Interim Magway Federal Unit Government

Interim Magway Federal Unit Government ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့ (IMFUG) သည် မကွေးဖက်ဒရယ်ယူနစ်၏ ကြားကာလ အုပ်ချုပ်ရေး အတွက် တာဝန်ရှိသော အုပ်ချုပ်ရေးမဏ္ဍိုင် ဖြစ်သည်။

❝ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ❞༺═────────────────═༻ရက်စွဲ ၊ ၂၀၂၆ ခုနှ...
19/07/2026

❝ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ❞
༺═────────────────═༻

ရက်စွဲ ၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်

၁။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဗိသုကာနှင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ကျရောက်သည့် (၇၉) နှစ်မြောက် အာဇာနည်နေ့တွင် ကျွန်ုပ်တို့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရအနေဖြင့် ခေတ်အဆက်ဆက်၊ တော်လှန်ရေးအဆက်ဆက်တွင် ပေါ်ပေါက်ခဲ့သော အာဇာနည်သူရဲကောင်း အပေါင်းတို့အား အလေးအမြတ်ပြု ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။

၂။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော အာဇာနည်နေ့သည် မြန်မာ့သမိုင်းတွင် အမှောင်ဖုံးလွှမ်းသွားခဲ့သည့် ကြေကွဲဖွယ်နေ့တစ်နေ့ ဖြစ်သော်လည်း၊ အဆိုပါနေ့မှစတင်၍ ကျွန်ုပ်တို့၏ မျိုးဆက်များသည် အာဇာနည်တို့၏ စွန့်လွှတ်အနစ်နာခံမှုကို အရင်းခံကာ လွတ်လပ်ရေး၊ တရားမျှတရေးနှင့် ဒီမိုကရေစီရေးတို့အတွက် မဆုတ်မနစ် ဆက်လက်ချီတက်ခဲ့ကြပါသည်။ ယနေ့ နွေဦးတော်လှန်ရေးကာလတွင်လည်း အာဇာနည်တို့၏ စွန့်လွှတ်စွန့်စားမှုသည် ကျွန်ုပ်တို့၏ တော်လှန်ရေးခရီးလမ်း အတွက် မီးရှူးတန်ဆောင်သဖွယ် လမ်းပြနေဆဲပင် ဖြစ်ပါသည်။

၃။ လက်ရှိတွင် စစ်အာဏာရှင်စနစ်၏ ဖိနှိပ်မှုအောက်မှ လွတ်မြောက်ရန် တိုင်းပြည်နှင့် ပြည်သူလူထု အတွက် အသက်၊ သွေး၊ ချွေးများစွာ ပေးဆပ်နေကြသော တော်လှန်ရေးရဲဘော်ရဲဘက်များ အားလုံးသည်လည်း ခေတ်သစ် အာဇာနည်သူရဲကောင်းများပင် ဖြစ်ကြပါသည်။ အာဇာနည်အပေါင်းတို့ မျှော်ရည်ခဲ့သော "ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး" ပန်းတိုင်ဆီသို့ ကျွန်ုပ်တို့ အနေဖြင့် မပျက်မကွက် ချီတက်လျက်ရှိပါသည်။

၄။ အာဇာနည်နေ့၏ အနှစ်သာရမှာ စွန့်လွှတ်အနစ်နာခံမှု၊ ညီညွတ်မှုနှင့် ပြည်သူလူထုအပေါ် သစ္စာရှိမှုတို့ပင် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ယနေ့ကာလတွင် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို အာဇာနည်စိတ်ဓာတ်ဖြင့် ကျော်ဖြတ်ကြပြီး အာဇာနည်တို့၏ မျှော်ရည်ချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို အောင်မြင်စွာ တည်ဆောက်နိုင်သည်အထိ အတူတကွ လက်တွဲ ချီတက်ကြပါစို့ဟု တိုက်တွန်းရင်း ဤဂုဏ်ပြုသဝဏ်လွှာကို ပေးပို့အပ်ပါသည်။

ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ


❝ (၆၄)နှစ်မြောက် ဆဲဗင်းဇူလိုင် အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ ❞༺═────────────────═༻ရက် စွဲ ၊ ၂၀၂၆ ခုနှစ်၊ ...
07/07/2026

❝ (၆၄)နှစ်မြောက် ဆဲဗင်းဇူလိုင် အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ ❞
༺═────────────────═༻
ရက် စွဲ ၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၇ ရက်

၁။ ယနေ့ ဇူလိုင်လ ၇ ရက်နေ့သည် မြန်မာနိုင်ငံ၏ ကျောင်းသားသမိုင်းတွင် မေ့ဖျောက်၍ မရနိုင်သည့် ကြေကွဲဖွယ် နေ့တစ်နေ့ ဖြစ်ပါသည်။ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် စစ်အာဏာရှင် နေဝင်း ဦးဆောင်သော စစ်အစိုးရသည် ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်းရှိ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော ကျောင်းသား၊ ကျောင်းသူများကို ရက်စက်စွာ ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး၊ နောက်တစ်နေ့ ဖြစ်သည့် ဇူလိုင်လ ၈ ရက် နံနက်ခင်းတွင် သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အအုံကို ဒိုင်းနမိုက်ဖြင့် ဖြိုခွဲ ဖျက်ဆီးခဲ့ပါသည်။ ဤဝမ်းနည်းဖွယ် အဖြစ်အပျက်များ စတင်ခဲ့သည်မှာ ယနေ့တွင် (၆၄) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။

၂။ ဆဲဗင်းဇူလိုင်တွင် ကျဆုံးသွားသော အာဇာနည် ကျောင်းသားများနှင့်တကွ နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော အာဇာနည် ကျောင်းသား၊ လူငယ်အပေါင်းတို့အား ဤသဝဏ်လွှာမှတစ်ဆင့် လေးစားစွာ ဦးညွှတ် ဂုဏ်ပြုအပ်ပါသည်။ ခေတ်အဆက်ဆက် ကျောင်းသားသမဂ္ဂနှင့် ကျောင်းသားထု၏ သွေးစည်းခဲ့မှုများသည် ကျွန်ုပ်တို့ ယနေ့ တည်ဆောက်နေသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်များအတွက် များစွာ အထောက်အကူပြုလျက်ရှိပါသည်။

၃။ ယနေ့ကာလတွင်လည်း စစ်အုပ်စုသည် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုများ အပါအဝင် အမြတ်တနိုး တန်ဖိုးထားရသည့် သင်္ကေတများကို ဖျက်ဆီးလျက်ရှိသကဲ့သို့၊ သမိုင်းတစ်လျှောက်တွင်လည်း ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဖြိုဖျက်ခဲ့ကြသည်။ သို့သော်လည်း “သမဂ္ဂအဆောက်အဦကိုသာ ဖြိုလို့ရမယ်။ အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ ဘယ်သူမှ ဖြိုလို့မရပါဘူး” ဟူသော ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ သမိုင်းဝင်စကားအတိုင်း ကျွန်ုပ်တို့ရင်ထဲမှ သမဂ္ဂစိတ်ဓာတ်နှင့် တော်လှန်ရေး စိတ်ဓာတ်တို့ကို ယခင်ကထက် ပိုမို ကိုင်စွဲ ချီတက်ရမည့် အချိန်အခါပင် ဖြစ်ပါသည်။

၄။ ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရ အနေဖြင့် ကျောင်းသားများ၏ အခွင့်အရေးကို ကာကွယ်ရေး၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးတို့ အတွက် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ခေတ်အဆက်ဆက် တိုင်းပြည်နှင့် ပြည်သူလူထု အပေါ် လက်နက်အားကိုးဖြင့် အကြမ်းဖက် ဖိနှိပ်နေသည့် စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင် စနစ် ဟူသမျှကို ဤနွေဦးတော်လှန်ရေးကြီးဖြင့် အပြီးသတ် ချုပ်ငြိမ်းအောင် ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းရင်း ဤဂုဏ်ပြုသဝဏ်လွှာကို ပေးပို့အပ်ပါသည်။

ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရ


❝ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရနှင့် “ပြုံးပြုံးလေး” ရုပ်ရှင်မှ တော်လှန်အနုပညာရှင်များ အလွတ်သဘော တွေ့ဆုံ ❞༺═──────────...
05/07/2026

❝ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရနှင့် “ပြုံးပြုံးလေး” ရုပ်ရှင်မှ တော်လှန်အနုပညာရှင်များ အလွတ်သဘော တွေ့ဆုံ ❞
༺═────────────────═༻
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက်

ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရနှင့် “ပြုံးပြုံးလေး” ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် တော်လှန်အနုပညာရှင်များ၏ အလွတ်သဘော တွေ့ဆုံပွဲကို ယမန်နေ့၊ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရမှ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ၍ “ပြုံးပြုံးလေး” ရုပ်ရှင်မှ တော်လှန်အနုပညာရှင်များဖြစ်ကြသည့် ဒါရိုက်တာ ကိုပေါက်၊ အကယ်ဒမီ မင်းမော်ကွန်းနှင့် အဖွဲ့ဝင်များလည်း ပါဝင်တက်ရောက်ခဲ့ကြပြီး မကွေးဖက်ဒရယ်ယူနစ်နှင့် တော်လှန်ရေးဆိုင်ရာ အခြေအနေများကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

ထို့ပြင် “ပြုံးပြုံးလေး” ရုပ်ရှင် ပြသမှုမှ ရရှိခဲ့သော ရန်ပုံငွေများအနက် ငွေကျပ် သိန်း (၆၀၀) တိတိကို ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ၏ လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ဒါရိုက်တာ ကိုပေါက်၊ အကယ်ဒမီ မင်းမော်ကွန်းနှင့် အဖွဲ့ဝင်များက လှူဒါန်းခဲ့ပါကြောင်း မှတ်တမ်းတင် ထုတ်ပြန်အပ်ပါသည်။

❝ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရနှင့် မကွေးဖက်ဒရယ်ယူနစ် အတွ...
01/07/2026

❝ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရနှင့် မကွေးဖက်ဒရယ်ယူနစ် အတွင်းရှိ ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့များ အစည်းအဝေး ကျင်းပပြုလုပ် ❞
༺═────────────────═༻
၂၀၂၆ ခုနှစ်၊ ဇူလိုင် လ ၁ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလ ဒေသန္တ ရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ‌‌မကွေးဖက်ဒရယ်ယူနစ်အတွင်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး(၁၃/၂၀၂၆)ကို ယနေ့ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ဝင်များလည်း ပေါင်းစပ် တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၏ ဒု-ဥက္ကဋ္ဌ(၁)၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ၏ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။

ထို့နောက် ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရ ဒုတိယဝန်ကြီးချုပ် ဦးချစ်ဝင်းမောင်က ကြားကာလဖက်ဒရယ်ယူနစ်အစိုးရဖြစ်တည်လာပုံနှင့် လုပ်ငန်းဆောင်ရွက်နေမှုများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်များမှ အုပ်ချုပ်ရေးဆိုင်ရာပေါင်းစပ်လုပ်ငန်းများနှင့်ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီးနှင့် ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရ၏ တာဝန်ရှိသူများမှ ပြန်လည်‌ ဆွေးနွေးခဲ့ပါသည်။

၎င်းအစည်းအ‌ဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဒု-ဥက္ကဋ္ဌ(၁)နှင့်အဖွဲ့ဝင်များ၊ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ ဝန်ကြီးချုပ်၊ ဒုတိယ ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့ဝင်များနှင့် ရုံးအဖွဲ့ဝင်များ၊ မကွေးဖက်ဒရယ်ယူနစ်အတွင်းရှိ ခရိုင်၊ မြို့နယ် ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့များက ဝာာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။

❝ ချင်းပြည် (Chinland) အစိုးရနှင့် ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရတို့ တွေ့ဆုံဆွေးနွေး ❞༺═──────────────═༻၂၀၂၆ ခုနှစ်၊ ...
30/06/2026

❝ ချင်းပြည် (Chinland) အစိုးရနှင့် ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရတို့ တွေ့ဆုံဆွေးနွေး ❞
༺═──────────────═༻
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်

ချင်းပြည် (Chinland) အစိုးရနှင့် ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရတို့သည် ယနေ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်၊ နံနက် ၁၀ နာရီတွင် ZOOM Platform မှတစ်ဆင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ချင်းပြည် (Chinland) အစိုးရနှင့် ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့မှ ဝန်ကြီးချုပ်များ အပါအဝင် အစိုးရ အဖွဲ့ဝင်များ အားလုံး စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာ၌ နှစ်ဖက် အစိုးရ အဖွဲ့များ၏ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို အပြန်အလှန် ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြပါသည်။

ချင်းပြည် (Chinland) အစိုးရနှင့် ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့သည် ပြည်သူလူထုနှင့် တော်လှန်ရေး အကျိုးကို ဦးထိပ်ထား၍ မမှိတ်မသုန် ဆက်လက် လက်တွဲ ချီတက်သွားကြမည် ဖြစ်ပါသည်။

ချင်းပြည် (Chinland) အစိုးရ
ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရ


❝ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရနှင့် မကွေးဖက်ဒရယ်ယူနစ် အတွင...
26/06/2026

❝ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရနှင့် မကွေးဖက်ဒရယ်ယူနစ် အတွင်းရှိ ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့များ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ ❞
༺═────────────────═༻

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရနှင့် မကွေးဖက်ဒရယ်ယူနစ် အတွင်းရှိ ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့များအစည်းအဝေးကို ယမန်‌နေ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။အ

အဆိုပါ အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၏ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။

၎င်းနောက် အစည်းအဝေး၏ ရည်ရွယ်ချက်ကို ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ရှင်းလင်းပြောကြားခဲ့ပြီး၊ အုပ်ချုပ်ရေးဆိုင်ရာပြောင်းလဲမှု လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တက်ရောက်လာသူများက တက်ကြွစွာ ဆွေးနွေးခဲ့ကြကာ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်၍ အစည်းအဝေးအား နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြပါသည်။

ယင်းအစည်းအ‌ဝေးသို့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မကွေးဖက်ဒရယ်ယူနစ် လွှတ်တော် ဥက္ကဋ္ဌ၊ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ ဝန်ကြီးချုပ်၊ ဒုတိယ ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့ဝင်များနှင့် ရုံးအဖွဲ့ဝင်များ၊ မကွေးဖက်ဒရယ်ယူနစ် အတွင်းရှိ ခရိုင်၊ မြို့နယ် ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့များက ဝာာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

❝အာဇာနည် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း နှစ် (၅ဝ) ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် ဂ...
26/06/2026

❝အာဇာနည် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း နှစ် (၅ဝ) ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ❞
༺═────────────────═༻

၂ဝ၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်

၁၉၇၆ ခုနှစ်၊ ဇွန်လ (၂၆) ရက်တွင် အာဏာရှင်စနစ်ကို မဆုတ်မနစ် တော်လှန်ရင်း ကြိုးစင်ပေါ်၌ အသက်ပေးလှူသွားခဲ့သော အာဇာနည် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း နှစ်(၅၀)တိတိ ပြည့်မြောက်သည့် ယနေ့တွင် ကျင်းပပြုလုပ်သော ဂုဏ်ပြု အောက်မေ့ဖွယ် အခမ်းအနားများသို့ ကျွန်ုပ်တို့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရအနေဖြင့် ဤသဝဏ်လွှာကို လေးစားဂုဏ်ယူစွာ ပေးပို့အပ်ပါသည်။

၂။ ဆလိုင်းတင်မောင်ဦးသည် ကြိုးစင်ပေါ်သို့ တက်လှမ်းရမည့်အချိန်တွင်ပင် အာဏာရှင်တို့အား ဒူးမထောက်ဘဲ "မင်းတို့ ငါ့ကို သတ်လို့ရပေမယ့် ငါ့ယုံကြည်ချက်နဲ့ စိတ်ဓာတ်ကိုတော့ ဘယ်တော့မှ သတ်လို့မရဘူး" ဟူသည့် မယိမ်းမယိုင်သော သစ္စာအဓိဋ္ဌာန်နှင့် ပြတ်သားသော စိတ်ဓာတ်ကို ကြွေးကြော် ပြသသွားခဲ့သူ ဖြစ်ပါသည်။ ၎င်း၏ အဆိုပါရဲရင့်သော ကြွေးကြော်သံသည် လွန်ခဲ့သော နှစ်ပေါင်း (၅၀)ကတည်းက မြန်မာ့မြေပေါ်တွင် ပဲ့တင်ထပ်ခဲ့ကာ ယနေ့တိုင်အောင် နွေဦးတော်လှန်ရေး၏ ခွန်အား တစ်ရပ် ဖြစ်နေဆဲပင် ဖြစ်ပါသည်။

၃။ ဆလိုင်းတင်မောင်ဦး၏ စွန့်လွှတ်စွန့်စားမှုသည် လူမျိုးစုတစ်စု၊ အဖွဲ့အစည်းတစ်ခုတည်း အတွက်သာ မဟုတ်ဘဲ မြန်မာနိုင်ငံသားအားလုံး အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးနှင့် တရားမျှတမှု အတွက် အသက်ကို ပေးလှူသွားခြင်းဖြစ်သည်ကို ကျွန်ုပ်တို့အနေဖြင့် အစဉ်တစိုက် လေးစား အသိအမှတ်ပြုပါသည်။ ၎င်း၏ အာဇာနည်စိတ်ဓာတ်နှင့် အမှန်တရားအတွက် တိုက်ပွဲဝင်မှုသည် ယနေ့ခေတ် နွေဦးတော်လှန်ရေးတွင် ပါဝင်ဆင်နွှဲနေကြသော မျိုးဆက်သစ် လူငယ်များနှင့် တော်လှန်ရေး အင်အားစုများ အားလုံး အတွက် စံနမူနာ ယူထိုက်သော၊ အစားထိုးမရသော တော်လှန်စိတ်ဓာတ်ပင် ဖြစ်ပါသည်။

၄။ ကျွန်ုပ်တို့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရအနေဖြင့် ဆလိုင်းတင်မောင်ဦးနှင့်တကွ ခေတ်အဆက်ဆက်မှ အာဇာနည်သူရဲကောင်းများ မျှော်မှန်းခဲ့သည့် အာဏာရှင်စနစ်ဟူသမျှ အမြစ်ပြတ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် ပေါ်ထွန်းရေးအတွက် ညီနောင် တော်လှန်ရေး အင်အားစုများ အားလုံးနှင့်အတူ ပန်းတိုင်ရောက်သည်အထိ လက်တွဲ တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ဤသဝဏ်လွှာမှတဆင့် ထပ်လောင်း သစ္စာအဓိဋ္ဌာန်ပြုပါသည်။

၅။ နိဂုံးချုပ်အားဖြင့် အာဇာနည်သူရဲကောင်း ဆလိုင်းတင်မောင်ဦးသည် မျိုးဆက် အသီသီး၏ နှလုံးသားဝယ် ထာဝစဉ် ရှင်သန်နေမည်ဖြစ်ပြီး ၎င်းပေးဆပ်သွားခဲ့သော အသက်၊ သွေး၊ ချွေးများသည် မကြာမီ အချိန်တွင် စစ်မှန်သော လွတ်လပ်မှုနှင့် ဖက်ဒရယ်ပြည်ထောင်စုပန်းတိုင် အဖြစ် သီးပွင့် လာတော့မည် ဖြစ်ကြောင်း ယုံကြည်လျက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ပါသည်။

ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရ


❝ မကွေးဖက်ဒရယ်ယူနစ် အတွင်းရှိ စစ်‌ဘေးရှောင် ပြည်သူလူထုကို တော်လှန်ပြည်သူ စေတနာရှင်များ ကိုယ်စား မကွေးဖက်ဒရယ်ယူနစ် အစိုးရ...
25/06/2026

❝ မကွေးဖက်ဒရယ်ယူနစ် အတွင်းရှိ စစ်‌ဘေးရှောင် ပြည်သူလူထုကို တော်လှန်ပြည်သူ စေတနာရှင်များ ကိုယ်စား မကွေးဖက်ဒရယ်ယူနစ် အစိုးရက ‌ပံ့ပိုးကူညီမှုများ ပြုလုပ် ❞
༺═────────────────═༻

၂၀၂၆ ခုနှစ်၊ ဇွန်လ အတွင်း၌ မကွေးဖက်ဒရယ် ယူနစ်၊ ပခုက္ကူမြို့နယ် တစ်နေရာရှိ စစ်ဘေးရှောင် ပြည်သူလူထုထံသို့ မကွေးဖက်ဒရယ်ယူနစ် အစိုးရက သွား‌ရောက်၍ တော်လှန်ပြည်သူ စေတနာရှင်များ ကိုယ်စား ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့ပါသည်။

ယင်းကဲ့သို့ တော်လှန်ပြည်သူ စေတနာရှင်များ ကိုယ်စား ပံ့ပိုးကူညီမှုများ ပြုလုပ်ရာတွင် ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန(ပူးတွဲ)နှင့် ပညာရေးဝန်ကြီး ဦးကျော်သူရတို့နှင့်အတူ သက်ဆိုင်ရာ မြို့နယ်မှ တာဝန်ရှိသူများက ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြပါသည်။

20/06/2026

❝ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၈၁) နှစ်မြောက် မွေးနေ့ အမှတ်တရ မကွေးဖက်ဒရယ်ယူနစ် အတွင်းရှိ မြို့နယ်ကျန်းမာရေး အဖွဲ့များက ဆုတောင်း မေတ္တာပို့သခြင်း ❞

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်


#၁၉ဇွန်
#နှင်းဆီလှုပ်ရှားမှု

19/06/2026

❝ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၈၁) နှစ်မြောက် မွေးနေ့ အမှတ်တရ

ကြားကာလ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မကွေးဖက်ဒရယ်ယူနစ် အစိုးရ အဖွဲ့ဝင်များက ဆုတောင်း မေတ္တာပို့သခြင်း ❞

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်


#၁၉ဇွန်
#နှင်းဆီလှုပ်ရှားမှု

Address

Myanmar
Magway

Alerts

Be the first to know and let us send you an email when Interim Magway Federal Unit Government posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share