03/03/2024
"ဘုရားနီမှ သွေးကြွေးများ ဆပ်ရန်ရှိသေးသည်"
``ဘုရားနီမှ သွေးကြွေးများ ဆပ်ရန်ရှိသေးသည်´´
______________________________________
"3.3.2021"ဆိုတာ မမေ့နိုင်တဲ့ ၊ လုံး၀မမေ့သင့်တဲ့ ရက်စွဲလေးတစ်ခုပေါ့ဗျာ။စစ်အာဏာရှင်ကို တော်လှန်တဲ့ နေ့ရက်ပေါင်းများစွာထဲမှာ အဲဒီနေ့ကို ကျွန်တော်တို့ပြည်သူတွေအားလုံး ရင်းရင်းနှီးနှီးသိနေပြီးသားဖြစ်မှာပါ။ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ တက်ကြွစွာပါဝင်နေတဲ့ ကျွန်တော်တို့မုံရွာမြို့ကို မအလနဲ့အပေါင်းအပါတွေက Feb 27 ပြသာဒ်ကျောင်းသပိတ်တပ်ဦးဖြိုခွင်းမှုမှစပြီး တောက်လျှောက်ဖိနှိပ်မှုတွေ ပြုလုပ်ခဲ့ကြပြီးဖြစ်တယ်။အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေက မုံရွာလူထုသပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင် ဦးဆောင်တဲ့ မုံရွာပင်မသပိတ်စစ်ကြောင်းကိုဖြိုခွင်းဖို့ မြို့နေလူထုကို အကြိမ်ကြိမ်ဖိခဲ့ကြတယ်။လက်နက်ကိုင်အကြမ်းဖက်စစ်ကောင်စီဟာ မြန်မာနိုင်ငံကို အာဏာလုယူပြီးနောက်ပိုင်း စစ်အာဏာရှင်အားတော်လှန်ပုန်ကုန်လာတဲ့ နေရာအများအပြားမှ အပြစ်မဲ့ပြည်သူများကို ရက်စက်စွာ နှိမ်နင်းပစ်ခတ်သတ်ဖြတ်ခဲ့ကြပြီးပြီ။ ဒီနောက်ပိုင်းမှာ မုံရွာပင်မသပိတ်စစ်ကြောင်းဟာလည်း သိသိသာသာ အင်အားကြီးမားလာတဲ့အတွက် ဒီကောင်တွေက မုံရွာမြို့ကို ပိုအာရုံစိုက်လာပြီး ပစ်မှတ်ထားလာခဲ့တယ်။ရပ်ကွက်အသီးသီးမှာရှိတဲ့ ဒလန်တွေဆီက သတင်းယူပြီး သပိတ်စစ်ကြောင်းတွေကို လိုက်လံဖြိုခွင်းဖို့ကြိုးစားခဲ့တယ်။ပြည်သူတွေဆီက ဂုတ်သွေးစုပ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကျေကျေနပ်နပ်နဲ့ ဝိုင်းဝန်းထောက်ပံ့ပေးနေကြတဲ့ ဒလန်တွေဟာ တော်တော်ကြီးမားတဲ့ပြဿနာတွေပေါ့ဗျာ။ဒါတွေ ထားပါတော့။
မုံရွာမြို့ပေါ် ဖြိုခွင်းမှုတွေ၊ ဖိနှိပ်မှုတွေထဲက 3.3.2021မှာဖြစ်ပွားခဲ့တဲ့ ဘုရားနီအနီးသပိတ်ဖြိုခွင်းမှုဟာ အဆိုးဆုံးဖြစ်ရပ်တစ်ခုပါပဲ။အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်စွာ နှိမ်နင်းမှုကြောင့်အာဇာနည် 9 ဦး ကျဆုံးသွားခဲ့ပါပြီ။ကျဆုံးအာဇာနည်တွေထဲက ကိုဝေယံ(ခ)ကံချွန်နဲ့ကဗျာဆရာ ကေဇဝင်းတို့ရဲ့ အသက်မဲ့ခန္တာကိုယ်အား လူမဆန်စွာ တရွတ်တိုက်ဆွဲခေါ်ပြီး အချုပ်ကားပေါ်ကို ထမ်းဆောင်ခဲ့တယ်။အာဇာနည်တစ်ဦးဖြစ်တဲ့ ဆရာမ မြင့်မြင့်ဇင် မကျဆုံးခင်က သူ့ရဲ့သွေးအမျိုးအစားနဲ့ဖုန်းနံပါတ်တို့ကို လက်မှာရေးသားထားခဲ့တယ်။အဲဒီနေ့ဖြစ်ရပ်ဟာ မုံရွာမြို့နေလူထုကို သွေးကြွေးတွေဖြစ်ပေါ်စေတယ်။လူထုရဲ့သွေးတွေကို ဆူပွက်လာစေတယ်။ဒီနောက်ပိုင်းမှာလည်း ကျွန်တော်တို့ပြည်သူတွေက မအလနဲ့အပေါင်းအပါတွေကို ကမ္ဘာမကြေရန်သူအဖြစ်သတ်မှတ်ပြီး ကျဆုံးအာဇာနည်တွေရဲ့သွေးကြွေးအတွက် လက်တွဲညီညီအတူတူတိုက်ထုတ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်မဟုတ်လား။
ဒီကနေ့ မတ်လ 3 ရက်နေ့ဟာ အာဇာနည်တွေ ကျဆုံးခဲ့တာ 2 နှစ်တိတိ ပြည့်တဲ့နေ့ဖြစ်တယ်။ကျဆုံးခဲ့တဲ့ အာဇာနည်တစ်ဦးတစ်ယောက်ချင်းစီ သွားရမဲ့ နောက်ဆုံးခရီးတွေမှာ လူထုရဲ့ အံကြိတ်တောက်ခေါက်သံများ ၊ လက်သီးကို ကျစ်ကျစ်ဆုပ်လျက် မျက်ရည်များနှင့် အခဲမကြေမှုများ အားလုံးစုပေါင်း၍ ပြည်သူလူထုနှလုံးသားထဲထိ စစ်အာဏာရှင်ကို အမြစ်ဖြတ်တိုက်ထုတ်ဖို့သာ စွဲမြဲနေကြမယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်။
``သြော် လုပ်ရက်ကြပေ ၊ ပေတရာပေါ်မှာ
ပြည်သူ့အလောင်းတွေ´´
လက်သုံးချောင်းထောင်ကာ ကမ္ဘာမကြေဘူးသီချင်းကို လက်တွဲညီညီသီဆိုခဲ့ကြတဲ့ ပြည်သူလူထုနဲ့အတူ ကျဆုံးအာဇာနည်တွေရဲ့အလောင်းတွေကိုကြည့်ပြီး ကျွန်တော်တို့မျက်ရည်တွေ ထိန်းမနိုင်အောင်ဖြစ်ခဲ့ရသေးတယ်ဗျ။ကျွန်တော် မှတ်မိနေပါသေးတယ်။အဲဒီညက လူထုရဲ့ အခဲမကြေမှုတွေ စုပေါင်းပြီး စစ်အာဏာရှင်မကောင်းဆိုးဝါးကို မြို့အတွင်းကနေ ကျယ်လောင်စွာ သံပုံးတီးပြီး နှင်ထုတ်ခဲ့ကြတာ အားရစရာပဲဖြစ်တယ်။
ကျဆုံးသွားခဲ့တဲ့ အာဇာနည်တွေဟာ သူတို့ဘဝ သူတို့မိသားစုနဲ့အေးချမ်းစွာနေခဲ့ကြမယ် ၊ အာဏာသိမ်းမှုအပေါ် ကိုယ်နဲ့မဆိုင်သလို မသိမျက်ကွယ်ပြုပြီးနေခဲ့ကြမယ်ဆိုရင် သူတို့နေလို့ရပါတယ်။ ကိုယ့်ကိုထိမှ နာတတ်သူတွေအဖို့တော့ အနေသာကြီးပါဗျာ။ဒါပေမယ့် သူတို့ဟာ တော်လှန်လိုစိတ်အပြည့်အဝရှိတဲ့ ပြည်သူတွေပါ။ကျွန်တော်တို့နိုင်ငံကြီး အမှောင်ကျနေတာကို ဖယ်ရှားပေးချင်တဲ့စိတ်တွေနဲ့ အတူတူ လမ်းပေါ်ထွက်ခဲ့ကြတယ်။ကြောက်စိတ်မရှိတဲ့ ရဲရဲတောက်သွေးတွေ စီးဆင်းနေတဲ့သူတွေဖြစ်ကြတယ်။ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီရဖို့ ၊ စစ်အာဏာရှင်လက်အောက်ကလွတ်မြောက်ဖို့ အသက်ပေးသွားခဲ့ကြတဲ့အာဇာနည် 9 ဦးစလုံးကို ဘုရားနီအနီးဖြိုခွင်းမှု 2 နှစ်ပြည့်တဲ့ဒီနေ့မှာ အလေးပြုလိုက်ပါတယ်။အသက်ပေးသူတွေ ပေးသွားခဲ့ကြပါပြီ။သူတို့တွေ ပေးဆပ်ရတာနဲ့တန်အောင် ကျွန်တော်တို့တစ်တွေလည်း ဆက်လက်တော်လှန်ကြရမယ်။
* တစ်ချို့တွေ သွေးအေးသွားကြပြီ။
ကျွန်တော်တို့ရဲဘော်တွေအသက်ပေးပြီး တော်လှန်သွားခဲ့ကြတာက အလကားမဟုတ်ဘူး။သွေးအေးစရာ ဘာအကြောင်းမှကိုမရှိဘူးမဟုတ်လား။နာတတ်ကြစမ်းပါဗျာ။သွေးကြွေးမှာ ဆွေးနွေးစရာမရှိသလို သွေးကြွေးမှာ သွေးအေးစရာလည်းမရှိပါဘူး။အကြမ်းဖက်စစ်အုပ်စုဟာ ကျဆုံးသွားတဲ့အာဇာနည်တွေအပေါ် ဘယ်လို လုပ်ခဲ့ကြသလဲဆိုတာတွေကို ပြန်မြင်ယောင်ကြည့်ကြပါ။ အေးနေတဲ့သွေးတွေကို ပြန်ပူလာစေမှာပါ။ကျွန်တော်တို့ဟာ ကောက်ရိုးမီးတွေမဟုတ်ကြောင်း ပြသရမယ်။ကျွန်တော်တို့တစ်တွေ အင်နဲ့အားနဲ့လုပ်မှ အားနဲ့အင်နဲ့ ပြန်ရမှာဖြစ်တယ်။တော်လှန်ကြပါ။တိုက်ထုတ်ကြပါ။စစ်အာဏာရှင်ကို အပြီးတိုင်မောင်းထုတ်ဖို့ လက်မလျှော့ပဲ မဆုတ်မနစ်တဲ့ဇွဲနဲ့ ကြိုးစားကြပါစို့။ ကျဆုံးအာဇာနည်တွေရဲ့ သွေးကြွေးတွေကိုဆပ်ဖို့ သွေးမအေးပဲ အဆုံးထိ အတူတကွ တိုက်ထုတ်ကြပါစို့။
ုရားနီအနီးသပိတ်ဖြိုခွင်းခံရမှာ2နှစ်ပြည့်အထိမ်းအမှတ်
#ကမ္ဘာမကြေဘူး
#သွေးကြွေးမှာသွေးအေးစရာမရှိ
#အရေးတော်ပုံအောင်ရမည်
#မုံရွာမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ မှဘုရားနီဖြိုခွင်းခံရမှု7လပြည့်အထိမ်းအမှတ်အဖြစ်ရေးသားခဲ့သော ယခင်ဆောင်းပါးအားပြန်လည်ကူးယူဖော်ပြခြင်းဖြစ်သည်။