03/04/2026
စစ်တိုက်ရေး၊ ရင်းမြစ်စုစည်းမှု နှင့် ဖက်ဒရယ်
by PDF insight
စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ် ပုံစံမျိုးစုံကို ချေမှုန်းဖို့အတွက်ဆိုရင် လက်ရှိ ဆင်နွှဲနေတဲ့ နွေဦးလက်နက်ကိုင်တော်လှန်ရေး အောင်မြင်ဖို့လိုပါတယ်။ တော်လှန်ရေး အောင်မြင်ဖို့ အရေးကြီးဆုံး အချက်က စစ်အောင်နိုင်ရေး ဖြစ်ပါတယ်။ စစ်အောင်နိုင်ဖို့အတွက်ဆိုရင် စစ်တိုက်ဖို့လိုပါတယ်။ စစ်တိုက်ဖို့အတွက် ရင်းမြစ်တွေ စုစည်းဖို့လိုပါတယ်။ တစ်ချိန်တည်းမှာ နွေဦးတော်လှန်ရေးရဲ့ ကြွေးကြော်သံ တစ်ခုဟာ ဖက်ဒရယ်အရေးဖြစ်ပါတယ်။ ဖက်ဒရယ်ဆိုတာ ဗဟိုချုပ်ကိုင်မှုလျော့ချထားမှု၊ အာဏာခွဲဝေကျင့်သုံးမှုလို့ အရိုးရှင်းဆုံး နားလည်လို့ရပါတယ်။ စစ်တိုက်ရေး ရင်းမြစ်စုစည်းရေးဟာ ဗဟိုချုပ်ကိုင်မှု ဖြစ်ပြီး ဖက်ဒရယ်အရေးဟာ ဗဟိုချုပ်ကိုင်မှုလျော့ချရေး ဖြစ်ပါတယ်။ ဒီအရေး (၂) ရပ်ကို ဘယ်လို ဟန်ချက်ညီအောင် လုပ်ဆောင်မလဲဆိုတာ လက်ရှိ တော်လှန်ရေးရဲ့ လက်ငင်းလိုအပ်ချက် ဖြစ်လာပါတယ်။
ကမ္ဘာ့သမိုင်းကို ကြည့်လိုက်ရင် အအောင်မြင်ဆုံး စစ်တပ်တွေဟာ ဗဟိုချုပ်ကိုင်မှုကို စနစ်တကျ စီမံ နိုင်တဲ့ တပ်တွေ ဖြစ်နေတာကို တွေ့ရပါတယ်။ တရုတ်နိုင်ငံကို စုစည်းခဲ့ပြီး ပထမဆုံးဧကရာဇ်ဖြစ်တဲ့ ရှီဟွန်တီ၊ မွန်ဂို အင်ပါယာ ထောင်ခဲ့တဲ့ ဂျင်ဂျစ်ဂန်၊ ပရှပ်ရှား စစ်တပ်၊ နောက် အမေရိကန်တော်လှန်ရေး ဆင်နွဲခဲ့တဲ့အမေရိကန် စစ်တပ် ဒါတွေဟာ ဗဟိုချုပ်ကိုင်မှုနဲ့ ထူထောင်ခဲ့ရတာဖြစ်ပါတယ်။ နောက်ကွယ်က ဖြစ်တဲ့ နိုင်ငံရေးသဘောတရားအရ ဆိုရင်လဲ ဘာကြောင့် တိုက်ခိုက်ရသလဲ ဆိုတဲ့ သဘောတရားပိုင်း တစ်သားတည်းဖြစ်မှုကို တည်ဆောက်ခဲ့ရပါတယ်။ စစ်တိုက်ရေး အတွက် လိုအပ်တဲ့ ရင်းမြစ်တွေကိုလဲ စုစည်း အသုံးပြုရပါတယ်။ ဒုတိယကမ္ဘာစစ် ကာလ ဒီမိုကရေစီ နိုင်ငံတွေ နဲ့ ဖက်ဆစ် အာဏာရှင် ဝန်ရိုးစွန်း နိုင်ငံတွေရဲ့ ရင်းမြစ် စုစည်းမှုကို ကြည့်လို့ရပါတယ်။ ဒီမိုကရေစီနိုင်ငံတွေဟာ လွတ်လပ်ခွင့်ကို အာမခံပေးကြပေမယ့်လဲ နိုင်ငံအတွက် အရေးကြီးတဲ့ စစ်ကာလ အရောက်မှာ တိုင်းပြည်ရဲ့ ရင်းမြစ်တွေကို စနစ်တကျ စီမံ အသုံးပြုခဲ့ပါတယ်။ စစ်ရေးအတွက် အရေးကြီးတဲ့ ကုန်စည်တွေ ဖြစ်တဲ့ သံ၊ ရေနံ၊ ရာဘာ စတာတွေကို အကန့်အသတ်နဲ့ အသုံးပြုခဲ့သလို စားနပ်ရိက္ခာတွေကိုလဲ ရာရှင်စနစ် နဲ့ ကန့်သတ် အသုံးပြုခဲ့ကြပါတယ်။ တဖက်မှာ ဖက်ဆစ် ဂျာမနီ နိုင်ငံ ဟာ အဲဒီလို ရင်းမြစ် စုစည်းမှုကို နောက်ကျပြီးမှ လုပ်ဆောင်ခဲ့ပါတယ်။ ဒါဟာ ပြည်သူကို လိုလား ထောက်ခံလွန်းလို့မဟုတ်ပါဘူး။ အာဏာရှင်တွေ ဖြစ်တဲ့အတွက် ပြည်သူတွေကို စုစည်းနိုင်မှု အားနည်းလို့ပါ။ ဒီမိုကရေစီနိုင်ငံတွေကတော့ ပြည်သူ့ ထောက်ခံပူးပေါင်းမှု အပြည့်အဝ ရရှိတာကြောင့် ရင်းမြစ် စုစည်းမှုကို နှိုင်းရအားဖြင့် မြန်မြန်ဆန်ဆန်၊ ကျေကျေလည်လည် လုပ်ဆောင်နိုင်ကြပါတယ်။ တစ်နည်းအားဖြင့် ပြောရင် ပြည်သူ့ထောက်ခံအား ကြီးမားတဲ့ အတွက် ရင်းမြစ်စုစည်းမှု၊ ဗဟိုချုပ်ကိုင်မှုကို လျင်လျင်မြန်မြန် လုပ်ဆောင်နိုင်ခြင်းဖြစ်ပါတယ်။ ရင်းမြစ်စုစည်းမှု နှေးတဲ့အတွက် စစ်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းမှာ ဝန်ရိုးတန်းနိုင်ငံတွေဟာ မဟာမိတ်တွေထက် နှောင့်နှေးခဲ့ပါတယ်။ သူတို့အနေနဲ့ နောက်ကျပြီးမှ လိုက်လံ ပြင်ဆင်ပေမယ့် အချိန်မမှီတော့ပါဘူး။ အသေးစိတ် အချက်အလက်ဖြစ်တဲ့ လက်နက်ထုတ်လုပ်မှု၊ တင့်၊ လေယာဉ်ထုတ်လုပ်မှု အချက်အလက်တွေကို အွန်လိုင်းမှာ အလွယ်တကူ ရှာကြည့်နိုင်ပါတယ်။
မြန်မာ့ နွေဦးတော်လှန်ရေးမှာလဲ စစ်အောင်နိုင်ဖို့အတွက်ဆိုရင် ရင်းမြစ်တွေကို စုစုစည်းစည်းနဲ့ ဗဟိုက ကောင်းမွန်စွာ စီမံ အသုံးပြုနိုင်ဖို့လိုပါတယ်။ ဒေသတစ်ခုက ရင်းမြစ် ရရှိနေပေမယ့် အဲဒီ ဒေသမှာ အဲဒီ ရင်းမြစ်ကို အသုံးပြုရေးထက် တခြား ဒေသမှာ အသုံးပြုဖို့ လိုအပ်တဲ့ အခြေအနေ မျိုးလဲ ရှိနိုင်ပါတယ်။ ဥပမာ မန္တလေးတိုင်း နဲ့ စစ်ကိုင်းတိုင်းကနေ လစဉ် ဒေါ်လာ သန်း ၂၀ ဖိုး ရင်းမြစ်တွေ ရရှိနေပေမယ့် တစ်နိုင်ငံလုံး စစ်မဟာဗျူဟာ အရ၊ ရန်သူကို အထိနာဆုံး ချေမှုန်းနိုင်တာ နိုင်ငံရဲ့ ပဲခူးတိုင်းနဲ့ မကွေး တိုင်း ဖြစ်လို့ ပဲခူးနဲ့ မကွေး ကို ဦးစားပေး အသုံးပြုရမှု အခြေအနေမျိုးဖြစ်ပါတယ်။ နောက် ရန်ကုန် လို နေပြည်တော်လို မြို့ပြ ဒေသတွေမှာ နယ်မြေ စိုးမိုးမှု မရှိသလောက် ဖြစ်လို့ စစ်ဆင်ရေးတွေ ရပ်ထားလို့ မရပါဘူး။ အဲဒီလို နယ်မြေတွေ အတွက်ကိုလဲ ရင်းမြစ်တွေကို ဗဟိုက စီမံ ဖြန့်ဝေပေးလို့ရပါတယ်။ အဲဒီလို ဒေသတွေမှာ နာဂဒေသ၊ ပဲခူးရိုးမ ဒေသ၊ ရန်ကုန်၊ ဧရာဝတီ၊ နေပြည်တော် ဒေသတွေက အကျုံးဝင်ပါတယ်။ အဲဒီ အတွက် ရရှိလာတဲ့ ရင်းမြစ်တွေကို စုစည်းပြီး မလွယ်မြောက်သေးတဲ့ နယ်မြေတွေ၊ စစ်ရေးအရ ဦးစားပေးရမယ့် နယ်တွေ အတွက် အသုံးပြုဖို့လိုအပ်ပါတယ်။
တစ်ဖက်က ကြည့်ရင် နွေဦးတော်လှန်ရေး ရဲ့ လက်တွေ့မူ ဖြစ်တဲ့ ဖက်ဒရယ်အရေးနဲ့ အညီ ပြည်နယ်၊ ယူနစ် ဖယ်ဒရယ်တွေ ပေါ်ပေါက်လာပါတယ်။ ပြည်ထောင်စုနဲ့ ပြည်နယ်ကြား၊ ဖက်ဒရယ်နဲ့ ယူနစ်တွေကြား အာဏာခွဲဝေမှုတွေ၊ ရင်းမြစ်ခွဲဝေမှုတွေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ လက်တလော ထုတ်ပြန်ထားတဲ့ NUG, CRPH, KIO, KNU, KNPP, CNF တို့ ပါဝင်တဲ့ "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီ (Steering Council for the Emergence of a Federal Democratic Union - SCEF)" ရဲ့ ထုတ်ပြန်ချက်မှာလဲ
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ အနေဖြင့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အချုပ်အခြာအာဏာကို ပြည်နယ်/ဖက်ဒရယ်ယူနစ်များအတွင်း နေထိုင်ကြသော ပြည်သူလူထုက ပိုင်ဆိုင်ကြပြီး ဖက်ဒရယ်နှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ် များအကြား မျှဝေသုံးစွဲသော အချုပ်အခြာအာဏာ (Shared Sovereignty)" မူကို ကိုင်စွဲမည် ဖြစ်ပါသည်။ လို့ ဖော်ပြထားပါတယ်။ ဆိုလိုတာက ဗဟို အစိုးရနဲ့ ပြည်နယ်/ယူနစ်/CU တို့ကြား အာဏာကို မျှဝေ အသုံးပြုမယ်လို့ ဆိုလိုပါတယ်။ ဗဟိုက အကုန်ယူ၊ ပြည်နယ်က ဘာမှ မယူနဲ့ဆိုတဲ့ လက်ရှိ စစ်အာဏာရှင်တွေရဲ့ ပုံစံ မဟုတ်သလို ပြည်နယ်က အကုန်ယူ ဗဟိုက ပြည်နယ်ပေးတာ ယူဆိုတဲ့ လျော့တိလျော့ရဲ လွန်းပြီး လက်တွေ့ လိုအပ်ချက်နဲ့ မကိုက်တဲ့ ပုံစံလဲ မဟုတ်ပါဘူး။ ရင်းမြစ်ပိုင်းနဲ့ ပတ်သတ်ရင် ဗဟို အစိုးရနဲ့ ပြည်နယ် အစိုးရ တို့ဟာ မျှဝေ အသုံးပြုကြမှာ ဖြစ်ပါတယ်။ ဒါမှလဲ တပြည်လုံး လွတ်မြောက်ရေးကို စနစ်တကျ လုပ်ဆောင်နိုင်မှာ ဖြစ်သလို ပြည်နယ်၊ ယူနစ်တွေရဲ့ အရေးကိုလဲ ပြည်နယ် အစိုးရ တွေက ကောင်းမွန်စွာ စီမံနိုင်မှာ ဖြစ်ပါတယ်။
ဗဟိုချုပ်ကိုင်မှု လုပ်ဆောင်တဲ့ အခါ စစ်ရေးလိုအပ်ချက်အရ လုပ်ဆောင်ရခြင်းဖြစ်ပြီး ဆိုးကျိုးတွေ အနေနဲ့ ကောင်းမွန်စွာ မကိုင်တွယ်တတ်ရင် လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီရေးတွေကို ထိပါးခံရနိုင်မှုမျိုးတွေ ရှိနိုင်ပါတယ်။ အဲဒီလို မဖြစ်ဖို့အတွက်လဲ လိုအပ်တဲ့ အစီအမံတွေ လုပ်ဆောင်ပေးဖို့လိုပါတယ်။ တပ်ဟာ စစ်အောင်နိုင်ရေးအတွက် ဖွဲ့စည်းပုံပိုင်း၊ စုဖွဲ့မှုပိုင်းမှာ စုစုစည်းစည်းနဲ့ ဗဟိုချုပ်ကိုင်မှု ရှိဖို့လိုပါတယ်။ အဲလို စုစည်းထားတဲ့ တပ်ဟာ ပြည်သူကို စောင့်ရှောက်ရမယ် ဆိုတဲ့ နိုင်ငံရေးအတွေးအခေါ်ကို ကိုင်စွဲပြီး တိုက်ပွဲဝင်ဖို့လိုပါတယ်။ အဲလို တိုက်ပွဲ ဝင်နိုင်ဖို့အတွက် ရင်းမြစ်တွေကို ဗဟိုက စုစည်းပြီး စီမံဖို့လိုပါတယ်။ အဲဒီလို စီမံတဲ့ အခါ ပြည်နယ်၊ ယူနစ်တွေရဲ့ လုပ်ပိုင်ခွင့်အာဏာတွေ၊ ဒီမိုကရေစီရေးတွေကို ထိခိုက်ခံလို့မဖြစ်ပါဘူး။ အဲဒီလို အရာအားလုံး ဟန်ချက်ညီနေမှ တော်လှန်ရေးဟာ ရှေ့ရောက်ပြီး အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။
လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။