18/09/2023
အပိုင်း(၁)
၁၉၄၉ ခု၊ အောက်တိုဘာလလောက်ကဖြစ်ပေသည်။ ထိုအချိန်ကာလသည်ကား မြန်မာပြည်အလယ်ပိုင်းတွင် ရောင်စုံသူပုန်များ အာဏာလွှမ်းမိုးနေဆဲ ကာလဖြစ်၍ ပြည်၊ အာလံ(အောင်လံ)၊ တောင်တွင်း၊ မကွေး၊ နတ်မောက်၊ မြို့သစ် စသည်တို့မှာ လွတ်မြောက်သောနည်မြေဟု သတ်မှတ်ထားသော ဒေသများ ဖြစ်ကြပေသည်။
ရောင်စုံတပ်ပေါင်းစုတို့ သိမ်းပိုက်လိုက်သောနယ်တိုင်းတွင် ၎င်းတို့နှင့်အခန့်မသင်သော အရာရှိများ၊ နိုင်ငံရေးသမားများ၊ စီးပွားရေးသမားများ၊ အစိုးရအမှုထမ်းများကို ဖမ်းဆီး၍ ‘လုံခြုံရေးစခန်း’ ဟု သာယာနာပျော်ဖွယ် ကင်ပွန်းတပ်ထားသော အကျဉ်းထောင်သို့ ပို့ထားကြသည်မှာ အဆန်းမဟုတ်တော့ချေ။ ထို့ကဲ့သို့သော ရောင်စုံသူပုန်တို့၏ အကျဉ်းသားများတွင် နိုင်ငံရေးသမားများ၊ ခရိုင်ရဲဝန်၊ ခရိုင်ဝန်၊ ရဲဝန်ထောက်များမှစ၍ ကျောင်းစရာများ၊ မင်းစေများထိအောင်ပါဝင်ပေသည်။
ရောင်စုံတို့၏အကျဉ်းသားများဖြစ်သည်အတိုင်း လူစုံလည်း ပါဝင်သည်။ ပုတီးတကိုင်ကိုင်နှင့် အမြဲတမ်း ဘုရားကို ဝတ်ပြုနေသောသူများ၊ ထောင်ကြပ်များနှင်းပင်း၍ သွင်းလားသော အရက်ကို နေ့ရောညပါသောက်နေသူများ၊ စာပေကိုချည်း လေ့လာနေသောသူများ၊ ဖဲဝိုင်းကက်ဝိုင်းနှင့် တစ်နေ့တာ အချိန်ကုန်လွန်စေသူများ၊ မာ့က်စ်၏ ရုပ်ဝါဒကို အကြွင်းမဲ့ လက်ခံ၍ ဂေါတမကိုပင် ဝေဖန်သူများ၊ ဗေဒင်နှင့် ရတနာဒီပံအင်းကို လေ့လာကျင့်သုံးနေသူများဖြင့် စုံနေပါတော့သည်။
ကျွန်တော်တို့ သရက်ထောင်တွင် အကျဉ်းသားပေါင်း ၁၀၀ ခန့် ရှိပါသည်။ ဤအကျဉ်းသားများကို ပထမစ၍ ဖမ်းဆီးခြင်းခံရစဉ်က မကွေးထောင်ကြီးတွင် ထားပါသည်။ အစိုးရတပ်များက ရေနံချောင်းကို သိမ်း၍ မကွေးကို ထိုးစစ်ဆင်တော့မည့်အသွင် ရှိလာသောအခါတွင် ကျွန်တော်တို့ကို တောင်တွင်းထောင်သို့ ပို့လိုက်ပါသည်။ တောင်တွင်းထောင်တွင် တစ်လခန့်မျှကြာသော် ‘ပြည်’ ထောင်သို့ ပို့ပြန်လေသည်။
“ပြည်” ထောင်ကြီးတွင်အထက်ဗမာပြည်မှအကျဉ်းသားအောက်ဗမာပြည် သာယာဝတီတစ်ရိုးမှ အကျဉ်းသားစုစုပေါင်း ၅၀၀ ခန့် ရှိလိမ့်မည် ထင်ပါသည်။ အတိအကျမသိတော့ပါ။ အားလုံးပြည်ထောင်တွင်စုနေကြရသဖြင့် “ဒို့မှ ပြည်ထောင်စု အစစ်ကွ” ဟူ၍အကျဉ်းသားများ ရယ်မောပြောဆိုလေ့ပင်ရှိကြပါသည်။
ပြည်ထောင်တွင် တစ်လခန့်နေပြီးနောက် သရက်ထောင်သို့ လူ၁၀၀ ကျော်ခန့် ခွဲပို့သည်တွင် ကျွန်တော်တို့လည်း သရက်ထောင်သို့ ပါလားပါတော့သည်။
ထိုစဉ်က သရက်ထောင်ပိုင်ကြီးမှာ “အေ-ကရစ်ရှနား” ဖြစ်၍ ထောင်ကြပ်များမှာ ဦးထွန်းဝင်း၊ ဦးမောင်ကြီး စသောသူများဖြစ်ပါသည်။ အစိုးရအမှုထမ်း ထောင်အလုပ်သမားများကိုပင် သူ့တာဝန်နှင့်သူ ဆက်လက်၍ခန့်ထားစေခိုင်းကြပါသည်။ ထောင်အတွင်း၌ ထောင်အမှုထမ်းများကို ခန့်ထား ထမ်းဆောင်စေသော်လည်း ထောင်ဘူးဝကြီးနှင့် မျှော်စင်များပေါ်တွင်ကား ရဲဘော်များကို သေနတ်ကိုယ်စီ နှင့် စောင့်စေပါသည်။ ထောင်အမှုထမ်းများကိုလည်း တကယ်တမ်း ယုံကြည်မှုရှိဟန်မတူပါ။
ကျွန်တော်တို့ အကျဉ်းသားများကို တစ်နေ့လျှင် တစ်ကျပ်တစ်ပဲကျစီ ပေးပါသည်။ အကျဉ်းသားများမှာ မိမိတို့ခင်မင်သူအချင်းချင်းစု၍ ချက်ပြုတ်စားရသည်၊ တစ်စုလျှင် ၁၀ ယောက်မှ ၁၇ ယောက်အထိ ရှိကြသည်၊ ရောင်စုံတို့ကပေးသော တစ်ကျပ်တစ်ပဲတါင် တစ်ပဲမှ ထင်းဖိုးက ၂ပြား၊ မိလ္လာသိမ်းသော လူကြီးအတွက်က ၂ ပြားပေးရသောကြောင့် တစ်ကျပ်စီသာ ရကြသည်။ ထိုငွေ တစ်ကျပ်စီကိုစု၍ ကိုယ့်အိုးစားနှင့် ကိုယ်ကြိုက်နှစ်သက်ရာ ဟင်းများကို ချက်စားကြသည်။
နံနက်လင်းလျှင် ဈေးဝယ်ပေးရသော ထောင်ကြပ်ရောက်လာတော့သည်။ အိုးစားသူကြီးများက စာရင်းကိုယ်စီနှင့် ဟင်းလျားများမှာကြရသည်။ ၉ နာရီခန့်တွင် ဈေးဝယ်ထောင်ကြပ် ပြန်ရောက်လာလျှင် ကိုယ့်ပစ္စည်းကို စရင်းနှင့် တကွ ယူကြရသည်။ ထမင်းတာဝန်ခံများက ချက်ပြုတ်ပြီးနောက် ၁၀ နာရီခွဲ၊ ၁၁နာရီခန့်တွင် ထမင်းစားကြရသည်။ ညစာအတွက်မူကား နံနက်ဟင်းလျာမှာစဉ်ကပင် ပို၍မှာလိုက်ပြီးဖြစ်သောကြောင့် ၄ နာရီခန့်တွင် ချက်ကြ၍ ၅ နာရီခန့်တွင် ထမင်းစားကြသည်။ စားသောက်၍ ခဏတစ်ဖြုတ်လမ်းလျှောက်ကြ၊ စကားပြောကြနှင့်နေကြပြီး ၆ နာရီထိုးလျှင်အိပ်ထောင်ပိတ်သည်။ အိပ်ထောင်ဆိုသည်မှာ သံတိုင်စိုက် တံခါးပေါက်ကြီးများနှင့် တိုက်တန်းလျားကြီးများပင်ဖြစ်ပါသည်။ အိပ်ထောင်ပိတ်ချိန် ၆ နာရီတွင် သော့လာခတ်ပြီး နံနက် ၆ နာရီထိုးမှ ဖွင့်ပေးသည်။
အိုးစားတစ်ဖွဲ့လျှင် ၁၀ယောက်မှ ၁၇ ယောက်အထိဖွဲ့ကြကြောင်း ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ထိုအဖွဲ့များတွင် ကိုယ်အဖွဲ့နှင့်ကိုယ် သောက်ရေ၊သုံးရေတာဝန်ခံများ၊ သန့်ရှင်းရေးတာဝန်ခံများ၊ ပန်းကန်ဆေးဘုတ်အဖွဲ့၊ ထမင်းချက်ပါတီ စသည်ဖြင့် တာဝန်ခွဲကြရပါသေးသည်။ ကျွန်တော်တို့အဖွဲ့မှာ တောင်တွင်း၊နတ်မောက်၊မင်းဘူးမှ နိုင်ငံရေးသမားများချည်းဖြစ်ကြသည့်ပြင် လူပေါင်း ၁၇ယောက်ရှိလျက် လူအများဆုံးဖြစ်သည်။
ဗိုလ်တိုက်မောင်း (ယခု လယ်ဝေး ပျဉ်းမနားတင် နိုင်ငံရေးလုပ်နေသည်။) ဗိုလ်အောင်ကြည် (စစ်ဝန်ထမ်းတပ်ခွဲမှုးအဖြစ်နှင့် တိုက်ကြီးအနီးတွင်ကျဆုံးသွားသူ) နှင့် ကျွန်တော်တို့သုံးယောက်မှာ ကျွန်တော်တို့အိုးစားအဖွဲ့၏ တာဝန်ခံများဖြစ်သည်။ သောက်ရေ၊သုံးရေ၊ချိုးရေ အားလုံးကို တာဝန်ခံကြရသည်။
ရေကို ရေတွင်းအနီးရှိ အုတ်ကန်တွင် အပြည်ထည့်ပေးရသည်။ ရေတွင်းမှာ ၁၈တောင်ခန့်နက်၍ သုံးယောက်သား တစ်နာရီခန့် ချွေးတစ်လုံးလုံးနှင့် ငင်ကြရပါသည်။ ထိုရေကိစ္စပြီးလျှင်ကား ကျွန်တော်တို့အတွက် ဘာအလုပ်မျှမရှိတော့ပြီ။ ထမင်းကိုခူးပြီး အသင့်လက်လျှိုစားရုံသာဖြစ်၍ စားပြီးလျှင် အသာထသွားရုံမျှသာဖြစ်သည်။ ပန်းကန်ဆေးတာဝန်ခံများက လိုက်သိမ်းသွားသည်။
မင်းဘူး သခင်ဖိုးဘ (ဖဆပလ)၊ ဘကြီးသစ် (ပမညတ) တို့တစ်တွေမှာ ထိုစဉ်က ထမင်းချက်ပါတီဖြစ်သည်။ သခင်ဖိုးဘမှာ ရင်းနှီးဖော်ရွှေစွာ နေတတ်သည့်အပြင် ပြောမနာဆိုမနာ ပေါင်းတတ်သူဖြစ်၍ လူတိုင်းကခင်မင်ကြသည်။ ထမင်းစား၍မကောင်းကြလျှင် အခြားအကျဉ်းသားများက ‘ဟေ့ဘွိုင်၊ မင်း ဒီနေ့ချက်တာဘာဖြစ်တယ် ညာဖြစ်တယ်’ စသည်အားဖြင့် နောက်ပြောင်အော်ငေါက်လေ့ ရှိပါသည်။
ထောင်တွင်းသို့ ရောက်လာကြသောသူများ ၇ လကြာမျှ အတူတူနေထိုင်ခဲ့ကြပြီးဖြစ်၍ တစ်ယောက်နှင်းတစ်ယောက် အလွန်ရင်းနှီးကြပါသည်။ နိုင်ငံရေးခေါင်းဆောင်များ အရာရှိများမှာလည်းနိုင်ငံရေးမာန၊အရာရှိစိတ်ဓါတ်များပျောက်လျက်တစ်ခါတစ်ရံကလေးငယ်များသဖွယ် ပျော်ရွှင်မြူးတူးကြပါသည်။ ထောင်မှူး၏ နွားကြီး ၂ ကောင်မှာ ထောင်ထဲတွင် လွှတ်ထားလေ့ရှိပါသည်။
တစ်ကောင်မှာအလွန်သဘောကောင်း၍အစီးခံသည်။ တစ်နေ့တွင်နတ်မောက်မှစစ်ဝန်ထမ်းတပ်သားပေါ်လာကြီး (ယခုကားစစ်ထဲတွင်ပင်ရှိမည်ထင်ပါသည်။)ကိုနွားပေါ်တင်ပေးကြပြီးနောက်တစ်ထောင်လုံးရှင်ပြုအလှူဝတ်လှည့်ကြသည်မှာ ယခုတိုင်တွေးမိတိုင်း ပြုံးမိပါသေးသည်။
နွားပေါ်မှ ရှင်လောင်းပေါ်လာကြီး၊ နွားရှေ့မှအလှူဝတ်လှည့်လိုက်ပါလာသူ ၂၀ခန့်တန်းစီလျက်။ နွားနောက်မှ ယခု နတ်မောက်အမတ် ဦးဘဆိုင်က ရှင်လောင်းအဖေအဖြစ် (ရှင်လောက်အမေကိုမမှတ်မိတော့ပါ) အသီးသီးပါဝင်ကြရသည်။ နောက်ဆုံးမှဒိုးပတ်ဝိုင်းမှာ လူအတောင့်ဆုံးဖြစ်သည်။ ဒိုးပတ်ဝိုင်းခေါင်းဆောင်မှာ ဗိုလ်တိုင်းမောင်ဖြစ်၍ တီးလိုက်ရသည်မှာ ပါးစပ်မှအမြှုပ်ထွက်မခမ်းဖြစ်သည်။ ကျွန်တော်က သီချင်းဆို သံချပ်တိုင်ရသည်။ သီချင်းမရသူများက ဟေး-ဟေး နှင့် ဝါး၍ လိုက်ကြရသည်။ပါးစပ်ဒိူးပတ်ပင်ဖြစ်သော်လည်း အလွန်မြိုင်သည်။ ရှင်လောင်းပေါ်လာကြီးကလည်း နွားပေါ်၌ခါးတောင်းကျိုက်လျက်ထိုင်နေသည်မှာအမြိန့်သား။
ဤသို့ဖြင့်စိတ်ညစ်စရာ၊ပျော်စရာ၊ဝမ်းနည်းစရာ၊ဝမ်းသာစရာမျိုးစုံနေပါသည်။ တစ်ခါတစ်ခါ ဖမ်းထားသူများအနက် အချို့ကိုထုတ်၍ သေနတ်နှင့်ပစ်သတ်တတ်သည်လည်းရှိသေးသောကြောင့် နိုင်ငံရေးပြစ်ချက်အကင်းသူများမှာတထိတ်ထိတ်နေကြရပါသည်။ စိတ်ဓါတ်တက်ကြွသောလူငယ်ပိုင်းကမှုကား နေ့စဉ်နှင့်အမျှထောင်ဖောက်ပြေးရန်အခွင့်အရေးကိုသာကြည့်ရှုနေတတ်ကြပါသည်။ ထိုကဲ့သို့လူငယ်များတွင် ကျွန်တော်တစ်ယောက်အပါအဝင်ဖြစ်သည်။ ဗိုလ်တိုင်းမောင်၊ ဗိုလ်အော်ကြည် နှင့် ကျွန်တော်တို့ ၃ ယောက်မှာ အတွဲမိဆုံးဖြစ်၍ နေရသည်မှာလည်း တစ်အိုးစားတည်း တစ်အိပ်ထောင်တည်းဖြစ်ပါသည်။
ယခုအဖြစ်အပျက်တွင် ဗိုလ်တိုင်းမောင် နှင့် ဗိုလ်အောင်ကြည့်တို့မှာ အရေးအကြီးဆုံးသူများဖြစ်၍ ၎င်းတို့အား ဖော်ပြလိုပါသည်။ ဗိုလ်အောင်ကြည်မှာ နတ်မောက်နယ် အိုင်ပေါက်ကုန် ဇာတိဖြစ်၍ လူလားမြောက်စကပင် စစ်ထဲရောက်လာသူဖြစ်သည်။ ထိုစဉ်က အသက် ၂၄ နှစ်ခန့်ရှိနေပြီး၊ အရပ်၅ ပေ၊ ၅လက်မခန့်ရှိပြီးလျှင် ကိုယ်လုံးကိုယ်ဖန် ထွားကျိုင်း၍ ကာယဗလလိုက်စားသူဖြစ်သဖြင့် အသားအရေမှာ ဖိတ်ဖိတ်တောက်ချော၍ မာကျောတောင့်တင်းလှသည်။ အသားဖြူသည့်အပြင် ဉပတိရုပ်ခံ့ညားသည်၊ မျက်လုံးပုံစူးစူးရဲရဲရှိ၍ သတ္တိကောင်းလှသူတစ်ယောက်ဖြစ်ကြောင်း နဖူးတွင်စာတန်းထိုးထားသကဲ့သို့ ထင်ရှားလှသည်။ အဖမ်းခံရစဉ်တွင် မကွေးစစ်ဝန်ထမ်းတပ်ခွဲမှူးအဖြစ် အဖမ်းခံခဲ့ရသည်။ လယ်ဝေးသူပုန်နှင့် တစ်ပြိုင်တည်း နတ်မောက်သူပုန်ထစဉ်ကလည်း စစ်ရေးဘက်မှ တာဝန်ခံတစ်ယောက်ဖြစ်၏။ နှာတံပေါ်ပေါ် မေးရိုးဒေါင့်ကျကျ ပါးရိုးအနည်းငယ်ထွက်သယောင်ယောင်ရှိ၍ မျက်လုံးတစ်ဖက်တွင် မဲ့ကလေးတစ်ခုပါသည်။ အမြဲတမ်း သပ်သပ်ရပ်ရပ်နေတတ်သည်။ ရင်းနှီးသူများမှအပ အခြားသူများနှင့် စကားပြောလျှင် အလွန်ပြုံးခဲ၍ ပြတ်ပြတ်ပြောတတ်သည်။ စိတ်လည် ဆတ်သည်။ စိတ်တိုမိလျှင် ဓါးမမြင်၊ တုတ်မမြင် နီးရာနှင့်ဆွဲ၍ ခုတ်တတ်၊ ထစ်တတ်သော လူစားမျိုးလည်းဖြစ်သည်။ ရင်းနှီးသူများ ခင်မင်သူများအပေါ်တွင်ကား အလွန် သည်းခံချုပ်တည်းသည်။ ပြောဆိုဖျောင်းဖျလျှင် နာယူလွယ်သော သဘောရှိသည်။
ဗိုလ်တိုင်းမောင်ကား အသားအနည်းငယ်မည်းသည်။ တောင်တွင်းကြီးမြို့ တောင်ပြင်ရပ်ဇာတိဖြစ်၍ ကျွန်တော်နှင့် တစ်ရပ်တည်းသား အိမ်နီးချင်းပင်ဖြစ်သည်။ ထိုစဉ်က အသက် ၂၈ နှစ်ခန့်ရှိပြီး ဘဝအမျိုးမျိုး၊ လောကဓံအသွယ်သွယတွင်း ဒိုးကဲ့သို့ လည်ခဲ့ရသူဖြစ်၍ အတွေ့အကြုံစုံလှသည်။ ကြုံသမျှဘဝ၊ ရောက်သမျှ ပတ်ဝန်းကျင်ကို ဆင်ခြင်သုံးသပ်တတ်သော ပင်ကိုယ်စွမ်းရည်ကြောင့် ချက်ချာပါးနပ်လှသော သူတစ်ယောက်ပါပေ။ လေနုအေးထဲ၌လည်းကောင်း၊ မုန်တိုင်းထဲ၌လည်းကောင်း စုန်ဆန်သွားလာခဲ့သောကြောင့် အသည်းနှလုံးတွင် ကျွဲပခုံးထနေသူပေတည်း။ လက်တွေ့၏ သွန်သင်ချက်တို့ကြောင့် သည်းခံခြင်း၊ ချုပ်တည်းခြင်း၊ ရဲရင့်ခြင်းတို့နှင့် ပြည့်စုံသည့်ပြင် အထူးသဖြင့်ကား လူအများလေးစားချစ်ခင်အောင် ပေါင်းသင်းရာတွင် အတုခိုးလောက်သောသူပါပေတည်း။
ဗိုလ်တိုင်းမောင်မှာ ပညာအားဖြင့် အလယ်တန်းကုန်အောင်ပင် မသင်ခဲ့ရပေ။ သို့သော် လူ့လော့ကကို ချဉ်းကပ်ပုံ၊ ရှုထောင့်အသွယ်သွယ်မှ သုံးသပ်ပုံ၊ မိမိကိုယ်ကိုယ် ပြန်လည်စစ်ဆေးပုံများတွင် ကျွန်တော်ထက်သာသည်ဟု ထင်မြင်မိပါသည်။ ကိုယ်လုံးကိုယ်ထည်မှာ နေတော်ပင်ဖြစ်ပါသည်။ အဝတ်အစားဝတ်လျှင် ချပ်ချပ်ရပ်ရပ်ရှိလှသည်။ စကားပြောချိုသာသည်၊ လူတိုင်း၏ ကိစ္စကို စိတ်ဝင်စားစွာဖြင့် မေးမြန်းကူညီတတ်သော အလေ့ရှိသည်။ စွန်းစားခြင်းမူကား မွေးကတည်းက မြတ်နိုးလာသည်။ ကိုတိုင်းမောင်ကို အတိုချုပ်ဖော်ပြရလျှင် လူ့လောကအတွင်းသို့ စွန့်စားဝင်ရောက်လာခဲ့ပြီးလျှင် ဘဝသိမှုအရ အောက်တန်းစားတို့အတွက် တတ်နိုင်သမျှ စွန်းစားရုံးကန်နေသောသူဖြစ်သည်ဟု ဆိုချင်ပါသည်။ မကွေးခရိုင် စစ်ဝန်ထမ်းတပ်ရင်းတွင် နိုင်ငံရေးခေါင်းဆောင်အဖြစ် နှင့် ဆောင်ရွက်ရင်း ထောင်တွင်းသို့ရောက်လာခဲ့သည်။
ကျွန်တော်မှာကား ကိုတိုင်းမောင် နှင့် ဇာတိအတူဖြစ်သည်။ ၃ ယောက်ထဲတွင် အရပ်အရှည်ဆုံးဖြစ်သည်။ အနည်းငယ်ပိန်သဖြင့် ပုံပန်းမှာ ကလန်ကလားနေသည်ဟု ဆိုနိုင်သည်။ အသက် ၂၂ ခန့်ရှိ၍ အငယ်ဆုံးဖြစ်သည်။ အဖမ်းခံရစဉ်က သရက်ခရိုင် ဆိုရှယ်လစ်ပါတီစည်းရုံးရေးမှူးအဖြစ် ရဲဘော်မောင်မောင် (ယခု သုံးဘက်မြင်ရုပ်ရှင်ဂျာနယ်) နှင့်အတူ အဖမ်းခံခဲ့ရသည်။ အသိဉာဏ်တွင်လည်း ကိုတိုင်းမောင်ကို မမီ၊ သတ္တိတွင်လည်း ဗိုလ်အောင်ကြည်ကဲ့သို့ မထက်မြက်၊ သုံးယောက်အနက် အညံ့ဆုံးရဲဘော်ဖြစ်သည်။