15/07/2026
ဝါစိုက်တောင်သူများနှင့် ဝါမျိုးစေ့ထုတ်ရောင်းချသူများ လိုက်နာရန် သတိပေးထုတ်ပြန်ခြင်း
အထွက်နှုန်းကောင်းပြီး အရည်အသွေးမီသည့် နိုင်ငံခြားစပ်မျိုးဝါ စိုက်ပျိုးသူ တောင်သူများ အတွက် စပ်မျိုးဝါမျိုးစေ့များရောင်းချရာတွင် စပ်မျိုး F1 အဆင့် မျိုးစေ့ကိုသာ ဖြန့်ဖြူးရောင်းချရမည် ဖြစ်ပြီး၊ ၎င်းစပ်မျိုး F1 ကို စိုက်ပျိုး၍ ရရှိလာသော F2 အဆင့် မျိုးစေ့များကို ဖြန့်ဖြူးရောင်းချခြင်း မပြုရန် ညွှန်ကြားချက်ကို ဝါမျိုးစေ့ထုတ်ရောင်းချသူများ သိရှိပြီးဖြစ်ပါသည်။ ထို့အတူ ၎င်းစပ်မျိုးဝါ F2 မျိုးစေ့များကို တောင်သူများက အသုံးပြု ထပ်မံစိုက်ပျိုးခြင်းမပြုရန်၊ ဝါစိုက်တောင်သူများအား အသိပညာပေး ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါသည်။
၎င်းအပြင် စပ်မျိုးဝါ F2 မျိုးများကို အသုံးပြုစိုက်ပျိုးပါက အောင်မြင်ဖြစ်ထွန်းမှု မရှိသည်ကို သိရှိထားပြီး၊ မျိုးစေ့ဥပဒေ (၂၀၁၅) တွင်လည်း မှတ်ပုံတင်ထားခြင်းမရှိသော မျိုးစေ့များ ရောင်းချခြင်း မပြုရန် သတ်မှတ်ပြဋ္ဌာန်းထားပါသည်။
သို့ဖြစ်ပါ၍ ဝါမျိုးစေ့ထုတ် ရောင်းချသူများနှင့် ဝါစိုက်တောင်သူများသည် စပ်မျိုးဝါ F2 မျိုးစေ့ များအား၊ ဖြန့်ဖြူးရောင်းချခြင်း၊ အသုံးပြုစိုက်ပျိုးခြင်း မပြုပါရန် သတိပေးထုတ်ပြန်အပ်ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန