Own Brand ရသ၊ သုတ စာပေတိုက်

Own Brand ရသ၊ သုတ စာပေတိုက် ခွန်အားရှိသောဘ၀စာပေတိုက်

15/03/2025

သံသရာအတွက်မျှော်လင့်ချက်
သန့်ဇင်(တန့်ယန်း)

04/12/2024

ဟေမာန်အေးအေးကိုအလွမ်းနွေးနွေးနဲ့ဖြတ်သမ်းကြမယ်

04/12/2024

ခင်ဘုန်းသက်ဝေဂယ်လာရီ
#သန်းတင့်
ရွတ်ဖတ်သူ-သန့်ဇင်

မတူညီချင်းတွေ...မညီမျှချင်းတွေရဲ့လောကဓံတွေကြားမှာအတ္တတွေ၊ မာနတွေ၊ အမုန်းတရားတွေ၊ ငြီးငွေ့ခြင်းတွေနဲ့တွယ်တာမှု၊ ခင်မင်မှု...
01/01/2024

မတူညီချင်းတွေ...မညီမျှချင်းတွေရဲ့လောကဓံတွေကြားမှာ
အတ္တတွေ၊ မာနတွေ၊ အမုန်းတရားတွေ၊ ငြီးငွေ့ခြင်းတွေနဲ့
တွယ်တာမှု၊ ခင်မင်မှုနဲ့ ချစ်ခြင်း‌ေမတ္တာဆိုတာ၊ အတိတ်ကပုံ‌ရိပ်တွေမှာ
ဪရှိခဲ့ဖူးပါလားဆိုတဲ့အတွေးတစ်ခုမျှသာပဲလား
လမ်းတွေ့ခဲ့ရင်နှုတ်ဆက်ချင်ပေမယ့်
မျိုသိပ်ထားရတဲ့ခံစားချက်တချို့ကြောင့်
မျက်နှာလွှဲခဲ့ရတဲ့ ရထားတစ်လမ်း၊ သံတစ်လမ်းက မိတ်ဆွေတွေ..
တကူးတကနှုတ်ဆက်ခဲ့ပေမယ့်
မေး၊ ထူး၊ ခေါ်၊ ပြော အဆင့်တောင် ပြောခွင့်မရတော့တဲ့ ငယ်ပေါင်းကြီးဖော်ဆိုတဲ့ မိတ်ဆွေတွေ...
တွယ်တာလှပါချည်ရဲ့ဆိုပြီး မရှိတော့မှ တန်ဖိုးပိုထားတက်တဲ့အရာတွေ၊
သတိတရရှိပေမယ့် အတိတ်ကပုံရိပ်တစ်ခုသာသာရှိတော့‌တဲ့
တချို့သောကိစ္စရပ်တွေ...
တကယ်တမ်းပြန်တွေးကြည့်တော့ဖြစ်ပြီးပျက်ခဲ့တဲ့အရာတွေ...
ကာလတွေပြန်ကြည့်လိုက်တော့ အတိတ်၊ ပစ္စုပ္ပာန်၊ အနာဂတ်တဲ့
မျက်စိတစ်မှိတ်လေးပါပဲ...
‌ခုချိန်မှာကျွန်တော်သိတာတစ်ခုက ပစ္စုပ္ပာန်မှာရှိနေတဲ့အရာရာကိုတန်ဖိုးထားဖို့၊ ချစ်ခင်ဖို့ နွေးနွေးထွေးထွေးပွေ့ဖတ်ဖို့ပေါ့၊ တစ်ချိန်ကြဆုံးရှုံးခဲ့ ဝေးကွာခဲ့ရင်တောင် နောင်တတွေနဲ့မရှင်သန်ရအောင်လို့ပေါ့။
ငပေလေးသန့်ဇင်(တန့်ယန်း)(၁-၁-၂၀၂၄)

"မာယာများနှင့်ပုစ္စာ"အချစ်...အချစ်ဆိုသည်မှာနူးညံ့၏၊ ချိုမြိန်၏၊ သိမ်မွေ့၏။ ဒါကို အဂ္ဂလည်းသိသည်။ စောမူလည်းလက်ခံသည်။ နိုဗယ...
31/05/2022

"မာယာများနှင့်ပုစ္စာ"

အချစ်...
အချစ်ဆိုသည်မှာနူးညံ့၏၊ ချိုမြိန်၏၊ သိမ်မွေ့၏။ ဒါကို အဂ္ဂလည်းသိသည်။ စောမူလည်းလက်ခံသည်။ နိုဗယ်လည်း ယုံကြည်သည်။ သူတို့သုံးယောက်က ဆယ်ကျော်သက်အရွယ်များဖြစ်သည်။ သစ်ရွက်လေး ကြွေတာတွေ့လျင်ပင် ကိုယ့်ကိုချစ်တဲ့သူက လွမ်းနေသည်ဟု ခံယူထားကြသည့်အရွယ်ဖြစ်သည်။ အဂ္ဂက နိုဗယ်ကိုချစ်သည်။ စောမူလည်း နိုဗယ်ကိုမြတ်နိုးသည်။ သူတို့နှစ်ယောက်၏ ခံစားချက်တွေကို နိုဗယ်အသိအမှတ်ပြုသည်။ အချိန်တစ်ခုရောက်ရင်တော့ နှလုံးသားက ရွေးချယ်တဲ့သူကို နိုဗယ်ရွေးချယ်ရမည်။ အကောင်းဆုံးသောအရာကိုသာ ဘုရားသခင်က လမ်းပြပေးလိမ့်မည်ဟု နိုဗယ်ယုံကြည်သည်။
(၂)
အဂ္ဂ...
အဂ္ဂနှင့်နိုဗယ်က အလယ်တန်းကျောင်းသားဘဝမှ တွေ့ဆုံသူများဖြစ်သည်။ နိုဗယ်ကို စတွေ့တွေ့ချင်းမှာ အဂ္ဂနှလုံးသား မတုန်လှုပ်ခဲ့ပါ။ နိုဗယ်၏ဆင်းကော့နေသည့်နှာတံ၊ ရယ်လိုက်တိုင်းပေါ်လာတက်သည့်ပါးချိုင့်၊ ရီဝေဝိုင်းစက်နေသည့်မျက်လုံး၊ မထူမပါးနှုတ်ခမ်းလေးမှာ ဖြစ်တည်လာသည့် အပြုံးများကို တစ်နေ့ထက်တစ်နေ့စီးမျောရင်း အချစ်ကိုစတင် ခံစားတက်လာခြင်းဖြစ်သည်။ နှလုံးသားကို တစ်ဆင့်ချင်း သိမ်းပိုက်ပြီး အဂ္ဂအတွေးများ အိပ်မက်များမှာပါ နိုဗယ်စိုးမိုးလာခဲ့သည်။ သင်ခန်းစာစာအုပ်များမှာလည်း သူမနာမည်ရေးထိုးပြီး ဖန်တီးထားသည့် ကဗျာများက စာမျက်နှာတိုင်းတွင် ရှိသည်။ လေးချိုး၊ ဒွေးချိုး၊ ရတု၊ ရကန်၊ အဲချင်း ဆုံနေပြီထင်သည်။ အဂ္ဂကအချစ်ကို ဥယျာဉ်မှူးတစ်ယောက်ရဲ့ အချစ်လိုမျိုး ခံယူထားသည့်သူဖြစ်သည်။ နိုဗယ်အလှပဆုံး ပြုံးနေနိုင်အောင် သူဖန်တီးချင်သည်။ နိုဗယ်ပြုံးနေတာကို တစိမ့်စိမ့်ကြည့်နေရရင် ကျေနပ်နေသူဖြစ်သည်။ နိုဗယ်မျက်နှာငြိုးငယ်တာနဲ့ လိုအပ်ချက်ကို ဖြည့်စည်းပေးဖို့ အဂ္ဂအဆင်သင့်ဖြစ်နေတက်သည်။ အချစ်ဆိုတာကို လုံးလုံးလျားလျား မသိသေးသော်ငြားလည်း အဂ္ဂက နိုဗယ်အပေါ်ထားသည့်အချစ်တွင် လှစ်ဟာမှုများ လိုအပ်ချက်များ မရှိစေချင်ပါ။ ယုံကြည်ကိုးကွယ်မှု မတူညီဘူးဆိုသည့် ဟာကွက်လေးတစ်ခုတော့ အဂ္ဂတွင်ရှိသည်။

စောမူ...
စောမူနှင့်နိုဗယ်က ဟိုးငယ်စဉ်ကတည်းက ရင်းနှီးကြသူများဖြစ်သည်။ မိဘဆွေမျိုးချင်းလည်းရင်းနှီးသဖြင့် စောမူနှင့်နိုဗယ်ကို လူကြီးသူမတွေက စနောက်ကြသောကြောင့် စောမူရင်ထဲတွင် ငြိတွယ်လာခဲ့ခြင်းဖြစ်သည်။ ငယ်စဉ်ကတည်းက စောမူအတွေးများတွင် နိုဗယ်ကို မူပိုင်သတ်မှတ် ထားသည်။ နိုဗယ် သူစိမ်းယောကျာ်းလေးများနှင့် စကားပြောနေသည်ကိုပင် စောမူကစိတ်ဆိုးတက်သည်။ နိုဗယ်ကိုချစ်ကြောင်း၊ ကြိုက်ကြောင်း ပြောလာသူများကိုလည်း လက်သီးလက်မောင်းတန်းကာ စိန်ခေါ် နေတက်သည်။ ဘာသာတူ၊ အယူအဆတူ၊ ယုံကြည်မှုတူ သည်ဆိုသည့်အတွေးလေးများနှင့် ဘုရားသခင်က သူ့အတွက်နိုဗယ်ကို ဖန်တီးပေးထားသည်ဆိုပြီး ယုံကြည်နေတဲ့သူဖြစ်သည်။
နိုဗယ်...

နိုဗယ်လည်းငယ်ရွယ်သူဖြစ်တာကြောင့် အဂ္ဂနှင့်စောမူတို့၏ အချစ်များကြား မှာ ရင်ခုန်မိသည်။ ကြည်နူးမိသည်။ အဂ္ဂဖော်ပြသည့်အချစ်က သူမကို ပျော်ရွှင်စေသည်။ အေးချမ်းစေသည်။ စောမူအချစ်ကလည်း သူမကိုတန်ဖိုးထားကြောင်း ပေါ်လွင်နေသည်ထင်မိသည်။ လုံခြုံမှုကိုလည်း ခံစားရသည်။ တစ်ခါတစ်ရံအတ္တကြီးတဲ့သူ တစ်ယောက် ဟုလည်းမြင်မိသည်။ ဒါပေမယ့် ပညာရေးကို သူတို့အချစ်များကြားမှာ အနှောင့်အယှက် ဖြစ်မည်ဆိုးသောကြောင့် သူမနှလုံးသားကို ဖုံးဖိထားခဲ့ရသည်။
(၃)
"အဘွားရယ်တောင်းပန်ပါတယ်၊ သမီးဘဝ သမီးကိုယ်တိုင်ရွေးချယ်ခွင့် ပေးပါနော်အဘွား၊ သမီးပညာလည်းဆက်သင်ချင်သေးတယ်၊ အဘွားသမီး တောင်းပန်ပါတယ်"
"တိတ်စမ်းနိုဗယ်၊ ညည်းဘဝကောင်းစေချင်လို့ အခွင့်အရေးရတုန်း ငါရွေးချယ်ပေးတာ၊ ဒီခေတ်ကြီးမှာ ပိုက်ဆံထက်အရေးပါတာဘာမှမရှိဘူး"
အဘွားဖြစ်သူကို နိုဗယ်ငိုကြီးချက်မ တောင်းပန်နေသည်။ ပူပူနွေးနွေး ဆယ်တန်းအောင်ထားသည့် နိုဗယ်ကို သူမ၏အဘွားဖြစ်သူက အိမ်ထောင်ချပေးဖို့ စီစဉ်နေခြင်းကြောင့်ဖြစ်သည်။ အဂ္ဂနှင့် စောမူတို့အတွက် အဖြေတစ်ခုရွေးချယ်ပြီးချိန်မှ ထင်မှတ်မထားသည့် အဘွားဖြစ်သူ၏ ဆုံးဖြတ်ချက်က နိုဗယ်စိတ်ကူးအိပ်မက်တွေကို တစ်စစီ ရိုက်ချိုးပစ်လိုက်သည်။
"အဘွား သမီးလက်မခံနိုင်ဘူး၊ သူ့ကိုလည်းသမီးမချစ်ဘူး၊ သမီးချစ်တဲ့သူကိုသမီးရွေးချယ်ပြီးသား၊ သမီးပညာဆက်သင်ပြီးရင် သမီးဘဝကို သမီးရွေးချယ်ဖို့ဆုံးဖြတ်ပြီးသား၊ အဘွားကိုလာတင်တောင်းတဲ့ ပိုက်ဆံတွေ သမီးရအောင်ရှာနိုင်ပါတယ်၊ သမီးရှာနိုင်အောင် လည်းကြိုးစားမယ်"
"ဟဲ့နိုဗယ် ညည်းကိုလိုက်နေတဲ့ အဂ္ဂတို့ စောမူတို့က နင့်ဘဝကိုမြှင့်တင်နိုင်အောင် ဘာအစွမ်းအစရှိလို့လည်း၊ အဂ္ဂဆိုတဲ့ကောင် ကလည်း ငါတို့နဲ့ဘာသာမတူ သူ့မိသားစုကလည်းနုံခြာခြာနဲ့၊ စောမူဆိုတဲ့ကောင် ကလည်း သူ့မိဘတွေတောင် တဲကုတ်နဲ့နေနေရတာ၊ အခုနင့်ကိုငါတို့ ရွေးချယ်ပေးတဲ့သူက နင့်တစ်ဘဝလုံးတင်မကဘူး ငါတို့မိသားစုကိုပါ တင့်တောင့်တင့်တယ်ထားပေးနိုင်တယ်ဟဲ့၊ ကဲ ခုကြည့်စမ်း နင့်ကိုရဖို့ ငါတို့ဆီမှာတင့်တောင့်တင့်တယ်နဲ့ လာတောင်းတာ ဘယ်လောက်ဂုဏ်ယူစရာကောင်းလည်း၊ ငါ့စကားပဲနားထောင် နင်ဘာမှ ဆက်မပြောနဲ့"
နောက်ဆုံးတော့ နိုဗယ် အဘွားဖြစ်သူ၏ဆန္ဒကို မလွန်ဆန်နိုင်တော့ဘဲ အချစ်မပါသည့်အိမ်ထောင်ရေးကို ရွေးချယ်ရတော့သည်။ သူမ၏ရည်မှန်းချက်၊ သူမ၏အိပ်မက်တို့က ပြီးဆုံးသွားခဲ့ပြီ။ သူမနှလုံးသားကတော့ သူမဝမ်းနည်းတိုင်း ပျော်ရွှင်အောင်ဖန်တီးပေးတက်သည့် အဂ္ဂကိုမျှော်လင့် နေမိသေးသည်။

နိုဗယ်၏မင်္ဂလာသတင်းကြောင့် အဂ္ဂ ယောကျာ်းတန်မဲ့ မျက်ရည်ကျရသည်။ ဘဝမှာတစ်ခါမှ မျက်စောင်းမထိုးခဲ့သည့် ယမကာကို ရင်ခွင်ပိုက်ပြီး နိုဗယ်အိမ်ရှေ့မှာ အရှက်သိက္ခာမဲ့စွာ ငိုကျွေးရင်း နိုဗယ်ကိုအော်ဟစ်အပစ်တင်နေသည်။ အဂ္ဂသိတာက နိုဗယ် ပိုက်ဆံရှိသည့် သူဌေးသားနှင့် မင်္ဂလာဆောင်တော့မည်။ နိုဗယ်သူ့ရဲ့အသံနားထောင်ပြီး အိပ်ယာထက်မှာ ရှိုက်ကြီးတငင်ငိုကျွေးနေသည်ကို တွေ့မြင်ခဲ့လျှင် အဂ္ဂနားလည်နိုင်လိမ့်မည်။ နောက်ဆုံးတော့ သံတိုင်များကြားထဲတွင် အမုန်းတရားများနှင့် ပူလောင်နေရသည်။

စောမူကတော့ နိုဗယ်မင်္ဂလာသတင်းကြားသည့် အချိန်မှစ၍ အိမ်ပြင်မထွက်ခဲ့ပါ။ "စောမူရဲ့မူပိုင်ကွ"ဟု ကြွေးကြော်ခဲ့သည့်အသံများက စောမူ၏ အတွေးများထဲတွင် လှောင်ပြောင်နေသည်။ နောက်ဆုံး စောမူ ဒီပတ်ဝန်းကျင်ကို စွန့်ခွာဖို့ဆုံးဖြတ်လိုက်သည်။ ခံစားချက်များကိုလည်း ဒီအချိန်ဒီနေရာတွင်ပင် ရပ်တန့်ကာ အတိတ်တစ်ခုအဖြစ်သာ သတ်မှတ်ထားလိုက်ချင်တော့သည်။
အချစ်မှာ ချိုမြိန်မှုလည်းရှိသည်။ နူးညံ့မှုလည်းရှိသည်။ ဒါပေမယ့်အချစ်ဟာ လောကဓံကြိုးဆွဲရာကနေရသည့် ရုပ်သေးရုပ်လေး၏ ဘဝတစ်စိတ်တစ်ပိုင်း တစ်ခုသာဖြစ်သည်ကိုတော့ ငယ်ရွယ်စဉ်မှာ အဂ္ဂ၊ စောမူနှင့် နိုဗယ် မသိခဲ့ပါ။ အချစ်သည် မှေးမှိန်ပျောက်ကွယ်တက်သည့် အက္ခရာတစ်ခုမဟုတ်ပါ။ ကမ္ဘာတည်သ၍ ရှင်သန်နေမည့် ပုစ္စာတစ်ခုသာဖြစ်သည်။
သန့်ဇင်(တန့်ယန်း)

"ချစ်တယ်"(၁) ပုစွန်ဆီရောင်သမ်းနေတဲ့ ပြာရီရီတောင်တန်းကြီးက ရင်သက်ရှုမောဖွယ်ရာ တိမ်တောင်ပန်းချီကားတွေနဲ့။ အိုး....သာယာလွန်...
31/05/2022

"ချစ်တယ်"

(၁)
ပုစွန်ဆီရောင်သမ်းနေတဲ့ ပြာရီရီတောင်တန်းကြီးက ရင်သက်ရှုမောဖွယ်ရာ တိမ်တောင်ပန်းချီကားတွေနဲ့။ အိုး....သာယာလွန်းလိုက်တာ အစိမ်းရောင်ဦးထုတ်လေးနဲ့ ဖြူစင်ညှက်ညောပြီး ဝင်းပနေတဲ့ ကောင်မလေး ကကော တိမ်တောင်တွေကြားက ဆင်းသက်လာတဲ့ နတ်သမီးများလား။ အိုး....လှပလွန်းလိုက်တာ။ ကျွန်တော့်ရင်ထဲမှာ ဗလောင်ဆူနေတာများ အသက်ကိုပင် ဝင်သက်ထွက်သက်မှန်အောင် ရှူနေရတာဗျာ။ မြင်မြင်ချင်းချစ်တဲ့ အချစ်ဆိုတာ ဝတ္ထုစာအုပ်ထဲက စိတ်ကူးရင် စကားလုံးဆိုတဲ့ ကျွန်တော့်အတွေးတွေများ မှားသွားပြီလား။ သေခြာတာတစ်ခုက ကျွန်တော်ရူးမူးနေပြီ။ အမြင်အာရုံနဲ့တင် ဖမ်းစားတက်တဲ့ သူမအလှအောက်မှာ မနူးမနှပ်နှလုံးသားလေးကျရှုံးသွားပြီ။ ကျွန်တော်ချစ်မိနေပြီ...။
"သုတ...ဟဲ့...သုတ...သုတ...."
"ဟင်...ဪ...ဗျာ...ဟုတ်ကဲ့"
"ဟဲ့...စကားတွေကလည်းမအူမလည်နဲ့၊ ဘာဗျာဟုတ်ကဲ့လည်း၊ လွှတ်များ သွားပြီလား၊ ဒါငါ့သူငယ်ချင်း...ရွှေစင်တဲ့"
"ဪ...ဟုတ်ကဲ့၊ ကျွန်တော်က သုတပါ"
"ဪ...အင်းအင်း"
သူမပြောသွားတာ "ဪ...အင်းအင်း" ဆိုတဲ့စကားစုလေး သုံးလုံးတည်း။ ဒါပေမယ့် ကျွန်တော်ပျော်လိုက်တာဗျာ။ လှပါတယ်ဆိုတဲ့ တောင်ပြာတန်းကြီးကလည်း သူမပြုံးနေတဲ့အပြုံးလောက် ရင်သတ်ရှူမောဖို့ မကောင်းလှဘူး။ ချိုပါတယ်ဆိုတဲ့ လောလီပေါ့ကလည်း သူမအသံလောက် မချိုမြိန်နိုင်ဘူး။ အာရုံဦးမှာထွန်းလင်းလာတဲ့ နေရောင်ကလည်း သူမအလှလောက်ကျွန်တော့်ရင်ကို မဖမ်းစားနိုင်တော့ဘူး။ နာမည်လေးက လည်းဗျာ သူမအလှနဲ့ ပနံသင့်လွန်းလိုက်တာ။ "ရွှေစင်"တဲ့။
(၂)
"သုတ..."
"ဗျာ...ပြောလေရွှေစင်"
"သုတဆယ်တန်းအောင်ရင်ဘာလုပ်မှာလည်း"
"အင်း...သုတကအစိုးရဝန်ထမ်းတစ်ခုခုပဲလုပ်ဖြစ်မယ်ထင်တယ်၊ ရွှေစင်ကော"
"ရွှေစင်ကတော့ သေသေခြာခြာမသိသေးပါဘူး...သုတရယ်၊ ရွှေစင်တို့က မောင်နှမများတယ်ဆိုတော့ သူတို့ပညာရေးအတွက် ထောက်ပံ့နိုင်တဲ့ အလုပ်တစ်ခုခုလုပ်ရမှာပေါ့"
ကျွန်တော်နဲ့ ရွှေစင်ရဲ့ စကားသံတွေမှာ ခွန်အားမပါ။ လူ့ဘဝရဲ့ ပထမခြေလှမ်းပြီးလို့ ဒုတိယခြေလှမ်းအတွက်က ဝေဝါးဝါးနဲ့သာ။ ရည်ရွယ်ချက်တွေဆီကို အတားအဆီးမဲ့ လျှောက်လှမ်းချင်ပေမယ့် လောကဓံကြီးက ကျွန်တော်တို့ကြိုးဆွဲရာ ကတက်တဲ့အရုပ်တစ်ရုပ် မှမဟုတ်ဘဲ။ မိုးရိပ်မိုးသားတို့က ကောင်းကင်ယံတစ်ခုလုံးမှာ လောကကြီးကို အုပ်စိုးဖို့ကြိုးစားနေသယောင်။ တောင်ပြာတန်းကြီးကလည်း မိုးရိပ်မိုးသားတို့ရဲ့ ကြီးစိုးမှုအောက်မှာ ညို့မှိုင်းမှိုင်းနဲ့ပေါ့။ ကျွန်တော့်ရဲ့အချစ်တွေကတော့ နှလုံးသားထဲမှာသာ မင်းမူကြီးစိုးနေးတာ။ နှုတ်ကပွင့်အံလာဖို့ကတော့ အခါအခွင့်သင့်တဲ့တစ်နေ့ပေါ့တဲ့။
(၃)
"ဟယ်လို...."
"အေး...ဟယ်လို၊ ဘယ်သူလည်း"
"မမ...ကျွန်တော်သုတပါ"
"အေးပြော...သုတ၊ နင်ကလည်း ရွာကထွက်သွားကတည်းက အဆက်အသွယ်ကိုမလုပ်တော့ဘူး"
"ဟာ...မဟုတ်ပါဘူး၊ ကျွန်တော်လည်း ဆယ်တန်းပြီးကတည်းက ဝန်ထမ်းလုပ်ဖို့ ဟိုသင်တန်းတက်၊ ဒီသင်တန်းတက်နဲ့ပြေးလွှားနေရလို့ပါ"
"အင်းပါ...ရွာကိုလာလည်ဦးလေ"
"လာမှာပေါ့မမရဲ့၊ ရွှေစင်ကောဘာတွေလုပ်နေလည်း"
"သူ့ကိုတော့နင်သတိရသေးသားပဲ"
"ဟာ...ခင်လို့ပါဗျ"
"အေးပါအေးပါ၊ ရွှေစင်ကနိုင်ငံခြားအလုပ်သွားလုပ်တယ်ဟ"
"ဗျာ..."
ကျွန်တော့နှလုံးသားထဲ ဝေခွဲမရတဲ့အရာတစ်ခုက အရှိန်ပြင်းပြင်း ထိုးနှက်လိုက်သလိုပင်။ ကျွန်တော်နှစ်ကာလများစွာတိုင် စွဲစွဲမြဲမြဲ ချစ်ခဲ့ရသူနဲ့ ကျွန်တော်ဆုံစည်းခွင့်မရတော့ဘူးလား။ ကျွန်တော်ဝေခွဲမရတော့ပါ။ ကျွန်တော့်မျက်ရည်တွေလည်း ယောကျာ်းမာနကို အလေးမထားတော့ပါ။ ကျွန်တော်အနှစ်နှစ်အလလ မြိုသိပ်ထားခဲ့ရတဲ့ စိတ်ကူးတွေ အိပ်မက်တွေ ကလည်း ပူလောင်မှုတွေ စိုးရိမ်စိတ်တွေနဲ့ပါ။ ကျွန်တော့်မျော်လင့်ချက်တွေကို ကျွန်တော်မဖျက်စီးပစ်ချင်။ တွေ့၊ ကြုံ၊ ဆုံ၊ ကွဲ ဆိုတဲ့ဘဝဒဿနမှာ ကျွန်တော်အချစ်ကို တွေ့ရုံပဲရှိသေးတာ မဟုတ်လား။ အပြန်အလှန်အချစ်တွေကို ကျွန်တော်မကြုံရ၊ မဆုံရသေးပါ။ ကွဲတာကိုတော့ ကျွန်တော့်ရဲ့ခန္ဓာ ချုပ်ငြိမ်းမှပဲ ကြုံတွေ့ချင်တာပါ။ "သေသောသူကြာလျင်မေ့" တဲ့ ကျွန်တော်မသေသေးသလို သူမလည်းမသေဆုံးသေးပါ။ "ပျောက်သောသူရှာလျင်တွေ့" တဲ့။ ကျွန်တော့်အတွက်မျှော်လင့်ချက် တစ်စုံတစ်ရာပဲပေါ့။

(၄)
"Hi..."
"Hi..."
"ကျွန်တော့်ကိုမှတ်မိလားရွှေစင်"
"ဟင်... ရွှေစင်ကိုသိတယ်လား၊ ရွှေစင်မမှတ်မိလို့sorryနော်"
ကျွန်တော့်ရင်ထဲအောင့်သက်သက်နဲ့ပေါ့။ ကျွန်တော်သူမကို အချိန်တိုင်း၊ နေရာတိုင်း၊ နေ့ရက်တိုင်း၊ တိုက်ဆိုင်မှုရှိတိုင်း သတိရနေတာတောင် သူမကမမှတ်မိဘူးဆိုတော့ ဝမ်းနည်းမိသွားတာတော့အမှန်။
"ဟင်...မမှတ်မိဘူးလား၊ သုတလေ"
"ဪ...သုတလား၊ သုတကပုံထဲမှာငယ်ငယ်ကပုံနဲ့မှမတူတာကိုး"
အိုး...ပျော်လိုက်တာ။ သူမကျွန်တော့်ကိုမှတ်မိနေသေးတယ်။ "ဪ...ရွှေစင်မမှတ်မိဘူးထင်တာ"
"မှတ်မိတာပေါ့သုတကို၊ ရွှေစင်မမေ့ပါဘူး"
"ပျော်လိုက်တာ"
"ဘာလို့..."
"သုတကိုရွှေစင်မှတ်မိသေးတယ်ဆိုလို့လေ"
"ဟားဟား..."
သူမနဲ့messengerမှာ စကားပြောနေရတာလေးက အရင်လိုပဲ အပြင်မှာ စကားပြောနေရသလို ကျွန်တော့်နားထဲ ချိုချိုမြိန်မြိန်နွေးနွေးထွေးလေး။ ချစ်လိုက်တာ။ အပြင်မှာပြန်ဆုံချိန်ကြ ကျွန်တော့်ရင်ထဲကစကားတွေကို ကဗျာလိုလည်း မသီတော့ဘူး၊ စာတွေလည်း မစီတော့ဘူး။ မျက်နှာချင်းဆိုင် ဖွင့်ပြောမယ်။ အချိန်အကြာကြီး သူမကိုထွေးဖတ်ထားမယ်။ ကျွန်တော့်ရဲ့ စိတ်ကူးတွေက သကာကိုပျားရည်စွပ်ထားသလို ချိုမြိန်လို့...။
(၅)
ဒီနေ့နံနက်ရောင်နီမလာပါ။ မိုးရိပ်မိုးသားတို့က ကောင်းကင်တခွင် အပြည့်။ ရာသီယန္တယားအရ နှင်းမှုန်တို့ကတော့ ဝန်းကျင်တခွင် ကွန့်မြူးလို့ပေါ့။ ကျွန်တော်ကတော့ နှင်းမှုန်ကိုလည်း အာရုံမစိုက်နိုင်။ မိုးရိပ်မိုးသားကိုလည်း အာရုံမပြုနိုင်။ ရွှေစင်ဒီနေ့မြန်မာပြည်ပြန်လာမှာလေ။ ကျွန်တော့်ရင်ခုန်နှုန်းတွေ ဘယ်အခြေအနေကိုပမာပြု ပြောပြနိုင်မှာလည်း။ ​ေရစေင်ကိုနှစ်ကာလများစွာ ကျွန်တော် လွမ်းဆွတ်တမ်းတ မျှော်မှန်းနေရတာပါ။ အခုတော့ ကောင်းကင်မှာရောင်နီမလာပေမယ့် ကျွန်တော့်ရင်ထဲမှာ ရောင်နီသမ်း နေပြီလေ။
အိုး...လှပလိုက်တာ။ ဒီမြင်ကွင်းမျိုးကို ကျွန်တော်ပထမအကြိမ် တွေ့ခဲ့ဖူးပြီးပြီ။ ယခုဒုတိယံမိ။ ကျွန်တော့်ရင်ခုန်နှုန်းတွေ အရင်လိုပဲ လတ်ဆတ်နေဆဲ။ ကျွန်တော့်အချစ်တွေကတော့ နှစ်ချို့ဝိုင်လိုဖြစ်နေပြီပေါ့။ ဘယ်သူ့ကိုမှ သုံးဆောင်ခွင့်မပေးဘဲ သူမအတွက် သိုလှောင်ထားတာ နှစ်ချီကြာမြင့် နေပြီလေ။ ချစ်လိုက်တာ။ ကျွန်တော့်ရင်ထဲမှာ "ချစ်လိုက်တာ" ဆိုတဲ့စကားကို ထပ်ခါတလဲလဲ ပြောနေမိတယ်။ သူမမျက်နှာလေး အနည်းငယ်တော့ ချောင်ကျသွားတယ်။ ဪ...မိသားစုနဲ့ဝေးတဲ့ ရေခြားမြေခြားမှာ စိတ်ကော၊ လူကောပင်ပန်းမှာပေါ့။ ကျွန်တော်သနားလိုက်တာ။ ဒါပေမယ့် အထင်လည်းကြီးမိတယ်။ သူမက မိသားစုအတွက် သူမရဲ့ဘဝကိုအနစ်နာခံ ကြိုးစားရုန်းကန်နေတဲ့သူလေ။
"ရွှေစင်..."
"အင်း...ပြောလေသုတ"
"ရွှေစင်...ဟိုကိုပြန်သွားဦးမှာလား"
"သွားရမှာပေါ့သုတရဲ့၊ ရွှေစင်ရဲ့ညီမတွေကျောင်းပြီးမှပဲ ရွှေစင့်ဘဝရွှေစင် လျှောက်တော့မယ်၊ အခုတော့သူတို့လေးတွေတွက် ကြိုးစားရဦးမယ်လေ"
"အင်းပါ...ဒါနဲ့ရွှေစင်ကို သုတပြောစရာတွေအများကြီးရှိတယ်"
"အင်း...ပြောလေ"
"ရွှေစင်စိတ်မဆိုးနဲ့နော်"
"ဘာစကားမို့လို့ ရွှေစင်ကစိတ်ဆိုးရမှာလည်း၊ သူငယ်ချင်းတွေပဲကို"
"ရွှေစင်ကိုလေ..."
"အင်း"
"သုတ ရွှေစင်ကိုချစ်တယ်၊ ဒီစကားကို သုတလွယ်လွယ်ကူကူ ပြောတာမဟုတ်ဘူးနော်၊ စတွေ့ကတည်းကရွှေစင့်ကို သုတချစ်မိနေတာ၊ ခုမှသာသုတ ရွှေစင်ကိုဖွင့်ပြောတာပါ"
"ဪ...သုတရယ်"
"ဟင်...ဘာလို့လည်းရွှေစင်"
"သုတအရင်ကတည်းကပြောရင် ဒီစကားတွေက ရွှေစင်အတွက် ရင်ခုန်ဖို့တော်တော်ကောင်းမှာပဲ၊ ခုတော့ နောက်ကျသွားပြီသုတ၊ ရွှေစင်မှာလက်ထပ်ဖို့ထိရည်ရွယ်ထားတဲ့ချစ်သူရှိနေပြီ၊ မိဘတွေကိုလည်း အသိပေးထားပီးပြီလေ"
ကျွန်တော် ပြောစရာစကား ရှာမရတော့ပါ။ ကျွန်တော်သူမရှေ့မှာလည်း နေဖို့မဝံ့တော့ပါ။ ကျွန်တော့်မျက်ရည်တွေက သူမရှေ့မှာကျဖို့မသင့်လျော်ပါ။ တွေ့၊ ကြုံ၊ ဆုံ၊ ကွဲဆိုတဲ့ဒဿနကြားမှာ ကျွန်တော့်အလှည့်မှ တွေ့၊ ကွဲနဲ့အဆုံးသတ်ရတာကို ကျွန်တော်လက်မခံချင်ပါ။ ဒါပေမယ့် သူမပြောတဲ့ စကားတစ်ခွန်းနဲ့သာ ကျွန်တော်ရူးခဲ့ရတဲ့အချစ်ဦးက ဒီမှာသာ အဆုံးသတ် သွားပြီလေ။
"သုတရယ်...အရင်လိုသူငယ်ချင်းအဖြစ်နဲ့ပဲဆက်နေရအောင်နော်၊ ရွှေစင်ဆီက အချစ်မရလို့လည်း စိတ်ဓာတ်မကျနဲ့၊ ရွှေစင်ကစာအုပ်တွေ ဖတ်နေကြသူ တစ်ယောက်ပဲ၊ အချစ်ဆိုတာကြီးက ဘဝတစ်ခုမှမဟုတ်တာ၊ သူငယ်ချင်း သံယောဇဉ်နဲ့ပဲနေကြရအောင်နော်"
ရင့်ကျတ်နေလိုက်တာရွှေစင်ရယ်။ စာတွေဖတ်ရတာနှစ်သက်တဲ့ ကျွန်တော် သူမလောက် မရင့်ကျတ်နိုင်ပါ။ ကျွန်တော်သူမကိုစတွေ့တော့ချစ်တယ်။ သူမနဲ့စကားတွေပြောရင်း သူမကို အထင်ကြီးလာတယ်။ ခုလည်း သူမရဲ့အတွေးအခေါ်၊ သူမရဲ့အပြုအမူတွေက ကျွန်တော်နာကျင်ရပေမယ့် လေးစားမိတယ်။ နောင်ဘဝများမှာ လူဖြစ်ခဲ့ရင်ဆိုပြီး ဗုဒ္ဓတရားတွေရဲ့ ဆန့်ကျင်ဖက်အရပ်မှာ ကျွန်တော်အတ္တတွေနဲ့ ဆုတောင်းနေမိဆဲ....။
သန့်ဇင်(တန့်ယန်း)

ကဗျာတွေကနှလုံးသားကိုနူးညံ့စေတယ်စာတွေကဦးနှောက်နဲ့နှလုံးသားမှာခွန်အားဖြစ်စေတယ်...ဒဏ်ရာတွေကိုစာပေတွေထဲမှာသာနှစ်မြုပ်လိုက်စ...
16/05/2022

ကဗျာတွေကနှလုံးသားကိုနူးညံ့စေတယ်
စာတွေကဦးနှောက်နဲ့နှလုံးသားမှာခွန်အားဖြစ်စေတယ်...
ဒဏ်ရာတွေကိုစာပေတွေထဲမှာသာနှစ်မြုပ်လိုက်စမ်းပါခလေးရယ်...
ခလေးဒဏ်ရာမသက်သာဘူးဆိုကြိုက်သလိုပြော...
Own Brandကတာဝန်ယူတယ်😊😊
ဦး...

အရမ်းချစ်တက်ပေမယ့် အပြန်အလှန်နားလည်မပေးနိုင်ရင် ပူလောင်မှာပဲ...ပူလောင်မှုတွေများလာရင် တစ်ယောက်နဲ့တစ်ယောက်မုန်းတီးလာပြီး ...
15/05/2022

အရမ်းချစ်တက်ပေမယ့် အပြန်အလှန်နားလည်မပေးနိုင်ရင် ပူလောင်မှာပဲ...
ပူလောင်မှုတွေများလာရင် တစ်ယောက်နဲ့တစ်ယောက်မုန်းတီးလာပြီး အပြန်အလှန်အပစ်တင်အဆုံးသတ်မှာပဲ...
နားလည်မှုဆိုတာကကိုယ်ချင်းစာတရားကစတယ်...
သူ့နေရာမှာငါသာဆိုရင်ဘယ်လိုနေမလည်းဆိုတဲ့အတွေးလေးသာ တွေးပေးရင် တကယ်အချစ်စစ်ဆိုတာကိုမြင်ရလိမ့်မယ်...
အချစ်မှာကြင်နာမှုပါမယ်၊ တန်ဖိုးထားလေစားမှုပါမယ်၊ ယုံကြည်မှုပါမယ်၊ စာနာနားလည်မှုသာပါမယ်ဆို တကယ့်ဘဝကအခက်အခဲများစွာကို အတူတူရင်ဆိုင်ဖြေရှင်းလို့ရတယ်...
ကိုယ်တွေ့နေရတဲ့အချစ်ဟာဒီလိုသာမဟုတ်ရင် အမြစ်မတွယ်ခင်အပြတ်သာဖျက်လိုက်တာကောင်းတယ်....
ပိုင်ဆိုင်ချင်ယုံသက်သက်နဲ့တော့ အချစ်ကိုမကိုးကွယ်ပါနဲ့...
-ကြင်နာမှုဆိုတာ...နွေးထွေးမှုတွေပါတယ်
-လေးစားမှုဆိုတာ...အလေးထားမှုတွေပါတယ်
-ယုံကြည်မှုဆိုတာ...အားကိုးထိုက်တဲ့လုပ်ဆောင်မှုတွေပါတယ်
-စာနာမှုဆိုတာ...အေးချမ်းမှုကိုဆောင်ကြည်းပေးတဲ့အရာပါပဲ
အချစ်စစ်အချစ်မှန်ကိုရှာတွေ့ပါစေမိတ်ဆွေ
သန့်ဇင်(တန့်ယန်း)

27/04/2022

အိမ်ဝေးငှက်ရဲ့ရင်ကွဲခတ်သံ
ဥတ္တရာ(ရေဆုံး)
Brand
ရွတ်ဖတ်သူ.....သန့်ဇင်(တန့်ယန်း)

Address

Maymyo

Alerts

Be the first to know and let us send you an email when Own Brand ရသ၊ သုတ စာပေတိုက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category