သုတ ရသ နည်းပညာ

သုတ ရသ နည်းပညာ သူငယ်ချင်းများအတွက်ဘလော့ပို့စ် comment ပေးခြင်းဖြင့် ဝေဖန်အကြံပြုနိုင်ပါသည်။
Like လုပ်ခြင်းဖြင့် အားပေးနိုင်ပါသည်။

အသာတမန္တဇာတ်ဧကကနိပါတ် - ၇။ ဣတ္ထိဝဂ် -၆၁- အသာတမန္တဇာတ်။ ။ တက္ကသိုလ်ပြည်ပါမောက္ခဆရာကြီးက မိမိအမေကို နမူနာထား၍ သင်ပြလိုက်သေ...
22/06/2023

အသာတမန္တဇာတ်

ဧကကနိပါတ် - ၇။
ဣတ္ထိဝဂ် -၆၁- အသာတမန္တဇာတ်။ ။
တက္ကသိုလ်ပြည်ပါမောက္ခဆရာကြီးက မိမိအမေကို နမူနာထား၍ သင်ပြလိုက်သော အသာတမန္တာန်ကို ကိုယ်တွေ့ကြုံခဲ့ရသဖြင့် သံဝေဂရသောပုဏ္ဏားလုလင် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု
မိန်းမသဘောထုတ်ဖော်ပြော

နတ်လူတို့ဆရာ ဖြစ်တော်မူသောမြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မိန်းမတစ်ယောက်ကို အမှီပြု၍သာသနာတော်မှ လူထွက်လိုသော ရဟန်းတစ်ပါး ရှိလေ၏။ ထိုရဟန်းသည် မြတ်စွာဘုရားထံရောက်လာရာ “ချစ်သားရဟန်း ... မိန်းမတို့ မည်သည် ဆင်းရဲအမျိုးမျိုးကို ပေးတတ်၏၊ယုတ်မာသောသဘောရှိ၏။ သင်သည် မိန်းမကို အမှီပြု၍ အဘယ်ကြောင့် သာသနာတော်မှာလူထွက်လိုသနည်း” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သားကိုပြောပြမိနှင့်ဘ

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဂန္ဓာရတိုင်းတက္ကသိုလ်ပြည်၌ ဗေဒင်သုံးပုံနှင့်တကွ အတတ်အလုံးစုံကို ကမ်းတစ်ဖက်ရောက်အောင်တတ်မြောက်သော ဒိသာပါမေက္ခဆရာကြီး ဖြစ်လေ၏။

ထိုအချိန်တွင် ဗာရာဏသီပြည်၌ ပုဏ္ဏားမျိုးဝယ် တစ်ဦးတည်း‌‌ သောသားယောကျ်ား ဖွားမြင်သောနေ့၌ မီးကိုယူကာမငြိမ်းအောင် ထားလေ၏။ မိခင်သည် သား တစ်ဆယ့်ခြောက်နှစ် အရွယ်သို့ ရောက်သောအခါ“ချစ်သား ... ငါတို့သည် သင်ဖွားနေ့၌ မီးကို ယူထားခဲ့ကြသည်၊ ဗြဟ္မာ့ပြည့်သွားလိုမူဤမီးကိုယူကာ တောထွက်၍ *မီးကို ရှိခိုးလုပ်ကွေးပါ၊ သို့ တည်းမဟုတ် အိမ်ထောင်ပြုလိုမူတက္ကသိုလ်ပြည်သွား၍ ပညာသင်ကြားပြီးမှ ပစ္စည်းဥစ္စာကို ရှာဖွေစုဆောင်းပါ” ဟုပြောကြားလေ၏။

[မီးကို ရှိခိုးလုပ်ကျွေးခြင်းကို ထိုအခါ အိန္ဒိယပြည်တွင် ဗြဟ္မာဖြစ်စေတတ်သော အကျင့်ဟု ပညာရှိသူများ ယူဆကြဟန်တူသည်။]

ပညာစုံကတစ်ခါပြန်ရ

သားဖြစ်သော ပုဏ္ဏားလုလင်သည်ငါကား တောထွက်၍ မီးကို မလုပ်ကျွေးနိုင်၊ ပစ္စည်းဥစ္စာကို ရှာဖွေ စုဆောင်းတော့မည်ဟုကြံစည်လျက် “မိခင် ... ကျွန်ုပ်ကား မီးကို မလုပ်ကျွေးနိုင်ပါ၊ ပစ္စည်းဥစ္စာကို ရှာဖွေစုဆောင်းပါမည်”ဟု ဆရာအတွက် အသပြာတစ်ထောင် ယူလျက် တက္ကသိုလ်ပြည် ဒိသာပါမောက္ခ ဆရာကြီးထံသွား၍ပညာသင်ကြား တတ်မြောက်ပြီးလျှင် အိမ်သို့တစ်ဖန် ပြန်လာ၏။

အမိ အဘတို့လည်းသားကို အိမ်ထောင်ပြုခြင်းကို အလိုမရှိကုန်၊ မီးကိုသာ လုပ်ကျွေးစေလိုကုန်၏။ ထိုအခါ မိခင်သည် ငါ့သားအားမိန်းမတို့ အပြစ်ကိုပြ၍ တောထွက်စေမည်ဟု ကြံစည်လျက် “ချစ်သား ... အတတ်ပညာ ပြည့်စုံပြီလော”ဟု မေးသောအခါ “မိခင် ... ပြည့်စုံပါပြီ” ဟု ပြော၏။ “ချစ်သား ... အသာတမန္တန်ကို သင်ခဲ့ပြီလေ” ဟု မေး၏။ “မိခင် ...မသင်ခဲ့ရသေးပါ” ဟု ပြောလျှင် “ချစ်သား ... အသာတမန္တန်ကို မတတ်လျှင် ပညာပြည့်စုံသည်မမည်၊ တစ်ဖန် သွား၍သင်ချေဦး” ဟု စေလွှတ်ပြန်၏။

မိန်းမတို့ကျင့်ကြံအသာတမန္တာန်

လုလင်လည်းတက္ကသိုလ်ဆရာကြီးထံ အသာတမန္တာန်ကို သင်ကြားရန် သွားပြန်၏။ ထိုအချိန်မှာပင် ဆရာကြီးလည်းအသက်တစ်ရာ နှစ်ဆယ်ရှိ မိခင်ကြီးကို လုပ်ကျွေးနေရာ တပည့်များ ရွံရှာစက်ဆုပ်သည်ကိုသိ၍စားနပ်ရိက္ခာ အပြည့်အစုံ စီမံပြီးလျှင် မိခင်အိုကြီးကို ထမ်းကာ တောသို့သွား၍ အရိပ်၊ ရေ ပြည့်စုံသော နေရာတစ်ခုဝယ်သစ်ရွက်မိုးအိမ် ဆောက်လျက် လုပ်ကျွေးနေခိုက် ဖြစ်လေ၏။

ဆရာကြီးသည် မိမိထံပြန်လာသော တပည့်ကိုမြင်လျှင် “အမောင် ... ဘယ်အတွက် ချက်ချင်း ပြန်လာသနည်း” ဟုမေးလေ၏။ ဆရာ ... အသာတမန္တာန်ကို မသင်ရသေး၍ ပြန်လာပါသည်ဟု ပြောလေလျှင် “အမောင် ...အသာတမန္တန်ကို သင်ရမည်” ဟု ဘယ်သူ ပြောသနည်းဟု မေးသောအခါ “အကျွန်ုပ်မိခင် ပြောပါသည်”ဟု ဆိုလေလျှင် ဆရာကြီးသည် ဤလုလင်ကိုသူ့အမိက မိန်းမအပြစ်ကို သိစေလို၍ ခိုင်းသည်ဖြစ်လိမ့်မည်ဟု ကြံစည်ကာ “အမောင် ...ကောင်းပြီ သင်ပေးမည်၊ သင်က ငါ့ကိုယ်စားပြု၍ ငါ့မိခင်အိုကြီးကို လုပ်ကျွေးလော့” ဟုစေခိုင်း၏။ လုပ်ကျွေးပုံ အခြင်းအရာ ကိုလည်း ပြောကြားလေ၏။

မန္တန်အသာတလက်တွေ့ပြ

“အမောင် ...ငါ၏မိခင်အိုကြီးအား သင့်လက်ဖြင့်ရေချိုးပေးပါ။ အစားအသောက်ကျွေးပါ၊ လက်၊ ခြေ၊ ဦးခေါင်း၊ ကျော စသည်ကိုနင်းနှိပ်ဆုပ်နယ်ပေးပါ၊ ဆုပ်နယ်ပေးစဉ်‘အဘွား ... သည်လောက် အိုနေပါလျက် မျက်စိ၊ နား၊ နှာ၊ အင်္ဂါ၊ ခြေလက်တို့မှာ နူးညံ့ပြေပြစ်လှပေသေးသည်၊နိုပျိုစဉ်အခါတုန်းက ဘယ်လောက်များ လှပမည်၊ ကြည့်ကောင်းမည်ဟု မပြောတတ်ပါ’ စသည်ဖြင့်သူ၏ ဂုဏ် နှင့်ရုပ်ရည်ရူပကာတို့ကို အဖန်ဖန် ချီးကျူးပါ၊ သူမ၏အလိုအားလုံးကို လိုက်‌‌ လျောပါ။ မိခင်အိုကြီး ပြန်ပြောသောစကားတို့ကိုလည်း လျှို့ဝှက်မထားပါနှင့်၊ ငါ့ကို အကုန်အစင် ပြန်ပြောပါလေ” ဟုစကားထည့်ပြီးလျှင် လုပ်ကျွေးစေ၏။

သားကိုသတ်ရန်အမိကြံ

လုလင်လည်း မိခင်အိုကြီးကိုဆရာကြီး စီမံနည်းပေးသည့်အတိုင်း လိုက်နာလျက် မရွံမရှာ ယုယုယယ ပြုစုလုပ်ကျွေးလေ၏။ပြုစု လုပ်ကျွေးသောအခါ မိခင်အိုကြီး၏ ဂုဏ်နှင့် ရုပ်ရည်ရူပကာတို့ကို မပြတ် မပြတ် ပြောဆိုချီးကျူး၏။ ထိုအခါ မျက်စိလည်းကွယ်၊အသက် တစ်ရာ့နှစ်ဆယ် ရှိပြီး အားအင် နည်းပါးလှသော မိခင်အိုကြီးဖြစ်လင့်ကစားကိုယ်တွင်းရှိ အနုသယကိလေသာတို့သည် လုလင်ငယ်နှင့် မွေ့လျော် ပျော်ပါးလိုသောစိတ်တို့သည် မျိုသိပ်ထိန်းသိမ်း၍ မရတော့ချေ။ ထိုအခါ လုလင်ငယ်ကို -

“အမောင် ... ငါနှင့်မွေ့လျော် ပျော်ပါးချင်သလော” ဟု မေး၏။ “အဘွား ... ဟုတ်ကဲ့ မွေ့လျော်ပျော်ပါးချင်ပါသည်၊ သို့သော်လည်း ဆရာကြီးကို ကြောက်ရွံ့ ရိုသေပါသည်” ဟု ဆိုလေ၏။“အမောင်... ငါ့ကို အလိုရှိလျှင် ငါ့သားကို သတ်ပစ်ပါ” ဟု ဆိုပြန်ရာ “အဘွား ...အတတ်သင်ပေး၍ ကျေးဇူးများလှသဖြင့် ကိလေသာကိုစွဲပြီး မသတ်ဝံ့ပါ” ဟု ဆိုလျှင် “အမောင်... ငါ့ကို စွန့်ပစ်မသွားဘူးဆိုလျှင် ငါကိုင်တိုင်ပဲ သတ်ပစ်မည်” ဟု ပြောလေ၏။

သားမောင်သဏ္ဌာန် ပရိယာယ်ဖန်

လုလင်သည် ဆရာကြီးထံသွား၍ဆရာကြီးအား မကွယ်မဝှက် မိခင်အိုကြီးနှင့် ဖြစ်ပျက်သမျှ အကြောင်းစုံကို ပြောကြားလေသည်။ဆရာကြီးသည် မိခင်အိုကြီး၏ အသက်အပိုင်းအခြားကို ကြည့်လတ်သော် ယနေ့ပင် သေလိမ့်မည်ကိုသိ၍ “တပည့် ... ကောင်းပြီ၊ မိခင်အိုကြီးကို ငါ စုံစမ်းမည်” ဟု ဆို၍ ရေသဖန်းသားကိုအရုပ်တုလုပ်ပြီးလျှင် အိပ်နေကျနေရာတွင် စောင်ခြုံလျက် မိခင်အိုကြီးနေရာသို့ကြိုးတန်းသွယ်ပြီးလျှင် ပုဆိန်တစ်လက်ယူကာ တပည့်အားပေး၍ မိခင်အိုကြီးကို ငါ့အားအသတ်ခိုင်းချေလော့”ဟု ပြောဆိုစီမံပြီးလျှင် သစ်သားရုပ်အနီး၌ နေလေ၏။

ရာဂပူးကပ်သားကိုသတ်

လုလင်လည်း မိခင်အိုကြီးထံသွား၍ “ကျွန်တော်နှင့် ပေါင်းသင်း နေထိုင်လိုလျှင် သားကို သတ်ချေ၊ အသင့်ဖြစ်အောင်ကြိုးတန်းသွယ်ထားပြီ” ဟု ဆိုကာ ပုဆိန်ကို ပေး၏။ မိခင်အိုကြီးသည် တစ်ဖန် လုလင်ငယ်အား“အမောင် ... ငါ့ကို စွန့်ပစ်သွားမှာလော” ဟု မေးပြန်၏။ လုလင်လည်း “အဘွားအိုအဘယ်ကြောင့် စွန့်ပစ်ရမည်နည်း၊ ပေါင်းသင်းနေထိုင်ပါမည်” ဟု ဆိုလေလျှင်မိခင်အိုကြီးသည် ပုဆိန်ကို မနိုင်တနိုင်ကိုင်ကာ တုန်တုန်ယင်ယင်နှင့် ထ၍ကြိုးတန်းကိုင်လျက် သားထံသွားကာ တစ်ချက်တည်း အသေသတ်မည်ဟု သစ်သားရုပ်ကိုလက်နှင့်စမ်း၍ စောင်ကိုလှစ်ပြီးလျှင် လည်ပင်းကို တအား ပေါက်လိုက်သောအခါဒုန်းဒုန်းမြည်သံ ကြားသဖြင့် သစ်သားရုပ်မှန်း သိလေ၏။

ထိုအခါ သားဖြစ်သောဆရာကြီးသည် မိခင်အိုကြီးအား “မိခင် ... ဘာလုပ်သနည်း” ဟု မေးလေ၏။ မိခင်အိုကြီးလည်း“ဆရာတပည့်နှစ်ယောက် ငါ့ကို လှည့်စားကြပြီ” ဟု သိသဖြင့် အရှက်ကြီးကွဲကာ ဤနေရာမှာပင်သေဆုံးလေ၏။ သားလည်း မိခင်အိုကြီး အလောင်းကို ကောင်းမွန်စွာ သင်္ဂြိုဟ်လေ၏။

ကိုယ်တွေ့ထုတ်ပြ သာဓက

မိန်းမတို့ သဘောကား ကိလေသာရာဂစိတ် ဖြစ်လာလျှင် အရွယ်ဝုဒ္ဓိကိုလည်း မထောက်ထား၊ ကျေးဇူးတရားကိုလည်း မဆင်ခြင်မိမိတို့ ထင်မြင်ရာကို ပြုလုပ်တတ်သည့် အတွက် ယုတ်မာသော သဘောရှိ၏။ဆင်ရဲအမျိုးမျိုးကို ပေးတတ်၏။

ထို့နောက်ဆရာကြီးလည်း တပည့်လုလင်ကိုခေါ်၍ “အမောင် ... အသာတမန္တန်မှာ အသီးအခြား မရှိ၊မိန်းမတို့အပြစ်ကို သိရန် အတတ်ပင် ဖြစ်သည်၊ သင့်မိခင်သည် မိန်းမတို့အပြစ်ကိုသိစေလို၍ ခိုင်းခြင်း ဖြစ်သည်၊ သင် ယခု မျက်မြင်ဒိဋ္ဌ မြင်ပြီမဟုတ်လော” ဟု ပြောဆိုဆုံးမကာ “သင့်အမိအဘထံ ပြန်လေတော့” ဟု လွှတ်လိုက်၏။

မိန်းမပြစ်ရှုတောထွက်ပြု

လုလင်လည်း ဆရာကြီးကိုခွင့်ပန်၍ လာခဲ့ရာ မိဘတိုထံ ရောက်လျှင် မိခင်သည် သားအား “ချစ်သား ... အသာတမန္တန်ကိုသင်ခဲ့ပြီလော” ဟု မေး၏။ “မိခင် ... သင်ခဲ့ပါပြီ” ဟု ဆိုလေ၏။ ချစ်သား ... ယခုဘာလုပ်မည်နည်းဟု မေးပြန်ရာ “မိခင် ... ကျွန်ုပ် မိန်းမတို့ အပြစ်ကို ကိုယ်တိုင်မြင်ခဲ့ရပါပြီ၊ အိမ်ထောင်ပြု၍ ပစ္စည်းဥစ္စာ မရှာလိုတော့ပါ၊ ရဟန်းပြုကာ တောထွက်၍မီးကိုပင် လုပ်ကျွေးပါတော့မည်” ဟု ပြောဆိုလေ၏။ နောက်တစ်ဖန် -

“မိခင် ...
လောက၌ မိန်းမတို့ကား ဆင်းရဲကို ပေးတတ်ကုန်၏။

ယုတ်မာကုန်၏။

စည်းကမ်း မရှိကုန်။

မီးသည် ကောင်း၊ မကောင်း ဟူသမျှကို လောင်ကျွမ်းသည့်အလား တွေ့တိုင်းတွေ့တိုင်းသော သူတို့ကို မှီဝဲတတ်ကုန်၏။

ထို့ကြောင့်“ အိမ်ထောင်မပြုလို၊ တောထွက်၍ ရဟန်းပြုကာ ဝိဝေကတရားကို ပွားစေလျက် ဗြဟ္မာ့ပြည်သို့သွားမည်” ဟု မိန်းမတို့ကို ကဲ့ရဲ့ရှုတ်ချကာ တရားဟောပြီးလျှင် အမိအဘတို့ကို ရှိခိုးလျက်တောထွက်၍ ရဟန်းပြုကာ ဝိဝေကတရားကို ပွားများစေလျက် သေသည့်အခြားမဲ့၌ ဗြဟ္မာ့ပြည်သို့လားရလေ၏။

ဤဒေသနာတော်၏ အဆုံး၌ သာသနာတော်မှလူထွက်လိုသော ရဟန်းသည် သောတပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ လုလင်ငယ်၏ မိခင်သည် - ယခုအခါ ဘဒ္ဒကာပိလာနီ။

လုလင်ငယ်ဖခင်သည် - မဟာကဿပ။

လုလင်ငယ်သည် - အာနန္ဒာ။

ဒိသာပါမောက္ခဆရာကြီးသည် - ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဆင်းရဲပေးကြ၊ ယုတ်မာလှ၊ မိန်းမဓမ္မာတာ။

(၂) ကောင်း, မကောင်းယူ၊ မီးနှင့်တူ၊ လူတိုင်းမှီဝဲရာ။

အသာတမန္တဇာတ် ပြီး၏။

***********************************
အသာတံ သာတရူပေန ၊
ပိယရူပနေ အပ်ပိယံ ။
ဒုက္ခံ သုခဿ ရူပေန ၊
ပမတ်တမတိဝတ်တတိ ။
(ဇာတက၊ပါ၊ပ၊၂၃)

မသာယာဖွယ်သည် သာယာဖွယ်အသွင်ဖြင့် , မချစ်ခင်ဖွယ်သည် ချစ်ခင်ဖွယ်အသွင်ဖြင့်, ဒုက္ခသည် သုခအသွင်ဖြင့်,
သတိမေ့လျော့ပေါဆသူကိုလွှမ်းမိုးဖိစီးနှိပ်စက်၏။
🙏🙏🙏

"နတ်ရထားနဲ့…… ပို့တဲ့စာ"  •••••••••••••••••••••••ဒီနေ့ကောင်းကင်ဘုံ တံခါးဝမှာနတ်မောင်း ထိုးသံ ကြားတယ်နတ်စည်ကြီး တီးသံ မြည...
11/06/2023

"နတ်ရထားနဲ့…… ပို့တဲ့စာ"
•••••••••••••••••••••••

ဒီနေ့
ကောင်းကင်ဘုံ တံခါးဝမှာ
နတ်မောင်း ထိုးသံ ကြားတယ်
နတ်စည်ကြီး တီးသံ မြည်တယ်

မာတလိနဲ့ ဝိသကြုံက
နတ်မြင်းခြောက်ကောင်ကသော နတ်ရထားနဲ့
ပဉ္စသိင်္ခနတ်သားက သူ့စောင်းတော်နဲ့ ညွှတ်ခ
ညီမလေးရဲ့ အသစ်စက်စက် ဘဝခရီးကို
နတ်ပန်းဖြင့် ဖြန့်ကျက် ကြိုဆို
သားမြှီးယပ်ကလေးတွေ ကပိုကရိုနဲ့ပါ။

တာဝတိံသာနဲ့ နန္ဒဝန်ဥယျာဉ်
မဟာနန္ဒာကန်တော် စူဠာနန္ဒာကန်တော်မှာ
ရေအေးကြည်ကြည်ကို ချိုး
နတ်၌ဖြစ်သော ကြာပန်းတွေနဲ့
မဉ္ဇူသကာ အာသာဝတီပန်းနွယ်နီတွေနဲ့
နတ်၌ ဖြစ်သောအစားအစာ
နတ်သမီးဗိဗ္မာန် ပဒေသာပင်
ညီမလေးရဲ့ အဝေးနှင် လမ်းကလေး
ဖြောင့်ဖြူးသာယာပါစေ။

ပင်လယ်ကသစ်ပင်ရဲ့ အရိပ်အမိုးနဲ့ ပျော်
ဗဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်
မှီတင်းတက်လို့
ဓတရဋ္ဌ
၀ိရူဠက
ဝိရူပက္ခ
ကုဝေရ
နတ်မင်းကြီးလေးပါးရဲ့ အစောင့်အကြပ်မှာ ညီမလေး ကြီးပြင်း
ညီမလေး ဘေးရန်ကင်းပါစေ
သောကရှင်းပါစေ။

လဗိဗ္မာန် နတ်ပြသာဒ်မှာ
ကြယ်စင်ရထားကို ညီမလေး စီနင်း
ညီမလေးရဲ့ ဂုဏ်သတင်း
သိကြားမင်းနဲ့ ဗြဟ္မာဗိုလ်တစ်သင်းက
ကောင်းချီးပေးကြစေ
ဝမ်းမြောက်ကြည်သာ ရှိကြစေလေ။

ကျန်ရစ်သူတွေရဲ့ ပတ္ထနာအလင်းဖွင့်ပွဲ
ယူကျုံးမရ မိုးရေအိုင်ကလေးထဲမှာ
အသည်းကွဲခြင်းနဲ့ လွမ်းသူ့ပန်းခွေလေးဟာ
မျက်ရည်စိုရွှဲနေတယ်။

မင်းရုပ်ကြွင်းကလာပ်လေးက ကွင်းပြင်စပ်က
ကုက္ကိုရိပ်မှာ ထီးတည်း

ဆီမီးတိုင်လေးကလေးတွေရဲ့ ကိုယ်ဝါနဲ့
ညထဲမှာ
မင်းခေါင်းတလားလေးက
မိုးရေထဲ သွေ့ခြောက်စွာ ရပ်ငေးနေတယ်
ပန်းမပွင့်တဲ့ ပျိုးကြဲခင်းလေးဆီ ။

ယိမ်းတသွဲ့သွဲ့နဲ့ လေညှင်းတစ်အုပ်က
ကိုယ်တို့ရဲ့ ပရိဒေဝကို ထမ်းပိုးလို့
မင်းရဲ့ ခြေတော်ရင်းက
စက္ကူ့ပန်းခွေလေးရဲ့ ရင်အုံမှာ
ဝပ်တွားကော်ရော်တယ်။

မိုးသည်းသည်းထဲ
လူဟာ ရပ်ငေးနေပေမယ့်
ရင်ထဲက မြေကမ္ဘာကျယ်သမျှကတော့
နေကြဲကြဲပူ
လေကြမ်းကြမ်း ခတ်တိုက်လျှက်ပါပဲ။

ရေအိုးကလေးကို ခွဲတယ်
မင်းလက်ခြေတွေမှာ အပ်ချည်မျှင်စကလေးတွေ
တွဲရွဲ ရစ်ခွေလို့
မင်းမျက်ဝန်းတွေကလည်း ဖြူဖက်ဖြူရော်ရယ်
မင်းကိုယ်ခန္ဓာဟာလည်း အေးစက်တောင့်တင်းလို့ရယ်
၅၂၈-မိသားစု အိမ်အသိုက်ကလေးထဲကနေ
ခြေစုံကန်ဆင်း ခရီးနှင်ခါ ထွက်ရတယ် ။

မင်း အိပ်ပုတ်နေတာ မဟုတ်လား ညီမလေးရယ်
ကင်ဆာအနာနဲ့ ဘဝရဲ့ အပူအပင်တွေများလို့
အိပ်မက်ဆိုးတွေက လွတ်ငြိမ်းရေးအတွေးနဲ့
မင်း……ခဏယာယီ အိပ်နေတာမဟုတ်လား
ညီမလေး အိပ်ပုတ်ရယ်။

ဒီမှာ
မင်းနိုးရင် စားဖို့
အန်ရှူးဝါး အာဟာရ နို့မှုန့်နဲ့

မင်းအိပ်ရာထ သောက်ဖို့
စိုင်ပရိုတွန် အားဆေးတွေ

မင်းက မုန်လာရွက်အတို့နဲ့ လ္ဘက်သုပ်ချဉ်စပ်ကို
အငန်းမရ အချစ်ပိုတတ်တဲ့
အကဲပိုမလေးလေ

အကိုကြီး သိတာပေါ့ ညီမလေးရယ် ။

မင်းထလိုက်စမ်းပါ
အပြစ်ကင်းစွာ ပြုံးရယ်တတ်တဲ့ဟန်ပန်နဲ့
မင်း ဒီနေဝင်ချိန်ကို အံတုလို့
ခြေပစ်လက်ပစ် နိုးထလိုက်စမ်းပါ။

မင်းကြိုက်တတ်တဲ့ ဇာပုဝါနဲ့
မင်းပန်တတ်တဲ့ စံပယ်ခွေတွေ
မင်းစီးနေကြ ယင်းမာ ကတ္တီပါဖိနပ်ကလေး

မင်း ထလာပါလား ညီမလေးရာ
မင့်"အဖေနဲ့ အမေက ငါ့သမီးလေး အမောအပန်းတွေများပြီး
ခဏအိပ်နေတာ "မဟုတ်လားတဲ့

ဘယ်သူတွေ ပြောတာလဲ ညီမလေးရယ်
မင်းရဲ့ ငြိမ်ဝပ်မှုဟာ
အစုန်သာ ရှိပြီး အဆန်မသိတဲ့ မြစ်ကလေးလို

အချစ်ပိုတတ်ကြသူတွေက
မျက်ရည်တွေ ပေစွန်းလျှက်က
မင်းကို စွပ်စွဲကြတယ်

မင်းဟာ
နေရောညရောကို ရှည်လျားစွာ
ညာတာပါတေးနဲ့ အိပ်ကြီး ဟန်ဆောင်နေတာ
ဒီကောင်မလေး
ပျော်စေပျက်စေနဲ့ လူကြီးသူမတွေကို
အိပ်မက်မက်တမ်း ကစားပြနေတာတဲ့ ။

ညီမလေးရေ
မိုးခြိမ့်သံတွေကိုမှ ကြောက်တတ်ကြီးတဲ့
အရူးမလေးရေ

မင်းအသံလေးတွေဟာ စွာကျယ်မှုနည်းလို့
ဘယ့်အတွက် ယမန်နေ့ ညနေကတည်းကမှ
ဒီကမ္ဘာမြေထဲက
စတင် ငြိမ်ဝပ်ခဲ့ရတယ် ။

"ငါသေရင် ကိုယ့်ကိုယ်ကို အပင်ပန်းမရှာကြနဲ့နော်
င့ါကို လွမ်းတဲ့အနေနဲ့ များများတော့ နင်ငိုပေးရမယ် မမရယ် "နော်တဲ့ ။

ဒါတွေဟာ
အိပ်မက်ဆိုးတွေထဲက နိုးလန့်ညက
မင်း အမှုမဲ့ ဖွင့်ချခဲ့တဲ့ ရယ်စရာ ရွှင်စရာ
ကလေးကလားစကားတွေ မဟုတ်လား စွာတေးမလေးရာ ။

မင်းအမေက တဘက်ကလေး ပုခုံးပေါ်တင်လို့
မီးဖိုချောင်ကလေးရဲ့ ဒေါင့်ဘေးမှာ

မင်းအဖေက ဘုရားခန်းရှေ့ လူပုံအလယ်က
ဧည့်ခံစကားဝိုင်းမှာ
ကွဲနေတဲ့ ရင်ကို တင်းတင်းဆုပ်လို့
အပူရုပ်ကို ဟန်လုပ်နေရတဲ့
အကယ်ဒမီရှော့ ရင်ကွဲမင်းသားကြီးပေါ့။

မင်းချစ်တဲ့ ဘိုမရုပ်ကလေးနဲ့
မင်းဖက်အိပ်နေကြ ဝက်ဝံရုပ်ကလေးက
မင်း အိပ်စင်ကုတင်လေးမှာ ထိုင်ငေး
မင်းဂူ လေးက ရွာနဲ့ ဝေးဝေးမှာ။

ကွယ်လွန်သူ
မဥမ္မာဝင်း အသက် ( ၂၄ )နှစ်
၁၁ - ၆ -၂၀၁၇ စနေနေ့ ညနေ ၄း၃၀ ။

ရင့်ကျက်တည်ကြည် ဣန္ဒြေပသာဒနဲ့
ကောင်းကင်ဘုံ တံခါးဝကနေ
ပျော်ရွှင်မှုကို ဆောင်ကျဉ်းလို့
နတ်ဘုရားတို့ ခေါ်ဆောင်ရာ
ညီမလေးက
ဆင်မ ယဉ်သာ
လှမ်းတယ် ။

အလွမ်းတွေဟာ သင်္ဘောပျက်ကလေးပေါ်
ကြေကွဲမှုကို ထုဆစ်တင်သွင်းလို့
ရေအောက် မြို့တော်ဆီ ခုတ်မောင်း

ညီမလေးရဲ့ ဒိုင်ယာယီ စာအုပ်ဟောင်းကလေးထဲမှာ
"တစ်နေ့ ဆရာမ ဖြစ်ချင်တဲ့ အကြောင်းလေး" ပါတယ်
"ဘွဲ့ယူတဲ့နေ့က မိသားစု ပျော်စရာအကြောင်း"ပါတယ်
"အကိုကြီးရဲ့ ကဗျာတွေနဲ့ ဟာသပြောတာကို သိပ်ချစ်ပါတယ်ဆိုတဲ့ အကြောင်း"ပါတယ်
"ပြီးတော့ ဗန်ဒါရိပ်က ချစ်သူဟောင်း ကောင်းလေးအကြောင်း "ပါတယ်
"ညည ဗိုက်ထဲက ဘာဖြစ်ဖြစ်နေမှန်း မသိဘူးဆိုတဲ့
ကင်ဆာအနာအကြောင်းတွေလည်း ပါပါရဲ့ "ညီမလေးရယ် ။

လောကထဲ
အလှဆုံး ကောင်မလေးအဖြစ်နဲ့ ယာယီခဏလာ
အမွှေးအမျှင်တွေများလို့ မျောက်ဝံမလေး ပြောရင်
နှုတ်ခမ်းစူတတ်တဲ့ သူမ

အခုတော့
ခေါ်လဲ မထူး
မျှော်လဲ မလာ
ထူလဲ မထ
သူ့အရိပ်တွေ မထင်မှတ်ကြေး ပျောက်ရှတယ်
သူ့အသံတွေ လေထဲလွင့်ပျံ မိုးသို့ ညံတယ် ။

ဘဝဆိုတာ
မှော်ဆန်လိုက်တာ ညီမလေးရယ်
သူယောင်မယ်လို ညကလေးထဲလာ
နေ့ကလေးထဲ မင်းကပျောက်
နှင်းပေါက်ပေါက် မိုးဖြောက်ဖြောက်
နေပြောက်ပြောက်
ရာသီစက်ဝန်းထဲမှာ မင်းအပြုံးတွေက ကြည့်လို့မလောက်ဘူး
မင်းအမူအနွဲ့တွေက ချစ်လို့ မကုန်ဘူး

သံယောဇဉ်ဟာ အလျားဆန့်သလောက်
မြေမိုး တစ်လျှောက်
သားရေဖက်လို ရှည်လျားတယ်
ဆင်တုံးမနွယ်လို ရစ်ပတ်လွယ်တယ်ကွယ် ။

ပျံလေးဦးတော့ ရွှေဟင်္သာလေးရေ
ဝဋ်နာ ကံနာတွေရဲ့ မပြေသောကပ်ဘေးက ဝေးရာ
ဥရုဝေလ
သစ်တောစပ်ဆီ

ဘဝအမောတွေရဲ့ ဝေးရာ
ဟိမဝန္တာ တောင်ခြေဆီ

အပူအပင်တွေရဲ့ ရပ်ဝေး
အနော်မာသောင်ကမ်းရဲ့ သဲသောင်လမ်းကလေးဆီ
မင်းပျံသန်းလို့ လှော်ခတ် လွတ်မြောက်လိုက်စမ်းပါ ။

မင်းဟာ
အဖေအမေတို့ရဲ့
အသည်းကျော်မလေး ရင်နင့်သည်းချာ

မင်းဟာ
အကိုအမတွေရဲ့
တစ်အူတုံဆင်း စွာတေးလန်လေး

မင်းဟာ
တူတွေ တူမတွေရဲ့
လမ်းပြ လက်ဆွဲမီးအိမ် ကျူရှင်ဆရာမလေး

ဗန်ဒါရိပ်က
နောက်ဆုံးနှစ် အဆောင်သားလေးရဲ့
အလှပဂေးလေးပါ ။

ရွှေစောင်းတန်း
ငွေစောင်းတန်း
ပတ္တမြားစောင်းတန်း
ဘယ်လမ်းက လှမ်းလှမ်း
ဘယ်နန်းမှာ ပျော်ပျော်

မေ့မရတဲ့ လူတစ်စုနဲ့
ပြုသမျှ အဖို့ဘာဂရဲ့
အာနုဘော်ကိုတော့
နတ်လူတွေ
သာဓုခေါ်မှာပါ ။

"နောက် လာဦးမလား
နောက်လာဦးမလား "
သင်္ချိုင်းဝက သုဘရာဇာရဲ့ ပဋိသန္ဓာရ စကား
ညီမလေးမှ ကြားရဲ့လားကွယ်

ထုံးဖွေးဖွေး ရေဖွေးဖွေး
လေအေးအေးနဲ့ ကွင်းပြင်ထဲက လယ်စပ်နံဘေးမှာ
မင်း အုတ်ဂူလေးက လူဝေးသူဝေးပေါ့။

"ကဲ နောက်ဆုံး အနေနဲ့ ကြည့်ကြ "
သစ်သားတံခါးလေး အဟမှာ
ရင်သပ်ရှုမောဖွယ်
ကြေကွဲရင်နင့်ဖွယ်
သနပ်ခါးရေကြဲနဲ့ ဘဝပေးကုသိုလ်မျက်နှာမွဲ
ဝဋ်နာ ကံနာ သူဆင်းရဲ
ကောင်မလေးကို မြင်ရတယ်။

ကံကြမ္မာက လုပ်ရက်တယ်
ရှင်သေမင်းက ခွဲရက်တယ်
လောကဓံက ရက်စက်တယ်။

ခုနေခါ ဟာနုမာန်သာရှိရင်
ဆေးတောင်ကြီးကို ဖဲ့ခိုင်းမယ်

ခုနေခါ
ကိသာဂေါတမီကို တွေ့ရင်
မုန့်ညင်းစေ့ကို ရှာခိုင်းမယ်

ခုနေခါ
ဇီဝကနဲ့ဆုံရင် မသေဆေးကို
ဆေးကျောက်ပြင်မှာ သွေးခိုင်းမယ်။

ခုနေခါ
ပဋာစာရီသာ ရှိရင်
ညီမလေးရဲ့ ရုပ်အလောင်းကို ကြည့်
ခန္ဓာကို မြေမှာလူးပြီး
ကမ္ဘာပတ်ပြီး ရူးချင် ရူးဦးမှာ ။

"အနိစ္စာဝရ သင်္ခါရာ ဥပ္ပါဒ ဝယ ဓမ္မိ နော
ဥပ္ပဇ္ဈိတွာ နိရုဇ္ဈန္တိ တေသံ ရူပ သမောသုခေါ "

ဘဝသွားရာ ညီမလေးရာ
အသိ ပါပါစေ

ဘဝသွားရာ ညီမလေးရာ
ရိက္ခာ ပါပါစေ

ဘဝသွားရာ ညီမလေးရာ
သွားလမ်းသာပါစေ

ဘဝသွားရာ ညီမလေးရာ
သုဂတိ လားပါစေ
သုဂတိ လားပါစေ
သုဂတိလားပါစေလေ။

[ကျွန်ုပ်တို့ ချစ်ခင်မြတ်နိုး တန်ဘိုထားရသော စိတ်ထားဖြူစင်သူ ဝမ်းကွဲညီမလေးအတွက် ကျွန်ုပ်တို့ညီအစ်ကိုမှ ဤကဗျာလေးအား တမ်းချင်းတေးအဖြစ် တူညီရေးစပ်ကာ မှတ်တမ်းတင်ပါ၏]

စာရေးဖွဲ့သူ . . .
မောင်ကျော်ဆန်း-ဓနုဖြူ
အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)

Address

UMMG
Magway

Telephone

+959400409027

Website

Alerts

Be the first to know and let us send you an email when သုတ ရသ နည်းပညာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to သုတ ရသ နည်းပညာ:

Share

Category