04/01/2026
အမြန်လမ်းမကြီးပေါ်တွင် ယာဥ်မောင်းသူတိုင်းလိုက်နာရမည့်စည်းကမ်း (၁၆) ချက်
လိုရာခရီးကို အန္တရာယ်ကင်းစွာသွားလာနိုင်ကြစေဖို့ အမြန်လမ်းမကြီးပေါ်တွင် ယာဥ်မောင်းသူတိုင်း လိုက်နာရမည့်စည်းကမ်းများကို ဖော်ပြပေးလိုက်ပါတယ်။
၁။ယာဉ်မောင်းသူသည် ရှေ့မှသွားနေသော ယာဉ်နှင့် အန္တရာယ်ကင်းသော အကွာအဝေးမှ မောင်းနှင်ရမည်။ ယာဘက်ယာဉ်ကြောမှ မောင်းနှင်ရမည်။
၂။လက်ဝဲဘက်အစွန်ဆုံးယာဉ်ကြောအားကျော်တက်ရန်မှအပသာမန်ချိန်များတွင်အသုံးမပြုရပါ။
၃။ယာဉ်ကျော်တက်ရာတွင် လမ်းလုမောင်းနှင် ကျော်တက်ခြင်းမပြုရ။ မိမိကျော်တက်မည်ကို ရှေ့ယာဉ်မှ သိရှိစေရန် အချက်ပြပြီး သိရှိကြောင်းသေချာမှ ကျော်တက်ရမည်။
၄။လက်ဝဲဘက်အစွန်ဆုံးယာဉ်ကြောကို အသုံးပြု၍ကျော်တက်ရာတွင် မိမိကျော်တက်ခဲ့သော ယာဉ်နှင့် အန္တရာယ်ကင်းသော အကွာအဝေးရောက်မှ မူလယာဉ်ကြောအတွင်း signal ပြ၍ ပြန်လည်ဝင်ရောက်ရမည်။
၅။ယာဉ်ကြောပြောင်းလိုပါကအချက်ပြပြီးမှပြောင်းလဲမောင်းနှင်ရမည်။
၆။မလိုအပ်ပဲ ယာဉ်ကြောပြောင်းခြင်း၊ ရုတ်တရက်ကွေ့ခြင်း၊ ရပ်ဆိုင်းခြင်းမပြုရ။
၇။အမြန်လမ်းမကြီးပေါ်တွင် ဆိုင်ကယ်များ၊ နွားလှည်းများ၊စက်တပ်အနှေးယာဉ်များ၊ ကုန်တင်ယာဉ်များ တက်ရောက်မောင်းနှင်ခြင်း မပြုရ။
၈။လမ်းသွယ်မှ အမြန်လမ်းမကြီးသို့ မောင်းဝင်ရာတွင် လက်ယာဘက်အစွန်ဆုံးရှိ ယာဉ်ကြောကို အသုံးပြုရမည်။
၉။ကွန်ကရစ်လမ်းမကြီးပေါ်တွင် စက်ချို့ယွင်းခြင်းနှင့် မီးလောင်မှုဖြစ်ပွားစေနိုင်သော ဝါယာကြိုးများ ချို့ယွင်းခြင်းမှအပ မည်သည့်ရပ်နားခြင်းကိုမှ မပြုလုပ်ရ။ လမ်းဘေးမြေသားလမ်းပုခုံး လွတ်ကင်းသည့် နေရာများတွင်သာ ရပ်နားရမည်။
၁၀။ယာဉ်ပျက်သည့် အခြေအနေမျိုးတွင် ယာဉ်ကို မြေသားလမ်းပုခုံးပေါ်သို့ အမြန်ဆုံးရွေ့ပြောင်းရမည်။ ထိုသို့ ရွေ့ပြောင်းခြင်းမပြုနိုင်ပါက အန္တရာယ်အချက်ပြမီး(Hazard light)ကို ဖွင့်ထားရမည်။ ကားပျက်နေသည့် ဆိုင်းဘုတ်ကို အခြားယာဉ်မောင်းများ မြင်နိုင်စေရန် မီတာ(၃၀)မှ (၅၀) အကွာအဝေးတွင်ထားရှိရမည်။
၁၁။အမြန်လမ်းမကြီးပေါ်တွင် ခရီးသည်အတင်အချ မပြုလုပ်ရ။ အငှားယာဉ်ကို ရပ်တန့်ငှားရမ်းခြင်း မပြုလုပ်ရ။
၁၂။ကွန်ကရစ်လမ်းမကြီးနှင့် လမ်းပုခုံးပေါ်တွင် ယာဉ်ကို လိုအပ်သည်ထက် ပိုမို အချိန်ကြာမြင့်စွာ ရပ်နားထားခြင်း(သို့) ရပ်တန့်ပြုပြင်ခြင်း မပြုရ။
၁၃။မည်သည့်ယာဉ်မျှလမ်းပြောင်းပြန် မောင်းနှင်ခြင်း မပြုရ။
၁၄။မိုးရွာသည့်အချိန်တွင် ယာဉ်ကိုအရှိန်လျှော့၍မောင်းနှင်ရမည်။
၁၅။ယာဉ်မောင်းသူသည်ယာဉ်ကို ဂရုစိုက်၍မောင်းနှင်ရမည်။ အမြန်နူန်းမြင့် မောင်းနေစဉ် ရေသောက်ခြင်း၊နောက်လှည့်စကားပြောခြင်း၊ ကွမ်းတံတွေးထွေးခြင်း စသည့် ပေါ့ဆမှုကြောင့် ယာဉ်မတော်တဆဖြစ်ပွားနိုင်ပါသည်။
၁၆။အရက်နှင့်အခြားမူးယစ်စေတတ်သောအရာများ သောက်စားသုံးစွဲပြီးယာဉ်မောင်းနှင်ခြင်း မပြုရ။
အားလုံးပဲ အန္တရာယ်ကင်းရှင်းကြပါစေ။
Credit