ကြို့ပင်ကောက် မြို့နယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ-ဗကသများအဖွဲ့ချုပ်

  • Home
  • Myanmar
  • Gyobingauk
  • ကြို့ပင်ကောက် မြို့နယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ-ဗကသများအဖွဲ့ချုပ်

ကြို့ပင်ကောက် မြို့နယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ-ဗကသများအဖွဲ့ချုပ် GYOBINGAUK STUDENTS' UNION(ALL BURMA FEDERATION OF STUDENTS' UNION)

⬛နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားပညာရေး၁၉၂ဝ ပြည့်နှစ် အရေးတော်ပုံကြီးဝိုင်အမ်ဘီအေအသင်းတွေနဲ့ အလားတူ အသင်းတွေ ပေါင်းမိပြီး ဂျ...
18/11/2024

⬛နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားပညာရေး
၁၉၂ဝ ပြည့်နှစ် အရေးတော်ပုံကြီး

ဝိုင်အမ်ဘီအေအသင်းတွေနဲ့ အလားတူ အသင်းတွေ ပေါင်းမိပြီး ဂျီစီဘီအေ အသင်းပေါင်းချုပ်ကြီး ဖြစ်လာတဲ့ ၁၉၁၂ ခုနှစ်လောက်က ၁၉၂ဝ ခုနှစ် အတွင်းမှာ ဗမာဝံသာနု လှုပ်ရှားမှအားကောင်းလာတယ်။ လူငယ်လူရွယ်တွေ၊ ကျောင်းသားတွေလည်း နိုင်ငံရေး နိုးကြားလာကြတယ်။

၁၉၂ဝ ခုနှစ်မှာ ဗမာပြည်ရဲ့ ဒုတိယဘုရင်ခံက ဆာရယ်ဂျီနယ်ကရက်ဒေါက်၊ ပညာမင်းကြီးက ဆာမတ်ဟန်းတားပါ။ အင်္ဂလိပ်အစိုးရက ဗမာပြည်မှာ ဘုရင်ခံ မထားသေးဘူး။ဒုတိယဘုရင်ခံနဲ့ပဲ အုပ်စိုးစေသေးတယ်။

သူတို့နှစ်ယောက်လက်ထက်မှာ ရန်ကုန်တက္ကသိုလ်ကြီး တည်ထောင်ဖို့ စီမံကြတယ်။ကာလကတ္တား တက္ကသိုလ်လက်အောက် ကောလိပ်အဖြစ်က သီးခြားတက္ကသိုလ်ကောလိပ် ဖြစ်လာမှာကို ဗမာပြည်သူ လူထုကရော၊ ကျောင်းသူ ကျောင်းသားတွေကရော ကြိုဆိုကြပါတယ်။ ဒါပေမဲ့ ဗြိတိသျှအစိုးရရဲ့ ရည်ရွယ်ချက်က ပညာတတ်တွေ သိပ်မထွန်းကားစေချင်ဘူး။

သူတို့သင်ပေးသလောက်ပဲ တတ်၊ သူတို့ခိုင်းတဲ့ အလုပ်ပဲလုပ် ဆိုတာမျိုး ဖြစ်စေချင်တယ်။ သူတို့အစီအစဉ်ဟာ ဗမာလူမျိုးရဲ့ တက်ကြွနေတဲ့အမျိုးသားစိတ်နဲ့ နည်းနည်းမှ မနီးစပ်ဘူး။
ဆာရယ်ဂျီနယ်ကရက်ဒေါက်ရော၊ ဆာမတ်ဟန်းတားရောက စိတ်ထက်သူတွေချည်းပဲ။ သူတို့လုပ်ရင် ဖြစ်ရမယ်ဆိုတဲ့ စိတ်မျိုးရှိသူတွေပေါ့။ သူတို့ဖန်တီးတဲ့ ရန်ကုန်တက္ကသိုလ်ဥပဒေမှာ -
(၁) ရန်ကုန်မြို့ကလွဲပြီး ဘယ်မြို့မှာမှ တက္ကသိုလ် မရှိစေရ။
(၂) ၁၀ တန်းအောင်ပေမယ့်တချို့ကျောင်းသားတွေ အိုင်အေ၊ အိုင်အက်စ်စီတန်းမှာ မသင်ရသေး။ ဂွ(ခွဲ)တန်းမှာ သင်ကြရဦးမယ်။
(၃) ဂုဏ်ထူးတန်းမှာ ၃ နှစ်နေပြီးမှ ဘီအေ၊ ဘီအက်စ်စီ စာမေးပွဲကို ဖြေဆိုခွင့်ပြုမယ်ဆိုတဲ့အချက်တွေ ပါတယ်။

အဲဒီအချက်တွေအပြင် ဗမာလူငယ်လူရွယ်တွေ ဝိဇ္ဇာပညာရပ်များဘက်မှာ အနောက်နိုင်ငံများက လူငယ်တွေ ပညာရသလို ရဖို့၊ သိပ္ပံပညာဘက်မှာ အနောက်နိုင်ငံက လူငယ်တွေတကယ် တတ်မြောက်ကြသလို တတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်မျိုး၊ စေတနာမျိုး မထားဘူးဆိုတာသိကြပြီး ဖြစ်တာကြောင့်သတင်းစာတွေကနေပြီး တက္ကသိုလ်ဥပဒေကို ကန့်ကွက်ရေးသားကြတယ်။ နိုင်ငံလုံးဆိုင်ရာအစည်းအဝေးကြီးတွေကလည်း ကန့်ကွက်ကြတယ်။

ပြည်သူ့ဆန္ဒကို ဂရုစိုက်သေးတဲ့ခေတ်အခါ မဟုတ်တဲ့အတွက် ဗြိတိသျှ အစိုးရအာဏာပိုင်တွေက ဘာမှ ဂရုမစိုက်ဘူး။ သူတို့အစီအစဉ်အတိုင်း ဥပဒေကို အတည်ပြုပြီး လုပ်စရာ အစီအစဉ်တွေ ဆက်လုပ်တယ်။ လူကြီးပိုင်းက တားလို့မရ၊ ကျောင်းသားတွေကိုယ်တိုင် ဒီတက္ကသိုလ်ဥပဒေကို တားမှ ရလိမ့်မယ်လို့ လူကြီးများက ပြောကြ၊ သတင်းစာတွေထဲမှာ ရေးသူက ရေးကြဖြစ်လာတော့ နိုင်ငံရေးနိုးကြားပြီး နယ်ချဲ့ဆန့်ကျင်ရေးစိတ် ပြင်းထန်နေတဲ့ကျောင်းသားများအနေနဲ့ ဒီကိစ္စကို လေးလေးနက်နက် စဉ်းစားကြတော့တာပေါ့။

တစ်နေ့မှာ ကောလိပ်ကျောင်းသားကြီးတစ်စုရွှေတိဂုံဘုရားပေါ်မှာ အစည်းအဝေးတစ်ခုလုပ်ကြတယ်။ ကိစ္စကတော့ တက္ကသိုလ်ဥပဒေကို ဆန့်ကျင်ဖို့၊ သပိတ်မှောက်ဖို့ပဲ။ အဲဒီအစည်းအဝေးက ရန်ကုန်ကောလိပ်နဲ့ ဂျပ်ဆင် ကောလိပ်ကျောင်းသားတွေ အားလုံးပါတဲ့ အစည်းအဝေးကြီးခေါ် ဖို့ဆုံးဖြတ်ကြတယ်။ ဒီဆုံးဖြတ်ချက်အတိုင်း ဗဟန်း ဘုန်းကြီးကျောင်းတိုက် တစ်တိုက်မှာအစည်းအဝေးကြီးခေါ်ပြီး ကျေကျေလည်လည် အပြန်အလှန် ဆွေးနွေးကြတယ်။ အဲဒီ အစည်းအဝေးကြီးက သပိတ်လက်နက်နဲ့ တက္ကသိုလ်ဥပဒေကို တိုက်ဖျက်ဖို့ အားလုံးသဘောတူ ဆုံးဖြတ်ကြတယ်။

သပိတ်မှောက်ဖို့ သဘောတူကြပေမယ့် အယူအဆနှစ်မျိုး ဖြစ်နေတယ်။
သပိတ်အရင်မှောက်မယ်၊ သပိတ်မှောက်ရင်း အရေးဆိုမယ်။
လိုတဲ့အချက်တွေ အရင်တောင်းမယ်။ မရမှသပိတ်မှောက်မယ်ရယ်လို့ ဖြစ်တယ်။ ပထမ အယူအဆကိုခေါင်းဆောင် တင်ပြသူကတော့နောင်တော့ ပြည်မြို့ အမျိုးသား ကျောင်းအုပ်ကြီးဖြစ်လာတဲ့ ဦးဘဦးပါ။ ဒုတိယအယူအဆကိုခေါင်းဆောင် တင်ပြသူကတော့ အမျိုးသားပညာဝန်ဖြစ်လာတဲ့ ဦးဖိုးကျားပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးက ဘာကြောင့် အရင်မှောက်သင့်တယ်၊ ဘာကြောင့်အရေးဆိုလို့ မရမှ မှောက်သင့်တယ်ဆိုတဲ့ အကြောင်းပြချက်တွေကို အကြိတ်အနယ် တင်ပြကြတယ်။ ဘယ်ဘက်ကမှ မလျှော့ကြဘူး။ နောက်ဆုံး မဲဆန္ဒယူပြီး ဆုံးဖြတ်ကြတဲ့အခါ ဦးဘဦးဘက်က မဲနည်းနည်းအသာနဲ့ နိုင်သွားတယ်။ ဂျပ်ဆင်ကောလိပ် တတိယနှစ်မှာ ပညာသင်နေတဲ့ဦးဖိုးကျားဟာ အင်မတန်စကားပြောကောင်းသူဖြစ်တယ်။ “ရွှေခါချဉ်မာန်ကြီး တောင်ကြီး ဖြိုမယ့်ကြံ ခါးကမသန်” ဆိုတဲ့ စကားပုံကို သုံးပြီး ရှုံးရပုံကို ပြောတာနဲ့ ပတ်သက်ပြီး အဲဒီမြင်ကွင်းကိုမီလိုက်သူများက ဒီကနေ့အထိ ပြောကြတုန်းပါ။

ဒီလို ကိုယ့်ဆန္ဒအတိုင်း မဟုတ်တဲ့ ဆုံးဖြတ်ချက်က အနိုင်ရသွားပေမယ့် ဦးဖိုးကျားနဲ့ဦးဖိုးကျားအဆိုကို ဆန္ဒပေးသူတွေက တစ်မျိုးတစ်မည် မလုပ်ပါဘူး။ အများဆုံးဖြတ်ချက်အတိုင်းလိုက်နာကြတယ်။

၁၂၈၂ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် (၁၉၂၀၊ ဒီဇင်ဘာလ ၅ ရက်)တနင်္ဂနွေနေ့မှာ ကောလိပ်ကျောင်းသားတွေ သပိတ်မှောက်ပြီး ဗဟန်း ကြားတောရကျောင်းတိုက်မှာစုဝေးကြတယ်။ ကျောင်းသားတွေ စုံလို့ စည်းဝေးကြတဲ့အခါ ဦးဘဦးက မိန့်ခွန်း တော်တော်ရှည်ရှည် ပြောတယ်။

အဲဒီကျောင်းသားထု အစည်းအဝေးပြီးတဲ့နောက် ၁ဝ ယောက်တစ်ဖွဲ့ အဖွဲ့တွေ ဖွဲ့ ဖွဲ့တယ်။ တစ်ဖွဲ့မှာ ခေါင်းဆောင်တစ်ယောက်ထားတယ်။ တချို့အဖွဲ့က သပိတ်တားတဲ့ တာဝန်ယူကြတယ်။ တချို့အဖွဲ့က အချက်အပြုတ်၊ တချို့ အဖွဲ့ဝင်တွေက ကြားတောရ ကျောင်းတိုက်ထဲကို နိုင်ငံရေးခေါင်းဆောင်တွေက လွဲလို့ အပြင်လူ အဝင်မခံရတဲ့ လုံခြုံရေးတာဝန် ယူကြရတယ်။

ဒီအစီအစဉ်တွေ လုပ်နေချိန်မှာ ဆရာဦးဘ သပိတ်စခန်းကို ရောက်လာပြီး ကျောင်းသားတွေကို ကျောင်းတက်ဖို့ ပြောတယ်။ မရဘူး။ ညနေပိုင်းရောက်တော့ ကျောင်းအုပ်ကြီး မစ္စတာဟန်းတားကိုယ်တိုင် လိုက်လာပြီး ကျောင်းပြန်တက်ဖို့ချော့မော့ခေါ်ပြန်တယ်။ ကျောင်းသားတွေက ယဉ်ယဉ်ကျေးကျေး ဆက်ဆံပြီး ငြင်းလိုက်ကြတာပဲ။

ဆန်အိတ်တွေ၊ ဆီပုံးတွေ သပိတ်စခန်းကိုရောက်လာတယ်။ ချမ်းသာတဲ့ ဗမာတွေပို့ပေးကြတာတဲ့။

အင်္ဂလိပ်သတင်းစာမှာ သပိတ်မှောက်ကျောင်းသားတွေကို ထိခိုက်ရေးသားရင် ဦးအေးနဲ့ဦးဖိုးလတ်တို့က ပြန်ချေတယ်။ ဦးထွန်းဖေနဲ့ ဦးခင်မောင်တို့က သူရိယနဲ့ မြန်မာ့အလင်းမှာဆောင်းပါးတွေ ရေးကြတယ်။

မကြာမတင်မှာပဲ ရန်ကုန်မြို့က ဟိုက်စကူးကျောင်းသားတွေကလည်း သပိတ်မှောက်ပြီးဗဟန်းကို လိုက်လာကြတယ်။ အစိုးရ ဟိုက်စကူးကျောင်းက မှောက်တယ်ဆိုတော့ စိန့်ပေါ၊မက်သဒစ်၊ စိန့်ဂျွန်း စတဲ့ အထက်တန်းကျောင်းတွေက ကျောင်းသားတွေကလည်း သပိတ်မှောက်ကြရော၊ ဘယ်သူမှမြှောက်ပေးလို့ မဟုတ်ဘူး။ သူတို့ဆန္ဒအတိုင်း မှောက်လာကြတာ။ကူရှင်ကျောင်းသားတွေကတော့ ကောလိပ်ကျောင်းသားတွေ သပိတ် မမှောက်ခင်ကတည်းက ဘာသာရေးကိစ္စနဲ့ ပတ်သက်ပြီး သပိတ်မှောက်နေကြတယ်။ ရန်ကုန်အထက်တန်းကျောင်းသားတွေ သပိတ်မှောက်ကြတဲ့ သတင်းနဲ့အတူ တစ်နိုင်ငံလုံးက ကျောင်းသားတွေကလည်းကောလိပ်ကျောင်းသားတွေကို ထောက်ခံတဲ့ သဘောနဲ့ သပိတ်မှောက်ကြရော။

ဒီတော့ ကောလိပ်ကျောင်းသားကြီးတွေရဲ့ တာဝန်ဟာ တစ်နေ့ထက် တစ်နေ့ ပိုပြီးကြီးလာတာပေါ့။ သပိတ်စမှောက်လို့ တစ်လလောက်အကြာမှာ နိုင်ငံလုံးဆိုင်ရာ သပိတ်မှောက်ပုဂ္ဂိုလ်တွေ ရှေ့ဆောင်ပြီး အမျိုးသားကောလိပ် တည်ထောင်ကြတယ်။ အမြို့မြို့ အနယ်နယ်မှာလည်း မြို့နယ်လူထု အားပေးမှုနဲ့ ကျောင်းသားကြီးတွေက ကိုယ်ကျိုးစွန့်ကြိုးပမ်းကြတဲ့အတွက် အမျိုးသားကျောင်းတွေ ပေါ်ပေါက်ခဲ့တယ်။

နယ်ချဲ့သမားကို တိုက်ခိုက်နိုင်ရေး၊ လွတ်လပ်ရေးပြန်ရပြီး ကိုယ့်မင်းကိုယ့်ချင်းနဲ့ နေနိုင်ရေးအတွက် တစ်နိုင်ငံလုံးမှာ တက်တက်ကြွကြွ ရှိနေကြတယ်။ ဒါကြောင့် အမျိုးသားနေ့ ဆိုတဲ့ရက်တစ်ရက် ရှိသင့်တယ်လို့ ထင်မြင် ယူဆကြတယ်။ မန္တလေးမြို့မှာ ၁၂၈၃ ခု၊ သီတင်းကျွတ်လဆုတ် ၈ ရက်၊ (၁၉၂၁ ခု၊ အောက်တိုဘာလ ၂၄ ရက်)နေ့မှာ ကျင်းပနေတဲ့ နဝမမြောက်ဂျီစီဘီအေ အစည်းအဝေးကြီးမှာ ဦးဘသော်က အမျိုးသားနေ့ (နေရှင်နယ်ဒေး) သတ်မှတ်ဖို့အဆိုတင်သွင်းတာကို ဦးဘစိန်က ထောက်ခံလိုက်တယ်။ သူရိယ ဦးတုတ်ကြီးက သီပေါမင်းပါတော်မူနေ့ကို အမျိုးသားနေ့သတ်မှတ်ဖို့၊ ဧလာဦးဒွေးက ဆရာတော်ဦးဥတ္တမ မအူပင်မှာ ထောင်ကျတဲ့နေ့ကို အမျိုးသားနေ့ သတ်မှတ်ဖို့၊ ကောလိပ်ကျောင်းသားခေါင်းဆောင် (ဘဏ္ဍာရေးမှူး)ဦးမြင့်က ကောလိပ် ကျောင်းသားတွေ သပိတ်မှောက် တိုက်ပွဲဝင်တဲ့ တန်ဆောင်မုန်းလပြည့်ကျော်၁၀ ရက်နေ့ကို သတ်မှတ်ဖို့ တင်ပြတယ်။ ဒီသုံးမျိုးမှာ ဦးမြင့်အဆိုက လူငယ်တွေရဲ့ တိုက်ပွဲအောင်ပွဲ ဖြစ်တယ်ဆိုပြီး လက်ခံအတည်ပြုလိုက်ကြတယ်။

ဒီဆုံးဖြတ်ချက်ချပြီး တစ်လနဲ့ ၁၂ ရက်အကြာ ၁၂၈၃ ခု၊ တန်ဆောင်မုန်းလဆုတ် ၁၀ရက် (၅-၁၂-၂၁) နေ့မှာ ပထမအမျိုးသားနေ့ကစပြီး ကျင်းပခဲ့တာပဲ။

တကယ့် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားပညာရေး အရေးတော်ပုံကြီးပဲ။

လူထုဦးလှ
(၂၃-၁၁-၇၀ နေ့ထုတ် ဟံသာဝတီ သတင်းစာ အချပ်ပိုမှ)

#၁၀၃ နှစ်မြောက်အမျိုးသားအောင်ပွဲနေ့

အလုပ်အမှုဆောင်အဖွဲ့ပြင်ဆင်ဖွဲ့စည်းကြောင်းကြေညာချက်--------------------------------------------------------------------  ...
15/11/2024

အလုပ်အမှုဆောင်အဖွဲ့ပြင်ဆင်ဖွဲ့စည်းကြောင်းကြေညာချက်
--------------------------------------------------------------------
ကျွန်ုပ်တို့ကြို့ပင်ကောက်မြို့နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂသည် အခက်အခဲအမျိုးမျိုး ဖိနှိပ်မှုအမျိုးမျိုးကြားမှ ပြည်သူလူထုနှင့်ရပ်တည်၍ စစ်အာဏာရှင်ကိုတော်လှန်ခဲ့သည်မှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှ ယနေ့တိုင်ပင်ဖြစ်ပါသည်။
ယခုအခါ ကျွန်တော်တို့သမဂ္ဂ၏လုပ်ငန်းစဥ်များ စဥ်ဆက်မပြတ် အရှိုန်အဟုန်ဖြင့် ဆက်လက်လုပ်ဆောင်နိုင်ရေးအတွက် အမှုဆောင်အဖွဲ့ပြင်ဆင်ဖွဲ့စည်းရေးအစည်းအဝေးတစ်ရပ်ကို အဖွဲ့ဝင်များ မိတ်ဖက်သမဂ္ဂများနှင့် ကျင်းပပြီးစီးခဲ့သည်။ ယင်းအစည်းအဝေး ဆုံးဖြတ်ချက်များအရ သမဂ္ဂအလုပ်အမှုဆောင်အဖွဲ့အား အောက်ပါအတိုင်းပြင်ဆင်ဖွဲ့စည်းလိုက်ပါသည်။

ကျွန်ုပ်တို့ ကြို့ပင်ကောက် မြို့နယ်ကျောင်းသားများသမဂ္ငသည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်)၏ လက်ခံချက် (၃)ရပ် မူဝါဒ(၆)ကို ဆက်လက်လိုက်နာကျင့်သုံး၍ စစ်အာရှင်စနစ်အားဖိနှိပ်ခံပြည်သူလူထုနှင့်အတူရပ်တည်ကာ ဆက်လက်ဆန့်ကျင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။


နိုင်ငံရေးနည်းဖြေရှင်းခြင်းနဲ့ နိုင်ငံရေးဘောင်  လေ့လာသူတဦး | ဆောင်းပါး | အိုးဝေစာစောင်__________________________________...
13/11/2024

နိုင်ငံရေးနည်းဖြေရှင်းခြင်းနဲ့ နိုင်ငံရေးဘောင်

လေ့လာသူတဦး | ဆောင်းပါး | အိုးဝေစာစောင်
________________________________________

နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းခြင်းမပြုဘဲ မမှန်မကန်သောနည်းဖြင့်ရယူရန်ကြိုးပမ်းခဲ့သောကြောင့် တပ်မတော်မှ နိုင်ငံတော်အာဏာအရပ်ရပ်ကို၂၀၀၈ ဖွဲ့စည်းပုံနှင့်အညီထိန်းသိမ်းရယူခဲ့ခြင်းဖြစ်ကြောင်း.. နိုင်ငံတော်အားဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်းများနှင့် အကြမ်းဖက်PDFအဖွဲ့များအနေဖြင့် အကြမ်းဖက်လမ်းစဉ်ကိုစွန့်၍ ပါတီနိုင်ငံရေးလမ်းကြောင်းဖြင့်သော်၎င်း၊ ရွေးကောက်ပွဲလမ်းကြောင်းမှ သော်၎င်း နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်ပါရန် ဖိတ်ခေါ်ပါကြောင်း စတဲ့ နိုင်ငံရေးဆိုတဲ့ ဝေါဟာရကို တွင်တွင်သုံးလာကြချိန်မှာ ကျနော်တို့ဟာ နိုင်ငံရေးဆိုတာဘာလဲ ဆိုတဲ့ မေးခွန်းကို ပြန်လှန်သုံးသပ်လေ့လာဖို့လိုလာတယ်။

နစကက အဲသလိုနိုင်ငံရေးနည်းဖြင့်ဖြေရှင်းရေးလို့ စိတ်ပါလက်ပါမရှိလှဘဲ ပြောဆိုနေတာနဲ့အတူ မြို့ပေါ်နေ နိုင်ငံရေးပါတီငယ်တချို့နဲ့ နိုင်ငံရေးခေါင်းဆောင်တချို့ကတော့ စစ်ဘောင်ကျယ်ပြီး နိုင်ငံရေးဘောင်ကျဉ်းသွားပြီဆိုပြီး အာဘောင်အာရင်းသန်သန် ပြောဆိုနေကြတယ်။ သူတို့ကတော့ စစ်ဘောင်ကကျယ်လာပေမဲ့ တပ်မတော်ကို ဘယ်နည်းနဲ့မှ အနိုင်မတိုက်နိုင်ဘူး၊ အကြမ်းဖက်မှုတွေကြောင့် တိုင်းပြည်ပိုနစ်နာတယ်လို့လည်း ခပ်တည်တည်စွပ်စွဲနေကြတယ်။ အဲဒီပါတီလေးတွေ၊ အဲဒီပါတီခေါင်းဆောင်တွေ တစိုက်မက်မက်ပြောနေတဲ့ နိုင်ငံရေးဘောင်ဆိုတာ ဘာလဲ။ သူတို့ကျင်လည်ကျက်စားချင်တဲ့ နိုင်ငံရေးဘောင်ထဲမှာ ဘာတွေရရှိနိုင်မလဲ၊ ဗမာပြည်နိုင်ငံရေးသမိုင်းထဲမှာ စစ်အာဏာရှင်မပေါ်သေးချိန် နိုင်ငံရေးပါတီအများအပြားရှိခဲ့တဲ့ကာလက နိုင်ငံရေးဘောင်မှာ ဘာတွေဖြစ်ပျက်ခဲ့သလဲ။ စစ်အာဏာရှင်တွေက အသွင်ပြောင်းပြီး အရပ်ဝတ်လဲချိန်နဲ့အတူ ထွက်ပေါ်လာတဲ့ ရာချီရှိတဲ့ နိုင်ငံရေးပါတီတွေကရော ဘယ်လိုနိုင်ငံရေးဘောင်ထဲမှာ ကျင်လည်ကျက်စားကြသလဲ။ နိုင်ငံရေးအာဏာနဲ့ နိုင်ငံရေးဘောင်အကြား ဘယ်လိုအပြန်အလှန်ဆက်သွယ်နေသလဲ စတဲ့ မေးခွန်းတွေလည်း တသီကြီးရှိနေတယ်။

နိုင်ငံရေးဆိုတာ သိပ္ပံပညာမဟုတ် ဝိဇ္ဇာပညာဖြစ်သည် လို့ ၁၉ ရာစု ဂျာမန်နန်းရင်းဝန် ဘစ္စမတ်က ပြောခဲ့တယ်။ သူ့ထက်ရာစုဝက်လောက်စောပြီး နိုင်ငံရေးကို အဓိပ္ပာယ်ဖွင့်ခဲ့သူတဦး ရှိပါသေးတယ်။ အဲဒီပုဂ္ဂိုလ်ကတော့ နပိုလီယံဘိုနာပတ်ဖြစ်ပါတယ်။ နပိုလီယံက နိုင်ငံရေးဆိုတာ လူတွေကို သူတို့နဲ့ထဲထဲဝင်ဝင်ပတ်သက်နေတဲ့ ကိစ္စဝိစ္စတွေထဲ ပါဝင်မလာအောင် တားဆီးပိတ်ပင်တဲ့ ဝိဇ္ဇာပညာဖြစ်သည် လို့ ပြောခဲ့လေရဲ့။

နိုင်ငံရေးကို အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုကြတာ အားလုံးကြားဘူးကြပြီးဖြစ်မှာပါ။ တချို့က နိုင်ငံရေးဆိုတာ အာဏာကျင့်သုံးတာလို့ပြောကြတယ်။ တချို့ကလည်း နိုင်ငံရေးဆိုတာ အစိုးရအဖြစ် အုပ်စိုးတဲ့သိပ္ပံပညာလို့ဆိုကြတယ်။ တချို့က နိုင်ငံရေးဆိုတာ စုပေါင်းပြီး ဆုံးဖြတ်ချက်ချတာလို့ အဓိပ္ပာယ်ဖွင့်တယ်။ တချို့ကတော့ နိုင်ငံရေးဆိုတာ ရှားပါးခက်ခဲလာတဲ့ သယံဇာတအရင်းအမြစ်တွေ ခွဲဝေနေရာချတာပဲလို့ ယူဆကြတယ်။ နိုင်ငံရေးကို အဲသလို လူ့အဖွဲ့အစည်းကို ထိန်းချုပ်တဲ့ ပညာတခု ဒါမှမဟုတ် စုပေါင်းလုပ်ဆောင်တဲ့ဖြစ်စဉ်တခုအဖြစ် ရှုမြင်ကြပေမဲ့ လက်တွေ့နိုင်ငံရေး နယ်ပယ်တခုလုံးအပေါ် တခြားရှုထောင့်တခုကလည်း ရှုမြင်နေကြတယ်။ အဲဒီအမြင်ကတော့ နိုင်ငံရေးဆိုတာ လိမ်ညာလှည့်ဖျားတဲ့ပညာ၊ ကလဖန်ထိုးပြီး ကြိုးကိုင်အသုံးပြုတဲ့ပညာလို့မြင်ကြ
လေရဲ့။

အင်္ဂလိပ်မူရင်း နိုင်ငံရေး politics ဆိုတဲ့ ဝေါဟာရဟာ ဂရိဘာသာ polis မြို့ပြနိုင်ငံတော်ဆိုတဲ့စကားက ဆင်းသက်လာတာဖြစ်ပြီး တိုင်းရေးပြည်ရာဆောင်ရွက်ခြင်းလို့ ရည်ညွှန်းနိုင်ပါတယ်။ အဲဒီကနေ မြို့ပြနိုင်ငံအရေးအရာတွေစီရင်ဆောင်ရွက်ဖို့ တည်ထောင်ထားတဲ့အဖွဲ့အစည်း polity တွေ ထွက်ပေါ်လာပြီး နိုင်ငံရေးစနစ် နိုင်ငံရေးလုပ်ကိုင်သူအ၀န်းအဝိုင်းတခုအဖြစ်ရောက်ရှိလာကြတယ်။ အဲဒီ polity အုပ်စိုးမှုစနစ်က အစိုးရယန္တရားကို ဗဟိုပြုထားတဲ့ လူမှုအဖွဲ့အစည်းတခုဖြစ်လာတယ်။ အစိုးရအဖွဲ့တွေ၊ ဥပဒေပြုလွှတ်တော်တွေ၊ အစိုးရရုံးဌာနတွေပေါ်ထွက်လာပြီး ဒီယန္တရားနဲ့ ပတ်သက်တဲ့ လူအုပ်စုထဲမှာ လူ့အဖွဲ့အစည်းရဲ့သီးသန့်လူနည်းစုပဲပါဝင်နေတယ်။ အဲသလို polity ကိုအခြေပြုတဲ့ သီးသန့်လူနည်းစုထဲမှာ တိုင်းရေးပြည်ရာကျွမ်းကျင်သူတွေ တနည်းအားဖြင့်နိုင်ငံရေးသမားတွေ၊ အစိုးရအရာထမ်းအမှုထမ်းတွေနဲ့ အစိုးရကို ဘေးပန်းစည်းရုံးနားသွင်းတဲ့ လော်ဘီတွေ စသဖြင့် ပါဝင်ကြတယ်။ အဲဒီနိုင်ငံရေးစနစ်အ၀န်းအဝိုင်းထဲမှာ စီးပွားရေးသမားတွေ၊ ကျောင်းတွေနဲ့ ပညာသင်ကြးမှုလုပ်ငန်းတွေ၊ ရပ်ရွာသာရေး နာရေးအဖွဲ့တွေ၊ မိသားစုရေးရာတွေ စတာတွေကို ထည့်မထားကြဘူး။ သူတို့ကို နိုင်ငံရေးနဲ့မသက်ဆိုင်သူတွေလို့ပဲ ယူဆကြ တယ်။ တိုင်းပြည်ကိုလည်ပတ်အောင်မောင်းနှင်လုပ်ကိုင်သူတွေကိုပဲ polity ထဲမှာထည့်ကြတယ်။

ကာလရွေ့လျားလာတော့ အဲသလို နိုင်ငံရေးစနစ်မောင်းနှင်သူတွေနဲ့ နိုင်ငံရေးနဲ့မသက်ဆိုင်သူတွေဆိုပြီး ခွဲခြားတဲ့စည်းကို ထပ်ပြီးချုံ့လာကြတယ်။ နိုင်ငံရေးစနစ်မောင်းနှင်သူတွေထဲမှာပါတဲ့ အရာထမ်းအမှုထမ်းတွေကို polity စာရင်းထဲကဖယ်ထုတ်ပြီး နိုင်ငံရေးမှာ ကြားနေသူ၊ အစိုးရယန္တရားထဲက ကျွမ်းကျင်မှုနဲ့အသက်မွေးသူ အစိုးရလခစားတွေ အဖြစ်သတ်မှတ်လိုက်ကြတယ်။ အဲသလိုဖယ်ထုတ်ရာမှာ တရားသူကြီးတွေ၊ တရားရေးအမှုထမ်းတွေကိုလည်း ထည့်သွင်းလိုက်ကြတယ်။ ဒီနေ့ခေတ်မကြာခဏ ကြားနေရတဲ့ ပါတီနိုင်ငံရေးတို့၊ အမျိုးသားနိုင်ငံရေးတို့ဆိုတာ polity ထဲက ဖယ်ထုတ်ထားတဲ့ အစိုးရလခစားအရာထမ်းအမှုထမ်းတွေကို နိုင်ငံရေးထဲပြန်ဝင်လို့ရအောင် အမျိုးသားနိုင်ငံရေးဆိုတဲ့ ဝေါဟာရတခုနဲ့ ပြန်ပြီးလမ်းဖွင့်လိုက်တဲ့သဘောဖြစ်ပါတယ်။

သမိုင်းကိုပြန်ကြည့်လိုက်ရင် နိုင်ငံရေးနဲ့မဆိုင်သူတွေ တနည်းအားဖြင့် polity ဖွဲ့တည်ထားတဲ့နိုင်ငံစနစ်လည်ပတ်မှု အအုပ်အသင်းထဲမှာ ပါခွင့်မရသူတွေဟာ ဥပဒေအရဖြစ်စေ၊ ထုံးတမ်းအရဖြစ်စေ ဘယ်လောက်ဘဲ စည်းတားစည်းတား ဘယ် လောက်ဘဲ ခွဲခြား ခွဲခြား နိုင်ငံရေးထဲမှာ တနည်းမဟုတ်တနည်း ပါဝင်ပတ်သက်နေတာတွေ့ကြမှာပါ။ တရားသူကြီးတွေကို နိုင်ငံရေးပါတီကြီးတခု ဒါမှမဟုတ် နိုင်ငံရေးခေါင်းဆောင်တယောက်ယောက်က သြဇာပေးလွှမ်းမိုးတာမျိုးရှိတတ်သလို အစိုးရအမှုထမ်း စစ်တပ်တို့ရဲ့အဖွဲ့တို့ အပါအ၀င် အစိုးရဌာနမျိုးစုံမှာလည်း နိုင်ငံရေးဘက်ဆိုင်ရာ တမျိုးမျိုးက လွှမ်းမိုးထိန်းချုပ်တာတွေ ရှိနေတတ်တယ်။ အဲသလို polity ထဲမှာ အကျုံးမ၀င်သူတွေအတွက် နိုင်ငံရေးထဲပါဝင်ခွင့်ရအောင် အမျိုးသားနိုင်ငံရေးဆိုတဲ့ လမ်းတလမ်း ဖွင့်လိုက်တယ်လို့ ပြောနိုင်ပါတယ်။ ပါတီနိုင်ငံရေးမလုပ်ဘဲ အမျိုးသားနိုင်ငံရေး လုပ်တယ်ဆိုတဲ့အလံထောင်ပြခွင့် ရသွားကြတယ်။

၂၀၁၀ အရပ်သားတပိုင်းအစိုးရလက်ထက်မှာ ပါတီတွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့တွေ၊ လော်ဘီပေါင်းစုံသင်တန်းတွေ၊ မီဒီယာတွေ အပြိုင်းအရိုင်းပေါ်ထွက်ခဲ့တုန်းက နိုင်ငံရေးနဲ့ပတ်သက်ပြီး ရေပန်းစားတဲ့ စကားတခွန်းရှိခဲ့ဖူးတယ်။ အဲဒီစကားကတော့ နိုင်ငံရေးဆိုတာ ဖြစ်နိုင်ခြေကိုတွက်ဆပြီးလုပ်တဲ့ ဝိဇ္ဇာပညာပဲ ဆိုတဲ့စကားဖြစ်ပါတယ်။ ဒီစကားဟာ လစ်ဘရယ်ဆင်ခြင်တုံဝါဒပေါ်အခြေပြုတဲ့ နိုင်ငံရေးအမြင်လို့လည်း ခေါ်နိုင်တယ်။ဒီအမြင်ရဲ့ စိတ်ကူးစံကတော့ အနောက်တိုင်းဗဟုဝါဒ ဒီမိုကရေစီ ပုံသဏ္ဍာန်ကို တက်လှမ်းရေးဖြစ်ပါတယ်။ သူတို့ဟာ အင်အားနဲ့ အာဏာကို အဖုံးအကွယ်မဲ့ မသုံးစွဲဘဲ နိုင်ငံရေးနည်းနဲ့ ထိပ်တိုက်ကွဲလွဲမှု ပဋိပက္ခတွေကို နှစ်ဘက် အလျှော့ပေးလိုက်လျောနည်း၊ ကျေအေးအောင် လုပ်နည်း၊ စေ့စပ်ညှိနှိုင်းဆွေးနွေးနည်းတွေနဲ့ ဖြေရှင်းလို့ရမယ်လို့ ယူဆကြတယ်။ လက်တွေ့အရပြဿနာတွေကို ဖြေရှင်းရာမှာ စစ်ရေးနည်းနဲ့မဖြေရှင်းဘဲ ငြိမ်းချမ်းစွာ အခြေအတင်ပြောဆိုခြင်း၊ ခုံသမားရဲ့စီရင်ဆုံးဖြတ်မှုနဲ့ ဖြေရှင်းခြင်းတွေ လုပ်ရမယ်လို့ယူဆကြတယ်။ ဒီနည်းက လစ်ဘရယ်ဆင်ခြင်တုံနည်းဆိုပေမဲ့ အရစ္စတိုတယ်တို့ ဂရိခေတ်ကတည်းက ကျင့်သုံးခဲ့တဲ့ aristocratic ထိပ်ပိုင်းသူကောင်းမျိုးတစုကျင့်သုံးတဲ့နည်းနဲ့လည်း ရောထွေးနေတယ်။ မတူတဲ့ အကျိုးစီးပွားတွေနဲ့ အင်အားအာဏာတွေ ပိုင်ဆိုင်ထားတဲ့ လူမှုအုပ်စုတွေအကြား ပဋိပက္ခတွေကို အင်အားသုံးနှိမ်နင်းလို့မရဘဲ စေ့စပ်တဲ့နည်း အပေးအယူလုပ်တဲ့နည်းတွေသုံးမှ ဖြစ်မယ်ဆိုတာကို ရှေးနှစ်ပေါင်း ထောင်ချီကာလကတည်းက နားလည်ခဲ့ကြတယ်။ ဒီနေ့ကာလမှာတော့ အကျိုးစီးပွားချင်းမတူတဲ့ အုပ်စုတွေရဲ့ အီလစ်ထိပ်ပိုင်းလက်ရွေးစဉ်ခေါင်းဆောင်တွေ ညှိနှိုင်းကြ၊ အပေးအယူလုပ် စေ့စပ်ကြရင် ပဋိပက္ခဖြေရှင်းနိုင်ပြီလို့လည်း ထင်ခဲ့ကြတယ်။

ဒီနည်းဟာ လူမှုအုပ်စုအသီးသီးအကြား မတူတဲ့အကျိုးစီးပွားပြိုင်ဆိုင်ကြရာမှာ အုပ်စုတိုင်းမှာ အင်အားတွေ တန်ခိုးအာဏာတွေ ရှိနေကြတဲ့ပေါ်က စဉ်းစားရင်တော့ မှန်သလိုလိုရှိပေမဲ့ အင်အားကြီးသူ၊ တန်ခိုးအာဏာရှိသူနဲ့ အင်အားမဲ့သူ၊ တန်ခိုးအာဏာမဲ့သူအကြားဖြစ်ပွားတဲ့ အကျိုးစီးပွားထိပ်တိုက်ဖြစ်မှုအတွက်တော့ သိပ်အဓိပ္ပာယ်မရှိလှဘူး။ ကျေးကျွန်ပိုင်ရှင်အချင်းချင်းအကြား ဖြေရှင်းနည်း၊ ပဒေသရာဇ်ရှင်ဘုရင်တွေအကြား ဖြေရှင်းနည်း၊ အရင်းရှင်တွေအချင်းချင်း ဖြေရှင်းနည်းမှာတောင် အားကြီးသူနဲ့ အားနည်းသူ ပဋိပက္ခ ဖြေရှင်းနိုင်စွမ်းမရှိလို့ ဥရောပ နှစ် ၃၀ စစ်ပွဲတွေ၊ နှင်းဆီစစ်ပွဲတွေနဲ့ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်တွေ ထွက်ပေါ်ခဲ့ကြတာဖြစ်ပါတယ်။ မျက်မှောက်ခေတ် တပါတီအာဏာရှင်စနစ်၊ ခေါင်းဆောင်တဦးအုပ်ချုပ်တဲ့ အာဏာရှင်စနစ်၊ စစ်အာဏာရှင်စနစ်တွေပဲ အုပ်စိုးတဲ့နိုင်ငံတွေမှာတော့ နိုင်ငံရေးဆိုတာ ဖြစ်နိုင်ခြေတွက်ဆကျင့်သုံးတဲ့ဝိဇ္ဇာပညာ ဆိုတာ စိတ်ကူးယဉ်သက်သက်ပဲ ဖြစ်လာဖို့များပါတယ်။

ဒီနည်းနဲ့ နိုင်ငံရေးသမားတွေအလွန်ဆုံးရရှိနိုင်တာက ဟန်ပြရွေးကောက်ပွဲတွေ၊ ဟန်ပြပါတီစုံစနစ်တွေ၊ နိုင်ငံရေးဘောင်ထဲမှာ ယှဉ်ပြိုင်ခွင့်အတုတွေကပဲ သူတို့ကို စောင့်ကြိုနေမှာဖြစ်ပါတယ်။ အဲသလို ပါတီထောင်၊ ရွေးကောက်ပွဲဝင်၊ မူဝါဒချမှတ်ရေးမှာ ခွေးခုန်တက် အခန်းက ပါရပါရ ဆိုတဲ့ နိုင်ငံရေးမျိုးကို နိုင်ငံရေးဘောင်လို့ ယူဆသူက ယူဆနေဆဲဖြစ်ပါတယ်။ အဲသလိုအကန့်အသတ်နဲ့ လက်တဆုပ်စာသာလုပ်ခွင့်ရတဲ့ နိုင်ငံရေးမျိုးမှာ နိုင်ငံရေးအပေးအယူစေ့စပ်မှုတွေ၊ နိုင်ငံရေးအကျင့်ပျက်ချစားမှုတွေ၊ ကလပ်တွေ၊ သံရုံးဧည့်ခံပွဲတွေ၊ ကေတီဗီခန်းတွေ၊ အနှိပ်ခန်းတွေမှာ နိုင်ငံရေးမဲဝယ်မဲရောင်း လုပ်ကြတာတွေကတော့ တကယ့် တင်းပြည့်ကျပ်ပြည့် ပါလီမန်ဒီမိုကရေစီစနစ် အရှုပ်ထုပ်တွေအတိုင်း လုပ်ခွင့်ရှိနေကြတာကို နိုင်ငံရေးဘောင်လို့ ခေါ်နေကြတာလားလို့တောင် ဆိုရမလို ဖြစ်နေပါတယ်။

နိုင်ငံရေးနဲ့ပတ်သက်ပြီး အဘိဓာန်တွေမှာ အဓိပ္ပာယ်ဖွင့်ထားတာကတော့ နိုင်ငံရေးဆိုသည်မှာ လူ့အဖွဲ့အစည်းတခု၏ အစိုးရ သို့မဟုတ် အသင်းအဖွဲ့တခုခုအပေါ် အာဏာရှိရေး သို့မဟုတ် လွှမ်းမိုးနိုင်ရေးအတွက် လှုပ်ရှားပြုမူဆောင်ရွက်ခြင်းများနှင့် လုပ်ကိုင်မှုဖြစ်စဉ်ကို ခေါ်လေသည်။ ထိုလှုပ်ရှားဆောင်ရွက်မှုဖြစ်စဉ်တွင် သယံဇာတအရင်းအမြစ်များမည်သို့ နေရာချဖြန့်ဝေမည်၊ ဥပဒေစည်းမျဉ်းများ မည်သို့ပြဌာန်းချမှတ်ပြီး မည်သို့ အသက်ဝင်လာအောင်လုပ်မည်၊ ထိပ်တိုက်ရင်ဆိုင်ပဋိပက္ခများကို မည်သို့ ဖြေရှင်းမည်စသည်တို့ကို ဆုံးဖြတ်ချက်ချမှတ်သည့်ကိစ္စ ပါဝင်လေသည်။ နိုင်ငံရေးကို အဆင့်မျိုးစုံတွင် တွေ့ရှိနိုင်သည်။ ဒေသန္တရအဆင့်၊ ပြည်လုံးကျွတ်အဆင့်၊ နိုင်ငံတကာအဆင့်စသဖြင့် အဆင့်မျိုးစုံတွင် ပါဝင်နေသည်။ အထင်ရှားဆုံးကဏ္ဍမှာ လူပုဂ္ဂိုလ် တဦးချင်းအကြား၊ အုပ်စုများအကြား၊ အစိုးရဌာနမျိုးစုံအကြား၊ အစိုးရများအကြား အပြန်အလှန် တုန့်ပြန်ဆက်နွယ်မှုများထဲတွင် နိုင်ငံရေးပါဝင်ပတ်သက်နေခြင်းဖြစ်သည်။ အလားတူပင် လုပ်ပိုင်ခွင့်အာဏာသို့မဟုတ် နိုင်ငံရေးအာဏာရယူရေး သို့မဟုတ် လက်မလွှတ်အောင် ထိန်းသိမ်းထားရေးအတွက် ချမှတ်ကျင့်သုံးနေကြသည့် မဟာဗျူဟာများတွင်လည်း နိုင်ငံရေးကို တွေ့ရမည်ဖြစ်သည် လို့တွေ့ရတယ်။ ဒီထက်ကျယ်အောင်လည်း ရှင်းပြတာတွေ ရှိပါတယ်။

ဒီနေရာမှာ နိုင်ငံရေးဘောင်ကို ထပ်ဆင့်ရှင်းပြတာတွေထဲမှာ အာဏာနဲ့ လုပ်ပိုင်ခွင့်ကဏ္ဍ၊ အစိုးရနဲ့ အင်စတီကျူးရှင်းအဆောက်အဦများ၊ နိုင်ငံရေးစနစ်များ၊ မူဝါဒပေါ်လစီနဲ့ ဆုံးဖြတ်ချက်ချမှတ်ခြင်းများ၊ ထိပ်တိုက်ရင်ဆိုင်ပဋိပက္ခဖြစ်ခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း၊ နိုင်ငံရေးမှာ ပါဝင်ခြင်း၊ နိုင်ငံတကာဆက်ဆံရေး၊ နိုင်ငံရေးသီအိုရီသဘောတရားများ စသဖြင့် ကဏ္ဍတွေ ထပ်ခွဲထားတာတွေ့ရတယ်။ ဗမာပြည်သမိုင်းမှာရှိခဲ့တဲ့ လွတ်လပ်ရေးရပြီးစ ပါတီစုံကာလနဲ့ ၂၀၁၀ နောက်ပိုင်းအရပ်သားတပိုင်း ပါတီစုံကာလတွေမှာ ပါတီထောင် ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်မှာ အမတ်အများစုရရေး၊ အစိုးရဖွဲ့ရေး၊ ညွန့်ပေါင်းဖွဲ့ရေး၊ မဲဝယ် မဲရောင်း လက်သိပ်ထိုးလုပ်တာ၊ မီဒီယာမှာတမျိုး လက်တွေ့မှာတမျိုးလုပ်တာ၊ အမတ်အာဏာ ၀နျကွီးအာဏာအလှဲသုံးစားလုပျကွ အကျင့်ပျက်အဂတိလိုက်စားကြတာလောက်ကို နိုင်ငံရေးဘောင်လို့ထင်နေရင် အဲသလောက်ကျဉ်းတဲ့ဘောင်မျိုး မရှိဘူးလို့ပဲ ပြောပါရစေ။

ကျနော်တို့ဟာ နိုင်ငံရေးကို အကောင်အထည်မဲ့ သီးခြားမြင်နေလို့မဖြစ်ဘူး။ သက်ဆိုင်ရာလူ့အဖွဲ့အစည်းရဲ့ သမိုင်းနောက်ခံကား၊ သက်ဆိုင်ရာလူ့အဖွဲ့အစည်းရောက်ရှိနေတဲ့ လူမှုစီးပွားအဆင့်၊ သက်ဆိုင်ရာလူ့အဖွဲ့အစည်းအတွင်း မည်သူတွေက အုပ်စိုးနေပြီး မည်သူတွေကအအုပ်စိုးခံဖြစ်နေသလဲ၊ အဲဒီလူ့အဖွဲ့အစည်းနဲ့ဆက်သွယ်နေကြတဲ့ အိမ်နီးချင်းတွေ၊ နိုင်ငံတကာနိုင်ငံရေး၊ စစ်ရေးသံတမန်ရေး၊ စီးပွားကုန်သွယ်ရေးအခြေအနေတွေနဲ့ ကင်းကွာပြီး နိုင်ငံရေးကို သီးခြားအဖြစ်မြင်နေလို့မရဘူး။ အနီးခေတ် ဓနရှင် ဒီမိုကရေစီသမ္မတနိုင်ငံတွေ ပေါ်ထွန်းလာပုံကိုပဲ ကြည့်ကြပါ။ ဒီမိုကရေစီစနစ်ရောက်ရှိလာပုံဟာ ဥရောပတိုက်မှာတောင်
တနိုင်ငံနဲ့တနိုင်ငံ မတူဘူး။ ၁၇၈၉ ပြင်သစ်တော်လှန်ရေးမှာ သမ္မတနိုင်ငံအဖြစ်ရောက်ရှိလာအောင် ဓနရှင်လူတန်းစားနဲ့အတူ အလုပ်သမားလူတန်းစားနဲ့ တခြားလုပ်သားပြည်သူတွေ လက်တွဲပြီးတိုက်ပွဲဝင်ခဲ့ကြတယ်။ အင်္ဂလန်မှာတော့ အလုပ်သမားလူတန်းစားနဲ့ လုပ်သားပြည်သူတွေဟာ ဒီမိုကရေစီအခွင့်အရေးတွေအတွက် ဆယ်စုနှစ်ပေါင်းများစွာတိုက်ရတယ်။ ချားစ်တစ်အလုပ်သမား အရေးတော်ပုံကြီးတွေနဲ့ တိုက်ကြတယ်။ အဲဒီတော့မှ အခြေခံမဲပေးခွင့်တွေ ရရှိခဲ့ကြတယ်။

အရင်းရှင်စနစ်အောက်မှာ အလုပ်သမားလူတန်းစားနဲ့ လုပ်သားပြည်သူကြီးအတွက် ဒီမိုကရေစီအခွင့်အရေး ခံစားခွင့်ရှိတယ်ဆိုပြီး ဓနရှင်လူတန်းစားက မကြာခဏ ကြွားဝါခဲ့ကြတယ်။ အဲဒီဒီမိုကရေစီအခွင့်အရေးတွေဟာ ဓနရှင်လူတန်းစားက စေတနာ ရှိလွန်းလို့ လက်ဆောင်အဖြစ်ပေးခဲ့ကြတာ မဟုတ်ဘူး။ အချိန်ကာလ ရာစုနဲ့ချီပြီး ခါးသီးတဲ့တိုက်ပွဲမျိုးစုံ၊ အရင်းအနှီးပေးရခြင်းမျိုးစုံနဲ့ ဓနရှင်လူတန်းစားလက်ထဲကနေ ရယူခဲ့ရတာဖြစ်ပါတယ်။ အဲဒီတိုက်ပွဲစဉ်ကြီးအတွင်း အခွင့်အရေးတွေ ရလာလိုက်၊ ပြန်ဆုံးရှုံးသွားလိုက်၊ ရှေ့တက်လှမ်းလိုက်၊ နောက်ပြန် ဆုတ်လိုက်ဆိုတဲ့ လောကဓံတရားကိုလည်း ကြိမ်ဖန်များစွာ ဖြတ်သန်းကြရတယ်။ အလုပ်သမားလူတန်းစားအပါအ၀င်ပြည်သူလူထုကြီးဟာ ကိုယ်ရရှိထားတဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို ဓနရှင်လူတန်းစားကပြန်ရုတ်သိမ်းမသွားအောင် ကာကွယ်တိုက်ပွဲဆင်ရတာလည်း ကြိမ်ဖန်များစွာပြုလုပ်ခဲ့ကြတယ်။ ဒီနေ့အထိလည်း ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

အဖိနှိပ်ခံပြည်သူလူထုကြီးအတွက်တော့ နိုင်ငံရေး ဆိုတာ အဖိနှိပ်ခံဘဝလွတ်မြောက်ရေး၊ သွေးစုပ်ခံဘဝလွတ်မြောက်ရေးအတွက် ကဏ္ဍနယ်ပယ်စုံ၊ အဆင့်စုံ၊ နေရာစုံ၊ အလွှာစုံ အချိန်မရွေး ပြုမူလှုပ်ရှားရခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ နိုင်ငံရေးဆိုတာ တရားဝင်ရော တရားမဝင်ရော၊ အများဆိုင်ရာမှာရော တဦးချင်းပုဂ္ဂလိကမှာရော၊ လူသားအုပ်စုအကုန်လုံး၊ အဖွဲ့အသင်းအကုန်
လုံး၊ အင်စတီကျူးရှင်းအကုန်လုံးမှာရှိတဲ့ စုပေါင်းဆောင်ရွက်ရာ လူမှုလှုပ်ရှားမှုအကုန်လုံးထဲမှာ ရှိတယ်လို့ယူဆကြတယ်။ ဒါကြောင့်
ထိပ်တိုက်ရင်ဆိုင်ပဋိပက္ခဖြစ်တဲ့နေရာတိုင်းမှာ၊ ထိပ်တိုက်ရင်ဆိုင်ပဋိပက္ခပုံသဏ္ဍာန်တိုင်းမှာ နိုင်ငံရေးတိုက်ပွဲတွေရှိတယ်။ အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီရေး၊ လူမျိုးတိုင်းတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေးလို့ ပြင်းထန်တဲ့ တိုက်ပွဲတွေမှာ လက်နက်ကိုင်တိုက်ပွဲအပါအ၀င် တိုက်ပွဲသဏ္ဍာန်မျိုးစုံ နဲ့ တိုက်ပွဲဆင်ကြသလို ဥပဒေအတွင်း ပြည်သူလူထုဒီမိုကရေစီအခွင့်အရေးနဲ့ လူမှုစီးပွားတိုးတက်ရေးတွေ၊ ပြည်တွင်းစစ် ရပ်စဲရေးပြည်တွင်းငြိမ်းချမ်းရေးတွေအတွက် မူဝါဒဆုံးဖြတ်ရာမှာ ပါဝင်နိုင်အောင် ကြိုးပမ်းကြတယ်။ နယ်ချဲ့လက်သစ်ဝါဒဆန့်ကျင်ရေးတွေ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ကမ္ဘာ့လက်ဝါးကြီးအုပ်အရင်းရှင်စနစ်သွေးစုပ်မှုအောက်က လွတ်မြောက်ရေးတွေကနေ ပြည်တွင်း စက်မှုဇုံတွေက အလုပ်သမားလုပ်ခလစာကိစ္စ၊ လယ်သမားတွေမြေယာလက်လွှတ်ဆုံးရှုံးမှု တားဆီးရေးကိစ္စတွေအပါအဝင် အမျိုးသမီးအခွင့်အရေးတွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စတွေအထိ ဥပဒေတွင်းတိုက်ပွဲပုံသဏ္ဍာန်မျိုးစုံနဲ့ ပါဝင်ဆင်နွှဲတာတွေကိုလည်း နိုင်ငံရေးအဖြစ် ရှုမြင်ကြပါတယ်။

ဒီနေ့ကာလမှာ ဗမာပြည်လို ဓနရှင်ဒီမိုကရေစီတော်လှန်ရေး တဝက်တပျက်လမ်းခုလတ်အနေအထားနဲ့ စစ်အာဏာရှင်အောက် ရာစုနှစ်ဝက်မက အဖိနှိပ်ခံနေရတဲ့အနေအထားမှာ နိုင်ငံရေးဆိုတာ အုပ်စိုးသူလူတန်းစားနိုင်ငံရေးလား၊ အအုပ်စိုးခံလူတန်းစားတွေရဲ့ နိုင်ငံရေးလားဆိုတဲ့ စည်းကြောင်းက ပီပီပြင်ပြင်တားထားပြီးဖြစ်ပါတယ်။ ဒီမိုကရေစီရေးအတွက် တောင်းဆိုတိုက်ပွဲဝင်နေတဲ့ အင်အားစုနဲ့ ဒီမိုကရေစီကို ဆန့်ကျင်ရုတ်သိမ်းဖျက်ဆီးနေတဲ့ အင်အားစုဆိုပြီးတော့လည်း အင်အားစုကြီးနှစ်စု ပီပီပြင်ပြင်ထွက်ပေါ်နေပါတယ်။ ဗမာပြည်လူထုလူတန်းစားအသီးသီးဟာ စစ်အာဏာသိမ်းခဲ့တဲ့ ၁၉၆၂ နောက်ပိုင်း မင်းဆက်တဆက်ပြီးတဆက်ပြောင်းလာတဲ့ စစ်အုပ်စု စစ်အစိုးရအဆက်ဆက်ကို ကျောင်းသားတိုက်ပွဲတွေ၊ အလုပ်သမားတိုက်ပွဲတွေနဲ့ ၈ လေးလုံးအရေးတော်ပုံကြီးလို ဒီမိုကရေစီရေးတိုက်ပွဲကြီးတွေ ဆင်နွှဲပြီး စစ်အုပ်စုလက်ထဲကနေ ဒီမိုကရေစီအခွင့်အရေးတွေ ပြန်ရအောင် ကြိုးပမ်းခဲ့ကြတယ်။ စစ်တပ်အလိုကျရေးဆွဲတဲ့ စစ်တပိုင်း အရပ်သားတပိုင်း ၂၀၀၈ ခြေဥဖြစ်လာတာဟာ အဲသလို လူထုတိုက်ပွဲအဆက်ဆက်ကြောင့် ဆိုတာ အထူးပြောဖို့မလိုဘူး။ အခုနွေဦးတော်လှန်ရေးကလည်း တိုင်းရင်းသားပေါင်းစုံပြည်သူလူထုကြီး အရင်းအနှီးပေးပြီးရယူခဲ့တဲ့ မဖြစ်စလောက်ဒီမိုကရေစီလေးအတွက် ခုခံကာကွယ်ကြတာရဲ့ အကျိုးဆက်ဖြစ်ပါတယ်။

ဓနရှင်လူတန်းစားဟာ ၁၈ ရာစု ၁၉ရာစုတုန်းကလို တိုးတက်တဲ့ တက်သစ်စလူတန်းစားမဟုတ်တော့ဘဲ မျက်မှောက်ကာလမှာ အံခွနေတဲ့ ဓနရှင်နယ်ချဲ့ကြီးတွေဖြစ်လာကြပြီ။ သူတို့ဟာ အရင်တုန်းက တယုတယပွေ့ဖက်ခဲ့ကြတဲ့ ဒီမိုကရေစီအဆောက်အဦတွေကို ကျန်လူတန်းစားတွေ၊ ပြည်သူလူထုကြီးတရပ်လုံးအတွက် စိတ်ကူးယဉ် ထင်ယောင်ထင်မှားဖြစ်စရာ အပြလောက်အဖြစ် ထူထောင်ပေးပြီး တဖက်ကနေ ဒီမိုကရေစီအခွင့်အရေးတွေ ရုတ်သိမ်းတာတွေလုပ်နေကြတယ်။ အနုနည်းနဲ့မရရင် အကြမ်းဖက်နည်းနဲ့ ဖိနှိပ်ကြတယ်။ ပါလီမန်နည်းနဲ့မရရင် ဖက်ဆစ်နည်းနဲ့ ဖိနှိပ်ကြတယ်။ ပြည်သူလူထုကြီးကို ၄ နှစ်၊ ၅ နှစ် တကြိမ် ရွေးကောက်ပွဲမှာ မဲပေးခိုင်းတာလောက်ကလွဲရင် နိုင်ငံကံကြမ္မာ၊ ကမ္ဘာ့ကံကြမ္မာ ဆုံးဖြတ်ရာမှာ လူထုကြီးကို ပါဝင်ခွင့်မပေးဘဲ ကမ္ဘာ့အချမ်းသာဆုံး ဘီလီယံနာသူဌေး လက်တဆုပ်စာအီလစ်တွေကပဲ ဆုံးဖြတ် နေကြတာဖြစ်ပါတယ်။ နပိုလီယံဘိုနာပတ်ပြောခဲ့တဲ့ နိုင်ငံရေးဆိုတာ လူတွေကို သူတို့နဲ့ထဲထဲဝင်ဝင်ပတ်သက်နေတဲ့ကိစ္စဝိစ္စတွေထဲ ပါဝင်မလာအောင်တားဆီးပိတ်ပင်တဲ့ ဝိဇ္ဇာပညာ အဖြစ်ပြောင်းလိုက်ကြပါပြီ။ ဒါကြောင့် ပြည်တွင်းရေးမှာရော၊ ပြည်ပရေးတွေမှာပါ ရေပေါ်ဆီလက်တဆုပ်စာ နိုင်ငံရေးလုပ်စားသူတွေလက်ထဲမှာ မထားဘဲ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူသွေးစည်းရေး၊ ငြိမ်းချမ်းရေးစတဲ့ နိုင်ငံရေးတိုက်ပွဲတွေအဖြစ် ပြတ်ပြတ်သားသားခေါင်းဆောင်ရမဲ့ တာဝန်ဟာ နိုင်ငံရေး အသိ ခိုင်မာတဲ့ အလုပ်သမားလူတန်းစားနဲ့ ကျန်မဟာမိတ်လူတန်းစားတွေရဲ့ ပုခုံးထက်ပေါ် ကျရောက်နေပြီဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

-အိုးဝေ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တရားဝင်ဖြစ်မြောက်ရေးကော်မတီ၏ ပထမအကြိမ် ညီလာခံမှ ဦးကိုယု၏ မိန့်ခွန်း⬛ ...
05/08/2024

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တရားဝင်ဖြစ်မြောက်ရေးကော်မတီ၏ ပထမအကြိမ် ညီလာခံမှ ဦးကိုယု၏ မိန့်ခွန်း

⬛ ဦးကိုယု
၂၈.၈.၁၉၈၈

ငါတို့ရဲ့ ဘူမိနက်သန်မှန်တဲ့ ဟောဒီ တ.က.သ နယ်မြေမှာ အခုလို ကျောင်းသားထုကြီးကို တွေ့လိုက်ရတဲ့အတွက် ငါ့အနေနဲ့ ဝမ်းသာလွန်းလို့ မျက်ရည်များတောင် လည်မိပါတယ်။ ဒီလိုထိုက်တန်တဲ့နေရာကို ငါတို့ စုဝေးနိုင်အောင် အလောင်းထောင်ပေါင်းများစွာကို တံတားခင်းပြီး လာခဲ့ရပါတယ်။

ရဲဘော်တို့…
ရဲဘော်တို့ရှေ့မှာ အခုလို စကားပြောခွင့်ရတာကိုပဲ ဂုဏ်ယူမိပါတယ်။ သမိုင်းတာဝန်ကျေပွန်လှတဲ့ ယနေ့ ရဲဘော်ကျောင်းသားထုရဲ့ ဒီမိုကရေစီတိုက်ပွဲကို ငါ ဒီနေရာကနေ လှိုက်လှဲစွာ အလေးပြုပါတယ်။
(လက်ခုပ်သံများ....)

ဒီနေရာမှာ တခါတုန်းက သမိုင်းဝင်လွတ်လပ်ရေး တိုက်ပွဲအခမ်းအနားကြီးဖြစ်ခဲ့တဲ့ ငါတို့ တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦးကြီး ရှိခဲ့ပါတယ်။ အဲဒီအဆောက်အဦးကြီးကို သူခိုးဓားပြတွေက တိုင်းပြည်အာဏာသိမ်းပြီး မကြာခင်မှာ ဖြိုဖျက်ခဲ့ပါတယ်။ ငါတို့ရဲ့ ကျောင်းသားကျောင်းသူတွေရဲ့ အသက်သွေးတွေကို ဟောဒီ အဓိပတိလမ်းမကြီးမှာ စိန်ပန်းတွေနဲ့အတူ သွေးချောင်းစီးအောင် ဇူလိုင် ၇ မှာ သတ်ဖြတ်ခဲ့ပါတယ်။ အဲဒီလို စစ်အာဏာရှင်အစိုးရရဲ့ သရုပ်ကို မှန်ကန်အောင် ဖော်ပြတိုက်ပွဲဝင်ခဲ့တဲ့ ငါတို့ကျောင်းသားတွေရဲ့ သွေးဟာ ဒီစစ်အာဏာရှင်အစိုးရကို ဖြတ်ချဖို့ စတင်ပြီး ကိုင်ဆွဲလိုက်တဲ့ ဒီမိုကရေစီအလံကို အဲဒီ ဇူလိုင် ၇ က စတင်ပြီး ငါတို့လွှင့်ထူခဲ့ပါတယ်။ အဲဒီလွှင့်ထူတဲ့ တိုက်ပွဲကို ဦးသန့်အရေးအခင်းရယ်၊ ဆီးရယ်ဂိမ်းရယ်၊ မှိုင်းရာပြည့်အရေးအခင်းက ကျောင်းသားထုတွေက လက်ဆင့်ကမ်းပြေးပွဲလို ဒီမိုကရေစီအလံကို လက်ဆင့်ကမ်းကိုင်ဆွဲခဲ့တာ ဒီယနေ့ ရဲဘော်တို့ခေတ် မတ်လအချိန်မှာ အဲဒီ ဒီမိုကရေစီအလံကို ဆက်လက်ပြီး ကိုင်စွဲခဲ့ပါတယ်။

အဲဒီ အင်းယားကန်ဘောင်ရိုးမှာ လုံထိန်းတွေရဲ့ လက်ချက်ကြောင့် သွေးချောင်းစီးသွားတဲ့ ကျောင်းသူကျောင်းသားတွေ ဟောဒီတက္ကသိုလ်ပရီတ်ဝုဏ်မှာ သွေးချောင်းစီးသွားတဲ့ ကျောင်းသူကျောင်းသားတွေဟာ ဒီမိုကရေစီတော်လှန်ရေးမှာ သွေးပွက်ပွက်ညံအောင် စတေးသွားခဲ့ပါတယ်။ ဒီလို စတေးသွားတဲ့ ရဲဘော်တွေ ကျောင်းသူကျောင်းသားတွေကို ငါတို့တွေ မမေ့ဖို့ လိုအပ်ပါတယ်။

ရဲဘော်တို့
လုံထိန်းက ငါတို့ကျောင်းသားတွေကို ဒီပရိတ်ဝုဏ်မှာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ခေါင်းကို တချက်ရိုက်တိုင်းရိုက်တိုင်း ရိုက်တိုင်းဟာ ဒီမတ်လက စစ်အာဏာရှင်အစိုးရပြုတ်ကျဖို့ တရက်တရက် နီးသွားတယ် ဆိုတာ သူတို့ အဲဒီတုန်းက မသိလိုက်ဘူး။

(လက်ခုပ်သံများ....)

ဒီလိုမှားသွားကြောင်းကို ဇွန်လအရေးအခင်းနဲ့ ဩဂုတ်လအရေးအခင်းမှာ ပြည်သူတွေနဲ့ ပေါင်းပြီးတော့ ဒီမဆလအစိုးရကို ရိုင်နဲ့ ဖြိုချခဲ့တဲ့ အဖြစ်အပျက်တွေက သူတို့ကို ပြလိုက်ပြီဖြစ်ပါတယ်။

(လက်ခုပ်သံများ....)

၂၆ နှစ်လုံးလုံး တိုင်းပြည်ကို ပြည်သူတွေကို ငတ်ပွတ်ခေါင်းပါးအောင်၊ ဆင်းရဲကြပ်တည်းဆောင် မပြောရဲမဆိုရဲအောင် နှိပ်စက်ဖိနှိပ်ညှင်းပမ်းခဲ့တဲ့ ဒီမဆလ စစ်အာဏာရှင်အစိုးရကို လူမမယ်နဲ့ တက္ကသိုလ်ကျောင်းသားတွေက ယနေ့ ရဲရဲကြီးလှလှကြီး ဆုံးမလိုက်ပြီးဆိုတာ ရဲဘော်တို့အမြင်ပဲ ဖြစ်ပါတယ်။

(လက်ခုပ်သံများ....)

ရဲဘော်တို့ဟာ ဒီမိုကရေစီတော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားတော်လှန်ရေးရဲဘော်များဖြစ်ပါတယ်။ ရဲဘော်တို့ဟာ ပြည်သူတွေကို လွန်ခဲ့တဲ့ လွတ်လပ်ရေးတိုက်ပွဲတုန်းက ကျောင်းသားသမဂ္ဂတွေကနေပြီးတော့ ပြည်သူတွေရဲ့ လွတ်မြောက်ရေးကို ရှေ့‌ဆောင်ခဲ့သလို မီးရှူးတန်ဆောင်းပြခဲ့သလို ရဲဘော်တို့ကလည်း အခု ဒုတိယလွတ်လပ်ရေးတိုက်ပွဲဖြစ်တဲ့ ဒီမိုကရေစီတော်လှန်ရေးမှာ ရဲဘော်တို့က ပြည်သူတွေရဲ့ ‌ခေါင်းဆောင်တွေ ဖြစ်တယ်ဆိုတာ ဒီနေရာကနေ ကြေငြာပါတယ်။

(လက်ခုပ်သံများ....)

ဒါမို့ ရဲဘော်တို့ကို ဂုဏ်ပြုပါတယ်။ မတ်လ၊ ဇွန်လ၊ ဩဂုတ်လက ဆဲဗင်းဇူလိုင်က ကျဆုံးသွားတဲ့ ရဲဘော်အာဇာနည် ကျောင်းသားကျောင်းသူတွေရဲ့ အလောင်းက ကနေ့ ထပြီး ငါတို့လို ဟစ်အော်တောင်းဆိုနေပါတယ်။ ငါတို့အတွက် လက်စားချေကြပါ၊ လက်စားချေကြပါလို့ ရဲဘော်တို့ လက်စားချေမယ် မှတ်လား၊
(ချေပါမယ်.…)
ရဲဘော်တို့ လက်စားချေမယ် မှတ်လား၊
(ချေပါမယ်....)
ငါတို့ရဲ့ ဒီမိုကရေစီတော်လှန်ရေးကို ဆက်လက်ချီတက်ကြပါလို့ အဲဒီအလောင်းတွေက ငါတို့ကို တောင်းပန်နေပါတယ်။ ငါတို့ ဆက်လက်ချီတက်မယ် မဟုတ်လား…
(ချီပါမယ်.…)
ဆက်လက်ချီတက်မယ် မဟုတ်လား၊
(ချီပါမယ်.…)
အရင်တုန်းကတော့ တို့တွေဟာ ဖက်ဆစ်အောက်မှာ လျှို့ဝှက်ပြီးတော့ သမဂ္ဂပေါင်းများစွာကို ကိုယ့်ဘာသာကိုယ် ဖွဲ့စည်းပြီးတော့ ကျောင်းသားလှုပ်ရှားမှုကို တပြိုင်တည်း လုပ်ခဲ့ရတယ်။ ခုနေတော့ ဖက်ဆစ်တွေက ပုန်းနေရပြီး တို့က ထင်ထင်ပေါ်ပေါ် ဒီမှာရောက်နေပြီ။

(လက်ခုပ်သံများ....)

သူတို့က သူခိုးဓားပြတွေ ဖြစ်သွားပြီ၊ တို့က လူကြီးလူကောင်းတွေ ဖြစ်သွားပြီ။

(လက်ခုပ်သံများ....)

ဒါကြောင့် ကနေ့ တို့တွေက ဒီမှာ တ.က.သ ကျောင်းသားသမဂ္ဂကို ထင်ထင်ပေါ်ပေါ် ရဲရဲဝံ့ဝံ့ ညီညီညွတ်ညွတ် ဖွဲ့စည်းနိုင်ပြီ။

(လက်ခုပ်သံများ....)

ဒါကြောင့် ငါ နောက်ဆုံး တောင်းပန်ချင်ပါတယ်။ ကျဆုံးသွားသော ရဲဘော်အာဇာနည် ကျောင်းသားကျောင်းသူများရဲ့ သွေးတွေ မခြောက်ခင်မှာ ရဲဘော်တို့ သတိတခုရပါ။ အဲဒီ ရဲဘော်ကျောင်းသူကျောင်းသားတွေက ရဲဘော်တို့ကို သတိပေးနေပါတယ်။ ငါတို့ကို သစ္စာရှိရင် ညီညွတ်ကြပါလို့ တောင်းဆိုနေပါတယ်။ ရဲဘော်တို့ သမဂ္ဂတခုထဲရဲ့ အလံအောက်မှာ ညီညွတ်မယ်မဟုတ်လား…
(ညီညွတ်ပါမယ်.…)
သမဂ္ဂအလံအောက်မှာ ခွပ်ဒေါင်းအောက်မှာ ညီညွတ်မယ် မဟုတ်လား
(ညီညွတ်ပါမယ်…)
ကိုယ်ကျိုးအနစ်နာခံပြီး ညီညွတ်မယ်မှတ်လား ..
(ညီညွတ်ပါမယ်.…)
ငါတို့တိုက်ပွဲတွေ အောင်တဲ့အခါကြတော့၊ အောင်ခါနီးတဲ့အခါကြတော့ ပွဲလန့်ပြီး ဖျာခင်းပြီးတော့ ငါတို့ အလောင်းတွေနဲ့ ငြမ်းဆင်ပြီး တည်ဆောက်ထားတဲ့ ဒီမိုက‌ရေစီဗိမ္မာန်မှာ အဆန့်သားထိုင်ပြီးတော့ အသီးအပွင့် စားချင်တဲ့သူတွေလည်း တယောက်ပြီး တယောက် ပေါ်လာလိမ့်မယ်။ အဲဒီလိုလူတွေလည်း ရဲဘော်တို့ သတီဝီရိယနဲ့ စောင့်ကြည့်ပါ။ လူတိုင်းဟာ ကိုယ်သမိုင်း ကိုယ်ရှိကြပါတယ်။ ဘယ်သူတွေဟာ ဘယ်တုန်းက ဘာလုပ်ခဲ့လည်းဆိုတာ တို့မေ့မလား …
(မမေ့ပါဘူး)

အခုမှ လာညာမနေပါနဲ့လို့ ပြောလိုက်ချင်ပါတယ်။

(လက်ခုပ်သံများ.…)

နောက်ဆုံး ရဲဘော်တို့ကို ဒီသမဂ္ဂတခုတည်းသော အလံအောက်မှာ ကိုယ်ကျိုးအနစ်နာခံပြီး၊ ညီညွတ်ပြီးတော့ ဟောဒီ ဒီမိုကရေစီတော်လှန်ရေးကို ပြည်သူတွေနဲ့အတူ လက်တွဲ ရှေ့ဆောင်ပြီးတော့ တိုက်ပွဲဆက်လက်ဝင်သွားကြပါလို့ တိုက်တွန်းရင်း ငါဒီနေရာက နိဂုံးချုပ်ခဲ့ပါတယ်။

⬛ ဦးကိုယု

{ ၈၈၈၈ အရေးတော်ပုံကြီး ၃၆နှစ်ပြည့်အထိမ်းအမှတ်အတွက် ဩဂုတ်လ ပထမရက်သတ္တပတ်လုံး ရှစ်လေးလုံး အမှတ်တရ ဆောင်းပါးများကို အိုးဝေမှ တင်ဆက်ပေးသွားမည် ဖြစ်သည်။ }

#ရှစ်လေးလုံးအရေးတော်ပုံ #ဦးကိုယု #ဗကသများအဖွဲ့ချုပ်တရားဝင်ဖြစ်မြောက်ရေး #ပထမအကြိမ်ညီလာခံ

ဆလိုင်းတင်မောင်ဦးကျဆုံးခြင်း(၄၈)နှစ်ပြည့် ( 1951 - 1976 )ဆလိုင်းတင်မောင်ဦး သို့မဟုတ် ကြိုးစင်ပေါ်က ဥဒါန်း_______________...
26/06/2024

ဆလိုင်းတင်မောင်ဦးကျဆုံးခြင်း(၄၈)နှစ်ပြည့် ( 1951 - 1976 )

ဆလိုင်းတင်မောင်ဦး သို့မဟုတ် ကြိုးစင်ပေါ်က ဥဒါန်း
_____________________________

သူရဲကောင်းဆိုရင် ငါတို့ကိုယ်၌က
ငုယင်ဗန်ထရွိင်းကို သတိရ
ကင်းဂျူနီယာကို သတိရ
ချေ ဂွေဗားရား စပါတာကပ်ကို သတိရ
ချင်းအမျိုးသား
ဆလိုင်းတင်မောင်ဦးကိုတော့
မေ့နေကြလေရဲ့။

စကြာဝဠာတစ်ဖက်စွန်း ခရီးထွက်နေတဲ့
ဟေလီကြယ်တံခွန်ကြီးကို မေ့သလို
အန္တာတိကတိုက်ကြီးကို မေ့သလို
ငါတို့မေ့နေကြ။
အနောက်ဖက်က နေဝင်ဆည်းဆာကိုငေးချင်တာနဲ့
အရှေ့ဘက်က လင်းအရုဏ်ကို
ငါတို့က မေ့ထားကြတယ်
မိုက်မဲလိုက်လေခြင်း......

ဆလိုင်းတင်မောင်ဦး အမည်နာမ
ကြီးမြတ် ဂုဏ်ပြောင် ရဲရင့်မှုရဲ့ တံဆိပ်
အဆုံးမဲ့ အနစ်နာခံမှုရဲ့ သင်္ကေတ
သံမဏိလို ခိုင်မာမြဲမြံမှုတရားက
စစ်အာဏာရှင်ယန္တရားကို ထစ်အသွားအောင်
ကလန့်ခံခဲ့တယ်ဆို
အဲဒါ ဆလိုင်းတင်မောင်ဦးပဲ
သတိရနေရမယ်
အောက်မေ့နေရမယ်
သူ့ခေတ်မှာတော့
သူ့လောက်လှတဲ့ ကြယ်
ငါတို့ကောင်းကင်မှာ မရှိဘူး။

ဇွန် ၆
မွတ်သိပ်ငတ်ပြတ် အလုပ်သမား
ဆန်တောင်းရာ ကျည်ဆန်ရခဲ့သူများ
ဦးသန့်အရေး ကျောင်းသားများ
ဇွန် ၆ နှစ်ပတ်လည်
မှိုင်းရာပြည့်
အရေးတော်ပုံရေပြင်ပေါ်က
ကြံ့ကြံ့ခံ ဗေဒါ။

ဗြိတိသျှ ကိုလိုနီ အစ
ဒီမိုကရေစီနှစ်အနည်းငယ် အလယ်
စစ်အာဏာရှင်အဆုံး
မြန်မာ့သမိုင်းပေါ်က တစ်ဦးတည်းသော ကြိုးပေးကွပ်မျက်ခံ
ကျောင်းသားခေါင်းဆောင်။

တရားမဝင် အာဏာသိမ်းအစိုးရရဲ့
တရားမှုမဲ့ စက်ဆုပ်ဖွယ် မတရားရုံးများက
နိုင်ငံတော်ပုန်ကန်သစ္စာဖောက်မှု ပါတဲ့
ဆလိုင်းတင်မောင်ဦး
မထီပြုံးနဲ့ နေမှာ မြင်ယောင်တယ်။

ဒီ ချင်းအမျိုးသားဟာ
တိုင်းရင်းသား လူငယ်တွေရဲ့
သန့်စင်သော မီးရှူးတန်ဆောင်ပါပဲ။
လောက်တဖွားဖွားခေတ်ထဲက
မကြောက်တရားပြသူ အာဂ ယောက်ျားမြတ်ပါပဲ။
အာဏာရှင်ကုပ်ပိုးကို ပုတ်နှိုးလိုက်တဲ့
စူးစူးဝါးဝါး တောက်ပသော နေအလင်းရောင်ပါပဲ။

ကျောင်းသားသမိုင်း ဘယ့်တော့မှ မရိုင်းတဲ့အတိုင်း
သူ့ခေတ် သမိုင်းပေါ် ခုန်တက်
အာဏာရှင်ကို ပုံပျက်စေတာပါပဲ။

ကိုအောင်ဆန်း ကိုဗဟိန်း ကိုအောင်ကျော်တို့နဲ့မခြား
ကိုတင်မောင်ဦး ဆိုတာ
သေနတ်ပါသူတွေကို
လက်ဗလာနဲ့ ရင်ဆိုင်ဖူးသလို
လက်နက်အားကိုးသမားကို
လက်နက်အစားထိုးတိုက်ဖို့လည်း
ပြင်ဆင်ခဲ့ဖူးတယ်။

သူဟာ ရှေးရှေ့က အာဇာနည်တွေနဲ့မခြား
ကျောက်ဆောင်လို ခိုင်မာ
မြေသားလို နှိမ့်ကျိုး
လိုအပ်တဲ့အခါ
မိုးကြိုးကဲ့သို့လည်း ထစ်ချုန်းခဲ့ပါတယ်။
သူဟာ စကားလုံးတွေနဲ့ ဖော်ပြဖို့ခက်ခဲစေတဲ့
မာန်ပြင်းတဲ့ ကဗျာတစ်ပုဒ်ပါပဲ။

ဆလိုင်းတင်မောင်ဦးပါတဲ့
ငါ့ရဲ့ ကိုယ်ခန္ဓာကိုသာ သတ်နိုင်မယ်
ငါ့ရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက်ကိုတော့ ဘယ်တော့မှ သတ်လို့မရ
မင်းတို့ စစ်ဖိနပ်အောက် ငါဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူးကွ
တဲ့။

ကြိုးစင်ပေါ်က ထီမထင်ခမ်းနားတဲ့ ကဗျာ
ကြိုးစင်ထက်မှာ ကျူးရင့်တဲ့ဥဒါန်း
နှလုံးတသိမ့်သိမ့်တုန်စေပါရဲ့
သွေးတလှပ်လှပ်ခုန်စေပါရဲ့
အာဏာရှင်တွေကို
ကြောက်ဒူးဆတ်ဆတ်တုန်စေပါရဲ့။

တိုင်းပြည်တစ်ခုလုံးကို
ဟိန်းဟောက် ခြိမ်းခြောက်တဲ့ စစ်ဘီလူး
ဆလိုင်းတင်မောင်ဦးကိုတော့
တိတ်တဆိတ်သာ ကွပ်မျက်ဝံ့ခဲ့တယ်။

ခေတ်ဆိုး ခေတ်ယုတ် အဆက်ဆက်
ဒီပြည်ရဲ့ ဒီမြေပေါ်မှာ
ဒီမိုကရေစီအတွက် ဒီသွေးတွေ စွန်းကွက်ခဲ့
ကျောင်းသားအသက်တွေ အလုပ်သမားအသက်တွေ ရဟန်းရှင်တွေရဲ့ အသက်တွေ
ကလေးငယ်တွေရဲ့ ဖြူစင်နုနယ်လွန်းလှတဲ့ အသက်တွေ
ကိုဘုန်းမော် ကိုစိုးနိုင် မဝင်းမော်ဦး
အခြား အခြားသော အညတရသူရဲကောင်းတွေရဲ့ အသက်တွေ။
လူအုပ်ထဲ ပြေးဝင်လာတဲ့
မရဏကျည်ဆံတွေအောက်
အသက်ပေါင်းများစွာ စွန့်ခဲ့ကြရပေမယ့်
သတ်သူတွေကတော့ လွတ်ငြိမ်းနေဆဲ
မရှက်သူတွေကတော့ ရပ်တည်နေဆဲပါလား။

ငါတို့ရဲ့ မိုက်မဲတဲ့ မေ့တတ်မှုတွေကြောင့်
ဆလိုင်းတင်မောင်ဦးလို သူရဲကောင်းတွေကို မေ့ထားမိခဲ့ကြတာတွေကြောင့်
ဆလိုင်းတင်မောင်ဦးမိသားစု မျက်ရည်တွေ
ဆလိုင်းတင်မောင်ဦး မိခင်ရဲ့ မျက်ရည်တွေ
ဘာဖြစ်လို့ ငါတို့ဟာ မေ့နိုင်အားကြသလဲ . . .
မိုက်မဲလိုက်လေခြင်း . . .

အာဏာရှင် အမှောင်တိုက်က
ငါတို့ကို ဝေဝါးအောင်လုပ်ခဲ့တာပဲ
သူ့ရဲ့ဂုဏ် ညှိုးနွမ်းဖို့
အာဏာရှင်အစဉ်ဆက်ရဲ့ ပြုမူမှုဟာ
မအောင်မြင်နိုင်
ကြယ်နီဟာ ကြယ်နီ
တံခွန်ဟာ တံခွန်
သမိုင်းဟာ
စစ်ဖိနပ်ကို စစ်ဖိနပ်
လူစွမ်းကောင်းကို လူစွမ်းကောင်း
ကိုက်ညီစွာ နေရာပေးရတာပဲ

ဆလိုင်းတင်မောင်ဦး ပါတဲ့
တစ်ချိန် ပုံသွင်းရုပ်ထု
သူ့ ကျောက်ရုပ်ရှေ့ ငါတို့ဦးညွတ်ရလိမ့်မယ်။
ဒီလို ယုံကြည်တယ်။

နောက်ဆုံးထွက်သက်အထိ
တော်လှန်သူ ဆလိုင်းတင်မောင်ဦး
သူ့ မိခင် မျက်ရည်ကျရသလို
သားကောင်းမိခင်တွေ မျက်ရည်ကျမှာ စိုးတဲ့
ဆလိုင်းတင်မောင်ဦး
မှိုင်းရာပြည့်မှာ ဦးဆောင်ရှေ့ရွက်
သူ့ညီမလေး မလှမြိုင်အတွက်
ဂုဏ်ယူသွားခဲ့တဲ့
ဆလိုင်းတင်မောင်ဦး။

ဆလိုင်းတင်မောင်ဦး တဲ့ဟေ့
ကမ္ဘာက သိစေ
ဆလိုင်းတင်မောင်ဦး တဲ့ဟေ့
ကမ္ဘာက ကြားစေ
သူရဲကောင်းတွေရဲ့ ကမ္ဗည်းနံရံပေါ်
သူရဲကောင်းတွေရဲ့ မော်ကွန်းကျောက်သားပေါ်
သူ့ကို ထည့်မှတ်ကြ
သူ့ နာမည်ကို ရေးထိုးကြ
စိတ်ဓာတ်ခွန်အားကသာ ရုပ်ကမ္ဘာကို ပြောင်းလဲစေတယ်
တရားမျှတမှု မေတ္တာ လူ့ဂုဏ်သိက္ခာ လွတ်လပ်မှု အကြောင်း
ဆလိုင်းတင်မောင်ဦးရဲ့ ပို့ချချက်
ကမ္ဘာသူ ကမ္ဘာသား အောက်မေ့ကြစေမယ်။

ဆလိုင်းတင်မောင်ဦး သေမယ်ထင်လို့
ဆလိုင်းတင်မောင်ဦးကို ကြိုးပေးကွပ်မျက်
သတ်ဖြတ်ခဲ့တယ်
ငါတို့ နှလုံးသားထဲမှာတော့
ဆလိုင်းတင်မောင်ဦး
ဘယ်တော့မှ မသေ။ ။

(လင်းခါး)

အာဇာနည် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး
______________________________________

ဆလိုင်းတင်မောင်ဦးဟာ ချင်းလူမျိုး ကျောင်းသားခေါင်းဆောင် တဦးဖြစ်ပါတယ်။ ၁၉၅၀ ခုနှစ်က တောင်ငူမြို့မှာ မွေးဖွားခဲ့ပြီး ရန်ကုန်မြို့မှာ နေထိုင်ခဲ့ပါတယ်။ ရန်ကုန် ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် သတ္တဗေဒ အထူးပြု ကျောင်းသား တဦး ဖြစ်ပါတယ်။ ဆလိုင်းတင်မောင်ဦးဟာ ဗမာပြည်မှာ တဦးတည်းသော ကြိုးပေးကွပ်မျက်ခြင်းခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ဖြစ်ပါတယ်။

နိုင်ငံရေးလှုပ်ရှားမှုများ
_____________

တက္ကသိုလ်ကျောင်းသား ဘဝက နိုင်ငံရေးလှုပ်ရှားမှုများမှာ ဦးဆောင်ပါဝင်ခဲ့ပါတယ်။ ၁၉၆၉ ခုနှစ် (၅) ကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပွဲ ကျောင်းသားလှုပ်ရှားမှုမှာ တက်ကြွစွာ ပါဝင်ခဲ့ပြီး ၁၉၇၂ ခုနှစ် သမိုင်းဝင်းအတွင်း ဖြစ်ပွားခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုမှာလည်း တက်ကြွစွာ ပါဝင်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကြောင့် စစ်အစိုးရရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ခံခဲ့ရပါတယ်။ ၁၉၇၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှာ ထောင်က လွတ်မြောက်ခဲ့ပါတယ်။ သမိုင်းချည်မျှင်နဲ့ အထည်စက်ရုံ အလုပ်သမားသပိတ် တိုက်ပွဲမှာ ကျောင်းသား ကျောင်းသူများ ပါဝင်နိုင်ရေး စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် ချင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီမှာ အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပါတယ်။ ချင်းအမျိုးသားတွေရဲ့ နာမည်အရှေ့မှာ ဆလိုင်း၊ ချင်းအမျိုးသမီးတွေရဲ့ နာမည်အရှေ့မှာ မိုင် လို့ ခေါ်ဝေါ်သုံးစွဲဖို့ အဆိုပြုခဲ့ပြီး အတည်ပြုနိုင်ခဲ့ပါတယ်။

၁၉၇၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဦးသန့်အရေးအခင်းမှာ စစ်အစိုးရကို ရဲဝင့်စွာ ဆန့်ကျင်တဲ့ ကျောင်းသားခေါင်းဆောင်တဦးအဖြစ် ပါဝင်ခဲ့ပါတယ်။ အဲဒီအရေးအခင်းအပြီးမှာ စစ်အစိုးရရဲ့ ဖမ်းဆီးမှုက လွတ်မြောက်ဖို့ အခြားကျောင်းသားခေါင်းဆောင် ၅ ဦးနဲ့အတူ ထိုင်းနိုင်ငံ နယ်စပ်ကို တိမ်းရှောင်ခဲ့ပါတယ်။ အဲဒီလို တိမ်းရှောင်နေစဉ်မှာပဲ မြေအောက်ကျောင်းသားလှုပ်ရှားမှုတွေကို ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။

၁၉၇၅ ခုနှစ်မှာ ရန်ကုန်ကို ပြန်လည် ဝင်ရောက်ခဲ့ပြီး ဇွန်လ ၆ ရက်နေ့ ရွှေတိဂုံကျောင်းသား အရေးအခင်းမှာ ဦးဆောင်ပါဝင်ခဲ့ပါတယ်။ စစ်အစိုးရက ဆန္ဒပြကျောင်းသားတွေကို လိုက်လံဖမ်းဆီးပြီး ကြီးလေးတဲ့ ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ ဆလိုင်းတင်မောင်ဦးကတော့ အဖမ်းမခံရဘဲ လွတ်မြောက်သွားခဲ့ပါတယ်။ ၁၉၇၆ ခုနှစ် မတ်လ ၁၉ ရက်နေ့မှာ ကမာရွတ် ပတ္တမြားခြံမှာ လှုံ့ဆော်ရေး စာရွက်စာတမ်းတွေနဲ့အတူ ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။ မှိုင်းရာပြည့် အရေးအခင်းမှာ ဆလိုင်းတင်မောင်ဦးနဲ့ အတူ ဖခင်ဖြစ်သူ ဦးမြဒင်နဲ့ ညီဖြစ်သူ ဆလိုင်းလှဆွေတို့လည်း အဖမ်းခံခဲ့ရပါတယ်။ အဲဒီအချိန်က နဝမတန်းတက်ရောက်နေတဲ့ ညီမဖြစ်သူ မိုင်ပိုပိုဒင်မှာလည်း အစ်ကိုဖြစ်သူ၊ ဖခင်ဖြစ်သူတို့နဲ့အတူ အဖမ်းခံခဲ့ရပြီးနောက် မှိုင်းရာပြည့် အရေးအခင်းမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့တာကြောင့် ထပ်မံ ဖမ်းဆီးခံခဲ့ရပါတယ်။

စစ်အာဏာရှင်တို့ရဲ့ ရက်စက် ယုတ်မာမှု
________________________

စစ်အာဏာရှင် နေဝင်းအစိုးရက ဆလိုင်းတင်မောင်ဦးကို သေဒဏ်ကြိုးမိန့်၊ ညီမ ဖြစ်သူ အထက်တန်းကျောင်းသူ မိုင်ပိုပိုဒင် ခေါ် မလှမြိုင်ကို ထောင်ဒဏ် ၉ နှစ်၊ ညီဖြစ်သူ ဆလိုင်းလှဆွေကို ထောင်ဒဏ် ၇ နှစ်၊ ဖခင်ဖြစ်သူ ဦးလှဒင်နဲ့ မိခင်ဖြစ်သူ ဒေါ်နှင်းမြိုင်တို့ကို အားပေးအားမြှောက်မှု၊ သားသမီးများကို အိမ်တွင် လက်ခံထားမှုနဲ့ ထောင်ဒဏ် ၅ နှစ်စီ အသီးသီး ချမှတ်ခဲ့ပါတယ်။ ဖမ်းဆီးခံခဲ့ရပြီး ၃ လ အကြာမှာ အမေနဲ့ ညီမ ဖြစ်သူကို သာယာဝတီထောင်၊ အဖေနဲ့ ညီဖြစ်သူကို တောင်ငူထောင်သို့ ပို့ဆောင်ခဲ့ပါတယ်။

စစ်ခုံရုံးမှာ ပြင်ဆင်ချက်တင်ရင် ပြစ်ဒဏ်လျှော့ပေးမယ်လို့ ပြောခဲ့ပေမယ့် ဆလိုင်းတင်မောင်ဦးက "မင်းတို့ ငါ့ခန္ဒာကိုယ်သာ သတ်လို့ရမယ် ငါ့ရဲ့ယုံကြည်ချက်နှင့် ရပ်တည်ချက်ကိုတော့ ဘယ်တော့မှ သတ်လို့ရမှာမဟုတ်ဘူး။ မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်နိုင်ဘူး" လို့ ရဲဝံ့စွာ တုံ့ပြန်ခဲ့ပါတယ်။

ဆလိုင်းတင်မောင်ဦးရဲ့ မိဘ ညီအကို မောင်နှမတွေကို အသိမပေးဘဲ အင်းစိန်ထောင်အတွင်း သေဒဏ်ကျ အကျဉ်းသားများ ရရှိမယ့် အခွင့်အရေးတွေကို မပေးဘဲ စစ်အစိုးရက ရက်စက်ယုတ်မာစွာ ၁၉၇၆ ခုနှစ် ဇွန် ၂၆ ရက်နေ့မှာ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို တိတ်တဆိတ် ကြိုးပေးသတ်ဖြတ်ခဲ့ကြပါတယ်။ စစ်အစိုးရ အဆက်ဆက်က ကြိုးပေးသတ်ဖြတ်ခဲ့တဲ့ နေ့ရက်ကို ယနေ့တိုင် တရားဝင် ထုတ်ပြန် အသိပေးခဲ့ခြင်းမရှိပါဘူး။

#ဆလိုင်းတင်မောင်ဦး #အိုးဝေအာဇာနည် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး
______________________________________

ဆလိုင်းတင်မောင်ဦးဟာ ချင်းလူမျိုး ကျောင်းသားခေါင်းဆောင် တဦးဖြစ်ပါတယ်။ ၁၉၅၀ ခုနှစ်က တောင်ငူမြို့မှာ မွေးဖွားခဲ့ပြီး ရန်ကုန်မြို့မှာ နေထိုင်ခဲ့ပါတယ်။ ရန်ကုန် ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် သတ္တဗေဒ အထူးပြု ကျောင်းသား တဦး ဖြစ်ပါတယ်။ ဆလိုင်းတင်မောင်ဦးဟာ ဗမာပြည်မှာ တဦးတည်းသော ကြိုးပေးကွပ်မျက်ခြင်းခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ဖြစ်ပါတယ်။

နိုင်ငံရေးလှုပ်ရှားမှုများ
_____________

တက္ကသိုလ်ကျောင်းသား ဘဝက နိုင်ငံရေးလှုပ်ရှားမှုများမှာ ဦးဆောင်ပါဝင်ခဲ့ပါတယ်။ ၁၉၆၉ ခုနှစ် (၅) ကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပွဲ ကျောင်းသားလှုပ်ရှားမှုမှာ တက်ကြွစွာ ပါဝင်ခဲ့ပြီး ၁၉၇၂ ခုနှစ် သမိုင်းဝင်းအတွင်း ဖြစ်ပွားခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုမှာလည်း တက်ကြွစွာ ပါဝင်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကြောင့် စစ်အစိုးရရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ခံခဲ့ရပါတယ်။ ၁၉၇၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှာ ထောင်က လွတ်မြောက်ခဲ့ပါတယ်။ သမိုင်းချည်မျှင်နဲ့ အထည်စက်ရုံ အလုပ်သမားသပိတ် တိုက်ပွဲမှာ ကျောင်းသား ကျောင်းသူများ ပါဝင်နိုင်ရေး စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် ချင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီမှာ အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပါတယ်။ ချင်းအမျိုးသားတွေရဲ့ နာမည်အရှေ့မှာ ဆလိုင်း၊ ချင်းအမျိုးသမီးတွေရဲ့ နာမည်အရှေ့မှာ မိုင် လို့ ခေါ်ဝေါ်သုံးစွဲဖို့ အဆိုပြုခဲ့ပြီး အတည်ပြုနိုင်ခဲ့ပါတယ်။

၁၉၇၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဦးသန့်အရေးအခင်းမှာ စစ်အစိုးရကို ရဲဝင့်စွာ ဆန့်ကျင်တဲ့ ကျောင်းသားခေါင်းဆောင်တဦးအဖြစ် ပါဝင်ခဲ့ပါတယ်။ အဲဒီအရေးအခင်းအပြီးမှာ စစ်အစိုးရရဲ့ ဖမ်းဆီးမှုက လွတ်မြောက်ဖို့ အခြားကျောင်းသားခေါင်းဆောင် ၅ ဦးနဲ့အတူ ထိုင်းနိုင်ငံ နယ်စပ်ကို တိမ်းရှောင်ခဲ့ပါတယ်။ အဲဒီလို တိမ်းရှောင်နေစဉ်မှာပဲ မြေအောက်ကျောင်းသားလှုပ်ရှားမှုတွေကို ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။

၁၉၇၅ ခုနှစ်မှာ ရန်ကုန်ကို ပြန်လည် ဝင်ရောက်ခဲ့ပြီး ဇွန်လ ၆ ရက်နေ့ ရွှေတိဂုံကျောင်းသား အရေးအခင်းမှာ ဦးဆောင်ပါဝင်ခဲ့ပါတယ်။ စစ်အစိုးရက ဆန္ဒပြကျောင်းသားတွေကို လိုက်လံဖမ်းဆီးပြီး ကြီးလေးတဲ့ ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ ဆလိုင်းတင်မောင်ဦးကတော့ အဖမ်းမခံရဘဲ လွတ်မြောက်သွားခဲ့ပါတယ်။ ၁၉၇၆ ခုနှစ် မတ်လ ၁၉ ရက်နေ့မှာ ကမာရွတ် ပတ္တမြားခြံမှာ လှုံ့ဆော်ရေး စာရွက်စာတမ်းတွေနဲ့အတူ ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။ မှိုင်းရာပြည့် အရေးအခင်းမှာ ဆလိုင်းတင်မောင်ဦးနဲ့ အတူ ဖခင်ဖြစ်သူ ဦးမြဒင်နဲ့ ညီဖြစ်သူ ဆလိုင်းလှဆွေတို့လည်း အဖမ်းခံခဲ့ရပါတယ်။ အဲဒီအချိန်က နဝမတန်းတက်ရောက်နေတဲ့ ညီမဖြစ်သူ မိုင်ပိုပိုဒင်မှာလည်း အစ်ကိုဖြစ်သူ၊ ဖခင်ဖြစ်သူတို့နဲ့အတူ အဖမ်းခံခဲ့ရပြီးနောက် မှိုင်းရာပြည့် အရေးအခင်းမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့တာကြောင့် ထပ်မံ ဖမ်းဆီးခံခဲ့ရပါတယ်။

စစ်အာဏာရှင်တို့ရဲ့ ရက်စက် ယုတ်မာမှု
________________________

စစ်အာဏာရှင် နေဝင်းအစိုးရက ဆလိုင်းတင်မောင်ဦးကို သေဒဏ်ကြိုးမိန့်၊ ညီမ ဖြစ်သူ အထက်တန်းကျောင်းသူ မိုင်ပိုပိုဒင် ခေါ် မလှမြိုင်ကို ထောင်ဒဏ် ၉ နှစ်၊ ညီဖြစ်သူ ဆလိုင်းလှဆွေကို ထောင်ဒဏ် ၇ နှစ်၊ ဖခင်ဖြစ်သူ ဦးလှဒင်နဲ့ မိခင်ဖြစ်သူ ဒေါ်နှင်းမြိုင်တို့ကို အားပေးအားမြှောက်မှု၊ သားသမီးများကို အိမ်တွင် လက်ခံထားမှုနဲ့ ထောင်ဒဏ် ၅ နှစ်စီ အသီးသီး ချမှတ်ခဲ့ပါတယ်။ ဖမ်းဆီးခံခဲ့ရပြီး ၃ လ အကြာမှာ အမေနဲ့ ညီမ ဖြစ်သူကို သာယာဝတီထောင်၊ အဖေနဲ့ ညီဖြစ်သူကို တောင်ငူထောင်သို့ ပို့ဆောင်ခဲ့ပါတယ်။

စစ်ခုံရုံးမှာ ပြင်ဆင်ချက်တင်ရင် ပြစ်ဒဏ်လျှော့ပေးမယ်လို့ ပြောခဲ့ပေမယ့် ဆလိုင်းတင်မောင်ဦးက "မင်းတို့ ငါ့ခန္ဒာကိုယ်သာ သတ်လို့ရမယ် ငါ့ရဲ့ယုံကြည်ချက်နှင့် ရပ်တည်ချက်ကိုတော့ ဘယ်တော့မှ သတ်လို့ရမှာမဟုတ်ဘူး။ မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်နိုင်ဘူး" လို့ ရဲဝံ့စွာ တုံ့ပြန်ခဲ့ပါတယ်။

ဆလိုင်းတင်မောင်ဦးရဲ့ မိဘ ညီအကို မောင်နှမတွေကို အသိမပေးဘဲ အင်းစိန်ထောင်အတွင်း သေဒဏ်ကျ အကျဉ်းသားများ ရရှိမယ့် အခွင့်အရေးတွေကို မပေးဘဲ စစ်အစိုးရက ရက်စက်ယုတ်မာစွာ ၁၉၇၆ ခုနှစ် ဇွန် ၂၆ ရက်နေ့မှာ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို တိတ်တဆိတ် ကြိုးပေးသတ်ဖြတ်ခဲ့ကြပါတယ်။ စစ်အစိုးရ အဆက်ဆက်က ကြိုးပေးသတ်ဖြတ်ခဲ့တဲ့ နေ့ရက်ကို ယနေ့တိုင် တရားဝင် ထုတ်ပြန် အသိပေးခဲ့ခြင်းမရှိပါဘူး။

Address

Gyobingauk

Telephone

+601133121761

Website

Alerts

Be the first to know and let us send you an email when ကြို့ပင်ကောက် မြို့နယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ-ဗကသများအဖွဲ့ချုပ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ကြို့ပင်ကောက် မြို့နယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ-ဗကသများအဖွဲ့ချုပ်:

Share