02/09/2026
မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးက မြန်မာလုပ်ငန်းရှင်များ ပါဝင်ပြသသည့် Texworld Apparel Sourcing Paris ပြပွဲသို့ သွားရောက်အားပေး (၂-၉-၂၀၂၆ ရက်၊ ပါရီမြို့)
ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ Paris Le Bourget Center ၌ ဩဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၂ ရက် အထိ Messe Frankfurt France S.A.S. က ကြီးမှူးကျင်းပသည့် ကမ္ဘာ့အထည်အလိပ်၊ အဝတ် အထည်နှင့် ဖက်ရှင်ကုန်စည်ပြပွဲ (Texworld Apparel Sourcing Paris) “Weaving the Future” သို့ မြန်မာသံရုံး၊ ပါရီမြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးကျော်ညွန့်ဦး သွားရောက်ကြည့်ရှု လေ့လာခဲ့ပါသည်။
သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး အား ပွဲစီစဉ်ကျင်းပသည့် Messe Frankfurt France S.A.S. ၏ ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Mr. Frederic Bougeard က တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး အထည်အလိပ် နှင့် ဖက်ရှင်ကဏ္ဍတွင် စီးပွားရေးအခွင့်အလမ်းများ မြှင့်တင်ပေးနိုင်ရေးအတွက် အမြင်ချင်းဖလှယ် ခဲ့ကြပါသည်။ ထို့နောက် ပြပွဲညွှန်ကြားရေးမှူးဖြစ်သူ Mr. Nicolas Gouguenheim က ပြပွဲအတွင်း လိုက်လံရှင်းလင်း ပြသခဲ့ပါသည်။
အဆိုပါပြပွဲတွင် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (Myanmar Garment Manufacturers Association-MGMA) ဗဟိုအလုပ်အမှုဆောင်နှင့် Newest Garment Manufacturing Co.,Ltd မန်နေဂျင်းဒါရိုက်တာ ဦးကျင်ထွန်း ဦးဆောင်ကာ ရွှေစကားကုမ္ပဏီ လီမိတက် (Shwe Sakar Co.,Ltd)၊ လက်ဝါးကုမ္ပဏီလီမိတက် (Lat War Co.,Ltd)၊ ဘိလိပ်ပြန် ချည်ထည်တိုက်နှင့် မနုဿ(Manussa) ဖက်ရှင်တို့မှ ပါဝင်ပြသခဲ့ကြပါသည်။ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးသည် မြန်မာလုပ်ငန်းရှင်များအား တွေ့ဆုံနှုတ်ဆက်ကာ ခင်းကျင်းပြသထားသည့် မြန်မာ့အဝတ်အထည်များနှင့် ဖက်ရှင်ထုတ်ကုန်များအား ကြည့်ရှုအားပေးခဲ့ပါသည်။
Texworld Apparel Sourcing Paris ပြပွဲသည် ကမ္ဘာတစ်ဝန်းရှိ အဝတ်အထည်နှင့် ဖက်ရှင် ထုတ်ကုန် ဝယ်ယူသူများနှင့် ထုတ်လုပ်သူများကို တစ်နေရာတည်းတွင် စုံလင်စွာ တွေ့ဆုံဝယ်ယူနိုင် ရန် ချိတ်ဆက်ပေးသည့် နိုင်ငံတကာပြပွဲတစ်ခုဖြစ်ပြီး တစ်နှစ်လျင် (၂)ကြိမ် ကျင်းပလေ့ရှိပါသည်။ အထူးသဖြင့် ဥရောပမှ အဝတ်အထည်နှင့် ဖက်ရှင်လုပ်ငန်းများနှင့် အာရှမှ အဝတ်အထည် ထုတ်လုပ် သူများ၊ အထည်အလိပ်လုပ်ငန်းများအကြား တွေ့ဆုံဈေးကွက်ရှာဖွေပေးခြင်းလည်း ဖြစ်ပါသည်။ ယခုနှစ်ကျင်းပသည့် Weaving the Future တွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၃၅ နိုင်ငံမှ လုပ်ငန်းရှင်ပေါင်း ၁၃၀၀ ခန့် ပါဝင်ပြသခဲ့ကြောင်း သိရှိရပါသည်။
Myanmar Chargé d'Affaires / Ambassador Visits "Texworld Apparel Sourcing Paris" Exhibition to Encourage Participating Myanmar Businesses (Paris, 2 September 2026)
The international textile, garment and fashion exhibition “Texworld Apparel Sourcing Paris – Weaving the Future”, organized by Messe Frankfurt France S.A.S., was held at the Paris Le Bourget Exhibition Centre in Paris, France, from 31 August to 2 September 2026. U Kyaw Nyun Oo, Chargé d’Affaires/Ambassador of the Embassy of Myanmar in Paris, visited the exhibition and observed the displays of textile, garment and fashion products presented by participating companies from various countries.
During the visit, the Chargé d’Affaires/Ambassador of Myanmar was received by Mr. Frédéric Bougeard, President and CEO of Messe Frankfurt France S.A.S. and they exchanged views on the exhibition and business opportunities in the textile and fashion sector. Subsequently, Mr. Nicolas Gouguenheim, Exhibition Director, accompanied the Ambassador and Embassy officials on a tour of the exhibition.
Myanmar was represented at the exhibition by a group of entrepreneurs led by U Kyin Tun, a member of the Central Executive Committee of the Myanmar Garment Manufacturers Association (MGMA) and Managing Director of Newest Garment Manufacturing Co., Ltd., together with Shwe Sakar Co., Ltd., Lat War Co., Ltd., and Bhi Lat Pyan Cotton House, and Manussa Fashion. The Chargé d’Affaires/Ambassador met with the participating Myanmar business representatives and expressed his support for their participation in the exhibition.
Texworld Apparel Sourcing Paris, which held twice a year, is an international exhibition that brings buyers and manufacturers of garments and fashion products from around the world, and providing a platform for them to meet, and explore a wide range of products in one place. In particular, it provides an important opportunity to connect European garment and fashion businesses with garment manufacturers and textile companies from Asia, facilitating business contacts and market opportunities. This year’s “Weaving the Future” edition features approximately 1,300 exhibitors from 35 countries including Myanmar.