19/12/2025
မပြောမိပါစေနဲ့
-----------
ပုတီးတွေစိပ် ဘုရားစာတွေ ရွတ်ဖတ်နေပြီး
စိတ်ကတစ်ခြားရောက်နေတော့
ဘာကုသိုလ်မှမရဘူးလို့တော့ မပြောကြပါနဲ့။
ပုတီးပဲ စိပ်နိုင်လား စိပ်ပါ...
ပရိတ်တွေ ပဋ္ဌာန်းတွေရော
ရွတ်နိုင်သေးလား ရွတ်ပါ..။
တရားပါထိုင်နိုင်သေးလား။ ထိုင်လိုက်ပါဦး။
အလွန်ကိုကောင်းပါတယ်။
တရားလေးလည်း နာပါဦး ။
သီးသန့်မနာနိုင်ဘူးလား။
မျက်နှာသစ် သွားတိုက်ချိန် အစာစားချိန်
အိမ်အလုပ်လုပ်နေတဲ့အချိန်
ဖုန်းလေးနဲ့ဖွင့်ထားပြီး နာကြည့်ပါ။
နောက်ဆို တရားသံလေးမှ မကြားရရင်
မနေနိုင် ဖြစ်လာပါလိမ့်မယ်။
ဘာမှမလုပ်ဘဲနဲ့ နေတာထက်စာရင်
ပါးစပ်က ဘုရား တရားသံထွက်နေတာ
မကောင်းဘူးလား။
သူများကို ဆဲနေတာမဟုတ်တဲ့အတွက်
အလိုလို ကုသိုလ်ရနေတာပါ။
စိတ်ကတော့ လွင့်နေမှာဘဲ
မလွင့်အောင် တစ်ဖြေးဖြေးကျင့်ယူပါ။
ဘုရားစာတွေ ဗရွတ် ဗရွတ် ရွတ်လို့
ထီပေါက်လား ဆိုတော့ မပေါက်ပါဘူး
မြတ်စွာဘုရားဟာလည်း တန်ခိုးရှင်မဟုတ်ပါဘူး။
ဒါပေမဲ့ ဘာရလဲ ဆိုတော့
စိတ်စွမ်းအင် မြင့်တက်လာတာပါ။
ကောင်းမှုကိုပြုလုပ်နေတယ်ဆိုတဲ့ စိတ်ကြောင့်
ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိလာပြီး
ဘဝမှာနေပျော်လာပါတယ်။
မကောင်းတာလုပ်ဖို့ တွန့်ဆုတ်လာလို့
ကုသိုလ် အလိုလိုရလာတယ်။
ဘာလေးလုပ်လုပ် အောင်မြင်လာတဲ့အခါ
ငါ့ရဲ့ ကောင်းမှုကြောင့်ဆိုတဲ့ ပီတိရလာသလို
မအောင်မြင်သေးရင်လည်း
စိတ်မှာ ဖြေသိမ့်လာနိုင်ပြီး
ရောင့်ရဲလာတဲ့စိတ်ကြောင့်
ဘဝဟာ နေပျော်လာမှာပါ။
ကျေးဇူးတော်ရှင် #ပါမောက္ခချုပ်ဆရာတော်ဘုရား🙏🙏🙏