31/01/2021
#မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ်(၃၁)ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ်လူနာ(၁)ဦး သေဆုံးကာ အတည်ပြုလူနာပေါင်းက(၃၅၃၃)ဦးထိရှိလာ
#မကွေး ဇန်နဝါရီ ၃၁
#မကွေးတိုင်းဒေသကြီးမှာ ဇန်နဝါရီလ ၃၁ ရက်နေ့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာသစ်(၃၁)ဦး ထပ်တိုးတွေ့ ရှိခဲ့ပြီး တိုင်းဒေသကြီးအတွင်းမှာ အတည်ပြုလူနာပေါင်းက(၃၅၃၃)ဦး အထိရှိလာကြောင်း သိရသည်။
#တိုင်းဒေသကြီးအတွင်းမှာ ပိုးတွေ့ထိစပ်တွေကနေ ကိုဗစ်ပိုးတွေ့ရှိမှုက ပိုမိုများလာတာပါ၊ ဒီနေ့တွေ့ရှိခဲ့တဲ့ လူနာတွေက NHL နဲ့ RDT စစ်ဆေးမှုအရ ပိုးတွေ့အတည်ပြုလူနာသစ်(၃၁)ဦး ထပ်တိုးတွေ့ရှိခဲ့တာပါ၊ အသစ်ထပ်မံ တွေ့ရှိတဲ့ ပိုးတွေ့အတည်ပြုလူနာတွေက ရေနံချောင်း က(၁၁) ဦး၊မကွေးနဲ့ ချောက်က(၅)ဦးစီ၊ဆိပ်ဖြူက(၄)ဦး၊ပခုက္ကူက(၃)ဦး၊ငဖဲက(၂)ဦးနဲ့ အောင်လံက(၁)ဦးတို့ ဖြစ်ပါတယ်၊ ပိုးတွေလူနာတွေထဲမှာ အနံ့ပျောက်လက္ခဏာပြသူတွေ၊ ပိုးတွေ့အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိသူတွေ၊ စောင့်ကြည့်လူနာတွေနဲ့ ယာဉ်မောင်း၊ ယာဉ်နောက် လိုက်တွေ ပါဝင်ပါတယ်၊ တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ပေါင်းက(၃၅၃၃)ဦးရှိခဲ့ပြီ ဖြစ်တယ်လို့ တိုင်းဒေ သကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက အတည်ပြုပြောကြားသည်။
#ဒီကနေ့မှာ သေဆုံးလူနာ(၁)ဦးရှိခဲ့ပြီး သေဆုံးလူနာက မကွေးသင်ကြားရေးဆေးရုံကြီးမှာ တက်ရောက် ကုသမှုခံယူနေသူ မကွေးမြိုနယ် ဂွေးတောက်စမ်းကျေးရွာက အသက် (၆၈)နှစ် အရွယ် အမျိုးသားဖြစ်ပြီး ဆေးရုံမှာ(၂၃)ရက် ကြာ ကုသမှုခံယူရင်း ကိုဗစ်ကြောင့် အဆုတ် ဆိုးရွားစွာထိခိုက် ပျက်ဆီးပြီး အဆုတ်လုပ်ဆောင်မှု ကျဆင်းကာ သေဆုံးခဲ့တာပါဟု သင်ကြားရေးဆေးရုံ(မကွေး) ဆေးရုံအုပ်ကြီးက ပြောသည်။
#လက်ရှိမှာ မကွေးတိုင်းဒေသကြီး အတွင်း ယနေ့ညပိုင်းအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့ အတည် ပြုလူနာ စုစုပေါင်း(၃၅၃၃)ဦးထိ ရှိလာပြီး၊ တိုင်းဒေသကြီးက ဆေးရုံအသီးသီးမှာ ဆေးရုံတက်ရောက် ကုသမှုခံယူနေသူ(၄၃၀)ဦးနဲ့ ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ(၃၀၈၇)ဦး ရှိကာ သေဆုံး သူက(၁၆)ဦးရှိကြောင်း မကွေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန မှတ်တမ်းများ အရ သိရသည်။
#သန်းနိုင်ဦး(ငဖဲ)