02/12/2025
ကန့်ဘလူမြို့နယ် စံပါယ်နံ့သာဂိတ်မှ တန့်ဆည်နယ်ပြည်သူ ၁၁ ဦးအားဖမ်းဆီး၊၄ဦးသ-တ်ဖြ-တ်ခံရကာ ၂ ဦးထွက်ပြေးလွတ်မြောက်
ဒီဇင်ဘာ ၁၊၂၀၂၅။
နိုဝင်ဘာလ ၂၆ ရက်နေ့မနက် ၈ နာရီခန့်တွင် ကန့်ဘလူမြို့နယ် စံပါယ်နံ့သာဂိတ်၌ ဖားကန့်-တန့်ဆည်ပြေးဆွဲသည့် Pajero ခဲပြာကားတစ်စီးပေါ်မှ ကားသမားအပါအဝင် ပြည်သူ ၁၁ ဦးလုံး ပေါ်တာဆွဲဖမ်းဆီးခံရကာ ၄ ဦးမှာညှင်းပမ်းနှိ-ပ်စက်သ-တ်ဖြ-တ်ခံရပြီး ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။
ဖမ်းဆီးခံရသည့် ပြည်သူ(၁၁) ဦးလုံးသည် တန့်ဆည်နယ်သားများဖြစ်ကြပြီး အမျိုးသား(၉) ယောက်နှင့် အမျိုးသမီးမြေးအဖွားနှစ်ယောက်တို့ပါဝင်ကြောင်းသိရသည်။ ချောင်းဆုံ(တ)ရွာမှ အသက် (၂၁/၂၆/၃၅/၃၇) အရွယ်အမျိုးသား ၄ ယောက် ၊အသက် ၄၉ နှစ်နှင့် သုံးနှစ်အရွယ် အမျိုးသမီးမြေးအဖွားနှစ်ယောက်၊ဒီပဲယင်းမှ အသက်၆၀ ကျော်အမျိုးသားနှစ်ယောက်၊အရာတော်မှ အသက်၂၂ နှစ်အရွယ်Teaဆရာတစ်ယောက် နှင့် နဘတ်ကြီးမှ ဂေါက်ရောဂါခံစားနေရသည့် အမျိုးသားတစ်ယောက်တို့ ဖြစ်ကြသည်။
၎င်းတို့သည် နိုဝင်ဘာ ၂၄ ရက်နေ့ မနက် ၁၀ နာရီခန့်တွင် ဖားကန့်မှ Pajero ကားဖြင့် လိုက်ပါလာကာ လမ်းတွင် နှစ်ညအိပ်ခဲ့ရပြီး ၂၆ ရက်နေ့မနက် ၈ နာရီတွင် ကန့်ဘလူမြို့နယ်၊စံပါယ်နံ့သာ စစ်ကောင်စီအထိုင်ဂိတ်၌ ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။"ကျွန်တော်က သတင်းတွေ ကြားတယ် အဲ့လမ်းကြောမမောင်းဖို့ ပြောတယ် ကားဆရာကလဲ ကျွန်တော်တို့ရွာကပဲ၊လွှဲဆိပ်ဘက်က ဂိတ်တစ်ခုကလဲ လူငယ်တွေပါရင် ကွင်းလမ်းကမောင်းဖို့သတိပေးသေးတယ်။ကားဆရာကိုက မောင်းနေကြရတယ်ဆိုပြီးပြောတာ၊ဂိတ်ရောက်တော့ တန့်ဆည်သားတွေမို့အကုန်ဆင်းဆိုပြီးဖမ်းတာ၊မင်းတို့တန့်ဆည်နယ်က PDFတွေချည်းပဲဆိုပြီး လက်ပြန်ကြိုးတုပ်ပြီး ရိုက်တာနှိပ်ဆက်တာ၊ဝါးရင်းတုတ်အစိုတွေနဲ့ရိုက်တာ၊ခြေထောက်တွေနဲ့လဲကန်တယ်ထမင်းလဲမကျွေးဘူး ရေလဲမတိုက်ဘူး၊ဟိုအန်တိီတို့ မြေးအဖွားတော့ ဘာမှမလုပ်ဘဲ တနေရာခွဲထားတယ်။၂၆ ရက်နေ့ဖမ်းခံရတဲ့ ညနေမှာပဲ ချောင်းဆုံရွာက ကားဆရာကိုမင်းထိုက်နဲ့ နေထက်မိုးကို ဖမ်းထားတဲ့ ဂိတ်ကြီးကနေ တောင်ဘက်တန်ပိုဂိတ်ကို ခေါ်သွားတယ်။ပြန်လာတော့ နေထက်မိုးပဲပါတယ် ကားဆရာကိုမင်းထိုက် ပြန်ပါမလာတော့ဘူး၊ပြန်လာတဲ့သူမေးကြည့်တော့ ပ-စ်သ-တ်လိုက်ပြီတဲ့။နောက်ရက်တွေလဲ ကျွန်တော်တို့ကို ကွင်းပြင်ကြီးမှာတနေကုန်ဒူးထောက်ခိုင်းတယ်၊ယိုင်လဲတာနဲ့ ရိုက်တယ်ကန်တယ်၊ထမင်းလဲမကျွေးရေလဲမတိုက်ဘူး။၂၉ ရက်နေ့မနက်မှာ ကျွန်တော်တို့ ချောင်းဆုံ(တ)ရွာက ၃ယောက်၊ဒီပဲယင်းကတစ်ယောက်နဲ့ ဘေရင်းရွာသစ်ကတစ်ယောက် စုစုပေါင်း ၅ ယောက်ကို တန်ပိုဂိတ်ကို ကားနဲ့ထပ်ခေါ်တာ ကားရပ်ထားတဲ့အချိန် ကားထဲမှာ ဓားတွေ့လို့ ခြေထောက်နဲ့ညှပ်ပြီး တစ်လှည့်စီကြိုးဖြတ်ပေးပြီး ထွက်ပြေးလာကြတာ၊ကျွန်တော့်ရွာက နှစ်ယောက်ကို ကျွန်တော့်နောက်မှီအောင်လိုက်ပြေးပြောတာ သူတို့ကမပြေးတတ်ဘဲ ပြန်မိသွားတာ ပထမတခေါက်မသ-တ်ခံရတဲ့ဝေယံမိုးလဲ ပြန်မိပြီးသ-တ်ခံရတယ်။ဒီပဲယင်းကဦးလေးက အသက်၆၀ ကျော်တော့ မပြေးနိုင်ဘူးလေ ပြန်မိတာပဲ။ကျွန်တော့်ရွာသားနောက်တစ်ယောက်လဲ မလွတ်ဘူးပြန်မိတယ်ဆိုတော့ အကုန်သ-တ်ခံရတာပဲ။ကျွန်တော်ဆို မသွားတတ်လို့ သူတို့ဂိတ်နားပတ်ချာလှည့်နေခဲ့တာ သူတို့ ကတုတ်ကျင်းထဲတောင် တညအိပ်ခဲ့ပြီး လင်းခါနီးမှ ထွက်ခဲ့တာ၊လမ်းမပေါ်ရောက်လို့ ကားတွေတားအကူညီတောင်းတာ ဘယ်ကားမှအကူညီမပေးကြဘူးဗျ။အဲ့ဒါတော့ တကယ်စိတ်မကောင်းဖြစ်ခဲ့ရတယ်" ဟု ထွက်ပြေးလွတ်မြောက်လာသည့် အသက် ၂၁ နှစ်အရွယ်အမျိုးသားမှ ပြောပြသည်။
၎င်းနည်းတူထွက်ပြေးလွတ်မြောက်လာသည့် အမျိုးသားမှလဲ "ကျွန်တော်ဖားကန့်နေတာ ကြာလှပြီ၊မပြန်ရတာကြာလို့ပြန်လာတာ၊ဖမ်းခံရတော့ တအားအံ့သြတာ ကိုယ်တိုင်ကြုံရမှ မယုံချင်လောက်အောင်ဖြစ်မိတာ၊ကျွန်တော်ဆို အတူတူနှိပ်စက်ခံကြရတဲ့ထဲမှာ နံရိုးတစ်ဖက်အထိမခံနိုင်ဘူး၊နားရွက်တွေဓားနဲ့လှ-ီးခံရတယ်ဗျာ၊ခြေလက်တွေရိုက်ခံရတာလဲ ရက်ရက်စက်စက်ပဲ၊မပြေးနိုင်ဘဲ ပြန်မိတာလဲ မပြောနဲ့ နှိပ်စက်ခံထားရတဲ့ ဒဏ်ကတအားခံရတာဗျာ။ကျွန်တော်တို့ ထွက်ပြေးတဲ့ မနက်က သေနတ်တွေနဲ့အကုန်လိုက်ပစ်တာ အပေါ်မှာ Droneတွေပါဝဲပြီးရှာတော့ ပြည်သူလေ ဘာအတွေ့အကြုံမှမရှိ၊ကြောက်အားလန့်အားနဲ့ပုန်းရမှန်းမသိ ပြေးပဲပြေးနေတော့ မိတာပေါ့ဗျာ။တစ်ယောက်တော့ မိလို့ ပ-စ်သ-တ်တယ်ဆိုတာ ကြားလိုက်ရတယ်၊ဘယ်သူဘယ်ဝါဆိုတာ ကျွန်တော်တို့လဲ မသိဘူး၊ကိုယ့်အသက်ဘေးလွတ်ဖို့ပဲ အကြံထုတ်နေရတာကိုး။ရက်ရက်စက်စက်ဗျာ လူများ ဟုတ်ရဲ့လား တွေးမိတယ်။တချို့က ဗမာစကားတောင် ကောင်းကောင်းမပေါက်ဘူးလျှာလေးကြီးတွေနဲ့ ပြောတဲ့လူတွေလဲပါတယ်။ကွင်းပြင်ကြီးထဲ ဒူးထောက်ခိုင်းပြီး အိပ်တော့လဲ အဲ့ကွင်းပြင်တင်ဘာမှမပါဘဲ အိပ်ရတာ သူတို့မူးလာရင် တလှည့်စီကလာရိုက်သေးတာ၊ဒီလောက်ချမ်းတာကို ညရော မနက်ရော ရေတစ်ယောက်တစ်ခွက်က လောင်းခံရသေးတာ သေကံမပါသေးလို့ လွတ်လာတာပါ၊တဲတစ်တဲရောက်တော့ ထမင်းတောင်းစားတာ ဖိုးသမားလို့ ထင်ခံရသေးတယ်ဗျ။အကျိုးအကြောင်းပြောပြမှ ချိတ်ဆက်ပေးကြတာ။ဒီဘက်တော်လှန်ရေးအဖွဲ့ဆီရောက်မှ ထမင်းကျွေးကြ ဆေးကုသမှုပေးကြတာ အခုလိုကူညီပေးကြလို့လဲ တပ်ရင်းတပ်ဖွဲ့တွေကို ကျေးဇူးတင်ပါတယ်။ဒီလမ်းကြောသုံးပြီး ခရီးသွားကြမယ့် ခရီးသွားပြည်သူနဲ့ ကားသမားတွေအနေနဲ့ စစ်ကောင်စီဂိတ်တွေက ဘာမှမလုပ်ပါဘူးလို့ ပေါ့ပေါ့တွေးပြီး ဖြတ်သန်းမသွားလာကြဖို့ပြောချင်ပါတယ်။အသက်အပိုမပါကြပါဘူးဗျာ၊ကျွန်တော်တို့က ကိုယ်တွေ့တွေပါ။ဒီလိုနေရာတွေမှာထွက်ပြေးပြီး ဒုက္ခရောက်နေတာတွေ့ရင်လဲ အဖွဲ့အစည်းနဲ့ ချိတ်ဆက်လို့ရအောင် ကူညီပေးကြပါလို့ မေတ္တာရပ်ခံပါတယ်" ဟု ထွက်ပြေးလွတ်မြောက်လာသည့် အသက်၄၂ နှစ်အရွယ် အစ်ကိုမှလဲပြောပြခဲ့သည်။
ကျွန်တော်တို့အနေနဲ့ ကွင်းလမ်းသွားစေချင်လို့ ဒီလိုရေးနေတယ်လို့အတွေးတိမ်တဲ့သူတွေ ပြောလာတာရှိနိုင်တာမို့ ကြိုတော့ပြောထားပါရစေဗျ။စကစစစ်ကြောင်းထိုးလမ်းသိမ်းလို့ ဒီတခါပျော်ရတာလို့ ပြောခဲ့တဲ့မိဘပြည်သူကားဆရာများ သဘောကျကြိုက်နှစ်သက်ရင် ဗျူဟာလမ်းကြောအတိုင်းမောင်းပါ၊ခရီးသယ်တွေရဲ့အသက်တော့ အလေးထားပေါ့ဗျာ။အသက်အန္တရာယ်စိုးရိမ်လို့ ပေါ်တာဆွဲခံရမှာ ကြောက်ရင်တော့ ကွင်းလမ်းကမောင်းကြပါဗျ။သို့ဖြစ်ပါ၍ ကန့်ဘလူမြို့နယ်အတွင်းရှိ ဗျူဟာလမ်းကြောအား အသုံးပြုသွားလာနေကြသည့် မိဘပြည်သူခရီးသွားများအနေဖြင့် မမေးမြန်းဘဲ သွားလာခြင်းမပြုကြရန်နှင့် လူငယ်လူရွယ်လူလတ်ပိုင်းများအရေးကြီးသွားလာဖို့ လိုအပ်ပါက ကွင်းလမ်းကြောမှတဆင့် စုံစမ်းမေးမြန်း၍ သွားလာကြပါရန် အထူးသတိပေးအပ်ပါတယ်ခင်ဗျ။
ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်
Video #၃၀-၁၁-၂၀၂၅ စံပါယ်နံ့သာဂိတ်မှ ထွက်ပြေးလွတ်မြောက်လာသည့် အမျိုးသားနှစ်ဦး၏ မှတ်တမ်း