည်။ ပညာရေးလောကကြီးကား တွေ့ရာရှိခိုး ရာထူးတိုးဆိုသည့် အောက်တန်းစားစိတ်ဓာတ်နှင့်သူတွေ ပြည့်လာပေတော့မည်။ အောက်တန်းကျသော စိတ်ဓာတ်ရှိသူတွေက သင်ကြားခြင်းကို ခံရမည့် မိမိတို့ အနာဂတ်လေးများ၏ စိတ်ဓာတ်မှာ အဘယ်မှာလျှင် အထက်တန်းရောက်လာပါအံ့နည်း။
"ဆရာကောင်းဆိုသည်မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိသူများဖြစ်သည်" ဟု ဂီးလ်ဘတ် ဟစ်ဟက် ကဆို၏။
ခိုင်းတာလုပ်၊ အမိန့်နာခံ၊ ပြန်မပြောနဲ့၊ ထားရာနေ၊ စေရာသွား၊ ပေးတာယူ၊ ကျွေးတာစားဆိုကာ ပညာရှိသူတွေကို ပညာမဲ့သူတွေက အာဏာပြကာ ခိုင်းစေခြင်း၊ ချိုးနှိမ်ခြင်း ခံရမည့် ပညာရေးစနစ်အောက်တွင် ပန်းကောင်းတွေ အညွန့်ကျိုးရုံမက အမြစ်ပါပုပ်ကြပေတော့မည်။
မိမိတို့ အနာဂတ်လေးတွေကို လွတ်လပ်စွာ ပြောရဲမှ လွတ်လပ်သော အတွေးအမြင်တွေရမည်။ ခွေးကို လက်ညှိုးတည့်တည့်ထိုးကာ "အဲဒါခွေး" ဟု အမှန် တရားကို ရဲရဲရင်ဆိုင်ပြီး ပြောရဲမှ ဆရာဖြစ်သည်။ လူဝတ်, ဝတ်ထားသည့် ခွေးကို "လူလိုဝတ်ထားတာပဲ လူပေါ့" ဟု ပြောလိုက်လျှင် "ခွေးကို ခွေးဟု မမြင်သော ခွေးလိုလူ" ဆိုသည့် ဂုဏ်ပုဒ်ကိုလည်း ခွေးလိုလူတွေက ရင်ဆိုင်ရဲရမည်။
"A teacher is a facer of reality" ဖြစ်ပါသည်။ အမှန်တရားကို ရဲရဲ ရင်ဆိုင်ရဲသူများဖြစ်ရမည်။
မှန်မှန်းလည်းမသိ၊ မှားမှန်းလည်းမသိ၊ ပကတိအရှိတရားကို နားလည် နိုင်လောက်သော အသိတရားလည်းမရှိ၊ စာသင်ခြင်းသည် စာအုပ်ထဲက စာများကို ရွတ်ဆိုခိုင်းခြင်း၊ ချရေးခိုင်းခြင်းလောက်သာ နားလည်သူတွေလက်ထဲကို မိမိတို့ အနာဂတ်လေးတွေ ထည့်ခြင်း၊ မထည့်ခြင်းမှာ ကိုယ့်သမိုင်းနှင့်ကိုယ်သာဖြစ်သည်။
ပိုဆိုးသည်မှာ အနာဂတ်တွေကို မတွေးရဲ၊ မပြောရဲ၊ မဝေဖန်ရဲ၊ မဆွေးနွေးရဲ နိုင်သူများ မွေးထုတ်မည့်အရေးဖြစ်သည်။ ငြိမ်ခံ၊ ငုံ့ခံ ငါပြောတာအမှန်၊ တောမရောက်၊ တောင်မရောက်၊ ငပေါ ငကြောက်တွေလက်ထဲကို ပညာရေးလောကကြီး ရောက်ရမည့်အရေးမှာ မတွေးဝံ့အောင်ဖြစ်သည်။
"ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးတည်ဆောက်အံ့" ဟု အသံကောင်းဟစ်ကာ ပညာရေးလောကကြီးတစ်ခုလုံးကို သုံးစားမရ စုတ်ပြတ် အောင် လုပ်သူတွေက လုပ်ခဲ့ပြီးပြီ။ နောက်ထပ် ဘာဆောင်ပုဒ်တွေ ထပ်ထုတ်ပြီး ဖျက်ဆီးကြဦးမည်မသိ။
"မင်္ဂလာပါ ဘဘ" ဆိုသည့် အသံများ ကျောင်းထဲကို နောက်တစ်ကြိမ်ရောက်လာစေရန် ခေါ်ဆောင်လာသူများမှာ သမိုင်းတရားခံ တစ်ကြော့ပြန်။
တင်ညွန့်
၂၅-၅-၂၀၂၁