13/04/2026
လွန်ခဲ့တဲ့ ငါးရက်က ညီလေးနဲ့vcပြောရင်း ညီလေးကအစ်ကို အဖေကငါ့ကိုပြောနေပြီ မင်းတို့ညီအစ်ကို နှစ်ယောက်ထဲက တစ်ယောက်တော့ ထွက်ခဲ့လို့ပြောနေတယ် ငါတော့မထွက်ချင်ဘူး မင်းပဲထွက် ငါလဲမထွက်ချင်ဘူးလို့ပြန်ပြောရင်း အဖေ့စကားတစ်ခွန်း သတိရမိတယ် မိန်းမမရှိရင်လဲ ငါ့မှာ သားနှစ်ယောက်ရှိတယ် ငါအသက်ကြီးလို့ လမ်းမလျှောက်နိုင်ရင် ငါ့သားနှစ်ယောက်က ငါ့အတွက် တောင်ဝှေးနှစ်ချောင်းပဲကွ သူ့သူငယ်ချင်းတွေကြားမှာ ပြောနေကြစကား အခုနှစ်ယောက်ထဲက တစ်ယောက်ထွက်ဆိုတော့ မတော်လို့ တစ်ခုခုဖြစ်ခဲ့ရင်တောင်မှ တောင်ဝှေးတစ်ချောင်းတော့ သူ့အနားမှာ ကျန်ခဲ့စေချင်တဲ့သဘောလား တွေးမိရင်း မင်းတို့ညီအစ်ကိုနှစ်ယောက်လုံး တစ်ခုခုဖြစ်သွားခဲ့ရင်ဆိုတဲ့စကားကိုပြန်တွေးမိပြန်တယ် အရင်က ချောင်ပိတ်မိနေတဲ့ ကိုယ့်လူတွေကိုကယ်ရင်း ကိုယ်တွေ ပါချောင်ပိတ်မိသွားတဲ့အချိန်တွေ လက်နက်ကြီးထိထားတဲ့သူကိုဆွဲရင်း ကိုယ့်ရှေ့40သီးကျလို့ လေရိုက်တဲ့ဒဏ်နဲ့ သွေးမပါရုံ ငါးရက်လောက် ဘာမှမစားနိုင်ပဲ အန်ရတဲ့ဒဏ်တွေ စကစတပ်ပေါင်းစုနဲ့ တင့်ကားငါးစီး ထီးချိုင့်ဘက်ကဖြတ်လာတဲ့အချိန် Glucose Deficiency ဖြစ်နေလို့ သူငယ်ချင်းတွေက ကိုယ့်ကိုဝိုင်းတွဲပြီး ပြေးရတဲ့အချိန်တွေ အဖေစိတ်ပူမှာမို့ ဘာတစ်ခုမှမပြောပြခဲ့ဘူး နောက်တစ်ခါကျ ညီလေးကပင်လည်ဘူးမြို့သိမ်းမှာထိထားပြီးမကြာဘူး အစ်ကိုကပါဟုတ်ကြီးရွာအနားမှာပြန်ထိ ကျွန်တော်လဲ ညီလေးထိထားမှန်းမသိ အဖေနဲ့လဲအဆက်အသွယ်မရတာကြာပြီဆိုတော့ စိတ်ပူနေမှာမို့ ဖုန်းဆက်ပြီးတော့ အချိန်တန်ရင်သိလာမှာပါဆိုတဲ့အတွေးနဲ့ အဖေနေကောင်းလား ကျွန်တော်ကတော့ထိထားတယ် စိုးရိမ်စရာတော့မလိုပါဘူးလို့ ပြောလိုက်တဲ့အချိန် အဖေ့ရဲ့တုန်ရီနေတဲ့အသံနဲ့ အေးငါ့သား မင့်ညီလဲထိထားတယ် စိုးရိမ်စရာတော့မလိုဘူးဆိုတဲ့ စကားသံက ကျွန်တော့်အတွက် ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားတယ် အဖေကတော့ဘယ်လောက်ထိခံစားရမလဲ မတွေးတတ်တော့ဘူး ငါ့သား ကျန်းမာရေးဂရုစိုက် အဖေ့အတွက်ကမပူနဲ့ အဖေကအဆင်ပြေတယ် မင်းသာဂရုစိုက်ဆိုပြီး ဖုန်းချသွားတယ် အဖေအဆင်မပြေတာ ကျွန်တော်သိတာပေါ့ နေစရာအိမ်မရှိ စားဝတ်နေရေးအဆင်ပြေအောင် အသက်ကြီးကြီးနဲ့ မနည်းရုန်းကန်နေရတာလဲသိတယ် သူ့သားစိတ်ချမ်းသာအောင် လိမ်ပြောသွားတယ်😞
အရင်ကတစ်ယောက်တည်းအပြင်သွားမယ်ဆိုရင်မ လွတ်တဲ့အဖေ
သူငယ်ချင်းတွေနဲ့အပြင်မှာဘီယာထွက်သောက်ရင်အမူးမလွန်ခင်အိမ်ပြန်ခဲ့ အိမ်မှာပြန်လာသောက်လို့ပြောတဲ့အဖေ
အိမ်ပြန်လာရင်ခြင်ထောင်ထောင်ထားပေးတတ်တဲ့အဖေ
အဝတ်အစား အတွင်းခံကအစ လျှော်ထားပေးတတ်တဲ့အဖေ
ညရောက်ရင်သူနဲ့အတူ vocabulary ဆက်ခိုင်းတတ်တဲ့အဖေ
3Dတွက်ရင် နားမလည်တဲ့ကျွန်တော့်ကိုခေါ်ပြီးတွက်ပြတတ်တဲ့အဖေ
ထမင်း ဟင်းကအစ သူပဲချက်ကျွေးတဲ့ အဖေ
စိတ်ညစ်ရင် cigarette ဗူးအလယ်မှာချပြီး သားအဖနှစ်ယောက်အတူတူသောက်တဲ့အဖေ
သားအဖသုံးယောက်အပြင်ထွက်ရင် ညီအစ်ကိုသုံးယောက်လာပြီဟေ့လို့ ခနခနအစခံရတဲ့ အဖေ
အဆင်မပြေရင်လဲအဆင်ပြေတယ်လို့ အမြဲလိမ်တတ်တဲ့အဖေ
အခုတော့ သားအဖသုံးယောက်လုံး တစ်နေရာစီမှာခွဲနေရတယ်
တော်လှန်ရေးပြီးရင် သားအဖသုံးယောက်လုံးအရင်လိုပြန်နေချင်သေးတယ် အဖေ
အဖေ့သား တောင်ဝှေးများ
crd-LOK