07/11/2024
ဖတ်ကြည့်နော်
သတိ သံဝဂရစေရာပါ..။
#သားတစ်ယောက်ဟာ
မိဘတွေနေတဲ့ မွေးရပ်မြေ
တောရွာလေးကို အလည်ပြန်လာတယ် ။
ဒါပေမဲ့ သူဟာ ခွင့်၂ ရက်ပဲရခဲ့လို့
တစ်ညတည်းအိပ်ပြီး နောက်နေ့မနက်
စောစော ၆ နာရီလောက်
မြို့ကားအမှီ ထပြန်ရမှာပါ။
အဲ့ဒီည သားအမိနှစ်ယောက်သား
ရှေးဟောင်းနှောင်းဖြစ်တွေ
အလုပ်အကိုင်အကြောင်းတွေကို
ထိုင်ပြောကြရင်း ညဉ့်တော်တော်
နက်သွားတယ် ။
သွားမအိပ်ခင်လေးမှာ
သားဖြစ်သူဟာ
သူ့အမေကို နောင်တကြီးစွာနဲ့
ပြောတာက....
အမေရယ်.... သား
ဒီတစ်ခေါက်ပြန်လာရတာ
အရမ်းကို အလောတစ်ကြီးနိုင်လိုက်တာ။
နောက်တစ်ခါဆို သားအမေနဲ့
အကြာကြီးနေလို့ရအောင် ကြိုးစားပါ့မယ်။
သားလေ အမေလုပ်ကျွေးတဲ့
ငှက်ပျောမုန့်ဖက်ထုပ်ကို အရမ်းကြိုက်တာပဲ။
ဘယ်မှာပဲဝယ်စားစား
အမေ့လက်ရာကိုလုံးဝမမှီဘူး။
သားရဲ့အပြောကြောင့်
အမေ့ရဲ့မျက်နှာမှာ
ပီတိတွေနဲ့ ပြုံးသွားတယ် ။
ပြောပြီးတာနဲ့ သားဖြစ်သူဟာ မနက်ကျ
သူစောစောထရမှာမို့ အမေ့ကိုနှုတ်ဆက်ပြီး
အိပ်ခန်းဆီ သွားခဲ့တယ် ။
သားဖြစ်သူ သွားအိပ်ပြီးတဲ့နောက်
အမေဖြစ်သူဟာ မအိပ်ချင်တော့ဘူးလို့
ခံစားရတယ်။
သူမဟာ သူမအခန်းဆီလျှောက်သွားပြီး
အိပ်ပျော်နေတဲ့ သူမခင်ပွန်းကို သွားနှိုးတယ် ။
အဖိုးကြီးရေ ..... ထပါအုံး။
ရှင်ရွာထဲသွားပြီး
ငှက်ပျောရွက်နဲ့ ဖီးကြမ်း
အမှည့်တစ်ဖီးလောက် သွားရှာပြီး
တောင်းဝယ်လာခဲ့စမ်းပါ။
ရှင့်သားက ငှက်ပျောမုန့်ဖက်ထုပ်
စားချင်ရှာလို့တဲ့။
အဲ့တာ မနက်စောစော
သူ မပြန်ခင်လေး လုပ်ကျွေးလိုက်ချင်လို့
အိပ်ပျော်နေရာက နိုးလာတဲ့
အဖိုးကြီးဟာ သူ့မိန်းမကို ပြန်ပြောတယ် ။
အေ,.. ငါအခုပဲ သွားရှာလာလိုက်မယ် တဲ့
ပြောပြီး ထလာရင်း တိုင်မှာချိတ်ထားတဲ့
အနွေးထည်အနွမ်းလေးကို ကောက်စွပ်တယ် ။
အဖိုးကြီး...... ရှင်သွားရင်
ဖြေးဖြေးလျှောက်သွား။
တံခါးလည်း ဖွဖွလေးပဲ စေ့ထားခဲ့။
သားလေးခမြာ ခုလေးတင်မှ
အိပ်ပျော်သွားတာ။
မနက်ကျ အစောကြီးထရအုံးမှာ။
တော်ကြာနိုးသွားရင်
အိပ်ရေးမဝရှာပဲ နေလိမ့်မယ်။
ကျုပ်လဲ ဟိုဖက်အိမ်က လက်လှည့်ဆုံမှာ
ကောက်ညှင်း သွားကြိတ်ထားလိုက်အုန်းမယ်တဲ့ ။
ခုချိန်ဟာ ဆောင်းဝင်နေပြီဆိုတော့
အပြင်မှာ ရာသီဥတုက အေးနေပြီ ။
အဖိုးအိုဟာ တစ်အိမ်ပြီးတစ်အိမ်
လိုက်အော်နှိုးရင်း ငှက်ပျော ဖက်နဲ့
ငှက်ပျောခိုင် တောင်းဝယ်တယ် ။
ရွာမှာက ငှက်ပျောပင် မစိုက်ကြဘူး။
ရှိတဲ့အိမ်ကျတော့လည်း
ဖီးကြမ်းငှက်ပျော မဟုတ်ဘူး ။
ဒါပေမဲ့ အဖိုးအိုရဲ့ကြိုးစားမှု့ကြောင့်
နောက်ဆုံးမှာ ရွာထိပ်က အိမ်မှာ
မှည့်ခါစဖီးကြမ်းတစ်ခိုင်
ရှာဝယ်လို့ ရသွားတယ် ။
ညကြီးမင်းကြီး ဘယ်သူများလဲလို့.....
အဘ ဦးလှိုင်မောင် ကိုး ....
ငှက်ပျောခိုင်က မနက်ဈေးမှာ
သွားရောင်းမလို့ ခုတ်ထားပြီးသား။
ငှက်ပျောဖက်ကတော့ မခုတ်ရသေးဘူး။
အဘလိုချင်ရင် ခြံနောက်မှာ
လိုသလောက် ခုတ်ယူသွားလိုက်ပါလို့
အိမ်ရှင်ကပြောတယ် ။
ခြံဟာ အိမ်နဲ့တော့ သိပ်မဝေးပါဘူး ။
ဒါပေမဲ့ နှင်းတွေရွဲနေတဲ့ မြက်တောမှာ
မှောင်မှောင်မဲမဲထဲ ညှပ်ဖိနပ်လေးနဲ့
ဖြတ်လျှောက်ရတာ သိပ်တော့ မလွယ်လှပါဘူး။
အဖိုးကြီးဟာ အိမ်ပြန်ရောက်လာတော့
ည ၁၀ နာရီ ကျော်နေပါပြီ။
လင်မယားနှစ်ယောက်သား
ငှက်ပျောဖက်တွေကို ဆေးကြောကြပြီး
မုန့်ထိုင်ထုတ်နေကြတော့
ည ၁နာရီ ကျော်သွားပါပြီ။
အမှန်ဆိုရင် အဲ့ထက် စောစော ပြီးနိုင်ပါတယ်။
ဒါပေမဲ့ မီးထွန်းပြီး လုပ်နေကြရင်
သူတို့သားလေး နိုးသွားမှာစိုးလို့
လက်နှိပ်ဓါတ်မီးနဲ့ထိုးပြီး
တိတ်တိတ်ဆိတ်ဆိတ်နဲ့ ထုပ်နေကြတာပါ ။
၂နာရီလောက်ကျတော့
ငှက်ပျောဖက်ထုပ်တွေ
အဆင်သင့်ဖြစ်နေပါပြီ။
အဖိုးကြီးနဲ့အဖွားကြီးဟာ
ခဏလောက် မှေးအိပ်လိုက်ကြဖို့
ပြောကြတယ်။
ဒါပေမဲ့ ခဏနေရင်
မုန့်ဖက်ထုပ်တွေ ပေါင်းရတော့မဲ့အတူတူ
မနိုးမိပဲနေသွားမှာစိုးလို့ မအိပ်ကြတော့ပါဘူး။
ဒီလိုနဲ့ ရွာဦးကျောင်းက
အုန်းမောင်းသံသဲ့သဲ့
ကြားတော့ မုန့်ထုပ်တွေကို
မီးဖိုမှာ တင်ပေါင်းကြတယ်။
မကြာပါဘူး ၅နာရီခွဲတော့
သားဖြစ်သူရဲ့ဖုန်းက
နှိုးစက်မြည်သံနဲ့အတူ
သူတို့သားလေးဟာ နိုးလာပြီး
အိပ်ရာတွေသိမ်း
အထုတ်အပိုးတွေ ပြင်တယ်။
အဲ့အချိန်မှာ မုန့်ဖက်ထုပ်နံ့လေးဟာ
သင်းပျံ့ပြီး သူ့ရဲ့နှာခေါင်းဝကို
ရောက်လာတယ်။
သူ့စိတ်ထဲမှာ အမေ့လက်ရာ
မုန့်ဖက်ထုပ်ကို သတိရသွားရင်း
ဘယ်အိမ်ကများ စောစောစီးစီး
မုန့်ဖက်ထုပ် လုပ်နေတာပါလိမ့်....
မွှေးလိုက်တာ လို့ တွေးမိတယ် ။
သူ အခန်းထဲကထွက်လိုက်တော့
အဖိုးကြီးနဲ့အဖွားကြီးဟာ
မုန့်ထည့်ထားတဲ့အိုးကြီးကို
၂ယောက်သား မထွက်လာတာနဲ့
လာဆုံနေတယ်။
အမေဖြစ်သူဟာ သူ့သားကိုတွေ့တော့
"လာ.... လာ ငါ့သား....
မုန့်တွေအခုပဲ ပေါင်းအိုးထဲကထုတ်လာတာ။
ပူပူနွေးနွေးလေး ဖြစ်နေတုန်း
အရင်လာစားလိုက်။
ပြီးတော့မှ သွားတိုက်လို့ရပါတယ် "
အဖေဖြစ်သူကလည်း
ဟုတ်တယ်.....
ပူပူနွေးနွေးဖြစ်နေတုန်း လာစား။
မင်းအမေက မင်းကို
အရမ်းစားစေချင်နေတာ။
ဆိုပြီး မုန့်တွေ ပန်းကန်ထဲထည့်ရင်း
ကမ်းပေးတယ်။
သူဟာ အငွေ့တစ်ထောင်းထောင်း
ထနေတဲ့ မုန့်ပန်းကန်ကို လှမ်းယူရင်း
သူ့ရဲ့အဖေနဲ့အမေကို မယုံနိုင်တဲ့
မျက်လုံးနဲ့ လှမ်းကြည့်မိတယ်။
ညက သူ အမေ့ကို ကျေနပ်သွားအောင်
မြှောက်ပြောလိုက်တဲ့
စကားလေးတစ်ခွန်းအတွက်နဲ့
အမေတို့ ဒီလောက်အထိ အသဲအသန်
ဖြစ်သွားလိမ့်မယ်လို့ သူ မထင်ထားခဲ့မိဘူး။
အသက် ၆၀ ကျော်နေတဲ့ အဖေနဲ့အမေဟာ
သူစားဖို့ မုန့်ဖက်ထုပ်ကို တစ်ညလုံး
မအိပ်ဘဲ လုပ်ကျွေးခဲ့ကြတယ်။
သူဟာ မုန့်ကို ပါးစပ်က ဝါးနေရင်း
အဖေနဲ့အမေကို စိုက်ကြည့်ပြီး
မျက်ရည်တွေ ပါးပြင်ပေါ် ဒလဟော
စီးကျလာတော့တယ်။
ဒီလောကမှာ ကိုယ့်ကို
အသက်လောက်ချစ်ပါတယ် ဆိုတာ
တကယ်တော့ ဘယ်သူတွေများလဲနော် ?
ကိုယ်ဟာဘယ်လောက်ပဲ လူလားမြောက်
ကြီးပြင်း လာတယ်ဆိုဆို
မိဘတွေမျက်လုံးထဲမှာ
သားသမီးဆိုတာ ချစ်စရာ
ခလေးငယ်လေးတွေလိုပါပဲ။
ဘာမျော်လင့်ချက်မှ မထားပဲချစ်တာပါ ။
ဒီလိုအချစ်မျိုးကို တစ်ခြား
ဘယ်သူစိမ်းဆီကများ
ရနိူင်အုံးမှာတဲ့လဲ။
လွပ်လပ်မှု့ဆိုတာ
လူတိုင်းအတွက် ဖြစ်နိုင်ပါတယ်။
ကိုယ်ကသာ ရွေးချယ်မလားဆိုတာ
မူတည်သွားတာပါ။
Credit.. orgnal
🙏🙏🙏
ဓမ္မဒါနအဖြစ်ပြန်လည်မျှဝေပါသည်