20/11/2016
သားသမီးတိုင်းသို့
မိအို ဖအို ကြီးများရဲ့
မေတ္တာရပ်ခံချက်များ
*ငါအိုသွားပြီ။
ငါဟာ အရင်က ငါမဟုတ်တော့ဘူး။
ငါ့ကို စိတ်ရှည်ရှည်ထားပြီး ဆက်ဆံပေးကြပါ။
*ချည့်နဲ့နဲ့ လက်တွေကြောင့်
အင်္ကျီလုံချည်ပေါ် ထမင်းဟင်းတွေ
ဖိတ်စင်သွားသည့် အချိန်အခါမျိုးတွေမှာ
တစ်ကိုယ်လုံး ပေပေကျံကျံဖြစ်နေတဲ့အခါ
ငါ့ကိုမရွံကြပါနဲ့ စိတ်ရှည်စွာသန့်ရှင်းပေးကြပါ။
မင်းတို့ငယ်ငယ်တုန်းက
ဘယ်လောက်ပဲ ညစ်ပတ်ညစ်ပတ်
ငါသုတ်သင် သန့်ရှင်းပေးခဲ့တာတွေကို
ကျေးဇူးပြုပြီး သတိရပေးကြပါ။
*အပ်ကြောင်းထပ်မက
ပြောခဲ့ဖူးတဲ့စကားတွေကို ပြန်ပြောမိတဲ့အခါ
အပြစ်မတင်ကြပါနဲ့ မငြူဆူကြပါနဲ့
ကျေးဇူးပြုပြီးနားထောင်ပေးပါ။
မင်းတို့ငယ်ငယ်တုန်းက အိပ်ယာဝင်တိုင်း
တစ်ထောင့်တစ်ညပုံပြင်တွေ
ငါးရာ့ငါးဆယ် နိပါတ်တော်တွေ
ဇာတ်ကြီးဆယ်ဘွဲ့ ပုံပြင်တွေကို
မရိုးနိုင်အောင် ငါပြောပြရင်းနဲ့
ချော့သိပ်ခဲ့တာတွေကို ပြန်ပြီးသတိရပေးကြပါ။
*မလှုပ်ရှားနိုင်လို့
ရေချိုးဖို့အကူညီလိုတဲ့အခါ ငါ့ကိုမငြိုငြင်ကြပါနဲ့။
အကြောင်းတစ်ခုခုပြပြီး ရှောင်မသွားကြပါနဲ့။
မင်းတို့ငယ်ငယ်တုန်းက
ချော့တစ်ခါခြောက်တစ်လှည့် အကြိမ်ကြိမ်အခါခါ
ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကိုမြင်ယောင်ပေးကြပါ။
*ခေတ်သစ်နည်းပညာသစ်တွေကို
မသိနားမလည်လို့ ဝင်မေးမိခဲ့တဲ့အခါမျိုးမှာ
ငါ့ကိုအထင်သေးကာ မလှောင်ရယ်ကြပါနဲ့။
မင်းတို့ငယ်ငယ်တုန်းက
မင်းတို့မေးခဲ့ဖူးတဲ့ မေးခွန်းများစွာတိုင်းကို
စိတ်ရှည်စွာပြန်ဖြေခဲ့တာတွေကို အမှတ်ရပေးကြပါ။
*စိတ်သွားတိုင်း ကိုယ်မပါ
နွမ်းလျပြီး လမ်းထမလျှောက်နိုင်တော့တဲ့အခါ
ခွန်အားပါတဲ့လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးကြပါ။
မင်းတို့ငယ်ငယ်တုန်းက
ခြေတစ်လှမ်းခြင်း တစ်လှမ်းခြင်း
လမ်းလျှောက်သင်ပေးခဲ့တာကို သတိရပေးကြပါ။
*တစ်နေ့ထက်တစ်နေ့
အိုစာသွားတဲ့ငါ့ကိုကြည့်ပြီးတော့
ဝမ်းမနည်းကြပါနဲ့ စိတ်မကောင်းမဖြစ်ကြပါနဲ့
အိုမင်းသွားသူငါ့ကို တက်နိုင်သမျှကူညီပေးကြပါ။
ငါ့ဘဝနောက်ဆုံးအချိန်မှာ ငါ့ကိုအဖော်ပြုပေးကြပါ။
မင်းတို့ငယ်ငယ်တုန်းက
မင်းတို့ရဲ့ဘဝအစ တက်လမ်းအတွက်
သွန်သင်ဆုံးမပေးခဲ့ပြီး အားပေးခဲ့တာတွေ
အဖော်ပြုပေးခဲ့တာတွေကို ပြန်သတိရပေးကြပါ။
*ချစ်ခြင်းမေတ္တာတွေနဲ့ အေးမြမှု့တွေကို
မင်းတို့ဆီကနေ ငါပြုံးပြုံးလေးလက်ခံချင်တယ်။
အဲ့ဒီအပြုံးတွေထဲမှာ အဆုံးအစမရှိတဲ့
ငါ့မေတ္တာတွေကို မင်းတို့တွေ့ကြရလိမ့်မယ်။
အဏ္ဏဝါဆန်ရေ ( ထာဝရ မန္တလေး )