17/10/2026
ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုလျော့ချချိန်အတွင်း ဖျာပုံခရိုင်ရှိ မြို့နယ်များ၌ လျှပ်စစ်ဓာတ်အား ဝန်အားထိန်းညှိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်
ဘိုကလေး၊ အောက်တိုဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အတွင်းရှိ မြို့များအားလုံးသို့ လက်ရှိတွင် အုပ်စု (၄) စုခွဲ၍ (၂) နာရီလာ၊ (၆) နာရီပျက် အစီအစဉ်ဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသော်လည်း ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ (Gas Partial SD) လုပ်ငန်းဆောင်ရွက်မှုကြောင့် အောက်တိုဘာလ (၁၆) ရက်နေ့မှ (၁၈) ရက်နေ့အထိ လျှပ်စစ်ဓာတ်အား ဝန်အားထိန်းညှိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု လျော့ချကာလအတွင်း စက်များ ရပ်တန့်၍ စုစုပေါင်း ဓာတ်အားထုတ်လုပ်မှု လျှပ်စစ်ပမာဏ (Total Generation) Mega-Watt (၂၀၀ MW) ခန့် လျော့ချ ထုတ်လုပ်သွားမည်ဖြစ်သည်။
ထို့ကြောင့် အောက်တိုဘာလ (၁၆) ရက်နေ့ မနက် (၀၁:၀၀) နာရီအချိန်မှ စတင်၍ ဖျာပုံခရိုင်အတွင်း ခွဲဝေရရှိမည့် လျှပ်စစ်ဝန်အား ပမာဏအပေါ် မူတည်ပြီး ဓာတ်အားထိန်းညှိ ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် မိဘပြည်သူများအနေဖြင့် ဓာတ်အားရရှိမှုနှင့် ပတ်သက်၍ ခွင့်လွှတ်နားလည် သည်းခံပေးကြပါရန် မေတ္တာရပ်ခံ အသိပေး ထုတ်ပြန်ထားကြောင်း သတင်းရရှိပါသည်။