06/12/2025
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်မှ အနီးကပ်ကွပ်ကဲမှုနှင့်အတူ မိုးကုတ်ပြည်သူတို့၏ လွတ်လပ်သည့် အိမ်ပြန်လမ်း မျှော်လင့်ချက်ကို ဖော်ဆောင်ကြိုးပမ်းကြရာမှာ မိုးကုတ်ဗျူဟာ လည်းအတူတူ လက်တွဲပူးပေါင်း တိုက်ပွဲဝင်နေကြောင်း အသိပေးအပ်ပါသည်။
မိုးကုတ်မြို့မှတဆင့် တနိုင်ငံလုံး လွတ်မြောက်ပြီး ကျွန်တော်တို့မိဘပြည်သူအားလုံး တို့၏ အဓိက မျှော်လင့်ချက်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တစ်ခု ပေါ်ပေါက်လာမည့်အချိန်ထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း မိုးကုတ်ဗျူဟာ ရဲဘော်များအားလုံးမှ ကတိသစ္စာပြုပါသည်။
#အရေးတော်ပုံမုချအောင်ရမည်။
#မိုးကုတ်ဗျူဟာ
https://www.facebook.com/share/1Bf94wstwm/
မိုးကုတ် - မိုးမိတ်ဒေသ နောက်ဆုံးအခြေအနေဆိုင်ရာ သတင်းထုတ်ပြန်ချက်
၁၃၈၇၊ နတ်တော်လဆုတ် ၂ ရက်
(၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်)
(၁) အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်အနေဖြင့် မိုးကုတ် - မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့ ကတည်းက စတင်ဖွဲ့စည်းခဲ့ပြီး သက်ဆိုင်ရာဒေသတွင်းရှိ PDF များ၊ ပကဖ များကို စုစည်းစေလျက် တသမတ်တည်းသော အမိန့်ပေးကွပ်ကဲမှုစနစ်အောက်မှတဆင့် စစ်ဆင်ရေးကိစ္စများကို အနီးကပ်ကြီးကြပ်ကွပ်ကဲလျက်ရှိပါသည်။
(၂) တိုက်ပွဲများမဖြစ်ပွါးမီကတည်းက အပြစ်မဲ့ အရပ်သားပြည်သူလူထုများ ထိခိုက်မှုမရှိစေရေးအတွက် ဘေးလွတ်ရာနယ်မြေများသို့ ကြိုတင်ရွှေ့ပြောင်းပေးခြင်း၊ နေရာချထားပေးခြင်း နှင့် လိုအပ်သော ထောက်ပံ့ကူညီမှုများကို အချိန်နှင့်တပြေးညီ ပေးအပ်နိုင်ရေးတို့ကို အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အလျင်အမြန် ဆောင်ရွက်ခဲ့ကြပါသည်။
(၃) ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့၊ ၁၈:၀၀ နာရီ အချိန်မှ စတင်ပြီး မိုးကုတ်မြို့နယ်အတွင်းရှိ ရန်သူခြေကုတ်ယူလာသော နယ်မြေများကို မိမိတို့ တပ်ဖွဲ့ဝင်များမှ အပြင်းအထန်
ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြပါသည်။
(၄) တိုက်ပွဲများစတင်ခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့မှ ယနေ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့အထိ တပတ်တာကာလအတွင်း တိုက်ပွဲကြီးငယ်ပေါင်း (၉) ကြိမ်ထက် မနည်း ဖြစ်ပွါးခဲ့ပြီး အရေးပါသော ရန်သူ့စခန်းကုန်းတခုအား မိမိတို့ဘက်မှ လက်ရသိမ်းပိုက်ထားနိုင်ပါသည်။
(၅) မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အနေဖြင့် မိုးကုတ် - မိုးမိတ်ဒေသ သို့ ကျူးကျော်ဝင်ရောက်လာသော အကြမ်းဖက် စစ်အုပ်စု တပ်များကို ပြည်သူလူထုနှင့် လက်တွဲပြီး ရွပ်ရွပ်ချွံချွံဆက်လက်တိုက်ပွဲဝင်လျက်ရှိကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ