23/09/2023
" ငါတစ်ယောက်တည်း ဘဝကိုရင်ဆိုင်ရမယ်။ လူတွေဟာ အချိန်အကြာကြီး အနားမှာမနေကြဘူးဆိုတာ ငါသိခဲ့တာကြာပြီ"
ဘဝထဲမှာ ဒီစာအုပ်ကိုမဖတ်ဖြစ်ခဲ့လိုက်ဘူးဆိုရင် တော်တော်နောင်တရမိမှာပဲလို့တွေးမိတဲ့အထိ ဒီစာအုပ်အပေါ်တွယ်တာသွားမိပါတယ်။ ဒက်ဖနေးဒူမောရီးယားရဲ့ ရဘက်ကာ ဆိုတဲ့စာအုပ်ကိုဖတ်ပြီးခဲ့တုန်းကလိုခံစားချက်ပဲ။ စာအုပ်တွေအများကြီးဖတ်ဖြစ်ခဲ့တာမို့ တအားကြိုက်တဲ့စာအုပ်တွေလည်းများပါတယ်။ အဲ့ဒီစာရင်းထဲမှာ "စိမ့်" ကိုလည်း ထည့်လိုက်ပါရစေ။
'Where the Ceawdads Sings' ဆိုတာ 'ခရောဒက်ပုဇွန်တွေတေးဆိုတဲ့နေရာ' လို့ပြောတာပါ။ တောရိုင်းထဲကတိရစ္ဆာန်တွေသူတို့သဘာဝအတိုင်းနေကြတဲ့နေရာလို့ဆိုပါသတဲ့။
ဘာသာပြန်တဲ့ဆရာက ပါးနပ်လိမ္မာစွာ "စိမ့်" လို့တစ်လုံးတည်းပေးထားပုံကိုလည်းသဘောကျမိပါတယ်။
တောကြီးမျက်မည်း...စိမ့်တောကြီးရဲ့အလယ်မှာ 'ခိုင်ရာ' လို့ခေါ်တဲ့မိန်းမငယ်လေးတစ်ယောက်ဟာ အသက်လေးငါးခြောက်နှစ်အရွယ်ကတည်းက တစ်ယောက်တည်းရှင်သန်ရပ်တည်ဖို့ဖြတ်သန်းခဲ့ရတယ်။ မူးရူးပြီးမိန်းမကိုအမြဲရိုက်နှက်နေတဲ့၊တာဝန်မယူတတ်တဲ့ယောက်ျားဖြစ်သူ...ခိုင်ရာရဲ့အဖေဟာ စိတ်ကောင်းလေးရှိပေမဲ့ အရက်ကိုမလွန်ဆန်နိုင်ခဲ့ဘူး။ ခိုင်ရာ့ရဲ့အမေဟာ စိတ်သောကဒဏ်တွေကြောင့်ပဲ ခိုင်ရာ့ကိုထားခဲ့ပြီးထွက်ပြေးသွားခဲ့တယ်။ အဲ့ဒီမှာ ဇာတ်လမ်းကိုစတင်ထားပါတယ်။
ဒါပေမဲ့တကယ်အစပြုတာကတော့ မြို့ကလေးထဲက ရုပ်ချောပြီးငွေလျှံတဲ့အားကစားသမားကောင်ချောလေး ရွှံ့နွံတွေထဲမှာသေဆုံးနေတာကို ကလေးနှစ်ယောက်ကတွေ့တာကနေ စတာပဲ။ အဲ့ဒီကောင်လေးသေဆုံးရမှုကို အဖြေရှာကြရင်းနဲ့ စိမ့်တောကြီးထဲမှာ တစ်ယောက်တည်းနေတဲ့ အူကြောင်ကြောင်ကောင်မလေးရဲ့ဘဝကိုတစ်ကန့်စီပြရင်း စာအုပ်ကိုလက်ကမချချင်လောက်အောင် ရေးသားထားတယ်။ တကယ်တမ်းကျတော့ အဲ့ဒီသေဆုံးမှုဟာ ခိုင်ရာနဲ့ဆိုင်၊မဆိုင်ဆိုတာကိုတော့ စာအုပ်ဖတ်ကြည့်ရင်းတွေးနိုင်ပါတယ်။ စာအုပ်ကထူတယ်ဆိုပြီး အဆုံးကိုတော့ကျော်မဖတ်နဲ့ပေါ့။
လူတွေဟာတစ်ယောက်တည်းအထီးကျန်စွာရပ်တည်ရှင်သန်နေထိုင်နိုင်ဖို့တကယ်မလွယ်ဘူး။ ဒါပေမဲ့ခိုင်ရာကတော့ လုပ်နိုင်ခဲ့တယ်။ သူဟာ 'တိတ်ပေါ်လ်ကာ' ဆိုတဲ့ကောင်လေးတစ်ယောက်ကိုလည်း ချစ်မြတ်နိုးခဲ့တယ်။ အံ့သြစရာကောင်းစွာပဲ သူချစ်မြတ်နိုးရတဲ့အဲ့ဒီကောင်လေးဟာ ကမ္ဘာ့ရှားပါးလူသားလေး၊ ချစ်တတ်သောလူသားလေးဖြစ်နေတာတစ်ခုတော့ သူ့အတွက် ကံကောင်းမှုပေါ့။
ပတ်ဝန်းကျင်ဆိုးမှာ လူတွေဟာ လူတွေချင်းဖယ်ကျဥ်ဆက်ဆံလေ့ရှိကြပေမဲ့၊ လူဆိုးတွေအများစုထဲမှာ တချို့သောလူကောင်းတွေလည်းရှိနေသေးပါလား ဆိုတာကို ပါးပါးလေးပုတ်ပြသွားတယ်။ တစ်ခုရှိတာက တကယ်လို့သာ လက်တွေ့ဘဝမှာလူတွေက အတ္တတွေ၊မာနတွေ၊ အပုပ်ချလှောင်ပြောင်မှုတွေ၊ အတင်းဖိနင်းနှိပ်ကွပ်မှုတွေ၊ အတင်အဖျင်းစကားတွေ၊ မဟုတ်မမှန်ပြောဆိုတာတွေကြားထဲမှာ ရှင်သန်ခဲ့ကြရတယ်ဆိုရင် အဲ့ဒီလိုလူတွေကြားထဲမှာ မိမိဟာ လူကောင်းတစ်ယောက်အဖြစ်ရပ်တည်မှာလား၊ လူဆိုးတစ်ယောက်အဖြစ်ရပ်တည်မှာလား ။ ဒါကိုတော့ စာဖတ်သူဟာ စာအုပ်ဖတ်ပြီးရင်ကိုယ့်ကိုယ်ကိုယ်ပြန်မေးရမယ့်မေးခွန်းအဖြစ် ထားခဲ့ပါမယ်။
တချို့တွေအတွက် လက်သည်းလေးပဲ့သွားတာကတောင် ကမ္ဘာကြီးပျက်မတတ်ဖြစ်နေချိန်မှာ တောကြီးမျက်မည်းထဲ စားစရာတောင်မရှိလို့ပိန်လှီနေတဲ့ကြားက မနက်မလင်းခင် အစာရဖို့ပင်လယ်ကမ်းစပ်မှာခရုတွေကောက်နေရတဲ့ ခိုင်ရာက စိတ်ညစ်နေသူတိုင်းကို အားအင်တွေဖြစ်စေမှာပါ။
ခိုင်ရာဟာ မိဘတွေရဲ့စွန့်ပစ်မှုအောက်မှာ ဒရာမာတွေပဲခင်းမနေခဲ့ဘဲနဲ့ ဘဝကိုဘယ်လိုရုန်းကန်ရှင်သန်ခဲ့လဲ၊
ကိုယ့်အားကိုယ်ဘယ်လိုကိုးခဲ့လဲ၊
လူသားတွေထဲကလူသားတစ်ချို့ရဲ့ရိုင်းပင်းကူညီမှုတွေ၊
တကယ်လို့ဒုက္ခတွေကြုံလာရင် ဘယ်လိုဆက်ဖြေရှင်း ရင်ဆိုင်ကြမလဲ၊
ဒီလူသတ်မှုဟာ ဘာကြောင့်ဖြစ်လာတာလဲ...။
စာအုပ်ကိုဖတ်ပြီးတဲ့အခါ စိတ်ရဲ့ကျေနပ်မှုကို ရာနှုန်းပြည့်ရစေခဲ့ပါတယ်။ ........
ကျော်ဇောသာ(မြန်မာပြန်) - စိမ့်
FORTUNE Publishing House
2022 တုန်းက၊ ထွက်ထွက်ချင်းဝယ်ထားတာပါ။ အဲ့တုန်းကစျေးက (၉၅၀၀)ပါ။ အခု 2023 စျေးကိုမသိပါ။.........
ကျန်းမာပြီး အရာရာ အဆင်ပြေကြပါစေရှင်။ 🙏🙏🙏
#စာဖတ်လမ်းညွှန်_သုတေးစစ်
credit မပေးပဲ ကူးယူခြင်းအား လုံးဝ ခွင့်မပြုပါ။
မည်သည့်စာအုပ်တိုက် ၊ မည်သည့်စာရေးဆရာ က မှ ညွှန်းခိုင်းခြင်းမဟုတ်ပါ။ ကိုယ်တိုင်ဝယ်ဖတ်၍ ကိုယ်တိုင် သဘောကျသည်များကို ညွှန်းပါသည်။