24/03/2024
ဘယ်လို ဆက်ဆံရေး (Relationship) ကိုမဆို မပျက်စီးစေချင်ရင် အလေးထားရမယ့်အချက် ၄ ချက်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ဆက်ဆံရေးလို့ပြောရင် Communication လိုလိုဖြစ်ဖြစ်သွားတတ်တယ်။ Communication ဟာလည်း အရေးပါပေမယ့် ဒီဆောင်းပါးမှာ ကျွန်တော်ဆွေးနွေးချင်တာက လူနှစ်ဦး ဒါမှမဟုတ် နှစ်ဦးထက်ပိုတဲ့သူတွေအကြားမှာ ရှိတဲ့ Relationship ကို ဆိုလိုတာဖြစ်ပါတယ်။ Relationship ကို မြန်မာလိုအတိအကျဘာသာပြန်ရင် ဆက်စပ်ပတ်သက်မှုလို့ အဓိပ္ပာယ်ရပါတယ်။ ဆက်စပ်ပတ်သက်မှု (Relationship) ဆိုတာ သမီးရည်းစား၊ မိသားစု၊ မိတ်ဆွေသူငယ်ချင်း၊ လုပ်ဖော်ကိုင်ဘက်၊ အရောင်းအဝယ်၊ ဆရာသမား အစရှိတဲ့ ဘယ်လိုဆက်စပ်ပတ်သက်မှုမဆို ပါဝင်ပါတယ်။
ကျွန်တော်တို့ Breakthrough ဟာ လုပ်ငန်းဦးဆောင်သူတွေကို ဝင်ငွေ (Income)၊ ဩဇာညောင်းမှု (Influence)၊ အကျိုးပြုနိုင်မှု (Impact)၊ စိတ်ငြိမ်းချမ်းမှု (Inner-Peace) တွေ ရရှိလာအောင် တိုးတက်ပြောင်းလဲခြင်း (Transformation) တွေကို ဖန်တီးနိုင်ဖို့ Coaching, Facilitation တွေကို လုပ်ပေးတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ စာသင်တာမျိုးထက် သူတို့ဘာသူတို့ အတွင်းထဲကနေ နားလည်သဘောပေါက်မှုကို ရရှိစေတဲ့ Inside-Out ချဉ်းကပ်မှုမျိုးဖြစ်ပါတယ်။ စစ်မှန်တဲ့တိုးတက်ပြောင်းလဲမှု (Transformation) ကို ဖန်တီးချင်ရင် မိမိကိုယ်တိုင်ကနေ စရပါတယ်။ ကိုယ့်ကိုယ်ကိုယ် အရင်ပြောင်းလဲရတယ်၊ ကိုယ့်အဖွဲ့သားတွေကို ပြောင်းလဲရတယ်၊ ပြီးရင် လုပ်ငန်း၊ ဌာန အဖွဲ့အစည်းကို ဆက်ပြီးပြောင်းလဲရပါတယ်။ ကျွန်တော်တို့ရည်ရွယ်တာက တက်ကျမ်းတွေကို ဖတ်ရှုရင်း ရရှိတဲ့သညာသိကို ကျော်လွန်ပြီး ကိုယ့်ရဲ့တွေးခေါ်တဲ့ပုံစံထဲကို စိမ့်ဝင်သွားစေတဲ့ နည်းစနစ်ဖြစ်ပါတယ်။ ကူညီပေးနိုင်ပြီး စနစ်တကျလေ့ကျင့်ထားတဲ့ Coach, Facilitator ကောင်းကောင်းလိုပါတယ်။
လုပ်ငန်းဦးဆောင်သူတွေအနေနဲ့ သူတို့ကိုယ်တိုင် အသိပညာ၊ ဝင်ငွေ၊ စိတ်ပျော်ရွှင်မှုတွေ ရှိလာပြီး လူအများကိုပါ အကျိုးပြုနိုင်ဖို့ဆိုရင် သူတို့နဲ့ ဆက်စပ်ပတ်သက်တဲ့ Stakeholder တွေနဲ့ ကောင်းမွန်တဲ့ဆက်စပ်ပတ်သက်မှု (Relationship) ကို မတည်ဆောက်နိုင်လို့ မရပါဘူး။ အခုစာဖတ်နေတဲ့မိတ်ဆွေမှာ ချစ်သူ၊ အိမ်ထောင်ဘက်ရှိမယ်၊ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေရှိမယ်၊ အထက်လူကြီး၊ လက်အောက်ငယ်သား၊ ဆရာသမားတွေရှိမယ်။ ကိုယ်က သမာအာဇီ၀ကျကျနဲ့ စီးပွားရှာရင်း လူအများကိုကူညီရင်း မှန်ကန်စွာတိုးတက်ချင်တယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်ကလူတွေနဲ့ ဆက်ဆံရေးကို အကောင်းဆုံးတည်ဆောက်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။
World No. 1 Business & Life Strategist ဖြစ်တဲ့ Tony Robbins က သင့်ဘ၀ရဲ့အရည်အသွေးဟာ သင့်ဘ၀မှာရှိတဲ့ ဆက်စပ်ပတ်သက်မှု (Relationship) တွေရဲ့ အရည်အသွေးနဲ့ တိုက်ရိုက်အချိုးကျတယ်လို့ ပြောပါတယ်။ ကမ္ဘာကျော် Business Mentor တစ်ဦးဖြစ်တဲ့ Harvey Mackay ကတော့ သင့်ဘ၀ရဲ့အရည်အသွေးကို သင့်ဆက်စပ်ပတ်သက်မှု (Relationship) တွေက ဆုံးဖြတ်တယ်၊ စီးပွားရေးမှာလည်း တူတူပဲလို့ ပြောပါတယ်။ ဒီလို နာမည်ကျော်ပုဂ္ဂိုလ်ကြီးတွေက အလေးထားပြောကြတဲ့ ဆက်စပ်ပတ်သက်မှု (Relationship) ကို ကျွန်တော်တို့ မပျက်စီးအောင် ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လိုထိန်းသိမ်းကြမလဲ၊ ဘယ်လိုတည်ဆောက်ကြရင်ကောင်းမလဲ။ နည်းလမ်းတွေတော့ အများကြီးရှိမှာဖြစ်ပေမယ့် အခုဒီဆောင်းပါးမှာတော့ အဓိကကျတဲ့ အချက် ၄ ချက်ကို မျှဝေသွားပါမယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
အားကောင်းတဲ့ဆက်စပ်ပတ်သက်မှု (Relationship) တွေရဲ့ စရိုက်လက္ခဏာ ၄ ချက်
(By John C. Maxwell)
အခုမျှဝေမယ့် အချက် ၄ ချက်ကိုသာ လုပ်ဆောင်မယ်ဆိုရင် အချစ်ရေး၊ အိမ်ထောင်ရေးတွေ ပိုအဆင်ပြေလာမယ်၊ မိတ်ဆွေ၊ သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပိုပြီးသင့်မြတ်လာမယ်၊ ဝန်ထမ်းတွေက ပိုပြီးလေးစားချစ်ခင်လာကြမယ်။ အကျိုးဆက်ကတော့ သင်ဘာကိုပဲ လုပ်လုပ်ပိုပြီးတော့ အောင်မြင်လာနိုင်ပါတယ်။ ဒါ့အပြင် လုပ်ငန်းဦးဆောင်သူတွေ စိတ်ဝင်စားကြတဲ့ ကိုယ်တိုင်နေရာတကာမှာ ဝင်ပါစရာမလိုတဲ့ လုပ်ငန်းကို ထူထောင်နိုင်ဖို့လည်း အထောက်အကူပြုနိုင်ပါတယ်။
၁။ လေးစားမှုပေးခြင်း (Respect)
ကျွန်တော်တို့ Breakthrough ရဲ့ သင်တန်းတွေထဲမှာ အခုအချိန်အထိ သင်တန်းသား ၂၀၀၀၀ ဝန်းကျင်တက်ရောက်ထားကြတဲ့ Transformational Leadership Journey (TLJ) ဆိုတဲ့ သင်တန်းမှာ စည်းကမ်း ၅ ခုရှိပါတယ်။ ပထမဆုံးအချက်ကတော့ အပြန်အလှန်လေးစားမှု (Mutual Respect) ရှိဖို့ပဲ ဖြစ်ပါတယ်။ အသက်အရွယ်၊ လူမျိုး၊ ဘာသာ၊ နေရာဒေသ၊ နောက်ခံအခြေအနေ မတူညီတဲ့လူရာကျော်စုစည်းတက်ရောက်တဲ့သင်တန်းမှာ အပြန်အလှန်လေးစားမှုမရှိရင် နာရီရှည်ကြာ ၃ ရက်တာအတူလေ့လာဖို့ မလွယ်ကူနိုင်ပါဘူး။
ဒါပေမယ့် အဲဒီလို အပြန်အလှန်လေးစားမှုဟာ သင်တန်းတက်တဲ့အချိန်မှာပဲ အရေးပါတာမဟုတ်ပါဘူး။ ကျွန်တော်တို့ အိမ်တွေမှာဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ၊ ပြင်ပမှာ သွားလာနေတဲ့အချိန်တွေမှာဖြစ်စေ၊ ဆိုရှယ်မီဒီယာမှာဖြစ်စေ အခြားသူတွေနဲ့ အပြန်အလှန်လေးစားမှုကို တည်ဆောက်နိုင်မှသာ သူလည်း စိတ်ချမ်းသာ၊ ကိုယ်လည်းစိတ်ချမ်းသာပြီး အကျိုးဖြစ်ထွန်းတဲ့ဆက်ဆံရေးကို ဖန်တီးနိုင်မှာပါ။ ဒါပေမယ့် လူတွေက ကိုယ့်ကိုလေးစားခံရတာကို လိုချင်ကြသလောက် အခြားသူကို လေးစားပေးဖို့တော့ ပျက်ကွက်နေတတ်ကြပါတယ်။ တချို့ကကျပြန်တော့လည်း သူတို့ထက် ရာထူး၊ နေရာ၊ ပညာ၊ ချမ်းသာကြွယ်၀မှု သာလွန်သူတွေကိုသာ ကွက်ပြီးလေးစားတတ်ကြပါတယ်။
သင်လုပ်ရမှာကတော့ သင်နဲ့ ဆက်စပ်ပတ်သက်သမျှသူအားလုံးနဲ့ သူတို့ရဲ့ ဖြစ်တည်မှု၊ ခံစားမှု၊ ခံယူချက်အမြင်၊ ယုံကြည်မှုအားလုံးကို လေးစားကြောင်းပြသဖို့ပဲဖြစ်ပါတယ်။ သူတို့နဲ့သင်နဲ့ နေရာတိုင်းမှာ တူညီနေမှာမဟုတ်ပါဘူး။ သူတို့ပြောတာ၊ လုပ်တာမှန်သမျှ သင်လိုက်ပြော၊ လိုက်လုပ်ရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် သူတို့ ဒီလိုဆိုတာကို သင်သိတယ်၊ အဲဒါကို သင်အသိအမှတ်ပြုတယ်၊ အတတ်နိုင်ဆုံးမထိခိုက်အောင် ဆင်ခြင်ပေးမယ်၊ လိုက်လျောညီထွေနေထိုင်ပေးမယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ကိုယ့်ကို လေးစားတာကို ခံချင်ရင် ကိုယ်ကစပြီး လေးစားကြောင်းကို ပြသရပါမယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
၂။ မျှဝေထားတဲ့အတွေ့အကြုံများရှိခြင်း (Shared Experiences)
လူတွေဟာ တူရင် သဘောကျတတ်ကြတဲ့သဘာ၀ရှိပါတယ်။ အတွေးအခေါ်၊ အယူအဆ၊ နောက်ခံအခြေအနေ စတာတွေ တူလေလေ သဘောကျလေလေပါပဲ။ ဥပမာအားဖြင့် ကျွန်တော်တို့မြန်မာတွေအနေနဲ့ ဝေးကွာတဲ့နိုင်ငံခြားတိုင်းပြည်ကိုရောက်နေလို့ ကိုယ့်နိုင်ငံသားကို တွေ့ရရင်ပျော်တယ်၊ ကိုယ့်နိုင်ငံသားကို မတွေ့ရရင်တောင် အခြားအာရှသားတွေရှိနေရင် သက်တောင့်သက်သာပိုဖြစ်သလိုခံစားမှုကို ရတတ်သလိုမျိုးကို ဆိုလိုပါတယ်။ ဒီနေရာမှာ တစ်ခုအရေးကြီးတာကတော့ သင့်ပတ်ဝန်းကျင်မှာ အရာရာမှာ သင်နဲ့ တူနေပြီးသားသူတွေ ရှိနေမှာတော့ မဟုတ်ပါဘူး။ အဲဒါကြောင့် သင့်အနေနဲ့ သူတို့အပေါ်မှာ ဩဇာညောင်းချင်ရင် သူတို့နဲ့ ပိုမိုခိုင်မာတဲ့ဆက်ဆံရေးတွေကို တည်ဆောက်ချင်တယ်ဆိုရင် သင်ကလိုက်ပြီး ညှိယူတတ်ဖို့အရေးကြီးပါတယ်။
နေရာတိုင်းမှာ သင်ကြိုက်တာကို ဦးစားပေးမယ့်အစား သူတို့ကြိုက်တာကို ဦးစားပေးမယ်၊ ပြီးမှ သင်ကြိုက်တဲ့ဘက်ကို ပြန်ဆွဲယူမယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်။ ဒါ့အပြင် တူညီတဲ့အတွေ့အကြုံတည်ဆောက်ဖို့ဆိုရင် အမှတ်ရစရာ ခရီးမျိုးတွေ အတူသွားတာ၊ ခက်ခဲတဲ့ကာလတွေကို အတူအကွ နောက်ကျောကို ကပ်ပြီးဖြေရှင်းတာစတာတွေဟာလည်း ဆက်ဆံရေးကို ပိုမိုခိုင်မာစေတဲ့အရာတွေပဲဖြစ်ပါတယ်။
တန်ဖိုးထားမှု၊ ဝါသနာ၊ စိတ်ဝင်စားမှု စတာတွေ တူညီမှုမရှိတဲ့ လူနှစ်ယောက်ဟာ အပြန်အလှန်အလျှော့ပေးပြီး တစ်ယောက်ပျော်တာကို နောက်တစ်ယောက်က လိုက်ပျော်ပေးတာမျိုးမရှိဘူးဆိုရင် ကြာလေလေ ဆက်ဆံရေးက အေးစက်လာလေလေဖြစ်နိုင်တာကိုလည်း သတိထားရပါမယ်။ အဲဒါကြောင့် Shared Experience အကြောင်းကိုပြောရင် Mutual Enjoyment ကိုလည်း မေ့ထားလို့မရပါဘူး။ နှစ်ဦးနှစ်ဖက်အတူရှိရတာကိုက ပျော်စရာကောင်းသလိုမျိုး နှစ်ဖက်စလုံးက ခံစားရဖို့အရေးကြီးပါတယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
၃။ ယုံကြည်မှုတည်ဆောက်ခြင်း (Trust)
မယုံကြည်နိုင်တဲ့သူနဲ့ဘယ်သူမှ အတူတကွမနေနိုင်ကြပါဘူး။ ကျွန်တော်တို့တွေ လူစိမ်းတွေနဲ့နေတဲ့အခါမှာ သတိထားပိုပြီးထားတတ်ကြပြီး ရင်းနှီးတဲ့သူတွေနဲ့နေတဲ့အခါမှာ သက်တောင့်သက်သာနေတတ်ကြပါတယ်။ အကယ်၍ ကိုယ့်မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက်ဟာ မယုံကြည်ရဘူးလို့ ယူဆရပြီဆိုရင် အခုနကလို သက်တောင့်သက်သာနေလို့ မရတော့ပဲ သတိထားပြီး နေရတတ်ပါတယ်။ အဲဒါကြောင့်လူတွေဟာ သူတို့မယုံကြည်ရတဲ့နဲ့ အချိန်ကို သုံးဖို့စိတ်ကူးမရှိကြပါဘူး။ ဒါဆိုရင် ယုံကြည်မှုကို ဘယ်လိုတည်ဆောက်နိုင်မလဲဆိုတာကို သင်စဉ်းစားနေမယ်ဆိုတာ ကျွန်တော်သိပါတယ်။
ယုံကြည်မှုကို တည်ဆောက်ဖို့ဆိုရင် သင့်ရဲ့အကျင့်စရိုက် (Character) နဲ့ သင့်ရဲ့ အရည်အချင်း (Competence) ၂ မျိုးလုံးကို ဂရုစိုက်ဖို့လိုပါတယ်။ သင်ဟာ အပြောနဲ့အလုပ်နဲ့ညီတဲ့သူဖြစ်ရမယ်၊ ရင့်ကျက်တဲ့အပြုအမူတွေရှိသူဖြစ်ရမယ်၊ စည်းကမ်းရှိရှိနေတတ်သူဖြစ်ရမယ်၊ ဒါတွေဟာ အကျင့်စရိုက် (Character) နဲ့ သက်ဆိုင်ပါတယ်။ ဒါ့အပြင် သင်ဟာ သင်တာဝန်ယူထားတဲ့ကဏ္ဍတွေနဲ့ အရေးပါတဲ့ကိစ္စရပ်တွေမှာ တာဝန်ယူနိုင်စွမ်းရှိလောက်တဲ့ အရည်အချင်းတွေ ရှိကြောင်း ပြသနိုင်ရပါမယ်။
ယုံကြည်မှုကို တည်ဆောက်နိုင်ဖို့အတွက် နောက်ထပ် C တစ်လုံးကျန်ပါသေးတယ်။ အဲဒါကတော့ Chemistry ဖြစ်ပါတယ်။ သင်ဘယ်လောက်ပဲ ရိုးသားပြီး အကျင့်စာရိတ္တကောင်းမွန်ပါစေ၊ ဘယ်လောက်ပဲ အရည်အချင်း (Comptence) ရှိပါစေ၊ လူအများနဲ့ ပေါင်းစပ်ညှိနှိုင်းလုပ်ကိုင်တတ်ခြင်းမရှိရင် ယုံကြည်မှုကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
၄။ အပေးအယူမျှတခြင်း (Reciprocity)
ပေးတဲ့သူနဲ့ ယူတဲ့သူ ၂ မျိုးမှာ လူတွေဟာ ပေးတဲ့သူကို ပိုပြီးနှစ်သက်တတ်ကြပါတယ်။ နေရာတကာမှာ ကိုယ့်အတွက်ပဲ စဉ်းစားမယ်၊ နေရာတကာမှာ ကိုယ်အသာရဖို့ပဲ ကြည့်မယ်၊ ကြွားမယ်၊ ကိုယ်တော်ကြောင်း တတ်ကြောင်းပဲ ပြောမယ်၊ အခြားသူကို နှိမ်မယ်၊ ကိုယ်ရဖို့ကိုပဲ ဦးစားပေးမယ်၊ အခြားသူကို လှည့်မကြည့်ဘူးဆိုရင် အဲဒီဆက်ဆံရေးဟာ ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ပါဘူး။ လူတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက်နိုင်ဖို့ဆိုရင် သင့်အနေနဲ့ အခြားသူတွေကို အရင်ဆုံး ဦးစားပေးစဉ်းစားပေးတတ်ဖို့ လိုအပ်ပါတယ်။ ငါဘာလိုချင်လဲ၊ ငါလိုချင်တဲ့ဘယ်အရာသူတို့မှာရှိလဲဆိုတာထက် သူတို့ဘာကိုလိုချင်လဲ၊ သူတို့လိုအပ်နေတဲ့ဘယ်အရာ ကိုယ့်မှာရှိသလဲ ဒါတွေကို အရင်စဉ်းစားပေးရပါမယ်။
ပုံမှန်အားဖြင့် ကိုယ့်အပေါ်မှာ ကောင်းတဲ့သူကို လူတွေအနေနဲ့ ပြန်ပြီးကောင်းတတ်ကြတဲ့သဘာ၀ရှိပါတယ်။ တချို့ကတော့ ကိုယ့်ကစပြီး ကောင်းရကောင်းမှန်းနားလည်ကြပါတယ်။ ဒါပေမယ့် တချို့သူတွေကတော့ ကိုယ်ကစပြီးကောင်းဖို့ကို နားမလည်သလို ကိုယ့်အပေါ်မှာ ကောင်းတဲ့သူကို ပြန်ပြီးကောင်းပေးရမယ်ဆိုတာကိုလည်း နားမလည်တတ်ကြပါဘူး။ တစ်ဘက်ဘက်က အမြဲပေးနေရပြီး ထိုက်သင့်တဲ့အသိအမှတ်ပြုမှုနဲ့ ပြန်လည်ရရှိမှုတွေ မရှိဘူး၊ နောင်လည်းရှိလာမှာမဟုတ်ဘူးလို့ ယူဆလိုက်ချိန်မှာ အဲဒီဆက်စပ်ပတ်သက်မှု (Relationship) ဟာ စပြီးပျက်စီးတော့တာပါပဲ။ သင့်အနေနဲ့တော့ အဲဒီလိုမဖြစ်အောင် ဂရုစိုက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
အခုဒီဆောင်းပါးလေးကနေ အားကောင်းတဲ့ဆက်စပ်ပတ်သက်မှုတွေကို တည်ဆောက်နိုင်မယ့် နည်းလမ်းအချို့ကို သင်ရရှိသွားလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ သင့်မှာ ဒီလိုအချက်တွေနဲ့ ကိုက်ညီပြီး ကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက်ထားနိုင်သူတွေ ဘယ်နှယောက်ရှိလဲ။ သူတို့တွေကို ဒီဆောင်းပါးလေးကို မျှဝေပြီး အတူတူရှိနေခဲ့တဲ့အချိန်တွေအတွက် ကျေးဇူးတင်ကြောင်းကိုပါ ထုတ်ပြောလိုက်ပါ။ ဆက်ဆံရေးတွေ ပိုပြီးနွေးထွေးပြီး နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့အနာဂတ်ကို တည်ဆောက်ဖို့ အထောက်အကူပြုပါလိမ့်မယ်။
Naing Win Aung (MBA, UK)
CEO Coach & NLP Master Trainer
Business Leadership Facilitator
Professional Certifications
- Certified NLP Master Trainer & Transformational Entrepreneur (NLPU)
- Certified NLP Trainer & Master Coach (ABNLP)
- Certified Canfield Success Principles Trainer
- Certified Les Brown Maximum Achievement Team Member
- Certified Stakeholder Centered Executive Coach
- Certified Intelligent Leadership Executive Coach
- Professional Certified Coach (PCC, ICF)
- Certified Maxwell Leadership Team Member
- Certified Work The System Consultant (WTS)
- Certified Professional Master Business Coach (PBCA)