18/11/2024
⬛နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားပညာရေး
၁၉၂ဝ ပြည့်နှစ် အရေးတော်ပုံကြီး
ဝိုင်အမ်ဘီအေအသင်းတွေနဲ့ အလားတူ အသင်းတွေ ပေါင်းမိပြီး ဂျီစီဘီအေ အသင်းပေါင်းချုပ်ကြီး ဖြစ်လာတဲ့ ၁၉၁၂ ခုနှစ်လောက်က ၁၉၂ဝ ခုနှစ် အတွင်းမှာ ဗမာဝံသာနု လှုပ်ရှားမှအားကောင်းလာတယ်။ လူငယ်လူရွယ်တွေ၊ ကျောင်းသားတွေလည်း နိုင်ငံရေး နိုးကြားလာကြတယ်။
၁၉၂ဝ ခုနှစ်မှာ ဗမာပြည်ရဲ့ ဒုတိယဘုရင်ခံက ဆာရယ်ဂျီနယ်ကရက်ဒေါက်၊ ပညာမင်းကြီးက ဆာမတ်ဟန်းတားပါ။ အင်္ဂလိပ်အစိုးရက ဗမာပြည်မှာ ဘုရင်ခံ မထားသေးဘူး။ဒုတိယဘုရင်ခံနဲ့ပဲ အုပ်စိုးစေသေးတယ်။
သူတို့နှစ်ယောက်လက်ထက်မှာ ရန်ကုန်တက္ကသိုလ်ကြီး တည်ထောင်ဖို့ စီမံကြတယ်။ကာလကတ္တား တက္ကသိုလ်လက်အောက် ကောလိပ်အဖြစ်က သီးခြားတက္ကသိုလ်ကောလိပ် ဖြစ်လာမှာကို ဗမာပြည်သူ လူထုကရော၊ ကျောင်းသူ ကျောင်းသားတွေကရော ကြိုဆိုကြပါတယ်။ ဒါပေမဲ့ ဗြိတိသျှအစိုးရရဲ့ ရည်ရွယ်ချက်က ပညာတတ်တွေ သိပ်မထွန်းကားစေချင်ဘူး။
သူတို့သင်ပေးသလောက်ပဲ တတ်၊ သူတို့ခိုင်းတဲ့ အလုပ်ပဲလုပ် ဆိုတာမျိုး ဖြစ်စေချင်တယ်။ သူတို့အစီအစဉ်ဟာ ဗမာလူမျိုးရဲ့ တက်ကြွနေတဲ့အမျိုးသားစိတ်နဲ့ နည်းနည်းမှ မနီးစပ်ဘူး။
ဆာရယ်ဂျီနယ်ကရက်ဒေါက်ရော၊ ဆာမတ်ဟန်းတားရောက စိတ်ထက်သူတွေချည်းပဲ။ သူတို့လုပ်ရင် ဖြစ်ရမယ်ဆိုတဲ့ စိတ်မျိုးရှိသူတွေပေါ့။ သူတို့ဖန်တီးတဲ့ ရန်ကုန်တက္ကသိုလ်ဥပဒေမှာ -
(၁) ရန်ကုန်မြို့ကလွဲပြီး ဘယ်မြို့မှာမှ တက္ကသိုလ် မရှိစေရ။
(၂) ၁၀ တန်းအောင်ပေမယ့်တချို့ကျောင်းသားတွေ အိုင်အေ၊ အိုင်အက်စ်စီတန်းမှာ မသင်ရသေး။ ဂွ(ခွဲ)တန်းမှာ သင်ကြရဦးမယ်။
(၃) ဂုဏ်ထူးတန်းမှာ ၃ နှစ်နေပြီးမှ ဘီအေ၊ ဘီအက်စ်စီ စာမေးပွဲကို ဖြေဆိုခွင့်ပြုမယ်ဆိုတဲ့အချက်တွေ ပါတယ်။
အဲဒီအချက်တွေအပြင် ဗမာလူငယ်လူရွယ်တွေ ဝိဇ္ဇာပညာရပ်များဘက်မှာ အနောက်နိုင်ငံများက လူငယ်တွေ ပညာရသလို ရဖို့၊ သိပ္ပံပညာဘက်မှာ အနောက်နိုင်ငံက လူငယ်တွေတကယ် တတ်မြောက်ကြသလို တတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်မျိုး၊ စေတနာမျိုး မထားဘူးဆိုတာသိကြပြီး ဖြစ်တာကြောင့်သတင်းစာတွေကနေပြီး တက္ကသိုလ်ဥပဒေကို ကန့်ကွက်ရေးသားကြတယ်။ နိုင်ငံလုံးဆိုင်ရာအစည်းအဝေးကြီးတွေကလည်း ကန့်ကွက်ကြတယ်။
ပြည်သူ့ဆန္ဒကို ဂရုစိုက်သေးတဲ့ခေတ်အခါ မဟုတ်တဲ့အတွက် ဗြိတိသျှ အစိုးရအာဏာပိုင်တွေက ဘာမှ ဂရုမစိုက်ဘူး။ သူတို့အစီအစဉ်အတိုင်း ဥပဒေကို အတည်ပြုပြီး လုပ်စရာ အစီအစဉ်တွေ ဆက်လုပ်တယ်။ လူကြီးပိုင်းက တားလို့မရ၊ ကျောင်းသားတွေကိုယ်တိုင် ဒီတက္ကသိုလ်ဥပဒေကို တားမှ ရလိမ့်မယ်လို့ လူကြီးများက ပြောကြ၊ သတင်းစာတွေထဲမှာ ရေးသူက ရေးကြဖြစ်လာတော့ နိုင်ငံရေးနိုးကြားပြီး နယ်ချဲ့ဆန့်ကျင်ရေးစိတ် ပြင်းထန်နေတဲ့ကျောင်းသားများအနေနဲ့ ဒီကိစ္စကို လေးလေးနက်နက် စဉ်းစားကြတော့တာပေါ့။
တစ်နေ့မှာ ကောလိပ်ကျောင်းသားကြီးတစ်စုရွှေတိဂုံဘုရားပေါ်မှာ အစည်းအဝေးတစ်ခုလုပ်ကြတယ်။ ကိစ္စကတော့ တက္ကသိုလ်ဥပဒေကို ဆန့်ကျင်ဖို့၊ သပိတ်မှောက်ဖို့ပဲ။ အဲဒီအစည်းအဝေးက ရန်ကုန်ကောလိပ်နဲ့ ဂျပ်ဆင် ကောလိပ်ကျောင်းသားတွေ အားလုံးပါတဲ့ အစည်းအဝေးကြီးခေါ် ဖို့ဆုံးဖြတ်ကြတယ်။ ဒီဆုံးဖြတ်ချက်အတိုင်း ဗဟန်း ဘုန်းကြီးကျောင်းတိုက် တစ်တိုက်မှာအစည်းအဝေးကြီးခေါ်ပြီး ကျေကျေလည်လည် အပြန်အလှန် ဆွေးနွေးကြတယ်။ အဲဒီ အစည်းအဝေးကြီးက သပိတ်လက်နက်နဲ့ တက္ကသိုလ်ဥပဒေကို တိုက်ဖျက်ဖို့ အားလုံးသဘောတူ ဆုံးဖြတ်ကြတယ်။
သပိတ်မှောက်ဖို့ သဘောတူကြပေမယ့် အယူအဆနှစ်မျိုး ဖြစ်နေတယ်။
သပိတ်အရင်မှောက်မယ်၊ သပိတ်မှောက်ရင်း အရေးဆိုမယ်။
လိုတဲ့အချက်တွေ အရင်တောင်းမယ်။ မရမှသပိတ်မှောက်မယ်ရယ်လို့ ဖြစ်တယ်။ ပထမ အယူအဆကိုခေါင်းဆောင် တင်ပြသူကတော့နောင်တော့ ပြည်မြို့ အမျိုးသား ကျောင်းအုပ်ကြီးဖြစ်လာတဲ့ ဦးဘဦးပါ။ ဒုတိယအယူအဆကိုခေါင်းဆောင် တင်ပြသူကတော့ အမျိုးသားပညာဝန်ဖြစ်လာတဲ့ ဦးဖိုးကျားပါ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးက ဘာကြောင့် အရင်မှောက်သင့်တယ်၊ ဘာကြောင့်အရေးဆိုလို့ မရမှ မှောက်သင့်တယ်ဆိုတဲ့ အကြောင်းပြချက်တွေကို အကြိတ်အနယ် တင်ပြကြတယ်။ ဘယ်ဘက်ကမှ မလျှော့ကြဘူး။ နောက်ဆုံး မဲဆန္ဒယူပြီး ဆုံးဖြတ်ကြတဲ့အခါ ဦးဘဦးဘက်က မဲနည်းနည်းအသာနဲ့ နိုင်သွားတယ်။ ဂျပ်ဆင်ကောလိပ် တတိယနှစ်မှာ ပညာသင်နေတဲ့ဦးဖိုးကျားဟာ အင်မတန်စကားပြောကောင်းသူဖြစ်တယ်။ “ရွှေခါချဉ်မာန်ကြီး တောင်ကြီး ဖြိုမယ့်ကြံ ခါးကမသန်” ဆိုတဲ့ စကားပုံကို သုံးပြီး ရှုံးရပုံကို ပြောတာနဲ့ ပတ်သက်ပြီး အဲဒီမြင်ကွင်းကိုမီလိုက်သူများက ဒီကနေ့အထိ ပြောကြတုန်းပါ။
ဒီလို ကိုယ့်ဆန္ဒအတိုင်း မဟုတ်တဲ့ ဆုံးဖြတ်ချက်က အနိုင်ရသွားပေမယ့် ဦးဖိုးကျားနဲ့ဦးဖိုးကျားအဆိုကို ဆန္ဒပေးသူတွေက တစ်မျိုးတစ်မည် မလုပ်ပါဘူး။ အများဆုံးဖြတ်ချက်အတိုင်းလိုက်နာကြတယ်။
၁၂၈၂ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် (၁၉၂၀၊ ဒီဇင်ဘာလ ၅ ရက်)တနင်္ဂနွေနေ့မှာ ကောလိပ်ကျောင်းသားတွေ သပိတ်မှောက်ပြီး ဗဟန်း ကြားတောရကျောင်းတိုက်မှာစုဝေးကြတယ်။ ကျောင်းသားတွေ စုံလို့ စည်းဝေးကြတဲ့အခါ ဦးဘဦးက မိန့်ခွန်း တော်တော်ရှည်ရှည် ပြောတယ်။
အဲဒီကျောင်းသားထု အစည်းအဝေးပြီးတဲ့နောက် ၁ဝ ယောက်တစ်ဖွဲ့ အဖွဲ့တွေ ဖွဲ့ ဖွဲ့တယ်။ တစ်ဖွဲ့မှာ ခေါင်းဆောင်တစ်ယောက်ထားတယ်။ တချို့အဖွဲ့က သပိတ်တားတဲ့ တာဝန်ယူကြတယ်။ တချို့အဖွဲ့က အချက်အပြုတ်၊ တချို့ အဖွဲ့ဝင်တွေက ကြားတောရ ကျောင်းတိုက်ထဲကို နိုင်ငံရေးခေါင်းဆောင်တွေက လွဲလို့ အပြင်လူ အဝင်မခံရတဲ့ လုံခြုံရေးတာဝန် ယူကြရတယ်။
ဒီအစီအစဉ်တွေ လုပ်နေချိန်မှာ ဆရာဦးဘ သပိတ်စခန်းကို ရောက်လာပြီး ကျောင်းသားတွေကို ကျောင်းတက်ဖို့ ပြောတယ်။ မရဘူး။ ညနေပိုင်းရောက်တော့ ကျောင်းအုပ်ကြီး မစ္စတာဟန်းတားကိုယ်တိုင် လိုက်လာပြီး ကျောင်းပြန်တက်ဖို့ချော့မော့ခေါ်ပြန်တယ်။ ကျောင်းသားတွေက ယဉ်ယဉ်ကျေးကျေး ဆက်ဆံပြီး ငြင်းလိုက်ကြတာပဲ။
ဆန်အိတ်တွေ၊ ဆီပုံးတွေ သပိတ်စခန်းကိုရောက်လာတယ်။ ချမ်းသာတဲ့ ဗမာတွေပို့ပေးကြတာတဲ့။
အင်္ဂလိပ်သတင်းစာမှာ သပိတ်မှောက်ကျောင်းသားတွေကို ထိခိုက်ရေးသားရင် ဦးအေးနဲ့ဦးဖိုးလတ်တို့က ပြန်ချေတယ်။ ဦးထွန်းဖေနဲ့ ဦးခင်မောင်တို့က သူရိယနဲ့ မြန်မာ့အလင်းမှာဆောင်းပါးတွေ ရေးကြတယ်။
မကြာမတင်မှာပဲ ရန်ကုန်မြို့က ဟိုက်စကူးကျောင်းသားတွေကလည်း သပိတ်မှောက်ပြီးဗဟန်းကို လိုက်လာကြတယ်။ အစိုးရ ဟိုက်စကူးကျောင်းက မှောက်တယ်ဆိုတော့ စိန့်ပေါ၊မက်သဒစ်၊ စိန့်ဂျွန်း စတဲ့ အထက်တန်းကျောင်းတွေက ကျောင်းသားတွေကလည်း သပိတ်မှောက်ကြရော၊ ဘယ်သူမှမြှောက်ပေးလို့ မဟုတ်ဘူး။ သူတို့ဆန္ဒအတိုင်း မှောက်လာကြတာ။ကူရှင်ကျောင်းသားတွေကတော့ ကောလိပ်ကျောင်းသားတွေ သပိတ် မမှောက်ခင်ကတည်းက ဘာသာရေးကိစ္စနဲ့ ပတ်သက်ပြီး သပိတ်မှောက်နေကြတယ်။ ရန်ကုန်အထက်တန်းကျောင်းသားတွေ သပိတ်မှောက်ကြတဲ့ သတင်းနဲ့အတူ တစ်နိုင်ငံလုံးက ကျောင်းသားတွေကလည်းကောလိပ်ကျောင်းသားတွေကို ထောက်ခံတဲ့ သဘောနဲ့ သပိတ်မှောက်ကြရော။
ဒီတော့ ကောလိပ်ကျောင်းသားကြီးတွေရဲ့ တာဝန်ဟာ တစ်နေ့ထက် တစ်နေ့ ပိုပြီးကြီးလာတာပေါ့။ သပိတ်စမှောက်လို့ တစ်လလောက်အကြာမှာ နိုင်ငံလုံးဆိုင်ရာ သပိတ်မှောက်ပုဂ္ဂိုလ်တွေ ရှေ့ဆောင်ပြီး အမျိုးသားကောလိပ် တည်ထောင်ကြတယ်။ အမြို့မြို့ အနယ်နယ်မှာလည်း မြို့နယ်လူထု အားပေးမှုနဲ့ ကျောင်းသားကြီးတွေက ကိုယ်ကျိုးစွန့်ကြိုးပမ်းကြတဲ့အတွက် အမျိုးသားကျောင်းတွေ ပေါ်ပေါက်ခဲ့တယ်။
နယ်ချဲ့သမားကို တိုက်ခိုက်နိုင်ရေး၊ လွတ်လပ်ရေးပြန်ရပြီး ကိုယ့်မင်းကိုယ့်ချင်းနဲ့ နေနိုင်ရေးအတွက် တစ်နိုင်ငံလုံးမှာ တက်တက်ကြွကြွ ရှိနေကြတယ်။ ဒါကြောင့် အမျိုးသားနေ့ ဆိုတဲ့ရက်တစ်ရက် ရှိသင့်တယ်လို့ ထင်မြင် ယူဆကြတယ်။ မန္တလေးမြို့မှာ ၁၂၈၃ ခု၊ သီတင်းကျွတ်လဆုတ် ၈ ရက်၊ (၁၉၂၁ ခု၊ အောက်တိုဘာလ ၂၄ ရက်)နေ့မှာ ကျင်းပနေတဲ့ နဝမမြောက်ဂျီစီဘီအေ အစည်းအဝေးကြီးမှာ ဦးဘသော်က အမျိုးသားနေ့ (နေရှင်နယ်ဒေး) သတ်မှတ်ဖို့အဆိုတင်သွင်းတာကို ဦးဘစိန်က ထောက်ခံလိုက်တယ်။ သူရိယ ဦးတုတ်ကြီးက သီပေါမင်းပါတော်မူနေ့ကို အမျိုးသားနေ့သတ်မှတ်ဖို့၊ ဧလာဦးဒွေးက ဆရာတော်ဦးဥတ္တမ မအူပင်မှာ ထောင်ကျတဲ့နေ့ကို အမျိုးသားနေ့ သတ်မှတ်ဖို့၊ ကောလိပ်ကျောင်းသားခေါင်းဆောင် (ဘဏ္ဍာရေးမှူး)ဦးမြင့်က ကောလိပ် ကျောင်းသားတွေ သပိတ်မှောက် တိုက်ပွဲဝင်တဲ့ တန်ဆောင်မုန်းလပြည့်ကျော်၁၀ ရက်နေ့ကို သတ်မှတ်ဖို့ တင်ပြတယ်။ ဒီသုံးမျိုးမှာ ဦးမြင့်အဆိုက လူငယ်တွေရဲ့ တိုက်ပွဲအောင်ပွဲ ဖြစ်တယ်ဆိုပြီး လက်ခံအတည်ပြုလိုက်ကြတယ်။
ဒီဆုံးဖြတ်ချက်ချပြီး တစ်လနဲ့ ၁၂ ရက်အကြာ ၁၂၈၃ ခု၊ တန်ဆောင်မုန်းလဆုတ် ၁၀ရက် (၅-၁၂-၂၁) နေ့မှာ ပထမအမျိုးသားနေ့ကစပြီး ကျင်းပခဲ့တာပဲ။
တကယ့် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားပညာရေး အရေးတော်ပုံကြီးပဲ။
လူထုဦးလှ
(၂၃-၁၁-၇၀ နေ့ထုတ် ဟံသာဝတီ သတင်းစာ အချပ်ပိုမှ)
#၁၀၃ နှစ်မြောက်အမျိုးသားအောင်ပွဲနေ့