30/05/2026
အမှတ်(၁)ရပ်ကွက် အုပ်မှူးရွေးချယ်ပွဲတွင် မဲမသမာမှုများရှိနေကြောင်း ဒေသခံများဝေဖန်
မေလ၃၀ရက်၊၂၀၂၆
ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့၊အမှတ်(၁)ရပ်ကွက် ရွေးချယ်ရေးကော်မတီ၏ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး ရွေးချယ်ပွဲတွင် မဲမသမာမှုများနှင့် ပွင့်လင်းမြင်သာမှုမရှိဘဲ တစ်ဦးတည်းအလိုကျ လုပ်ဆောင်မှုများရှိနေကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။
မေလ(၂၆) ရက် (အင်္ဂါနေ့) တွင် မဟာမြတ်မုနိဓမ္မာရုံ၌ ပြုလုပ်ခဲ့သည့် အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ မဲခွဲမှုတွင် ယခင်အုပ်ချုပ်ရေးမှူးဟောင်း အောင်ကျော်ဦးနှင့် ရဲငြိမ်းစားဟောင်း မြင့်သူတို့ ယှဉ်ပြိုင်ခဲ့ရာ အောင်ကျော်ဦးက အနိုင်ရရှိခဲ့သည်။ သို့သော် အဆိုပါအနိုင်ရရှိမှုသည် တရားမျှတမှုမရှိဘဲ မဲမသမာမှုများကြောင့် ဖြစ်ကြောင်း ရပ်ကွက်သားအချို့က ထောက်ပြကြသည်။
ရပ်ကွက်သားများ၏ ပြောပြချက်အရ အဆိုပါရွေးချယ်ပွဲကို ရပ်ကွက်နေပြည်သူအများစုအား ဖိတ်ကြားခြင်းမရှိဘဲ ၎င်းတို့ကို ကန့်ကွက်မည့်သူမရှိနိုင်သော လူနည်းစု (၁ ဦး၊ ၂ ဦးခန့်) ကိုသာ ရွေးချယ်ဖိတ်ကြား၍ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"ဥပဒေနဲ့အညီ လုပ်တာလို့ ပြောနေပေမဲ့ တကယ်တမ်း ဘာမှမညီညွတ်ဘူး။ ကိုယ့်ဖဲကိုယ်ချိုး ကိုယ့်ဘာကိုယ် ဝေနေသလိုမျိုးပဲ လုပ်သွားတာ" ဟု ရပ်ကွက်သားတစ်ဦးက ပြောသည်။
ထို့အပြင် (၅) ဦးကော်မတီအဖွဲ့ဝင်ဖြစ်သူ ကြံ့ဖွံ့ပါတီ၏ အမာခံတစ်ဦးဖြစ်သော စိုးလွင်ဦးက အဓိက ကြိုးကိုင်ဦးဆောင်ကာ ၎င်းတို့အလိုကျ ဖြစ်စေရန် စီစဉ်သွားခြင်းဖြစ်ပြီး အခြားကော်မတီဝင်များမှာ ဟန်ပြသာဖြစ်ကြောင်း၊ ရာအိမ်မှူးနေရာများအတွက်လည်း ယခင်လူဟောင်းများကိုသာ ပြန်လည်လုပ်ကိုင်ခိုင်းရန် စီစဉ်နေကြောင်း သိရသည်။
ယခင်အုပ်ချုပ်ရေးမှူးဟောင်း အေးမြင့်၏သား ဖြစ်သူ ထွန်းထွန်းဝင်းနှင့် အနိုင်ရရှိသွားသည့် အောင်ကျော်ဦးတို့သည် ပူးပေါင်းကာ ကိုယ်ကျိုးရှာမှုများရှိခဲ့ကြောင်းနှင့် အောင်ကျော်ဦး အုပ်ချုပ်ခဲ့သည့် လွန်ခဲ့သော ၅ နှစ်သက်တမ်းအတွင်း ရပ်ကွက်အတွက် ထူးခြားသည့် တိုးတက်ပြောင်းလဲမှုတစ်စုံတစ်ရာ မရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ယခု မဲဆွဲကာလ ရက်သတ္တပတ်အတွင်း၌လည်း ရပ်ကွက်အတွင်း မြေယာအဝယ်အရောင်း လုပ်ကိုင်သူများထံမှ လက်မှတ်ထိုးခအဖြစ် သိန်းချီ တောင်းခံမှုများရှိခဲ့ကြောင်း၊ "၁ လ ရှာထားတာတောင် မရှိဘူး" ဟု အောင်ကျော်ဦးကိုယ်တိုင် ပြောဆိုခဲ့ကြောင်း သိရသည်။
မေ၂၆ရက်နေ့ ညပိုင်းတွင်လည်း မဲနိုင်သည့်အထိမ်းအမှတ်အဖြစ် စူပါကိုး (Super 9) ပိုင်ရှင် စောသိန်းပိုင်း ပိုင်ဆိုင်သည့် တောင်ပေါ်ရှိ စကိုင်းဘား (Sky Bar) တွင် ငွေကြေးအမြောက်အမြား အကုန်အကျခံကာ သောက်စားမူးယစ် အောင်ပွဲခံလျက်ရှိကြောင်း ရပ်ကွက်အတွင်း ဒေသခံများထံမှ သိရသည်။
#သတင်းအထူးတပ်ဖွဲ့