01/06/2026
အရုပ်လေးတစ်ရုပ်ကို ကြည့်ရင်း ရေးလိုက်တဲ့စာက တန်ဖိုးရှိလိုက်တာ။
ချင်းမိုင် Maya Shopping Centre ရှေ့မှာ ဒီအရုပ်လေး ချထားတာကို တွေ့နေတာကြာပြီ။ ဒီနေ့မှပဲ ကျောက်တုံးပုံအခြေခံပေါ်မှာရေးထားတဲ့ ကဗျာလေးကို လဲ မြင်မိလိုက်လို့ အရမ်းစိတ်ဝင်စားပြီးဒီအရုပ်ကလေးရဲ့ အကြောင်းကို Google မှာသေချာလိုက်ရှာကြည့်လိုက်ပါတယ်။
ဒီရုပ်ကလေးကို “HIRONO” လို့ခေါ်ပါတယ်။
* ပုံထဲမှာ မြင်ရတဲ့အတိုင်း အောက်ကကျောက်တုံးပေါ်မှာလည်း HIRONO လို့ရေးထားပါတယ်
* ဒီဇိုင်နာ character (designer toy / art toy) တစ်မျိုးဖြစ်ပြီး
* တရုတ် artist ဖြစ်တဲ့ Lang (郎) က ဖန်တီးထားတဲ့ character ဖြစ်ပါတယ်
HIRONO ရဲ့သဘောတရားကတော့
* တစ်ခါတစ်ရံ မျက်နှာမပြုံးဘဲ တိတ်တိတ်ဆိတ်ဆိတ်နေတာ
* သဘာဝနဲ့ချိတ်ဆက်ထားသလို leaf (ရွက်) တွေနဲ့ဖန်တီးထားတဲ့ costume
* နည်းနည်း melancholic (အလွမ်းဆန်တဲ့ခံစားချက်) mood ပါတတ်ပါတယ်။
တဲ့ ….ဟုတ်ပြီ ဒီအရုပ်လေးအကြောင်းကို သိရပြီပေါ့။
အရုပ်လေးကိုကြည့် အောက်က ကဗျာ လေးကို ဖတ်ရင်း ကျွန်တော် ဆက်စပ် ခံစားမိတာလေးကို မျှဝေပါရစေ။
“တိတ်ဆိတ်နေတဲ့ အသံ”
မြို့တစ်မြို့ရဲ့ အလယ်ဗဟို။ လူတွေ သွားလာ လှုပ်ရှား
ရှုပ်ထွေးနေတဲ့ စျေးဝယ်စင်တာရှေ့မှာ ရပ်နေတဲ့ အရုပ်ကလေးတစ်ရုပ်ကို စိုက်ကြည့်လိုက်ရင် အဲဒီနေရာက အသံတွေအားလုံး ရုတ်ချည်း ပျောက်ကွယ်သွားသလို ခံစားရတယ်။
သူက စကားမပြောဘူး။
ဘယ်တော့မှလည်း မလှုပ်ရှားဘူး။
ဒါပေမဲ့… ကြည့်ရတာ သူဟာ တစ်ခုခုကို အော်ပြောနေသလိုမျိုး ရင်ထဲမှာ ခံစားရတယ်။
သစ်ရွက်တွေနဲ့ ဖုံးလွှမ်းထားတဲ့ သူ့ရဲ့ ခန္ဓာကိုယ်က
လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် အကာအကွယ်အလွှာတွေ ဘယ်လောက်အထိ ထပ်ဆင့် တင်ထားရမလဲဆိုတာကို သက်သေပြနေသလိုပါပဲ။
တစ်ခါတစ်ရံမှာ ….
ကျွန်တော်တို့ဟာ လောကကြီးကို ကြောက်နေကြတာ မဟုတ်ပါဘူး။ ကိုယ့်အတွင်းစိတ်ကိုပဲ ပြန်ကြောက်နေကြတာ ဖြစ်နိုင်တယ်။
အဲဒါကြောင့်ပဲ…
ခံစားချက်တွေကို အလွှာအထပ်ထပ်အောက်မှာ ဖုံးကွယ်ပြီး၊
တိတ်တိတ်ဆိတ်ဆိတ်လေး ရှင်သန်နေကြရတယ်။
သူ့ခေါင်းပေါ်က ခေါင်းလောင်းလေးကလဲ အခုထိ မမြည်သေးဘူး။
ဒါပေမဲ့ …မမြည်သေးတဲ့ အသံတစ်သံလိုမျိုးပဲ၊
ကျွန်တော်ရဲ့ အတွင်းစိတ်ထဲမှာ တစ်ခုခုကို တိုးတိုးလေး နှိုးဆော်နေတယ်။
“သတိရှိနေပါ” “မေ့လျော့မနေပါနဲ့” တဲ့။
လူ့ဘဝမှာ အသံကျယ်ကျယ်နဲ့ ကြားရတဲ့ အရာတွေထက်၊ တိတ်ဆိတ်ခြင်းထဲကနေ တိုးတိုးလေး ပြောနေတဲ့ အရာတွေက ပိုပြီး အရေးကြီးတတ်စမြဲပါ။
ကျောက်တုံးပေါ်မှာ ထွင်းထုထားတဲ့ စာသားတွေလိုပဲ…
လူ့အတွင်းစိတ်ဟာ လွမ်းမောခြင်းနဲ့ အထီးကျန်မှုကို မမြင်ရတဲ့ ကြိုးတစ်ချောင်းလို ခိုင်ခိုင်မာမာ ချည်နှောင်ထားတတ်ကြတယ်။
လူတွေအများကြီးကြားထဲမှာ ရှိနေချိန်မှာတောင်
အထီးကျန်စွာ တစ်ယောက်တည်း ဖြစ်နေတတ်တဲ့ အခိုက်အတန့်တွေ ရှိပါတယ်။
အဲဒီလို အချိန်မျိုးမှာ..
ကျွန်တော်တို့ဟာ ကိုယ့်စိတ်ကူးထဲမှာတင် သီးခြားကမ္ဘာငယ်တစ်ခုကို တည်ဆောက်ပြီး ခိုအောင်းနေမိကြတယ်။
ဒါပေမယ့် လေပြေတစ်ချက် ဝှေ့တိုက်လာတဲ့ အချိန်မျိုးလို၊ မထင်မှတ်ထားတဲ့ အခိုက်အတန့် အချိန်တွေမှာ အဲဒီချည်နှောင်မှုတွေဟာ အလိုအလျောက် ပြေလျော့သွားတတ်ပါတယ်။
ကိုယ်က မဖြည်ချင်ရင်တောင် ဘဝက ဖြည်ချသွားတတ်တယ်။
ကိုယ်က မလွှတ်ချင်ရင်တောင် အခြေအနေက လွှတ်ချခိုင်းလိုက်တတ်တယ်။
မိုးတိမ်တိုက်တွေထဲကို လျောဝင်သွားသလိုမျိုး
နူးညံ့အေးချမ်းတဲ့ အရာတစ်ခုခုထဲမှာ ကိုယ့်ကိုယ်ကိုယ် ပုံအပ်ပြီး လွှတ်ပေးလိုက်တဲ့အခါ….
ကျွန်တော်တို့ သိရှိနားလည်လာတာက
ဘဝရဲ့ အရာအားလုံးကို အတင်းအကျပ် ထိန်းချုပ်ထားဖို့ မလိုဘူးဆိုတာပါပဲ။ တစ်ခါတစ်ရံမှာတော့ သဘာဝအတိုင်း လွတ်လပ်စွာ စီးဆင်းသွားခွင့် ပေးလိုက်တာက အကောင်းဆုံး အဖြေဖြစ်တတ်ပါတယ်။
ညကောင်းကင်က ကြယ်ပွင့်တွေလိုပါပဲ….
မမြင်ရသေးတဲ့ အနာဂတ်တွေဟာ ကျွန်တော်တို့ရဲ့ အတွင်းစိတ်ထဲမှာ မျိုးစေ့လေးတွေအဖြစ် တည်ရှိနေပြီးသားပါ။
အရာအားလုံးဟာ ပွင့်လန်းလာဖို့အတွက် ကိုယ်စီ အချိန်အခါကို ဆိတ်ဆိတ်လေး စောင့်ဆိုင်းနေကြတာ ဖြစ်ပါတယ်။
အဆုံးသတ်မှာ လူတစ်ယောက်ဟာ သူထင်ထားသလိုမျိုး လောကကြီးနဲ့ သီးခြားစီ ကွဲထွက်နေတာ မဟုတ်ပါဘူး။
သူဟာ သဘာဝတရားကြီးနဲ့ ချိတ်ဆက်ထားတယ်၊
အတိတ်သမိုင်းတွေနဲ့ ချိတ်ဆက်ထားတယ်၊
ပြီးတော့… လောကကြီးတစ်ခုလုံးနဲ့ အစဉ်အမြဲ ချိတ်ဆက်နေပါတယ်။တစ်ချောင်းတည်းမဟုတ်တဲ့ အပြန်အလှန် ချိတ်ဆက်မှု ကြိုးမျှင်တွေကြားထဲမှာ သူ့ရဲ့ ဘဝဟာ အေးချမ်းစွာ စီးဆင်းနေတယ်။
HIRONO ရုပ်ကလေးက ဘာစကားမှ မပြောပါဘူး။
ဒါပေမဲ့….
သူ့ရဲ့ နက်ရှိုင်းလှတဲ့ တိတ်ဆိတ်ခြင်းထဲကနေ ကျွန်တော်တို့ဆီကို မေးခွန်းတစ်ခု တိုးတိုးလေး ပစ်လွှတ်နေတယ်။
“မင်းဟာ ကိုယ့်အတွင်းစိတ်ရဲ့ အသံကို တကယ်ကော နားထောင်ဖူးပြီလား?” တဲ့။