04/08/2026
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် Indian Pharmacopoeia Commission (IPC) တို့အကြား ဒုတိယအကြိမ် ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေး ကျင်းပ
နေပြည်တော်၊ ဩဂုတ် ၄
ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် Indian Pharmacopoeia Commission(IPC), Government of Indiaတို့အကြား ဒုတိယအကြိမ် ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်မှ ၂၉ ရက်နေ့ထိ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ကျင်းပခဲ့သည်။
အစည်းအဝေးသို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆွေဆက် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် Indian Pharmacopoeia Commission မှ Dr. V. Kalaiselvan, the Secretary-cum-scientific Director နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ဆေးဝါးစံချိန်စံညွှန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးတွင် Indian Pharmacopoeia အသိအမှတ်ပြု အသုံးပြုရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းစဉ်များ၊ ဆေးဝါးအရည်အသွေးနှင့် စံချိန်စံညွှန်းများ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး၊ ဆေးဝါးစမ်းသပ်စစ်ဆေးရေး ဓာတ်ခွဲခန်းများအကြား နည်းပညာဖလှယ်ရေး၊ ကျွမ်းကျင်ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ဆေးဝါးအရည်အသွေးအာမခံမှုနှင့် ဆေးဝါးကွပ်ကဲရေးဆိုင်ရာ လုပ်ငန်းစဉ်များကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ပိုမိုအားကောင်းလာစေရေးတို့နှင့် စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် IPC ၏ ဓာတ်ခွဲခန်းများတွင် စံဆေး (Reference Standard) စမ်းသပ်ထုတ်လုပ်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များက သိရှိလိုသည် များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ နှစ်နိုင်ငံအကြား Pharmaceutical Cooperation ကို စနစ်တကျ ရေရှည်တိုးမြှင့်ဆောင်ရွက်ရေး၊ ဆေးဝါးအရည်အသွေးအာမခံမှုစနစ်များ ခိုင်မာအားကောင်းလာစေရေးနှင့် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဆေးဝါးကြီးကြပ် ကွပ်ကဲရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ နည်းပညာနှင့် သတင်းအချက်အလက်ဖလှယ်ရေး၊ သုတေသနနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရေးတို့ကိုလည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
အဆိုပါ ဒုတိယအကြိမ် ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးသည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ဆေးဝါးကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန်၊ အရည်အသွေးအာနိသင်ပြည့်မီပြီး ဘေးကင်း လုံခြုံသောဆေးဝါးများကို ပြည်သူများထံ ပိုမိုထိရောက်စွာ ရရှိသုံးစွဲနိုင်စေရန်နှင့် ဆေးဝါးစံချိန် စံညွှန်းဆိုင်ရာနည်းပညာပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်နိုင်ရန်အတွက် အရေးပါသော အစည်းအဝေးတစ်ရပ်ဖြစ်သည်။