15/11/2025
မမဆံပင်မဖြတ်ရဘူး
ဆံပင်ဖျားမှာ သွေးရူးသွေးတမ်း
တွယ်ကပ်
ကျွန်တော့်တပ်မက်မှုတွေ
ပြုတ်ကျသွားမှာ စိုးတယ်။
မမ …
ဒီလမ်းလေးကိုယုံပါ
ဒီပန်းလေးကိုပန်ဆင်ပါ
နားလည်မှုတစ်ခုဆီ
ကျွန်တော်တို့ အရောက်သွားမယ်။
မမ နှုတ်ခမ်းလေးတစ်တွန့်မှာ
ကျွန်တော် လက်နက်ချခဲ့တာပဲ မဟုတ်လား။
မမမျက်စောင်းလေးတစ်ချက်မှာ
ကျွန်တော် အလံဖြူလေးကို
ကိုင်မြှောက်ပြခဲ့တာပဲမဟုတ်လား။
မနက်ခင်းတသုန်သုန်မှာ
မမအပြုံးတွေ ဖွေးဖွေးလှုပ်ပွင့်လို့။
ကျွန်တော့်ရင်ခုန်သံတွေကို
သံသယမဖြစ်ပါနဲ့။
သံသယတွေစွတ်စိုတဲ့မျက်လုံးဆို
ကျွန်တော်ကြောက်တယ်။
မမပါးပြင်ပေါ်မှာ
မွေးညှင်းနုလေးတစ်ပင်ပေါ်မှာ
တွယ်ကပ်နေတဲ့ မြူတစ်မှုန်စာတောင်
သံသယမဖြစ်လိုက်ပါနဲ့။
မမထံက
လိုချင်တာတွေ ခူးဆွတ်ပြီး
ထွက်ပြေးမသွားပါဘူး
လိုချင်တာတွေ ပေးဆပ်ဖို့
ထွက်ပြေးလာခဲ့တာပါ။
ယုံကြည်ချက်နဲ့ နာကျင်ရတဲ့အခါ
မှားယွင်းမှုနဲ့ ကြေကွဲရတဲ့အခါ
မမအပြုံးတွေဆီပုန်းကွယ်ဖို့
ထွက်ပြေးလာခဲ့တာပါ။
မနက်ခင်းတသုန်သုန်မှာ
မမအပြုံးတွေ ဖွေးဖွေးလှုပ်ပွင့်လို့...။
မမစိတ်ကောက်ရင်
နဖူးတွန့်ပြပုံက
ငုံနေတဲ့ပန်းတစ်ပွင့်လိုပဲ
တစ်မျိုးလှတယ်။
မမစကားပြောရင်
ပါးချိုင့်ပါတယ်
တယောသံပါတယ်
တစ်မျိုးလှတယ်။
မမလမ်းလျှောက်ရင်
လေထဲယိမ်းနွဲ့နေတဲ့
မမဆံပင်ရှည်ရှည်တွေလိုပဲ
တစ်မျိုးလှတယ်။
မနက်ခင်းတသုန်သုန်မှာ
မမအပြုံးတွေ ဖွေးဖွေးလှုပ်ပွင့်လို့...။
အိပ်မက်တွေရဲ့ မြူဆွယ်မှုနဲ့ဝေးရာ
အပေါက်အပြဲညတွေနဲ့ဝေးရာ
မနက်ခင်းဆီထွက်ပြေးဖို့
သေသေချာချာခုန်ချခဲ့တာပါ။
မနက်ခင်းနေခြည်နုနုမှာ
သိင်္ဂါရပန်းပွင့်လှလှကို
လေညင်းလေးရဲ့လက်ထဲကလုယူဖို့
သေသေချာချာခုန်ချခဲ့တာပါ။
ပေါ့ကျလက်ဖက်ရည်သောက်ရသလို
ရင်ထဲစိမ့်ဝင်သွားသလို
မမအပြုံးကိုသောက်ဖို့
သေသေချာချာခုန်ချခဲ့တာပါ။
မနက်ခင်းတသုန်သုန်မှာ
မမအပြုံးတွေ ဖွေးဖွေးလှုပ်ပွင့်လို့...။"
ချစ်စွာသော …
စိမ့်စမ်းဖြူ (ဆေးတက္ကသိုလ်)
“မှောင်မိုက်ခြင်းအလွန်” စာအုပ်မှ
ဆရာမောင်သစ်ဝေ (မြင်းခြံ)
#စိမ့်စမ်းဖြူ #ဒေါက်တာစိမ့် #မှောင်မိုက်ခြင်းအလွန်
ရွှေရောင်အနာဂတ် စာကြည့်တိုက်