16/03/2026
သန္ဓေတားဆေး သောက်ဆေး
====================
ဒီတစ်ပတ်မှာတော့ သန္ဓေတားသောက်ဆေးတွေအကြောင်း ဝေမျှပေးသွားပါမယ်။
သန္ဓေတားဆေးသောက်ဆေး အမျိုးအစား နှစ်မျိုးရှိပါတယ်။
အီစတိုဂျင် (Estrogen) နဲ့ ပရိုဂျက်စတီရုန်း (progesterone) လို့ခေါ်တဲ့ ဟော်မုန်း (၂) မျိုးပါ ပေါင်းစပ်သန္ဓေတားဆေးနဲ့ ပရိုဂျက်စတီရုန်း (progesterone) ဟော်မုန်း တစ်မျိုးတည်းပါ သန္ဓေတားဆေး တို့ဖြစ်ပါတယ်။
သားဥကြွေခြင်းကို တားဆီးပေးတာ၊ အမျိုးသားသုတ်ပိုးနဲ့ မမျိုးဥ တွေ့ဆုံခြင်းကို တားဆီးပေးတာ၊ သားအိမ်နံရံမှာ သန္ဓေသားကပ်စွဲလို့မရအောင်/ကြီးထွားလို့ မရအောင် တားဆီးပေးတာ စတဲ့နည်းတွေနဲ့ ကိုယ်ဝန်မရနိုင်အောင် တားဆီးပေးပါတယ်။
ဆေးကို နည်းစနစ် မှန်မှန်ကန်ကန်နဲ့ တိတိကျကျ သုံးပါက ၉၇% ကျော် ထိရောက်ပါတယ်။
ဈေးကွက်ထဲမှာ တားဆေး အမျိုးမျိုးရှိပြီး အများစုက (၂၈) လုံးပါ ဆေးကတ်နဲ့ (၂၁) လုံးပါ ဆေးကတ်တို့ ဖြစ်ကြပါတယ်။
(၂၈) လုံးပါ ဆေးကတ်များ (တနေ့တလုံးဆေး)
----------------
စသောက်ဖို့ အမှတ်အသားလုပ်ပေးထားတဲ့နေရာ ကနေ တနေ့တလုံး (၂၈) ရက်ကြာ မှန်မှန် သောက်ပေးရပါမယ်။ ဆေးကတ်ရဲ့ အောက်ဆုံးတန်း ရောက်တဲ့အချိန်မှာ ရာသီလိုသွေးဆင်းတတ်ပါတယ်။ တစ်ကတ်ကုန်တာနဲ့ နောက်တစ်ကတ် ဆက်သောက်ပေးရပါမယ်။
ဆေးလုံးတွေကို ဆေးကဒ်ထဲကအတိုင်း အစဉ်လိုက်သောက်ဖို့လိုအပ်ပြီး နေ့စဉ် အချိန် မှန်မှန်သောက်ဖို့လဲ လိုပါတယ်။ မေ့လို့မရပါဘူး။
(၂၁) လုံးပါ ဆေးကတ်
----------
ဟော်မုန်းပါ ဆေး (၂၁) လုံး ပါဝင်ပြီး ဆေးလုံးတစ်လုံးစီမှာ ဟော်မုန်းပမာ တူညီစွာပါရှိပါတယ်။ (၂၁) ဆေးကတ်ကို နေ့စဉ် တစ်ရက်တစ်လုံး (၂၁) ရက် ကြာ ဆေးကတ်ကုန်တဲ့အထိ သောက်ရပါမယ်။
ဆေးကတ်တစ်ကတ်ကုန်ပါက နောက်ထပ်တစ်ကတ်ကို ချက်ချင်းသောက်ဖို့မလိုဘဲ (၇) ရက်တိတိ စောင့်ရပါမယ်။ ဆေးသောက်ဖို့ မလိုတဲ့ ဒီ (၇) ရက်အတွင်း ရာသီးသွေး ဆင်းတတ်ပါတယ်။ (၇) တိတိ ဆေးမသောက်ဘဲ နားအပြီး (၈) ရက်မြောက်နေ့မှာ ဆေးကတ်အသစ် ပြန်စသောက်ပေးရပါမယ်။ (၂၁) လုံးပါဆေးကတ် တစ်ကတ်ကုန်တိုင်း (၇) ရက်တိတိ နောက်ထပ် ဆေးကတ်အသစ်မသောက်ဘဲ ရက်ခြားပေးရပါမယ်။ (၂၁) ရက်ကြာ ဆေးသောက်ရမည့် အချိန်တွေမှာ နေ့စဉ်အချိန်မှန်မှန် သောက်ဖို့ အရေးကြီးပါတယ်။
သန္ဓေတားသောက်ဆေး အသုံးမပြုသင့်တဲ့သူတွေ
--------------
အသက် ၃၅ နှစ်နဲ့ အထက် ဆေးလိပ်သောက်သူတွေ၊ အဝလွန်သူတွေ၊ ရောဂါအခံရှိသူတွေ၊ ဆေးဝါးတွေကိုရေရှည်စွဲသောက်နေရသူတွေ ဒီသန္ဓေတားသောက်ဆေးကို အသုံးမပြုသင့်ပါဘူး။ သောက်သုံးရန်လိုအပ်ပါကလည်း ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆရာဝန်ရဲ့ လမ်းညွှန် အတည်ပြုချက်နဲ့သာ ဒီဆေးကို သောက်ပါ။
နောက်တစ်ပတ်မှာတော့ ဒီသန္ဓေတားသောက်ဆေးကို ဘယ်သူတွေက ဘယ်အချိန်မှာ စတင်သောက်သုံးရမလဲ၊ ကောင်းကျိုးဆိုး၊ ကျိုးတွေက ဘာရှိမလဲ စတာတွေကို ဆက်ပြီး ဝေမျှပေးသွားမှာမို့ ဆက်လက်စောင့်မျှော် ကြည့်ရှုပေးကြပါအုံး။
ကိုးကား - PUI မျိုးဆက်ပွားကျန်းမာရေးစင်တာ