21/03/2026
ကိုယ့်ရဲ့ အမှောင်ခြမ်းအတွက် စိတ်ချလက်ချ စူးစမ်းဖို့ဆိုရင်
______________________________________________________
လူတိုင်း (နီးပါး) မှာ အမှောင်စိတ် dark side ဒါမှမဟုတ် လိင်ဆန္ဒ s*xual shadow ဒါမှမဟုတ် Kink or B**M တစ်မျိုးမျိုးတော့ ရှိကြတာချည်းပါပဲ၊ အနည်း အများ လေးပဲ ကွာကြတာပါ။
ဒီစိတ်တွေအတွက် စူးစမ်းရှာဖွေတာ လေ့လာကျင့်သုံးကြတာတွေအထဲ တချို့အရာတွေက သိပ်စိတ်ပူစရာ မလိုပါဘူး။ ခင်ဗျားတို့ စိတ်ချ လက်ချ စမ်းကြည့်လို့ရပါတယ်။ ဥပမာ တစ်ယောက်တည်းနဲ့ မကျေနပ်ဘူး အများကြီးနဲ့ လျှောက်စမ်းကြည့်ချင်တာမျိုးဆို ကျန်းမာရေး ဗဟုသုတ ရှိရင် လုံလောက်ပြီလို့ ဆိုနိုင်ပါတယ်။
ဒါပေမယ့် ကျနော်တို့ရဲ့ တချို့ တချို့သော စိတ်ဆန္ဒ တွေ ခံစားလိုစိတ်တွေဟာ သိပ် မရိုးရှင်းလှပါဘူး။ အန္တရာယ်လည်း များတတ်သလို အခန့်မသင့်ရင် တစ်ဘဝလုံး ဒုက္ခရောက်သွားနိုင်တာတွေလည်း ရှိနေပါတယ်။
အရွယ်ရောက်ပြီး လူတစ်ယောက်ဟာ သူ့ဆုံးဖြတ်ချက်နဲ့သူ လုပ်ကြတာပဲ ဆိုပေမယ့်၊ သူလုပ်မယ့် သူ့ဆုံးဖြတ်ချက်ဟာ သူ့အတွက်ရော သူနဲ့ပတ်သက်မယ့်သူတွေရာ စိတ်ချလုံခြုံပြီး ဘေးကင်းဖို့တော့ ပါဝင်သူအားလုံး ကိုယ်တိုင်ကပဲ တာဝန်ယူရမှာ ဖြစ်ပါတယ်။
ဒီအတွက် အမှောင်ခြမ်းမှာ ဝင်ရောက် စူးစမ်းမယ်ဆိုရင် စိတ်ချပြီးဘေးကင်းလုံခြုံဖို့ သတိထားသင့်တဲ့ ဆောင်ရန် အချက်တချို့ ရှိပါတယ်။ အောက်မှာ လေ့လာကြည့်စေလိုပါတယ်။
________________________________________________
၁။ ကိုယ်တိုင်နဲ့ ကိုယ့်အဖော် (တွေ) အတွက် လက်ခံနိုင်စွမ်း နယ်စပ် (Edge or Limit) ကို သိရပါမယ်။ ခင်ဗျားရဲ့ အတွင်းစိတ်ဟာ အသည်းယားစရာ နည်းလမ်းတွေကစပြီး၊ ကြမ်းကြမ်းတမ်းတမ်း ကစားလိုတာ အပြစ်ပေး/ခံယူလိုတာ ကနေ ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်းထဲမှာ ခေါင်းဖော်ပြလို့တောင် မရနိုင်တဲ့ နည်းလမ်းတွေအဆုံး အားလုံး ဖြစ်နိုင်နေပါတယ်။ (ဒီအတွက် ခင်ဗျားရဲ့ စိတ်ဆန္ဒကို အပြစ်တင်နေစရာ မလိုပါဘူး။)
အပြစ်တင်ချင်းတင်ရင် ကိုယ့် လစ်မစ် အတိုင်းအတာ နဲ့ အဖော်ရဲ့ နယ်နိမိတ်အစွန်းတွေကို ကောင်းကောင်း နားမလည်ခြင်းကိုသာ အပြစ်တင်ရမှာ ဖြစ်ပါတယ်။ စိတ်ဆန္ဒလိုချင် တပ်မက်မှု နောက်က လိုက်လာတဲ့ ကြောက်ရွံမှု ရှက်ရွံမှု စတဲ့ စိတ်ပိုင်းဆိုင်ရာ ရော ခန္ဓာကိုယ်ရဲ့ လက်ခံနိုင်စွမ်းတွေကိုရော သဘောပေါက် နားလည်ထားဖို့က အလွန်အရေးကြီးပါတယ်။ ဒီလို နားလည်မှပဲ ဘယ်လို လုံခြုံစိတ်ချအောင် လုပ်နိုင်မလဲ ဆိုတာကို တွေးဆ ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။
______________________________________________
၂။ လေ့လာပါ။ ကျနော် အမြဲလိုလို အကြံပေးလေ့ ရှိတဲ့ အချက်ပါ။ ဒါကြောင့် အများကြီး မရေးတော့ ပါဘူး။ ဒီစာစုမှာတော့ ကိုယ့်ကိုယ့်ကို လေ့လာရေးကိုပဲ ဦးစားပေးရေး လိုက်ပါတယ်။ ဘာမှ မလုပ်ရသေးခင် ကိုယ့်ကိုယ်ကို သေချာလေ့လာစေချင်ပါတယ်။ ကိုယ့်ရဲ့ လိုအင်တွေကို သေချာလေ့လာ ဆန်းစစ်ကြည့်ပါ။ ပြီးတော့ ကိုယ့်လို လူမျိုးတွေရဲ့ အကြောင်းတွေကို ရှာဖွေလေ့လာပါ။ အွန်လိုင်းကနေ ရှာဖတ်တာ ဖြစ်ဖြစ်၊ ကိုယ့်အရင် အတွေ့အကြုံရှိပြီးသားလူတွေဆီက မေးတာ ဖြစ်ဖြစ်ပေါ့။ နောက်ပြီး ကိုယ့်ကိုယ်ကို ဆိုတဲ့ နေရာမှာ စိတ်နဲ့ လိုအင်ဆန္ဒတင် မဟုတ်ပါဘူး၊ အဲဒီလိုအင်ကို ဖြည့်ဆည်းဖို့လိုတဲ့ နေရာနဲ့ ပတ်ဝန်းကျင်ကိုပါ လေ့လာပါ။
ဥပမာ စုံတွဲတွေ အကြား ဖလှယ်ပြီး သွားကြတဲ့ နေရာမျိုးမှာ ကိုယ့်အကြောင်း သူ့အကြောင်းတွေ သိနေရုံနဲ့ မပြီးပါဘူး၊ အဲဒီလို အသိုင်းအဝိုင်းက သွားလေ့ ဆုံဆည်းလေ့ ရှိတဲ့ နေရာ ပတ်ဝန်းကျင် အကြောင်းတွေကိုပါ သိထားဖို့ လိုပါတယ်။
_________________________________________________
၃။ ဒီမှာ မိတ်ဆက်ပေးလိုတာက RACK ဆိုတဲ့ ဖြစ်နိုင်တဲ့ အန္တရယ်တွေကို လျှော့ချဖို့ သုံးသပ်ပြင်ဆင်ခြင်း နည်းလမ်း (Risk Awareness consensual Kink) ဖြစ်ပါတယ်။ ဘာကိုပဲ လုပ်ချင် လုပ်ချင် လုပ်မယ်လို့ စဉ်းစားထားတဲ့ (သဘောတူထားတဲ့) ကစားနည်းရဲ့ ဖြစ်နိုင်ချေရှိတဲ့ ထိခိုက်နိုင်စွမ်းတွေကို ကြိုတင်တွက်ဆ သုံးသပ်ထားဖို့ လိုပါတယ်။
ဥပမာ နှစ်ယောက်စလုံးဟာ bo***ge ကစားချင်တယ် ဆိုပါတော့၊ ကျွမ်းကျင်မှုလည်းရှိတယ် ကစားလည်းကစားဖူးတယ် ဒါရဲ့ ကောင်းကျိုးဆိုးပြစ်ကိုလည်း သိတယ်ဆိုရင်တောင် သူ့ရဲ့ ဖြစ်နိုင်ချေ ရှိတဲ့ အန္တရာယ်တွေအတွက် ကြိုတင် သုံးသပ်ပြင်ဆင်ထားဖို့ လိုပါတယ်။ ဒီလို ကစားရင် ကြိုးကို အမြန်ပြန်ဖြေဖို့ လိုအပ်ချိန် ရှိလာနိုင်တဲ့အတွက် ကတ်ကြေးတစ်လက်ကို အစဉ်ဆောင်ထားတာမျိုးဟာ risk awareness ပါပဲ။ ဒါက နမူနာပေးတာပါ။ ကိုယ့်နည်းလမ်းအလိုက် ဖြစ်နိုင်တာတွေအတွက် ကြိုတင် ပြင်ဆင်ထားမှပဲ ဘေးကင်းစိတ်ချရမှု တိုးလာတာ ဖြစ်ပါတယ်။
_____________________________________________
၄။ အချိန်ယူပါ၊ အလောသုံးဆယ် ဘယ်တော့မှ မလုပ်ပါနဲ့။ အပေါ်က အချက်တွေ အားလုံး အိုခေတယ်ဆိုရင်တောင်မှ အချိန်ယူဖို့ လိုပါသေးတယ်။ ဒါက ကိုယ့်ဖာသာ သိပ်သေချာနေတယ်လို့ လူ့စိတ်က ထင်မြင်တတ်တဲ့ အလျင်စလို ပြုမိတဲ့ အမှားကို ရှောင်ရှားနိုင်အောင် ဖြစ်ပါတယ်။ တခါ တလေမှာ ကိုယ့်အဖော်ကလည်း မလုပ်ဖူးသေးတဲ့ အရာ တစ်ခုခုကို စူးစမ်းကြည့်ဖို့ တောင်းဆိုလာတာမျိုး ရှိနိုင်ပါတယ်။
ဒီလို အချိန်မျိုးမှာလည်း အချိန်ယူပါ တိုင်ပင်ဆွေးနွေးပါ၊ အပေါ်က အချက်တွေ အားလုံး သေချာပြီလားဆိုတာလည်း ပြန်သုံးသပ်ပါ၊ ကစားဖို့ သေချာပြင်ဆင်ပါ။ အချိန်ယူ မပြင်ဆင်ထားရင် ဗူးသီးအမွေးသပ်ဆိုတာလိုမျိုးပဲ ချိုမြိန်စွာ စားသုံးခွင့်မရခင်မှာပဲ ခြောက်ကပ် သေဆုံးသွားနိုင်ပါတယ်။ အရသာရှိရှိ ခံစားလိုပေမယ့် အချိန်သေချာ မယူ မပြင်ဆင်မိလို့ ခါးသီးသွားရင် ကစားနည်းကြောင့် ခင်ဗျားရဲ့ ခံစားလိုမှု မှားတာထက် ခင်ဗျား သေချာ အချိန်မယူခဲ့လို့သာ ပိုဖြစ်နိုင်ပါတယ်။ (ကစားဖော် ရွေးချယ်ခြင်းမှာလည်း ထိုနည်းလည်းကောင်း ပါပဲ)။
_____________________________________________
၅။ သိပ်အထူးအထွေ အချက်မဟုတ်ပေမယ် အများစု မလုပ်ကြတဲ့ အရာ ဖြစ်နေလို့ ထပ်ပြောပါမယ်။ SAFE WORD လုံခြုံရေး စကားလုံး ဖြစ်ပါတယ်။ ကစားနေကြ စုံတွဲတွေတောင် လိုအပ်ပါတယ်။ ကိုယ့်ရဲ့ လစ်မစ်ကို ရောက်ချိန် ကျော်လွန်သွားချိန်တွေမှာ သုံးဖို့ ဖြစ်ပါတယ်။ တခါတလေ ကိုယ့်ရဲ့ စိတ် ခန္ဓာကိုယ် အခြေအနေပေါ် မူတည်ပြီး လစ်မစ်ကလည်း ပြောင်းနေနိုင်သေးတာမို့ နှစ်ယောက်ကြားမှာ ကစားနေတာကို ချက်ချင်းရပ်တန့်လိုက်ဖို့ အချက်ပြ စကားလုံး လိုပါတယ်။
ဘာစကားလုံး ဖြစ်ဖြစ် ရပေမယ့် ဖြစ်နိုင်ရင် ကစားနေတာနဲ့ ဆိုင်တဲ့ စကားတွေ s*xual နဲ့ ဆိုင်တဲ့ စကားစုတွေကိုတော့ ရှောင်သင့်ပါတယ်။ ရောထွေးပြီး နားလည်မှု လွဲနိုင်ချေ များလို့ ဖြစ်ပါတယ်။
တခါတစ်လေ အချက်ပြတဲ့ သဘောတွေနဲ့ သုံးနိုင်တဲ့ နည်းလမ်းလည်း ရှိပါတယ်။ နည်းလမ်းတစ်ခုကို ပထမဆုံး အကြိမ် စတင် စမ်းသပ်ကြည့်တာ ဒါမှမဟုတ် မသေချာသေးတဲ့ လစ်မစ်ကို စမ်းကြည့်တဲ့အခါမျိုးမှာ မီးပွိုင့်သဘောတရားဟာလည်း အသုံးဝင်တတ်ပါတယ်။
စိမ်း ဝါ နီ ကို စကားလုံး နဲ့ပဲ ဖြစ်ဖြစ် ဒါမှမဟုတ် စကားပြောဖို့ အဆင်မပြေချိန်မျိုးမှာ အရောင်ကဒ်ပြားတွေနဲ့ပဲ ဖြစ်ဖြစ် အချင်းချင်းကြား အချက်ပြနိုင်ပါတယ်။ စိမ်းနေတယ်ဆိုသရွေ့ အိုခေပါတယ်၊ ဝါရင်တော့ နည်းနည်း အနေရခက် အခံရခက်ပြီး လစ်မစ်နား နီးပြီ၊ အနီဆို ဘာပဲ ဖြစ်ဖြစ် ရပ်လိုက်ပါ ဆိုတဲ့ သဘောမျိုးပေါ့။
_________________________________________
ခြုံပြောရရင်... အခြားခြားသော သတိထားစရာတွေ များလှပေမယ့် ဒီအပေါ် က အချက်တွေဟာ အသစ် တစ်ခုခုကို စမ်းချင်တာ၊ လစ်မစ်ကို မြှင့်ချင်တာတွေမှာ သိထားသင့်တယ့် ဘေးကင်းလုံခြုံရေး ဆိုင်ရာ အဓိက အချက်များလို့ ဆိုနိုင်ပါတယ်။ ပြီးတော့ ၁ ကနေ ၄ အထိဟာလည်း အပြန်အလှန် ဆက်စပ်နေတဲ့ အချက်တွေပါ။
အားလုံးပဲ ကိုယ့်အမှောင်ခြမ်းမှာ စိတ်ချလက်ချ ပျော်မွေ့ နိုင်ကြပါစေ။